← Chapters

အခန်း ၄၂၁

Vol. 29 Ch. 421

အခန်း ၄၂၁

Vol. 29 Ch. 421

အခန်း (၄၂၁) - ဓားကို ကြိုဆိုခြင်း အပိုင်း (၂)

~ထိုအဖြစ်အပျက် ပြီးဆုံးသွားပြီးနောက်... သူသည် နေ့ရောညပါ မျက်စိတစ်မှိတ်မျှပင် မအိပ်စက်ဘဲ ဂိုဏ်းနှစ်ခုကြားရှိ နားလည်မှု လွဲမှားနေခြင်းများကို ပြေလည်သွားစေရန် ကြားဝင် စေ့စပ်ပေးခဲ့သည်။

နောက်ဆုံးတွင်တော့ ဂိုဏ်းနှစ်ခုစလုံးက အချင်းချင်း လက်ဆွဲနှုတ်ဆက်ကာ ပြန်လည် သင့်မြတ်သွားကြပြီး၊ ဝမ်ချန်ရှင်း သည်လည်း သူ၏ ကြင်နာတတ်သော သဘောထားကြောင့် သိုင်းလောက တွင် နာမည်ကောင်း တစ်ခုကို ထပ်မံ ရရှိသွားပြန်သည်။

အမှန်တကယ်တော့ သူသည် ဤပြဿနာများတွင် အစကတည်းက ပါဝင်ပတ်သက်ခဲ့ခြင်း အလျဉ်းမရှိပေ။

ဂိုဏ်းနှစ်ခု အချင်းချင်း တိုက်ခိုက်ပြီး အသေအပျောက်များ ဖြစ်ပေါ်လာမည်ကို သူက မမြင်တွေ့လိုရုံ သက်သက်သာ ဖြစ်၏။ သူ၏ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုများသည် သိုင်းလောက ၏ အကျိုးစီးပွားအတွက် တကယ့်ကို လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

တတိယ အဖြစ်အပျက်မှာ မိစ္ဆာနှိမ်နင်းရေး ပင် ဖြစ်သည်။

မကြာသေးမီ အချိန်က မိစ္ဆာလမ်းစဉ် မှ အဆင့်မြင့် သိုင်းပညာရှင် တစ်ဦးသည် တုန်းချန် နယ်မြေရှိ ဂိုဏ်းများ ကြားသို့ လျှို့ဝှက် စိမ့်ဝင်လာပြီး ယုတ်မာ ကောက်ကျစ်သော အကြံအစည်များကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခဲ့၏။

သို့ရာတွင် တိုက်ဆိုင်စွာပင် သူသည် ဝမ်ချန်ရှင်း နှင့် လမ်းခုလတ်၌ ပက်ပင်းတိုးသွားခဲ့သည်။

ထိုလူနှစ်ဦးသည် မိုင်နှစ်ရာကျော် အကွာအဝေး အထိ အသည်းအသန် တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် ဝမ်ချန်ရှင်း က သူ၏ ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်းကို အသုံးပြုကာ ထို မိစ္ဆာ ကို ရှင်းလင်း ချေမှုန်းပစ် နိုင်ခဲ့လေတော့သည်။

ဤတိုက်ပွဲသည် လူသူကင်းမဲ့သော နေရာတွင် ဖြစ်ပွားခဲ့သဖြင့် မည်သူမျှ သိရှိမည် မဟုတ်ဟု ထင်မှတ်ရသော်လည်း၊ တိုက်ဆိုင်စွာပင် ခရီးသွားအချို့က ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့သွားခဲ့ကြ၏။

နောက်ဆက်တွဲ အဖြစ်အပျက်များကို သည်းသည်းမည်းမည်း ခြေရာခံလိုက် လာကြသောအခါ ဇာတ်လမ်း တစ်ခုလုံး၏ အစအဆုံးကို ဆက်စပ်မိသွားကြတော့သည်။

