← Chapters

အခန်း ၄၂၂

Vol. 29 Ch. 422

အခန်း ၄၂၂

Vol. 29 Ch. 422

အခန်း (၄၂၂) - ဓားကို ကြိုဆိုခြင်း အပိုင်း (၃)

~အာမခံဌာနမှ လူများကို ဦးဆောင်ကာ လန်ယွဲ့နန်းတော်မှ ထွက်ခွာလာပြီးနောက် ဝမ်ယွဲ့လသာဆောင် သို့ ရောက်ရှိလာသည်။

လန်ယွဲ့နန်းတော်မှ တပည့်များ အားလုံး ဤနေရာတွင် စုဝေးနေကြသည်ကို မြင်တွေ့လိုက်ရ၏။

ဆုမိုသည် ဧည့်သည်တော် တစ်ဦး ဖြစ်သော်ငြားလည်း သူ့အတွက် သင့်တင့်လျောက်ပတ်သော နေရာ တစ်ခုကို ပြင်ဆင်ပေးထားသည်။ သခင်လေးစစ်ထူမှာ သူ၏ ဘေးနားတွင် ရှိနေပြီး မိန်းမပျို လေးဦးကလည်း အရိပ်ပမာ ကပ်ပါလာ၏။

အထက်သို့ မော့ကြည့်လိုက်သောအခါ ရှေ့ဘက်ရှိ ကွက်လပ်ပြင်ကြီးကို သေသေချာချာ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း တွေ့လိုက်ရသည်။ လန်ယွဲ့နန်းတော်မှ တပည့်များက ဓားကိုယ်စီ ကိုင်ဆောင်ထားရင်း ပတ်ပတ်လည်တွင် နေရာယူထားကြ၏။

ပင်မ ထိုင်ခုံနေရာတွင်မူ တတိယမြောက် နန်းတော်သခင် က သက်တောင့်သက်သာ မှီထိုင်နေပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သူမ၏ တစ်ဦးတည်းသော တပည့်ဖြစ်သူ ဝေဇီယီ က သူမ၏ နောက်ကွယ်တွင် ငြိမ်သက်စွာ ရပ်နေသည်။

အခြားတစ်ဖက်တွင်မူ လန်ယွဲ့နန်းတော်မှ အကြီးအကဲများ အသီးသီး နေရာယူထားကြ၏။

ဆုမိုက မထိုင်မီ နေရာအနှံ့ရှိ လန်ယွဲ့နန်းတော်မှ တပည့်များအားလုံးကို လက်ယှက်ကာ အရိုအသေပေးလိုက်သည်။ နှုတ်ခွန်းဆက်သမှုများ ပြီးဆုံးသွားသောအခါ သူက နေရာတွင် ထိုင်လိုက်တော့သည်။

သို့သော် တတိယမြောက် နန်းတော်သခင် က သူ့အား တစ်ချက် လှမ်းကြည့်လိုက်သည်ကို မြင်လိုက်ရပြီးနောက် သူ၏ နားထဲသို့ အသံတစ်သံ ရုတ်တရက် ဝင်ရောက်လာတော့၏။

"ဒီမှာ နေရတဲ့ ရက်တွေက ပျော်စရာ ကောင်းရဲ့လား"

ဤအသံကား တတိယမြောက် နန်းတော်သခင် ၏ အသံမှန်း သံသယ မရှိလှပေ။

'ဒါပေမဲ့... ပျော်စရာ ကောင်းတယ် ဆိုတာက ဘာကို ဆိုလိုတာပါလိမ့်... ပြီးတော့ ငါ့မှာ အသံဖုံးကွယ် လျှို့ဝှက်

စကားပြောတဲ့ ပညာမှ မရှိတာ...

ခင်ဗျားက အခုလို လှမ်းပြောနေတော့ ကျွန်တော်က ဘယ်လိုလုပ် ပြန်ဖြေရမလဲဗျ'

ဆုမိုက တတိယမြောက် နန်းတော်သခင် အား မော့ကြည့်လိုက်သည်။

တတိယမြောက် နန်းတော်သခင် ၏ နှုတ်ခမ်းထက်၌ သိမ်မွေ့သော အပြုံးတစ်ချက် ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရပြီး သူ၏ နားထဲသို့ အသံတစ်သံ ထပ်မံ ဝင်ရောက်လာပြန်သည်။

