← Chapters

အခန်း ၄၂၆

Vol. 29 Ch. 426

အခန်း ၄၂၆

Vol. 29 Ch. 426

အခန်း (၄၂၆) - ခေတ်တွေ ပြောင်းလဲသွားပြီ

~ဟန်ရှီး လသာဆောင် အပြင်ဘက်တွင် အကြီးအကဲများ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်နေကြသည်။

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးနောက် နောက်ဆုံးတွင် အားလုံး၏ အကြည့်များက ချူချိုယွီ နှင့် ဝေဇီယီ တို့ထံသို့ ရောက်ရှိသွားကြ၏။

သူတို့အထဲမှ တစ်ဦးက မနေနိုင်တော့ဘဲ စကားစလိုက်သည်။

"အဟမ်း... အဟမ်း... ချိုယွီ... အထဲက လူက တကယ်ပဲ ရွှမ်ဟူမျှော်စင် က တပည့် ဟုတ်ရဲ့လား"

ချူချိုယွီ က ဘာလုပ်ရမှန်းမသိ ပြုံးလိုက်ပြီး အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဟန်ရှီး လသာဆောင် သို့ ပြန်ရောက်ကတည်းက အကြီးအကဲများက ဤမေးခွန်းကို အကြိမ်ပေါင်းများစွာ မေးမြန်းခဲ့ပြီး ဖြစ်၏။

စောစောက လူတိုင်း ပြန်လည်ရောက်ရှိလာချိန်တွင် အကြီးအကဲ အချို့က တတိယမြောက် နန်းတော်သခင် ၏ ဒဏ်ရာများကို ချက်ချင်း ကုသပေးရန် ပြင်ဆင်နေခဲ့ကြသည်။

ချူချိုယွီ က သခင်လေးစစ်ထူ ၏ နောက်ခံကို အလျင်အမြန် ဖွင့်ဟပြောဆိုလိုက်ရသည်။

သူသည် ငယ်ရွယ်သော်ငြားလည်း ရွှမ်ဟူမျှော်စင် မှ တပည့်တစ်ဦး ဖြစ်ကြောင်း ကြားလိုက်ရသောအခါ အကြီးအကဲများက သူ့အား အထင်မသေးရဲတော့ချေ။

သူတို့က သခင်လေးစစ်ထူ အား ကုသပေးရန် ချက်ချင်းပင် တောင်းဆိုလိုက်ကြ၏။

သခင်လေးစစ်ထူ ကလည်း တာဝန်ကို လက်ခံလိုက်ပြီး ဟန်ရှီး လသာဆောင် ၏ တံခါးများကို အခွင့်ကောင်းယူကာ ပိတ်လိုက်သည်။

ယခုအခိုက်အတန့်၌ ဟန်ရှီး လသာဆောင် အတွင်းတွင် တတိယမြောက် နန်းတော်သခင်၊ သခင်လေးစစ်ထူ နှင့် ထို မိန်းမပျို လေးဦးတို့မှလွဲ၍ ဆုမို တစ်ယောက်တည်းသာ ကျန်ရှိနေခဲ့သည်။

ဝေဇီယီ ပင်လျှင် အပြင်သို့ အထုတ်ခံလိုက်ရ၏။

ဤသို့သော အခြေအနေမျိုးအောက်တွင် အကြီးအကဲများက ထပ်မံ၍ စုံစမ်းမေးမြန်းနေကြသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

ယခု ချူချိုယွီ ၏ အတည်ပြုချက်ကို ကြားပြီးနောက် အကြီးအကဲများ အချင်းချင်း မျက်နှာချင်းဆိုင် ထပ်မံ ကြည့်လိုက်ကြပြီး အားလုံး၏ မျက်နှာပေါ်တွင် နေမထိထိုင်မသာ ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

"အချိန် နှစ်နာရီလောက်တောင် ရှိနေပြီ..."

"ဟုတ်တယ်... အသံတစ်သံလေးတောင် မထွက်ဘဲ နှစ်နာရီ အပြည့် ရှိသွားပြီ"

အကြီးအကဲများ အားလုံး အတော်လေး စိုးရိမ်ပူပန် နေကြပုံရသည်။

ဝေဇီယီ က မနေနိုင်တော့ဘဲ ဝင်ပြောလိုက်၏။

"အကြီးအကဲတို့... စိုးရိမ်စရာ မလိုပါဘူး... သခင်လေးစစ်ထူ ရဲ့ ဆေးပညာ ကျွမ်းကျင်မှုက အရမ်းကို နက်ရှိုင်းပါတယ်... ဒါကို ကျွန်မ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ဖူးပါတယ်... ပြီးတော့ အာမခံဌာန ခေါင်းဆောင်ဆု ကလည်း နက်ရှိုင်းတဲ့ အတွင်းအား တွေကို ပိုင်ဆိုင်ထားတာပါ... နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း ရဲ့ ဓားချီ က ပြင်းထန်ကြမ်းကြုတ်တယ် ဆိုပေမဲ့... သူတို့ကိုတော့ သေချာပေါက် ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး"

"အင်း..."

