← Chapters

အခန်း (၅၄၇-၅၄၈)

Vol. 50 Ch. 547-548

အခန်း (၅၄၇-၅၄၈)

Vol. 50 Ch. 547-548

အပိုင်း (၅၄၇)

ကျန်ရှိနေသော မဟာကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးများသည်လည်း ငတုံးများ မဟုတ်ကြသဖြင့် အခြေအနေကို တဖြည်းဖြည်း နားလည်လာကြသည်။

ထိုစဉ် လင်းပိုင်ဖန်က ဆက်လက်၍ - “အဲဒီမိစ္ဆာက အခုဆိုရင် မဟာကောင်းကင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ၊ မြင့်မြတ်ကောင်းကင်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ငါတို့က သူ့ကို အဲ့ဒီအဆင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးလိုက်မယ်ဆိုရင် ငါတို့ လက်ဖျားနဲ့တောင် တို့စရာမလိုတော့ဘူး... ဟောဒီ ကောင်းကင်နဲ့မြေပြင်ရဲ့ မြင့်မြတ်တဲ့ သားရဲကြီး လေးပါးက သူ့ကို ရှင်းလင်းပေးသွားလိမ့်မယ်”

ဤသည်မှာ လင်းပိုင်ဖန် အစကတည်းက ကြိုတင်စီစဉ်ထားသည့် အကြံအစည်ပင် ဖြစ်သည်။

ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီး ပေါ်ထွက်လာကတည်းက သူသည် ဤထောင်ချောက်ကို ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် မဟာရှအင်ပါယာ အင်အားကောင်းလာစေရန်နှင့် အခြားအင်အားစုများကို အားနည်းသွားအောင် လုပ်ချင်သလို၊ တစ်ဖက်တွင်လည်း ကောင်းကင်နှင့်မြေပြင်၏ မြင့်မြတ်သော သားရဲကြီး လေးပါး၏ စွမ်းဆောင်ရည်ကိုလည်း စမ်းသပ်ကြည့်လိုခြင်း ဖြစ်သည်။ ‘ရန်သူ့အကြောင်းနှင့် မိမိအကြောင်းကို သိလျှင် တိုက်ပွဲပေါင်း တစ်ရာ တိုက်လျှင်တောင် မရှုံးနိုင်’ ဟူသော စကားအတိုင်းပင် ဖြစ်တော့သည်။

“ဒါက တကယ်ကို အကြံကောင်းပဲ။ ဒါပေမဲ့ အဲဒီမိစ္ဆာက တခြားသူတွေရဲ့ အနှစ်သာရတွေကို စုပ်ယူပြီး အင်အားကြီးလာတာလေ။ အဲဒါကို ဘယ်လိုဖြေရှင်းမလဲ။ သူ့ဆီကို လူတွေကိုပဲ ယဇ်ပူဇော်သလို ပို့ပေးနေရမှာလား” ဟု တာအိုဂိုဏ်းမှ သိုင်းပညာရှင်ကြီးက မေးလိုက်သည်။

ကျန်ရှိသော ပုဂ္ဂိုလ်ကြီးများကလည်း ခေါင်းညိတ် ထောက်ခံကြသည်။ သူတို့အားလုံးသည် လင်းပိုင်ဖန်၏ နည်းလမ်းကို အလွန် သဘောကျကြသော်လည်း အနစ်နာခံရမည့် အပိုင်းသို့ ရောက်လာသောအခါ မည်သူမျှ အရှုံးမခံလိုကြပေ။

“အားလုံးပဲ စိုးရိမ်မနေကြပါနဲ့။ ကျွန်ုပ်မှာ အဖြေရှိပြီးသားပါ”