"မင်းအဖေက ဇီယန်ဂိုဏ်းရဲ့ သိုင်းပညာတွေ အပါအဝင် ဒီ အသံဖုံးကွယ် လျှို့ဝှက်စကားပြောတဲ့ ပညာကို မင်းဆီ လက်ဆင့်မကမ်းပေးခဲ့ဘူးလား... ကဲ... ငါ ပြောတာကို သေချာ နားထောင်ပြီး အသံလှိုင်းကို လမ်းကြောင်း တစ်ခုတည်း ဖြစ်အောင် စုစည်းတဲ့ နည်းစနစ်ကို သဘောပေါက်အောင် လုပ်စမ်းပါ"

ချက်ချင်းပင် တတိယမြောက် နန်းတော်သခင် ၏ သင်ကြားပြသမှုများက ဆုမို၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိလာလေတော့၏။

သိုင်းလောက တစ်ခွင်၌ အသံဖုံးကွယ် လျှို့ဝှက်စကားပြောခြင်းနှင့် အသံလှိုင်းကို လမ်းကြောင်း တစ်ခုတည်းအဖြစ် စုစည်းခြင်း ပညာရပ်မှာ အများအားဖြင့် အသုံးပြုလေ့ရှိသော နည်းစနစ် တစ်ခု ဖြစ်သည်။ ဂိုဏ်းတစ်ခုနှင့် တစ်ခု အတိအကျ မတူညီကြသော်ငြားလည်း အခြေခံ သဘောတရားများမှာမူ တူညီကြသည်။ သည်အရာက သိုင်းပညာ တစ်ရပ်ဟုပင် ခေါ်ဆို၍ မရနိုင်ဘဲ နည်းစနစ် တစ်ခုမျှသာပင်။

အခက်ခဲဆုံး အပိုင်းမှာ အသံကို လမ်းကြောင်း တစ်ခုတည်းအဖြစ် မည်သို့ ဖိသိပ်စုစည်းမည်နည်း၊ ထို့နောက် ရည်ရွယ်ထားသူ၏ နားထဲသို့ တိကျစွာ မည်သို့ ပို့လွှတ်မည်နည်း ဆိုသည့် အချက်ပင် ဖြစ်၏။ အကယ်၍ အသံကို သေချာစွာ မစုစည်းနိုင်ပါက လျှို့ဝှက်ချက်များကို အခြားသူများ ကြားယောင်သွားနိုင်၏။

အကယ်၍ အသံက ရည်ရွယ်သူထံ မရောက်ဘဲ ရန်သူ့နားထဲသို့ ရောက်သွားပါက အလွန်တရာ အရှက်ရစရာ ဖြစ်သွားမည်မှာ အသေအချာပင်။

သေချာစွာ နားထောင်ပြီးနောက် ဆုမို တစ်ယောက် လျင်မြန်စွာပင် သဘောပေါက် နားလည်သွားခဲ့သည်။ ခဏတာမျှ တွေးတောကာ စမ်းသပ်ကြည့်ပြီးနောက် သူ၏ နှုတ်ခမ်းများ အနည်းငယ် ဟသွား၏။

"စီနီယာ... မင်္ဂလာပါဗျာ"

ဤစကားလုံး သုံးလုံးက တတိယမြောက် နန်းတော်သခင် ၏ နားထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက်၊ ယခင်က ပြုံးရွှင်နေသော သူမ၏ မျက်နှာထားမှာ ကွက်ခနဲ ပျက် သွားတော့သည်။ သူမက ဆုမိုအား စိမ်းစိမ်းကြည့်လိုက်ပြီး သူမ၏ နားရွက်များကို အသည်းအသန် ပွတ်သပ်လိုက်လေ၏။

"ဒါ တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ... မင်းက အတွင်းအား တွေကို အလွန်အကျွံ သုံးလိုက်တာကိုး... မင်းက လျူဆွေဖုန်း နဲ့ တွေ့ဖူးတယ် ဆိုတာကို သိနေလို့၊ တိုက်ပွဲမစခင်ကတည်းက သူ့ကိုယ်စား ငါ့ကို ဒဏ်ရာရအောင် လုပ်ချင်နေတာလား"

ဆုမို တစ်ယောက် ခဏတာ စကားပြောမထွက်အောင် ဖြစ်သွားပြီး သူ၏ အတွင်းအား များကို ကပျာကယာ ပြန်လည် ရုပ်သိမ်းလိုက်ရသည်။ ထို့နောက်မှ အသံပြန်လွှင့်လိုက်၏။

"ကျွန်တော်က ဒီပညာကို အခုမှ စသင်ရတာ ဆိုတော့ သေချာ မကျွမ်းကျင်သေးလို့ပါ... စီနီယာ စိတ်ထဲ မထားပါနဲ့နော်"

"ဘယ်သူက စိတ်ထဲထားလို့လဲ"