ဤ ကြီးမားလှသော အောင်မြင်မှု သုံးခုက သူ၏ နာမည်ဂုဏ်သတင်းကို ပိုမို ကြီးမားလာစေခဲ့ပြီး၊ ဝမ်ချန်ရှင်း ၏ အမည်နာမသည် သိုင်းလောက တွင် တစ်ဟုန်ထိုး တိုးတက် လာမည့် အရိပ်အယောင်များကို အထင်အရှား ပြသနေပြီ ဖြစ်သည်။

ထို့ကြောင့် ထျန်းချူမြို့ တွင် ဖြစ်ပွားမည့် ဓားပြိုင်ပွဲသည် လူအများ၏ အာရုံစိုက်မှုကို ပိုမို ရရှိလာခဲ့ခြင်း ဖြစ်သည်။

ဆုမို က ဤစကားများကို နားထောင်နေရင်း စားပွဲခုံကို လက်ချောင်းများဖြင့် ခပ်ဖွဖွလေး ခေါက်လိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။

"ဪ... ဒီလိုကိုး"

"ဟင်"

ဝေဇီယီ က ဆုမိုအား တစ်ချက် စောင်းကြည့်လိုက်၏။

"အာမခံဌာန ခေါင်းဆောင်ဆု... နင့်စကားတွေက ဘာကို ဆိုလိုတာလဲ"

"ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး"

ဆုမို က ခပ်ဟဟ ရယ်လိုက်သည်။

"ဒီ ဝမ်ချန်ရှင်း နဲ့ ငါ့ကြားမှာ တူညီတဲ့ အချက်လေးတွေ ရှိနေတယ်လို့ ခံစားမိသွားလို့ပါ"

"ဪ... ဟုတ်လား"

ချူချိုယွီ လည်း အတော်လေး သိချင်စိတ် ပြင်းပြသွားသည်။

"ခေါင်းဆောင်ဆု ရှင်... ကျေးဇူးပြုပြီး ရှင်းပြပါဦး"

"ကျွန်တော်က နေ့စဉ်ဘဝမှာ ပြဿနာတွေကို လိုက်ရှာနေတဲ့ သူမျိုး မဟုတ်ပေမဲ့... ကျွန်တော် ရောက်သွားတဲ့ နေရာတိုင်းမှာ ပြဿနာတွေက သူ့အလိုလို လိုက်လာတတ်တယ်လေ"

ဆုမို က ပြုံးလျက် ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။

"ဥပမာအနေနဲ့ ရွှမ်ကျီတောင်ကြား က တိုက်ပွဲကိုပဲ ကြည့်လေ... ကျွန်တော်က ယွီလျိုစံအိမ် က သခင်ကြီးလျူ ဆီကို 'သေတ္တာထဲက နဂါးဟိန်းသံ' ကို ပို့ပေးဖို့ ယဲ့ချန်းချိုး ဆီကနေ အလုပ်တစ်ခု လက်ခံလိုက်ရုံ သက်သက်ပါပဲ"

"ဒါပေမဲ့ ရလဒ်ကတော့... သခင်ကြီးလျူ က ယူချွမ်ဂိုဏ်းရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်..."

"အဲဒီနောက် ရွှမ်ကျီတောင်ကြား မှာ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြားထဲ ရောက်သွားပြီး... ယူချွမ်ဂိုဏ်း က နှစ်ပေါင်း (၂၀) လောက် စနစ်တကျ.. ကြံစည်ထားတဲ့ အစီအစဉ်ကြီးကို ကျွန်တော်က ဝင်ရောက် ဖျက်ဆီးမိသလို ဖြစ်သွားခဲ့တာပဲ"

"ရွှမ်ကျီတောင်ကြား တိုက်ပွဲကြောင့် ရလာတဲ့ နာမည်ဂုဏ်သတင်း ဆိုတာကလည်း... တကယ်တော့ အာမခံဌာန ရဲ့ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရင်းနဲ့ မရည်ရွယ်ဘဲ ဖြစ်လာခဲ့တာပါ"

"ဒါက..."