အားလုံးက သူတို့၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့်အဝ ဖိစီးနေသော်ငြားလည်း လေးလေးနက်နက် ခေါင်းညိတ်လိုက်ကြသည်။

သို့သော် သူတို့က ဟန်ရှီး လသာဆောင် အတွင်းပိုင်းသို့ မခိုးမဝှက် လှမ်းကြည့်နေမိကြဆဲပင်။

ဝေဇီယီ က အစပိုင်း၌ သူတို့သည် သူမ၏ ဆရာ ၏ ဒဏ်ရာများကို စိုးရိမ်နေကြသည်ဟု ထင်မှတ်ထားခဲ့၏။

သို့ရာတွင် ရုတ်တရက် အကြီးအကဲ တစ်ဦးက နောင်တရစွာဖြင့် ခြေထောက် ဆောင့်လိုက်သည်။

"တကယ် နှမြောစရာ ကောင်းတာပဲ"

"ဟုတ်ပါ့... ရွှမ်ဟူမျှော်စင် က တပည့် တစ်ယောက် ဆေးကုသနေတာကိုတောင် ငါတို့ မျက်မြင်ကိုယ်တွေ့ မမြင်လိုက်ရဘူးလေ"

"ငါတို့သာ ခိုးကြည့်ပြီး တစ်ခုခုကို လေ့လာ သင်ယူခွင့် ရလိုက်မယ် ဆိုရင်..."

"ဒီကိစ္စ ပြီးသွားရင် ဒီသခင်လေး ဆီကနေ အကြံဉာဏ် သွားတောင်းကြည့်ရင် မကောင်းဘူးလား"

ဝေဇီယီ: "..."

ချူချိုယွီ: "..."

သူတို့နှစ်ဦး အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး စကားပြော မထွက်တော့ဘဲ ပြိုင်တူ ခေါင်းခါယမ်းလိုက်ကြတော့၏။

'ဒီလူတွေက ဘယ်လို လူစားမျိုးတွေလဲ'

သူတို့က ဟန်ရှီး လသာဆောင် ၏ ပြတင်းပေါက်များကို အပေါက်ဖောက်ပြီး အထဲသို့ ခိုးကြည့်ချင်နေသည့် ပုံစံပင် ပေါက်နေကြသည်။

ဝေဇီယီ က ကပျာကယာ ဝင်ရောက် တားဆီးလိုက်ပြီး ချူချိုယွီ ကလည်း အလျင်အမြန် ဖျောင်းဖျ ပြောဆိုလိုက်ရ၏။

ထိုအခါမှသာ အကြီးအကဲများက သက်ပြင်းချလိုက်ကြပြီး သူတို့၏ စပ်စုချင်သော ဆန္ဒများကို မြိုသိပ်ကာ အပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြလေတော့သည်။

ဤစောင့်ဆိုင်းမှုက နောက်ထပ် တစ်နာရီခန့် ကြာမြင့်သွားခဲ့သည်။

နံနက်ခင်း နေမင်းကြီး အထက်သို့ မြင့်တက်လာပြီး မည်သည့် အချိန်တွင် ပြီးဆုံးမည်ကို မသေချာဖြစ်နေချိန်၌...

ဟန်ရှီး လသာဆောင် အတွင်းမှ အလွန်တရာ ပြင်းထန်ကြမ်းကြုတ်လှသော ဓားချီ တစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာတော့၏။

တံခါးဝတွင် ရှိနေသော လူအုပ်ကြီးမှာ ချက်ချင်းပင် ဘေးတစ်ဖက်တစ်ချက်စီသို့ ကွဲထွက်သွားကြသည်။

တဝီဝီ မြည်ဟိန်းနေသော ဓားသံများနှင့်အတူ ကျယ်လောင်သော ရိုက်ခတ်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ဟန်ရှီး လသာဆောင် ၏ တံခါးကြီးများမှာ ဓားချီ ၏ အရှိန်ကြောင့် မျက်တောင်တစ်ခတ်အတွင်း အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ပျက်စီး သွားတော့သည်။

ထို ဓားချီ စွမ်းအင်များက လေဟာနယ်ထဲသို့ ပြန်လည် ရောက်ရှိသွားပြီး လုံးဝ လွင့်စင်ပျောက်ကွယ် သွားလေတော့၏။

တံခါးပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်သောအခါ သခင်လေးစစ်ထူ သည် ဘေးတစ်ဖက်ရှိ အမိုးပွင့် ထမ်းစင်ပေါ်တွင် ထိုင်နေပြီး တတိယမြောက် နန်းတော်သခင် ၏ ခန္ဓာကိုယ်ပေါ်ရှိ ငွေအပ် များကို လေထဲမှနေ၍ လှမ်းဆွဲနှုတ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ဆုမို က တတိယမြောက် နန်းတော်သခင် ၏ အနောက်ဘက်တွင် မတ်တတ်ရပ်နေပြီး သူ၏ လက်ဝါးကို သူမ၏ ကျောပြင်ပေါ်တွင် ကပ်ထားသည်။