“ဘာနည်းလမ်းလဲ” ဟု အားလုံးက စိတ်အားထက်သန်စွာ မေးမြန်းကြလေသည်။

စူးစမ်းလိုသော အကြည့်များကြားတွင် လင်းပိုင်ဖန်က ပြုံးလျက် -

“အဲဒီမိစ္ဆာရဲ့ ကျင့်စဉ်က အနှစ်သာရတွေကို စုပ်ယူတာ မှန်ပေမဲ့ အဲဒါက လူရှင်တွေဆီကပဲ ဖြစ်ရမယ်လို့ မဆိုလိုဘူးလေ၊ သေပြီးသား သူတွေဆီကလည်း ရနိုင်တာပဲ။ ဆရာတော် လျောင်ချန်း... ဆရာတော်တို့ ဗုဒ္ဓဂိုဏ်းမှာ ဓာတ်တော်တွေ အများကြီး ရှိတယ် မဟုတ်လား။ အဲဒါတွေက ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးတွေရဲ့ ရုပ်ကလပ်ကနေ ဖြစ်တည်လာတာဆိုတော့ အဲဒီထဲမှာ ဆရာတော်ကြီးတွေရဲ့ အနှစ်သာရတွေ ကိန်းအောင်းနေတာပဲ။ အဲဒီဓာတ်တော်တွေကို မိစ္ဆာစုပ်ယူဖို့အတွက် ပေးအပ်လိုက်မယ်ဆိုရင် သူက အထွတ်အထိပ်အဆင့်ကို ကျိန်းသေပေါက် တက်လှမ်းသွားနိုင်လိမ့်မယ်”

“ကောင်းလိုက်တဲ့ အကြံ” အားလုံးက ဝမ်းသာအားရ ထောက်ခံကြတော့သည်။

ဆရာတော်ကြီး လျောင်ချန်းတစ်ဦးတည်းသာ မျက်နှာပျက်သွားပြီး -

“ဒါ… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီဓာတ်တော်တွေဆိုတာ ငါတို့ဗုဒ္ဓဂိုဏ်းရဲ့ အဖိုးမဖြတ်နိုင်တဲ့ အထွတ်အထိပ် သာသနာ့အမွေအနှစ်တွေပဲ။ ဒါကို ဘယ်လိုလုပ် အညစ်အကြေးအဖြစ် အသုံးပြုလို့ ဖြစ်မှာလဲ။ ဒီနည်းလမ်းက မသင့်တော်ပါဘူး... အပြစ်ကြီးလှပါတယ်”

“ဆရာတော်... အဲဒီလို မတွေးပါနဲ့။ ဒါတွေက ကျောက်ခဲအကျိုးအပဲ့တွေပါပဲ၊ ဘာလို့ ဒီလောက်တောင် ဖက်တွယ်နေတာလဲ။ အဲဒီကျောက်ခဲလေးတွေနဲ့ မိစ္ဆာကို နှိမ်နင်းနိုင်ပြီး လောကကြီး ငြိမ်းချမ်းသွားမယ်ဆိုရင် ဆရာတော်တို့ ဗုဒ္ဓဂိုဏ်းအတွက် အတိုင်းအဆမရှိတဲ့ ကုသိုလ်ထူးတွေ ရမှာပါ”

“ဟုတ်ပါတယ်... ဆရာတော်တို့ ဗုဒ္ဓဂိုဏ်းက အမြဲတမ်းပဲ မေတ္တာတရားအကြောင်း ဟောပြောနေတာ မဟုတ်လား။ အခုက လက်တွေ့ပြရမယ့်အချိန်ပဲ။ လောကကြီးတစ်ခုလုံးရဲ့ ဘေးကင်းရေးက ဆရာတော်တို့ ဂိုဏ်းအပေါ်မှာ မူတည်နေတာနော်။ ဘေးထိုင်ကြည့်မနေပါနဲ့”

“ဘုရားလောင်းတောင်မှ သိမ်းငှက်ကို အစာကျွေးဖို့ မိမိအသားကို လှီးပေးခဲ့သေးတာပဲ။ ဆရာတော်တို့က ဗုဒ္ဓရဲ့ တပည့်သားတွေ ဖြစ်ပြီးတော့ ဒါလေးကိုတောင် ဘာလို့ မလုပ်နိုင်ရတာလဲ။ ဒါက ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့မှ ညီရဲ့လား”