ချူချိုယွီ တစ်ယောက် စကားပြောမထွက်အောင် ဖြစ်သွားရသည်။

"ဒါကိုကြည့်ရင် ဇီယန် အာမခံဌာန ဟာ တကယ့်ကို ယုံကြည်စိတ်ချရတဲ့ နေရာတစ်ခု ဆိုတာ ထင်ရှားနေတာပဲ... အရှေ့ကနေ အနောက်ကို ဖြတ်သန်းသွားလာရင်း၊ မိစ္ဆာ တွေကို ကိုယ်တိုင်ကိုယ်ကျ ရှင်းလင်းချေမှုန်းရင်း... ဒီအရာအားလုံးက အပ်နှံထားတဲ့ ပစ္စည်းတွေကို လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးနိုင်ဖို့အတွက်ချည်းပဲလေ... ဒီလို အာမခံဌာန မျိုးကိုသာ ကမ္ဘာမြေကြီး တုန်လှုပ်သွားလောက်တဲ့ ကိစ္စမျိုးတွေ အပ်နှံမယ်ဆိုရင်တောင် သေချာပေါက် လုံခြုံစွာ ပို့ဆောင်ပေးနိုင်မှာ အသေအချာပဲ"

"... သိုင်းမယ်ချူ ကတော့ နောက်နေပြန်ပြီ"

ဆုမို က သက်ပြင်းချလိုက်သည်။

"ကျွန်တော် ပြောချင်တာက... ပြဿနာတွေက ကျွန်တော့်ကို အမြဲတမ်း ဝိုင်းရံနေတတ်တယ် ဆိုတာပါပဲ... အခု ဝမ်ချန်ရှင်း ကလည်း ကျွန်တော်နဲ့ တစ်ပုံစံတည်း ဖြစ်နေပုံ ရတယ်"

"သူ.. ဝူရှန်းခန်းမ မှာ ရှိနေတုန်းက... ဝူရှန်းခန်းမ ရဲ့ သခင်မလေး နဲ့ နည်းနည်းပါးပါး..ရှုပ်ထွေးနေတာက လွဲရင်... ကျန်တဲ့ အချိန်တွေမှာ သူက သိုသိုသိပ်သိပ်ပဲ နေခဲ့တာ... သူ့နာမည်ကလည်း သိပ်ပြီး ကျော်ကြားခဲ့တာ မဟုတ်ဘူး"

"ဒါပေမဲ့ တုန်းချန် နယ်မြေကို ရောက်လာတာနဲ့ တစ်ပြိုင်နက်... ကျွန်တော့်လိုပါပဲ... ပြဿနာပေါင်းစုံက တစ်ခုပြီးတစ်ခု ဆက်တိုက် ဝင်လာပြီး သူ့ကို အာရုံစိုက်မှု အပြည့် ရှိတဲ့ နေရာကို တိုက်ရိုက် တွန်းပို့ပေးလိုက်သလို ဖြစ်သွားတာပဲ"

ဝေဇီယီ ၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွား၏။

"သူက ဒီလိုမျိုး အာရုံစိုက်ခံရတာကို သဘောကျနေတာလည်း ဖြစ်နိုင်တာပဲ"

"ဘယ်သူ သိနိုင်မှာလဲလေ..."

ဆုမို က စကားဆက်ရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် အနီးအနားမှ အသံ တစ်သံကို ကြားလိုက်ရသည်။

"ဟာ ဟာ ဟာ... တကယ့် သေရည်ကောင်း ပဲ... တကယ်ကို အကောင်းစား သေရည် ပဲဗျာ"

ဆုမို.. ခေါင်းလှည့်ကြည့်လိုက်သောအခါ သေရည် အရှိန်ကြောင့် မျက်နှာတစ်ခုလုံး ရဲရဲနီနေသော သခင်လေးစစ်ထူ ကို မြင်တွေ့လိုက်ရ၏။ သူက အမိုးပွင့် ထမ်းစင်ပေါ်တွင် ထိုင်ကာ ဟိုယိမ်းဒီယိမ်း ဖြစ်နေပြီး နောက်ဆုံးတွင် 'ဘုန်း' ခနဲ အသံနှင့်အတူ စားပွဲပေါ်သို့ မှောက်ကျကာ အိပ်မောကျသွားလေတော့သည်။