တတိယမြောက် နန်းတော်သခင် က ခေါင်းခါယမ်းလိုက်သည်။

"ဒီတစ်ခါကျတော့လည်း နင့်အသံက တိုးလွန်းနေပြန်ပြီ"

အကြိမ်အနည်းငယ်မျှ ချိန်ညှိလိုက်ပြီးနောက် နောက်ဆုံးတွင်တော့ ဆုမို သည် ဤနည်းစနစ်ကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားခဲ့တော့၏။

တတိယမြောက် နန်းတော်သခင် က သူ့အား ကြည့်ကာ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။

ဤနည်းစနစ်မှာ ရိုးရှင်းသည် ဆိုသော်ငြားလည်း အကြိမ်အနည်းငယ် စမ်းသပ်ရုံမျှဖြင့် ကျွမ်းကျင်သွားခြင်းက သာမန် ကိစ္စတစ်ခုတော့ မဟုတ်ပေ။ အတွင်းအား ကို အသေးစိတ်ကျကျနှင့် သိမ်မွေ့စွာ ထိန်းချုပ်နိုင်စွမ်း ရှိရန် လိုအပ်သည်။

ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် ဆုမို၏ ယခုတိုင် ကျော်ကြားနေသော ဂုဏ်သတင်းများမှာ ကောလာဟလ သက်သက် မဟုတ်ကြောင်း သိမြင်နိုင်သည်။ သူသည် အမှန်တကယ်ပင် ထူးကဲသော စွမ်းရည်များကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

ထို့နောက် သူတို့နှစ်ဦးသည် အသံဖုံးကွယ် လျှို့ဝှက်စကားပြောပညာ ဖြင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြသည်။ သို့ရာတွင် ဆွေးနွေးဖြစ်သော အကြောင်းအရာများက ဆုမိုအား အတော်လေး နေရထိုင်ရ ခက်စေခဲ့သည်။

မည်သည့် အကြောင်းကြောင့်မှန်း မသိရဘဲ တတိယမြောက် နန်းတော်သခင် သည် သူ၏ တစ်သက်တာ အိမ်ထောင်ရေး ကိစ္စများအပေါ် အထူးတလည် စိတ်ဝင်စားနေပုံရသည်။ သူမက လန်ယွဲ့နန်းတော် တွင် နေထိုင်ရသော ဤသုံးရက်တာ ကာလအတွင်း သူ ဘယ်လိုနေသလဲ ဟူ၍ လည်းကောင်း၊ လန်ယွဲ့နန်းတော်မှ မိန်းမပျိုလေးများထဲတွင် မျက်စိကျမိသူများ ရှိသလား ဟူ၍ လည်းကောင်း မေးမြန်းနေလေ၏။

ဆုမို က ဤအမျိုးသမီးအား မည်သည့် အထင်လွဲမှားမှုမျှ မဖြစ်စေရန် သတိကြီးစွာဖြင့် ပြန်လည် ဖြေကြားနေခဲ့ရသည်။ တတိယမြောက် နန်းတော်သခင် ၏ အကြိမ်ကြိမ် မေးမြန်းမှုများကို ဆုမို ၏ အဖြေများက အပြစ်ဆိုစရာ မရှိအောင် တုံ့ပြန်နိုင်ခဲ့သည်။ အတန်ကြာသောအခါ သူမလည်း ငြီးငွေ့သွားပြီး သက်ပြင်းချလိုက်လေ၏။

"မင်းအဖေနဲ့ ငါ့ရဲ့ ပတ်သက်မှုက ဘာမှ အရာမထင်ဘဲ ပြီးဆုံးသွားခဲ့ပေမဲ့... ဆု မိသားစု က သူတို့ရဲ့ မျိုးဆက်ကို တစ်ဆက်ပြီး တစ်ဆက် တိုက်ရိုက် လက်ဆင့်ကမ်းလေ့ ရှိတယ် ဆိုတာကိုတော့ ငါ သိထားပါတယ်... အကယ်၍ သူသာ အသက်ရှင်နေသေးရင် မင်းကို ဆု မိသားစုရဲ့ အကိုင်းအခက်တွေ တိုးပွားလာအောင် လုပ်စေချင်မှာ သေချာတယ်... မင်း တကယ် သဘောကျတဲ့သူ ရှိရင် ပွင့်ပွင့်လင်းလင်း သာ ပြောပါ... ငါ ကိုယ်တိုင်ကိုယ်ကျ မင်းတို့အတွက် ကြားဝင် စေ့စပ်ပေးပါ့မယ်"

'...'