“နောက်ပြီး အဲဒီမိစ္ဆာက ဆရာတော်တို့ ဗုဒ္ဓဂိုဏ်းနဲ့ မပြေလည်နိုင်တဲ့ ရန်ကြွေးတွေ ရှိနေတာလေ။ အခုသာ အနစ်နာမခံရင် တစ်နေ့ သူရောက်လာတဲ့အခါ ဗုဒ္ဓဂိုဏ်းရဲ့ မျိုးဆက် ပြတ်သွားနိုင်တယ်။ အဲဒါကို ဆရာတော် ကြည့်ရက်မှာလား”

“ကျွန်ုပ်တို့ တောင်းဆိုပါတယ်... ဆရာတော်တို့ ဗုဒ္ဓဂိုဏ်းအနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ယူပေးပါ”

အားလုံးက ဝိုင်းဝန်းဖျောင်းဖျကြတော့သည်။ နောက်ဆုံးတွင် မိမိတို့ အနစ်နာခံရသည်ထက် အခြားသူ အနစ်နာခံရသည်က ပိုကောင်းသည် မဟုတ်ပါလား။

သို့သော် ဆရာတော်ကြီး လျောင်ချန်းကမူ "အောမီထောဖော" ဟုသာ ရွတ်ဆိုနေပြီး ကျောက်တုံးကဲ့သို့ ခိုင်မာစွာ ငြင်းဆန်နေလေသည်။ အားလုံးက မည်သို့ပင် ပြောဆိုစေကာမူ သူကမူ လုံးဝ သဘောမတူပေ။

ထိုစဉ် ဆရာတော်ကြီးက ငြိမ်သက်သွားပြီးနောက် - “အရှင်မင်းကြီးရဲ့ စကားကို နားထောင်ကြည့်ရတာ ဓာတ်တော်တွေကို သုံးလို့ရတယ်ဆိုရင် ရုပ်အလောင်းတွေကိုလည်း သုံးလို့ရနိုင်တာပဲ။ အင်အားကြီးတဲ့ သိုင်းပညာရှင် အများစုရဲ့ ရုပ်အလောင်းတွေက ပျက်စီးသွားပြီ ဆိုပေမဲ့ မဟာကောင်းကင်အဆင့်နဲ မြင့်မြတ်ကောင်းကင်အဆင့် ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်အလောင်းတွေကတော့ အကောင်းအတိုင်း ရှိနေဦးမှာပါ”

“ဒီဘုန်းကြီး သိထားသလောက်တော့ ဒကာကြီး လီ... ဒကာကြီးတို့ မိစ္ဆာဂိုဏ်းမှာ ရှေးယခင်က မဟာကောင်းကင်အဆင့်နဲ့ မြင့်မြတ်ကောင်းကင်အဆင့် ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်အလောင်းတွေကို ထိန်းသိမ်းထားတယ် မဟုတ်လား။ အဲဒါတွေကို စွန့်လွှတ်ပြီး လူသားတွေအတွက် ကုသိုလ်ယူလိုက်ပါလား”

လီထျန်းချန်းမှာ ဒေါသကြောင့် တုန်ယင်သွားပြီး -“ဒီကတုံးအိုကြီး... မင်းက ငါတို့မိစ္ဆာဂိုဏ်းရဲ့ ဘိုးဘေးတွေရဲ့ ရုပ်အလောင်းကိုတောင် အပိုင်ကြံရဲတယ်ပေါ့။ မင်းကိုယ်မင်း သူတော်စင် ဆရာတော်ကြီးလို့တောင် ပြောရဲသေးတယ်။ ငါ အပြတ်ပြောလိုက်မယ်... ဒါကို ဘယ်တော့မှ သဘောမတူနိုင်ဘူး”

“အို... လီအဘိုးကြီး၊ မင်းကလည်း အဲဒီလို မပြောပါနဲ့။ အဲဒီဘိုးဘေးတွေ သေသွားတာ ရာစုနှစ်တွေ၊ ထောင်စုနှစ်တွေတောင် ကြာနေပြီပဲ။ သူတို့ ဝိညာဉ်တွေတောင် နောက်ဘဝ ရောက်ကုန်လောက်ပြီ။ ရုပ်အလောင်းကြီးတွေ ထားထားလို့ ဘာထူးမှာလဲ... ဒါက အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲ”