လူတိုင်း အံ့အားသင့်သွားကြပြီး သူ၏ ခြေရင်းသို့ လှမ်းကြည့်လိုက်သောအခါ မည်သည့်အချိန်ကတည်းက ယူငင်ထားမှန်း မသိရသော သေရည်အိုး တစ်အိုးကို သခင်လေးစစ်ထူ ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ဆောင်းဦး သေရည်ကောင်း အိုးကြီး နှစ်အိုးလုံး သူ၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။

သူ၏ အသွင်အပြင်ကို ကြည့်ရသည်မှာ သေရည် သောက်လေ့သောက်ထ မရှိသူ တစ်ယောက်နှင့် တူသည်။

ဒီလောက် သောက်ထားမှတော့ ဘယ်လိုလုပ် မမူးဘဲ နေနိုင်တော့မှာလဲ။

တစ်ခဏမျှ ဆုမို တစ်ယောက် ဘာပြောရမှန်းမသိ ဖြစ်သွားပြီး မိန်းမပျို လေးဦးအား လှမ်းကြည့်လိုက်သည်။

"မင်းတို့ထဲက တစ်ယောက်မှ သူ့ကို သတိမထားမိကြဘူးလား"

"သူ့ရဲ့ အသက်အန္တရာယ် ကို ထိခိုက်နိုင်လောက်တဲ့ ကိစ္စ မရှိသရွေ့တော့... သူ သေရည် မူးပြီး ပျော်နေတာကို ခွင့်ပြုပေးလိုက်တာပါ"

မိန်းမပျို လေးဦးက အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး၊ ယခုတစ်ကြိမ်တွင်တော့ အေးစက်စက် လေသံဖြင့် ပြန်လည်မချေပ ခဲ့ကြပေ။

သို့သော် သူမတို့ထဲမှ တစ်ဦးက ခပ်တိုးတိုး လေသံဖြင့် ပြောလာလေ၏။

"သခင်လေး က ငယ်ငယ်လေးကတည်းက ဒီလိုမျိုး ပျော်ပျော်ရွှင်ရွှင် မနေခဲ့ရဖူးပါဘူး... သူ မူးနေတာပဲ ဖြစ်ဖြစ်၊ အိပ်ပျော်နေတာပဲ ဖြစ်ဖြစ်... ဒီလို အတွေ့အကြုံ အသစ်လေးတွေ ပိုပြီး ခံစားရတာက သူ့အတွက် ကောင်းပါတယ်"

"အဲဒီလိုမှ မဟုတ်ရင်... သူ ရွှမ်ဟူမျှော်စင် ကို ပြန်ရောက်သွားတဲ့ အခါကျရင်... အရင်လို စည်းကမ်းတကျ နေထိုင်ရတဲ့ သခင်လေး ဘဝကို ပြန်ရောက်သွားမှာ စိုးလို့ပါ"

ထိုစကားကို ကြားပြီးနောက် ဆုမို တစ်ယောက် အတွေးနက်သွားသည်။

ဒီ မိန်းမပျို လေးဦးက သခင်လေးစစ်ထူ နှင့် ပတ်သက်လျှင် အမြဲတမ်း ပြတ်ပြတ်သားသား ပြောဆိုဆက်ဆံလေ့ ရှိကြသည်။

ယခုချိန်မှာတော့ သူမတို့၏ သဘောထားတွေထဲမှာ သနားကြင်နာမှု အရိပ်အယောင်လေးတွေ ကိန်းအောင်းနေတာကို ခံစားသိရှိနိုင်သည်။

သို့သော်၊ သူမတို့က ဘာကြောင့် ဒီခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း မထုတ်ဖော်ပြသခဲ့ကြတာလဲ။

"ညလေ က အေးတယ်... သူ့ကို တစ်ခုခု လွှမ်းပေးလိုက်ပါဦး"

ဆုမို က သူ၏ အပေါ်ဝတ်ရုံကို ပေါ့ပေါ့ပါးပါး ချွတ်လိုက်ပြီး သခင်လေးစစ်ထူ ၏ ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု ရှင်"

မိန်းမပျို လေးဦးက အချင်းချင်း ကြည့်လိုက်ကြပြီး အသာအယာ ခေါင်းညိတ်ကာ ဝတ်ရုံကို သခင်လေးစစ်ထူ ၏ ကိုယ်ပေါ်တွင် သေသေချာချာ ခြုံပေးလိုက်ကြ၏။

သခင်လေးစစ်ထူ မှာမူ ပြင်ပလောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေတော့သည်။

ထို့နောက် သူတို့တစ်စုသည် ညသန်းခေါင်ယံ အချိန်အထိ ဆက်လက် စားသောက် ရယ်နေကြပြီးနောက်မှ ပျော်ရွှင်စွာဖြင့် လူစုခွဲ ခဲ့ကြ၏။

...