ဆုမို တစ်ယောက် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ လူကြီးသူမ တစ်ယောက်၏ တည်ကြည်လေးနက်မှု မျိုး ကင်းမဲ့သည့် နေရာတွင် တတိယမြောက် နန်းတော်သခင် ကို ယှဉ်နိုင်မည့်သူ မရှိကြောင်း သူ သဘောပေါက်လိုက်၏။

သူက တိတ်ဆိတ်စွာ နေရန်သာ ရွေးချယ်လိုက်ပြီး တတိယမြောက် နန်းတော်သခင် ဘာပဲပြောပြော လျစ်လျူရှုထားလိုက်လေတော့သည်။ အလိုမကျဖြစ်လာသော တတိယမြောက် နန်းတော်သခင် ၏ လျှို့ဝှက်စကားပြောသံက ပို၍ ကျယ်လောင်လာတော့၏။

"ဒီ လူဆိုးလေး... မင်းက ငယ်ငယ်တုန်းက ငါ့ကိုယ်ပေါ် သေးပန်းချရုံတင် မကဘူး... အခု ငါ့ဆီက ပညာကို သင်ယူပြီးတော့ လူကို လျစ်လျူရှုထားရဲတယ်ပေါ့လေ... ဟုတ်လား"

ဆုမို တစ်ယောက် အတော်ကြာအောင် စကားပြောမထွက်အောင် ဖြစ်သွားပြီး၊ ဤအကျပ်အတည်းမှ သူ့ကို ကယ်တင်ပေးရန် လျူဆွေဖုန်း အမြန်ဆုံး ရောက်လာပါစေဟု သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အသည်းအသန် ဆုတောင်းနေမိတော့သည်။

၎င်းသည် သူ၏ ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမှုကြောင့်လား သို့မဟုတ် တိုက်ဆိုင်မှုတစ်ခု သက်သက်လား ဆိုတာကိုတော့ မသိနိုင်ပေ။

သို့သော် ထိုအခိုက်အတန့်၌ ဝမ်ယွဲ့လသာဆောင် ၏ အောက်ခြေမှ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်းက အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ကြရာ၊ လူတစ်ယောက်က လသာဆောင် ပေါ်သို့ ဖြည်းညင်းစွာ တက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရ၏။

ဤသူသည် အစိမ်းရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ၏ ဆံကေသာများက လေထဲတွင် လွင့်ဝဲနေသော်ငြားလည်း အလွန်တရာ သပ်ရပ် သေသပ်လျက် ရှိသည်။

တုန်းချန် နယ်မြေသို့ ဝင်ရောက်လာပြီး ဂိုဏ်းကြီးသုံးဂိုဏ်းကို သူ၏ ဓားဖြင့် ရှင်းလင်း ချေမှုန်းနိုင်ခဲ့သော ယွီလျိုဓားနှလုံးသား လျူဆွေဖုန်း ပင် ဖြစ်ချေတော့၏။

ဝမ်ယွဲ့လသာဆောင် ပေါ်သို့ ရောက်ရှိလာသည်နှင့် သူက ထိုနေရာတွင် ရှိနေသော သူများအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သို့သော် သူ၏ အကြည့်များက ဆုမို အပေါ်သို့ ကျရောက်သွားချိန်တွင် သူ တစ်ခဏမျှ တုံ့ဆိုင်းသွားတော့၏။

သူ စုစည်းထားသော ဓားချီ အငွေ့အသက်များပင် လွင့်စင်ပျောက်ကွယ်လုမတတ် ဖြစ်သွားရသည်။

ခဏတာ စဉ်းစားချင့်ချိန်ပြီးနောက် သူက ရှေ့သို့ ဆက်မတိုးတော့ဘဲ သူရပ်နေသည့် နေရာမှနေ၍ ဆုမို အား တည်ကြည်လေးနက် စွာဖြင့် လက်ယှက်ကာ ဦးညွှတ် အရိုအသေပေးလိုက်သည်။

ဤသို့ ဦးညွှတ်လိုက်ခြင်းက အခြားသူများအဖို့ အလွန်တရာ ထူးဆန်း နားလည်ရခက်နေမည်မှာ အသေအချာပင်။

သို့ရာတွင် လျူဆွေဖုန်း သည် စိန်ခေါ်ရန်အတွက် သူ၏ ဓားစိတ်ဆန္ဒ များကို စုစည်းထားခဲ့ခြင်း ဖြစ်ပြီး၊ အကယ်၍ ယခုအချိန်တွင် သူတို့ အတိတ်က အကြောင်းများကို ပြောဆို နှုတ်ဆက်နေမည် ဆိုပါက သူ၏ အဟုန်များ သေချာပေါက် ကျဆင်းသွားမည်ကို ဆုမို ကောင်းကောင်း နားလည်ထားသည်။