“သေပြီးသားလူတွေပဲဟာ... မိစ္ဆာကို နှိမ်နင်းဖို့နဲ့ လောကကြီးကို ကာကွယ်ဖို့အတွက် လှူဒါန်းလိုက်ပါလား။ မင်းရဲ့ ကောင်းမှုကုသိုလ်ကို အားလုံးက မှတ်မိနေကြမှာပါ။ မင်းတို့ရဲ့ ဘိုးဘေးတွေလည်း သိရင် ဝမ်းသာနေကြမှာပဲ”

အားလုံးက တစ်ဖန် ဝိုင်းဝန်း ဖျောင်းဖျကြပြန်သည်။

လီထျန်းချန်းကမူ အလွန်မကျေမနပ် ဖြစ်ကာ ထွက်သွားရန် ပြင်ရင်း -

“မင်းတို့ ဘာပြောပြော ငါ သဘောမတူဘူး။ ငါ့ကိုပဲ လာပြောမနေနဲ့။ ဟိုက ဖြောင့်မတ်လှပါတယ်ဆိုတဲ့ တာအိုဂိုဏ်းက ရှန်ရွှီးအဘိုးကြီးကို သွားပြောကြဦး။ သူတို့ တာအိုဂိုဏ်းမှာလည်း ဘိုးဘေးတွေရဲ့ ရုပ်အလောင်းတွေကို ထိန်းသိမ်းထားတဲ့ အစဉ်အလာ ရှိတာပဲ။ သူတို့ဆီမှာ ငါတို့ မိစ္ဆာဂိုဏ်းထက်တောင် ပိုများဦးမယ်လို့ ငါ အာမခံတယ်။ သူတို့ကို အနစ်နာခံခိုင်းလိုက်ပါလား”

“ဘာ... အရေးမကြီးဘူး ဟုတ်လား။ ဒါက ငါတို့ တာအိုဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့ ကိစ္စပဲ”

တာအိုဂိုဏ်းမှ သိုင်းပညာရှင်ကြီးကလည်း အလွန်အမင်း တုန်လှုပ်သွားကာ -

“မဟာဟန်အင်ပါယာကို သွားပါလား၊ သူတို့ဆီမှာ လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းက ‌သေသွားတဲ့ သိုင်းပညာရှင်ကြီးတွေ အများကြီးရှိတယ်။ သူတို့ရဲ့ ရုပ်အလောင်းတွေက အသစ်စက်စက် ရှိနေသေးတာပဲ... အဲဒါတွေကို လှူခိုင်းလိုက်လေ”

“ငါတို့က ဘာလို့ လှူရမှာလဲ” မဟာဟန်အင်ပါယာမှ သိုင်းပညာရှင်ကြီးကလည်း အလန့်တကြား ထခုန်တော့သည်။

ထို့နောက်တွင်တော့ အားလုံးမှာ တစ်ယောက်နှင့်တစ်ယောက် အားနည်းချက်များကို ထိုးနှက်ကာ အပြစ်တင်ကြတော့ရာ၊ မြင့်မြတ်သောအဆင့်မြင့် အစည်းအဝေးကြီးမှာ ဆူညံပွက်လောရိုက်နေသည့် ဈေးတန်းတစ်ခုကဲ့သို့ ဖြစ်သွားပြီး လက်ပါတော့မည့်အခြေအနေသို့ ဆိုက်ရောက်သွားတော့သည်။

လင်းပိုင်ဖန်ကမူ ဤမြင်ကွင်းကို ကြည့်ကာ သဘောကျနေပြီး အခါခွင့်သင့်တိုင်း မီးလောင်ရာ လေပင့်ပေးနေတော့သည်။

အပိုင်း (၅၄၈)