...

ထိုနေ့မှစ၍ ဆုမို သည် လန်ယွဲ့နန်းတော် တွင် ယာယီ တည်းခို နေထိုင်ခဲ့သည်။

နေ့ခင်းဘက်များတွင် ဝေဇီယီ သို့မဟုတ် ချူချိုယွီ တို့က ဆုမို နှင့် အာမခံဌာန မှ လူများကို ဦးဆောင်ကာ ဝူထင်တောင် ၏ ရှုခင်းများကို လိုက်လံ ပြသပေးကြသည်။

ညဘက် ရောက်သောအခါ ကြယ်ကြည့်လသာဆောင် ပေါ်တွင် စုဝေးကြပြီး စကားပြောဆို ရယ်ကြပြန်၏။

တစ်ခါတစ်ရံ သိုင်းပညာ နှင့် ပတ်သက်၍ အလေးအနက် ဆွေးနွေးကြသလို၊ တစ်ခါတစ်ရံတွင်လည်း သိုင်းလောက မှ ကောလာဟလ များကို ဖလှယ်ကြသည်။

ဆုမို က ဤအခွင့်အရေးကို အသုံးချကာ ဝေလငါး အစာမျိုသိုင်း နှင့် ပတ်သက်၍ လန်ယွဲ့နန်းတော် ၏ မှတ်တမ်းများတွင် သတင်းအချက်အလက် တစ်စုံတစ်ရာ ရှိမရှိ စုံစမ်းမေးမြန်းခဲ့သည်။

ချူချိုယွီ က ဆုမို အား မှတ်တမ်းတိုက် သို့ ခေါ်ဆောင်သွားပြီး ဝေဇီယီ လည်း လိုက်ပါကူညီရှာဖွေပေးခဲ့သည်။ သို့သော် တစ်နေကုန် ရှာဖွေခဲ့သော်ငြားလည်း သက်ဆိုင်သည့် မည်သည့် အချက်အလက်မျှ မတွေ့ရှိခဲ့ရပေ။

သို့ရာတွင် ထိုသို့ ရှာဖွေခြင်းက ဆုမို ၏ သိုင်းလောက နှင့် ပတ်သက်သော ဗဟုသုတများကို ပိုမို ကျယ်ပြန့်လာစေခဲ့သည်။

အခြား ရွေးချယ်စရာ မရှိတော့သဖြင့် ဇီယန်ဂိုဏ်း သို့ ရောက်ရှိသည့်အခါမှသာ ဆက်လက် စုံစမ်းရန် ဆုံးဖြတ်လိုက်ကြတော့၏။

သို့သော်လည်း ဤ သုံးရက် တာ ကာလအတွင်း တတိယမြောက် နန်းတော်သခင် က ဆုမို အား ထပ်မံ ခေါ်ယူ တွေ့ဆုံခြင်း မရှိခဲ့ချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက် တာ အချိန်ကာလ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တော့၏။

ထိုနေ့ညမှစ၍ လန်ယွဲ့နန်းတော် အတွင်းရှိ လေထုက စတင် ပြောင်းလဲလာတော့သည်။

ချူချိုယွီ ပင်လျှင် ကြယ်ကြည့်လသာဆောင် သို့ သေရည်သောက်ရန် ဆုမို အား လာရောက် မခေါ်ဆိုတော့ပေ။

ယနေ့ နံနက်ခင်း သို့ ရောက်သောအခါ ချူချိုယွီ က ဆုမို အား စောစောစီးစီးပင် အပြင်သို့ ဖိတ်ခေါ်လာခဲ့လေတော့၏။

---

All Chapters