ထို့ကြောင့် ကြိုတင်၍ အရိုအသေပေးလိုက်ခြင်းမှာ တောင်းပန်ခြင်း သဘောတရားပင် ဖြစ်၏။

ဆုမို ကလည်း ချက်ချင်း မတ်တတ်ရပ်ကာ ပြန်လည် ဦးညွှတ် အရိုအသေပေးလိုက်ပြီးနောက် နေရာတွင် ပြန်ထိုင်လိုက်သည်။

လျူဆွေဖုန်း က စကားများများ ဆက်မပြောတော့ဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ လသာဆောင် ၏ အလယ်ဗဟိုတွင် နေရာယူလိုက်သည်။ ထို့နောက် သူ၏ အကြည့်များကို တတိယမြောက် နန်းတော်သခင် ထံသို့ တည့်တည့်မတ်မတ် ပို့လွှတ်လိုက်၏။

"ကျွန်တော့် နာမည် လျူဆွေဖုန်း ပါ... ဒီနေ့မှာ လန်ယွဲ့နန်းတော် ကို ဖိတ်ကြားချက် မရှိဘဲ လာရောက်ခဲ့ရတဲ့ အကြောင်းကတော့ လန်ယွဲ့နန်းတော် က သိုင်းဆရာ တစ်ယောက်ယောက်နဲ့ တိုက်ပွဲဝင်ဖို့ လေးလေးနက်နက် တောင်းဆိုချင်လို့ပါဗျာ"

"ယွီလျိုဓားနှလုံးသား..."

တတိယမြောက် နန်းတော်သခင် က ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

"ငါက လန်ယွဲ့နန်းတော် ရဲ့ တတိယမြောက် နန်းတော်သခင် ယွင်ကျိုယင်း ပဲ... တုန်းချန် နယ်မြေ တစ်ခုလုံးကို စိန်ခေါ်ပြီး ထျန်းချူမြို့ ကို ဦးတည်နေတဲ့ မင်းရဲ့ ဓားအကြောင်းကို ငါ ကြားဖူးနေတာ ကြာပြီ... တကယ့်ကို ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်ပါပဲလား"

"ဒါကြောင့်... ဒီနေ့မှာ မင်းရဲ့ စိန်ခေါ်မှုကို ငါ လက်ခံပြီး မင်းရဲ့ နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း ကို လေ့လာကြည့်မယ်... ဘယ်လို သဘောရှိလဲ"

"ကျေးဇူးတင်ပါတယ်ဗျာ"

လျူဆွေဖုန်း ထံမှ ဤစကားလုံးများ ထွက်ပေါ်လာပြီးနောက် ၊ ချွင် ခနဲ အသံနှင့်အတူ သူ၏ လက်ထဲရှိ ဓားရှည်သည် အတွင်းအား ၏ ပံ့ပိုးမှုဖြင့် ဓားအိမ်ထဲမှ ရုတ်ချည်း ခုန်ထွက်လာသည်။

သူက ဓားရှည်၏ လက်ကိုင်ကို ဖမ်းဆုပ်လိုက်ပြီး ဓားသွားကို တတိယမြောက် နန်းတော်သခင် ဘက်သို့ ချိန်ရွယ်လိုက်၏။

"စတင်ပါဗျာ"

တတိယမြောက် နန်းတော်သခင် ကလည်း အချိန်ဆွဲမနေတော့ဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ သူမ၏ နောက်ကျောဘက်သို့ လက်ကို လှမ်းလိုက်သည်။ ချက်ချင်းပင် ဝေဇီယီ ၏ ဓားရှည်က လေထဲသို့ ပျံသန်းလာပြီး တတိယမြောက် နန်းတော်သခင် ၏ လက်ဝါးပြင်ပေါ်သို့ ကျရောက်သွားတော့သည်။

"ငါ့ရဲ့ တိုက်ကွက်ကို သတိထားနော်"

အခြား မည်သည့် စကားမျှ ထပ်မံ ပြောဆိုနေခြင်း မရှိတော့ဘဲ ဓားရောင်တစ်ချက် ဝင်းလက်သွားကာ ကောင်းကင်ယံ တစ်ခုလုံးတွင် ကြယ်ပွင့်များပမာ ဓားအလင်းတန်းများ လွှမ်းခြုံသွားလေတော့သည်။

ထိုသိုင်းကွက်ကား အခြားမဟုတ်... နေမင်းကြယ်ပျံဓားသိုင်း မှ 'ကမ္ဘာပျက် ကြယ်ပျံ' သိုင်းကွက် ပင်တည်း။

---

All Chapters