နောက်ဆုံးတွင်တော့ အားလုံးမှာ ငြင်းခုံနေကြသည်ကို ရပ်တန့်လိုက်ကြပြီး အင်အားစုတစ်ခုချင်းစီက ရုပ်အလောင်း အချို့စီကို ထုတ်ပေးရန် သဘောတူလိုက်ကြသဖြင့် မည်သူမျှ အရှုံးမရှိတော့ဘဲ မျှတသွားတော့သည်။

ထို့နောက် အားလုံး၏ အကြည့်များက လင်းပိုင်ဖန်ထံသို့ စုပြုံကာ ရောက်ရှိသွားကြသည်။

လင်းပိုင်ဖန်က နားမလည်နိုင်ဟန်ဖြင့် - “အားလုံးက ဘာလို့ ငါ့ကို ဝိုင်းကြည့်နေကြတာလဲ”

“မဟာရှအင်ပါယာရဲ့ အရှင်မင်းကြီး... ကျွန်ုပ်တို့အားလုံးကတော့ အသီးသီး အနစ်နာခံပြီးပြီပဲ။ အရှင်မင်းကြီးဘက်ကလည်း တစ်ခုခုတော့ ထည့်ဝင်သင့်တယ် မဟုတ်လား” ဟု မဟာဟန်အင်ပါယာမှ သိုင်းပညာရှင်ကြီးက မတင်မကျလေသံဖြင့် ပြောလိုက်သည်။

လင်းပိုင်ဖန်က အားနာနေဟန်ဖြင့် - “တကယ်တော့ ကျွန်ုပ်လည်း အင်မတန် အနစ်နာခံချင်တာပေါ့ဗျာ... ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ မဟာရှအင်ပါယာက တည်ထောင်တာ သိပ်မကြာသေးတော့ ခင်ဗျားတို့ဂိုဏ်းတွေလို ရှေးဟောင်းအမွေအနှစ်တွေ မရှိဘူးလေ။ ဒါကို အကြွေးအဖြစ်ပဲ မှတ်ထားလိုက်ပါဦး။ နောက်တစ်ချိန် ကျွန်ုပ်အင်ပါယာက သိုင်းပညာရှင်ကြီးတွေ ‌သေသွားတဲ့အခါ ခင်ဗျားတို့ကို ရုပ်အလောင်းတွေနဲ့ ပြန်ဆပ်ပါ့မယ်”

ထိုစကားကြောင့် လူတိုင်း ပေါက်ကွဲသွားကြတော့သည်။

ဤကဲ့သို့သော အရာမျိုးကို အကြွေးထား၍ ရပါမည်လော။ လူသေသွားမှတော့ ထိုအချိန်ကျမှ ဘာလုပ်လို့ ရတော့မှာလဲ။ မင်းက ရုပ်အလောင်းကို အကြွေးဆပ်ဖို့ ပို့ပေးလာရင် ငါတို့က အဲဒီအလောင်းရှေ့မှာ အမွှေးတိုင်ထွန်းပြီး ကန်တော့နေရမှာလား။ ဒါက ဘယ်လိုကြည့်ကြည့် ငါတို့ဘက်က ရှုံးနေတာပဲ မဟုတ်လား။

“မဟာရှအင်ပါယာက တည်ထောင်တာ မကြာသေးတော့ တကယ်ပဲ ပေးစရာ သိပ်မရှိတာပါ။ ဒါ့အပြင် အရှင်မင်းကြီးက မိစ္ဆာကို နှိမ်နင်းဖို့ အကြံဉာဏ်ပေးခဲ့တာကလည်း ချေဖျက်လို့မရတဲ့ ‌အကျိုးဆောင်မှုတစ်ခုပဲလေ။ ဒါကြောင့် ဒီကိစ္စကို ဒီမှာတင်ပဲ ထားလိုက်ကြရအောင်” ဟု လီထျန်းချန်းက လင်းပိုင်ဖန်ဘက်ကနေ ကာကွယ်ပြောဆိုပေးလိုက်သည်။

အားလုံး၏ မျက်နှာတွင် မကျေနပ်ရိပ်များ ရှိနေသော်လည်း လက်ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။

ဆက်လက်၍ ဤပစ္စည်းများကို ထိုမိစ္ဆာ၏လက်ထဲသို့ မည်သို့ရောက်အောင် ပို့ပေးမည်နည်းဟု ဆွေးနွေးကြပြန်သည်။

“ဒါက လွယ်ပါတယ်”

လင်းပိုင်ဖန်က နောက်ထပ် အကြံတစ်ခု ထပ်ပေးလိုက်သည် - “ ‘ဒီရုပ်အလောင်းတွေထဲမှာ စုပ်ယူလို့ရတဲ့ အနှစ်သာရတွေ ကိန်းအောင်းနေတယ်’ ဆိုတဲ့ သတင်းကို ဖြန့်လိုက်ရုံပဲ။ သူကိုယ်တိုင် ငါတို့ဆီကို အပြေးအလွှား ရောက်လာပါလိမ့်မယ်”

“တကယ့်ကို အကြံကောင်းပဲ” အားလုံးက လက်ခုပ်တီး ထောက်ခံကြလေသည်။

အစည်းအဝေး ပြီးဆုံးသွားသည်နှင့် အားလုံးက မိမိတို့ တာဝန်ရှိရာသို့ အသီးသီး ထွက်ခွာသွားကြတော့သည်။ ထိုမိစ္ဆာကို လှည့်စားရန်အတွက် ဤလုပ်ငန်းစဉ်များကို မဟာကောင်းကင်အဆင့် ပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင် ဆောင်ရွက်ကြသည်။

သူတို့သည် အရင်ဆုံး မိမိတို့ဘိုးဘေးများ၏ အရေးကြီးသော ရုပ်အလောင်းများကို ဖုံးကွယ်ထားလိုက်ပြီးနောက် သူတို့၏ သြဇာအာဏာကို အသုံးပြု၍ ကောလာဟလများကို စတင်ဖြန့်ဝေကြတော့သည်။

“ဟူး... မိစ္ဆာကြီး သောင်းကျန်းနေလို့ သိုင်းပညာရှင်ကြီးတွေလည်း ပုန်းနေကြရပြီ။ လောကကြီးလည်း တော်တော်ကို ရှုပ်ထွေးနေပြီပဲ”

“ဟုတ်ပကွာ... အဲဒီမိစ္ဆာ ရှိနေသရွေ့တော့ လောကကြီးမှာ ငြိမ်းချမ်းမှု ရှိမှာမဟုတ်ဘူး”

“နေဦး... အဲဒီမိစ္ဆာက လူရှင်တွေရဲ့ အနှစ်သာရကို စုပ်ယူနိုင်တယ်ဆိုရင် ရုပ်အလောင်းတွေရဲ့ အနှစ်သာရကိုရော စုပ်ယူနိုင်မလား”

“ငါပြောပြမယ်... အဲဒီမိစ္ဆာက လူတွေကို အရိုးပါမကျန် တစ်ကောင်လုံး ဝါးမြိုပစ်တာလေ၊ အဲဒါက လူတစ်ယောက်လုံးကို တိုက်ရိုက် စုပ်ယူလိုက်တာနဲ့ အတူတူပဲ။ ရုပ်အလောင်းကျမှ ဘာလို့ မရမှာလဲ။ ပြောရရင် လူသေနဲ့ လူရှင်က ဝိညာဉ်ပဲ ကွာတာ မဟုတ်လား”

“ဒါကလည်း... ဟုတ်သလိုလိုပဲနော်”

“ဗုဒ္ဓဂိုဏ်းရဲ့ ဓာတ်တော်တွေဆိုရင် ဆရာတော်ကြီးတွေရဲ့ အနှစ်သာရတွေပဲလေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းက ဗုဒ္ဓဂိုဏ်းမှာ ဓာတ်တော်တွေ ဘယ်လောက်တောင် များနေမလဲ။ အဲဒါတွေကိုသာ အဲဒီမိစ္ဆာက အကုန်စုပ်ယူသွားရင် မြင့်မြတ်ကောင်းကင်အဆင့်ကို ကျိန်းသေပေါက် ရောက်သွားမှာပဲ”

“ရှူး... တိုးတိုးပြောစမ်းပါ။ မိစ္ဆာကြီး ကြားသွားဦးမယ်”

“ဟုတ်သားပဲ... ငါတို့ ဒါကို လူသိရှင်ကြား မပြောသင့်ဘူး”

လူအများက တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသော်လည်း ထိုသတင်းစကားမှာ ဝတ်ရုံစိမ်းမျှော်စင် ခေါင်းဆောင်ကြီး၏ နားထဲသို့ ရောက်ရှိသွားတော့သည်။ သူသည် များစွာ စိတ်ဝင်စားသွားပြီး - “လူရှင်တွေဆီက ရနိုင်ရင် ရုပ်အလောင်းတွေဆီကကော ဘာလို့ မရနိုင်ရမှာလဲ”

သူသည် သိုင်းပညာရှင်တစ်ယောက်ကို ရှာဖွေ သတ်ဖြတ်လိုက်ပြီး ၃ နာရီခန့် စောင့်ဆိုင်းကာမှ ဝါးမြိုကြည့်လိုက်ရာ လူရှင်ကို စုပ်ယူသည်နှင့် သိသိသာသာ ကွာခြားမှု မရှိကြောင်း တွေ့ရှိလိုက်ရသည်။

“ဒီနည်းလမ်းက တကယ် ထိရောက်တာပဲ” ခေါင်းဆောင်ကြီးမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။

ဤလောကတွင် သမိုင်းကြောင်း ရှည်လျားသော အင်အားစုကြီးများစွာ ရှိသည်။ ဥပမာ - ဗုဒ္ဓဂိုဏ်း၊ တာအိုဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းတို့ကဲ့သို့ ဖြစ်သည်။

သူတို့သည် နှစ်ပေါင်း ထောင်ချီ၍ တည်ရှိလာခဲ့ရာ ထိုကာလအတွင်း မရေမတွက်နိုင်သော သိုင်းပညာရှင်ကြီးများနှင့် မြင့်မြတ်ကောင်းကင်အဆင့် ပုဂ္ဂိုလ်ကြီးများ၏ ရုပ်အလောင်းများကို ထိန်းသိမ်းထားကြပေလိမ့်မည်။ ထိုအရာများကိုသာ ရှာဖွေပြီး စုပ်ယူနိုင်မည်ဆိုပါက သူ၏ အင်အားမှာ ဧကန်မလွဲ တိုးတက်လာပေလိမ့်မည် ဖြစ်သည်။

တွေးရင်းနှင့်ပင် ခေါင်းဆောင်ကြီးမှာ ပို၍ စိတ်လှုပ်ရှားလာကာ ဗုဒ္ဓဂိုဏ်းဆီသို့ အပြေးအလွှား သွားလိုစိတ်များ ပြင်းပြလာသည်။

ဗုဒ္ဓဂိုဏ်းတွင် ဓာတ်တော်များကို မြှုပ်နှံထားသည့် နေရာအချို့ ရှိပြီး ထိုနေရာများသည် ဂိုဏ်း၏ အရေးကြီးသော နေရာများ ဖြစ်သဖြင့် အမြဲမပြတ် စောင့်ကြပ်နေလေ့ရှိသော်လည်း ယခုအချိန်တွင် ဘုန်းကြီးများအားလုံးမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီ ဖြစ်သည်။

ထို့ကြောင့် ခေါင်းဆောင်ကြီးသည် ထိုနေရာများသို့ အလွယ်တကူ ဝင်ရောက်ကာ ဓာတ်တော်များကို တူးဖော်ပြီး အားရပါးရ စုပ်ယူတော့သည်။

“တကယ်ပဲ အလုပ်ဖြစ်တာပဲ”

ခေါင်းဆောင်ကြီးမှာ အတိုင်းထက်အလွန် ဝမ်းသာသွားပြီး - “နှစ်တွေ ကြာလာလို့ အနှစ်သာရတချို့ ဆုံးရှုံးသွားတယ် ဆိုပေမဲ့ မူလအနှစ်သာရ အတော်များများကတော့ ကျန်နေသေးတာပဲ။ ငါ့အတွက်တော့ လုံလောက်ပါတယ်”

ဓာတ်တော်များကို စုပ်ယူပြီးနောက် ခေါင်းဆောင်ကြီးသည် ကောင်းကင်အဆင့် သိုင်းပညာရှင် ၅ ဦး သို့မဟုတ် ၆ ဦးကို စုပ်ယူလိုက်သကဲ့သို့ သူ၏ အင်အားမှာ သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။

ယခုဆိုလျှင် သူ၏အစွမ်းမှာ မြင့်မြတ်ကောင်းကင်အဆင့်သို့ ခြေတစ်လှမ်းစာမျှသာ လိုတော့သည်။ “မြင့်မြတ်ကောင်းကင်အဆင့်” ဆိုသည့် ဘွဲ့ထူးနှင့် ဆက်နွှယ်ရုံမျှနှင့်ပင် သာမန်လူများထက် များစွာ သာလွန်သွားပြီဖြစ်သည်။ လောကကြီးတစ်ခုလုံးတွင် မြင့်မြတ်ကောင်းကင်အဆင့်ရှိသူမှသာလျှင် သူ့ကို ထိခိုက်အောင် လုပ်နိုင်ပေတော့မည်။

ခေါင်းဆောင်ကြီးမှာ စိတ်လှုပ်ရှားနေသော်လည်း တစ်ဖက်တွင်လည်း နားမလည်နိုင် ဖြစ်နေရသည်။ “ဘာလို့ ဓာတ်တော်တွေက ဒီလောက်နည်းနေရတာလဲ။ ဗုဒ္ဓဂိုဏ်းက တခြားတစ်နေရာကို ရွှေ့ပြောင်းလိုက်လို့လား”

သူ အဖြေရှာမရသဖြင့် ဆက်၍ မစဉ်းစားတော့ဘဲ အခြားအင်အားစုများ၏ ရုပ်အလောင်းများကိုသာ တူးဖော် စုပ်ယူရန် လောနေတော့သည်။

ဗုဒ္ဓဂိုဏ်း၏ ဓာတ်တော်များကို စုပ်ယူပြီးနောက် သူသည် တာအိုဂိုဏ်း၏ သင်္ချိုင်းဆီသို့ ချက်ချင်း သွားရောက်ခဲ့သည်။ တိုက်ဆိုင်စွာပင် ထိုနေရာ၌လည်း စောင့်ကြပ်သူ မရှိသလောက် နည်းပါးနေသဖြင့် အလွယ်တကူ ဝင်ရောက် တူးဖော်နိုင်ခဲ့သည်။ ပို၍ တိုက်ဆိုင်သည်မှာ ရုပ်အလောင်းများကလည်း နည်းပါးနေပြန်သည်။ သို့သော် သူသည် စိတ်လှုပ်ရှားမှုကြောင့် ထိုအချက်ကို သတိမမူမိတော့ပေ။

ပြိုင်ဘက်ကင်းခွန်းအား၏ ရှေ့မှောက်တွင် မည်သည့် အကြံအစည်မဆို စက္ကူကျားမျှသာ ဖြစ်သည်ဟု သူက အပြည့်အဝ ယုံကြည်ထားသောကြောင့် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။

ထိုရုပ်အလောင်းများကို စုပ်ယူပြီးနောက် မိစ္ဆာဂိုဏ်း၊ မဟာဟန်အင်ပါယာနှင့် အခြားနေရာများသို့ ဆက်လက် သွားရောက်ခဲ့သည်။ ရုပ်အလောင်းများ၏ အကူအညီဖြင့် သူ၏ ခွန်အားမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ကြောက်မက်ဖွယ်ကောင်းလာတော့သည်။

နောက်ဆုံးတွင် သူသည် အကန့်အသတ်တစ်ခုသို့ ရောက်ရှိသွားပြီး “ဝုန်း” ခနဲ မြည်သံနှင့်အတူ ကျင့်စဥ်အဆင့်မှာ အတားအဆီးကို ကျော်ဖြတ်ကာ အဆင့်သစ်တစ်ခုသို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့သည်။

All Chapters