ထိုအခိုက်အတန့်၌ တတိယမြောက် နန်းတော်သခင် က သူမ၏ ဘယ်ဘက် လက်ကို မြှောက်လိုက်ရာ၊ ဘယ်ဘက် လက်ခလယ်ရှိ ကျုံးချုံ သွေးကြောကွက် မှ သွေးစက်များ သဲ့သဲ့လေး ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရ၏။

ထိုအချိန်မှာပင် တတိယမြောက် နန်းတော်သခင် က ခပ်တိုးတိုး ညည်းညူလိုက်ပြီး သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

သူမက ဟန်ရှီး လသာဆောင် ၏ တံခါးများကို မော့ကြည့်လိုက်ပြီးနောက် ဆုမို အား တစ်ချက် လှည့်ကြည့်လိုက်၏။

"မင်း.. ငါ့ကို အကြွေးတင်သွားပြီ"

"..."

ဆုမို ၏ နှုတ်ခမ်းထောင့်များ လှုပ်ရွသွားပြီး၊ အတိတ်က သူ၏ အသုံးမကျသော ဖခင်ဖြစ်သူက ဤအမျိုးသမီးအား အဘယ်ကြောင့် ရှောင်ဖယ်ခဲ့ရသနည်း ဆိုသည့် အကြောင်းပြချက်ကို ရုတ်တရက် နားလည်သွားသလို ခံစားလိုက်ရတော့သည်။

"တတိယမြောက် နန်းတော်သခင်"

"ဆရာ"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ တံခါးဝရှိ လူတိုင်းက အထဲသို့ ကပျာကယာ ပြေးဝင်လာကြသည်။

တတိယမြောက် နန်းတော်သခင် က သူမ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းပြလိုက်ပြီး လူတိုင်း အလွန်အမင်း စိတ်လှုပ်ရှား မသွားကြမီမှာပင် စကားစလိုက်၏။

"အော်မနေကြနဲ့တော့... ငါ မသေသေးဘူး... ဝိညာဉ်ခေါ်တဲ့ ပွဲတွေ လုပ်ပေးစရာ မလိုသေးဘူး"

သူမက ပခုံးများကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်လိုက်သည်။

"တကယ်တော့ ငါ လန်းဆန်းသွားသလိုတောင် ခံစားရတယ်... ဒဏ်ရာရထားတဲ့ လူတစ်ယောက်နဲ့တောင် မတူတော့ဘူး"

"ဒါက အပေါ်ယံ သက်သက်ပါပဲဗျာ"

သခင်လေးစစ်ထူ က ဘေးဘက်မှနေ၍ ဝင်ပြောလိုက်သည်။

"ခဏနေရင်... နန်းတော်သခင် အတွက် ဆေးစာ တစ်စောင် ရေးပေးခဲ့ပါ့မယ်... ဆေးစာထဲက အတိုင်း ဆေးဖော်ဖို့ လူတစ်ယောက်ယောက်ကို ခိုင်းလိုက်ပါ... (၇) ရက် ဆက်တိုက် သောက်လိုက်ရင် အတွင်းဒဏ်ရာတွေ အကုန်လုံး အပြည့်အဝ ပျောက်ကင်းသွားပါလိမ့်မယ်ဗျ"

"အင်း... မင်းက ဘယ်သူလဲ"

တတိယမြောက် နန်းတော်သခင် က အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် သခင်လေးစစ်ထူ အား ကြည့်ကာ မေးလိုက်သည်။

သခင်လေးစစ်ထူ က ပြုံးလိုက်ပြီး သူ၏ နောက်ခံအကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်လေ၏။

တတိယမြောက် နန်းတော်သခင် တစ်ယောက် ချက်ချင်း အံ့အားသင့်သွားတော့သည်။

"ဪ... မင်းက ရွှမ်ဟူမျှော်စင် က လှည့်လည်သွားလာနေတဲ့ ဆေးဆရာ တစ်ယောက်ကိုး... ငါ ရိုင်းစိုင်းသွားမိတယ်"

သေချာသည်ကတော့... သူမ လေးစားမှု ပြသလိုက်ခြင်းမှာ သခင်လေးစစ်ထူ ကိုယ်တိုင်ကို မဟုတ်ဘဲ၊ သူ၏ နောက်ကွယ်တွင် ခိုင်မာစွာ ရပ်တည်နေသော ရွှမ်ဟူမျှော်စင် ကြီးကိုသာ ဖြစ်သည်။

သခင်လေးစစ်ထူ က နှိမ့်ချစွာ ပြန်လည် တုံ့ပြန်လိုက်ပြီးနောက် သွေးခုန်နှုန်းများကို တစ်ဖန် ပြန်လည် စမ်းသပ်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် တတိယမြောက် နန်းတော်သခင် အနေနဲ့ လာမယ့် ရက်တွေမှာ သေချာ အနားယူပေးပါဗျာ... (၇) ရက် ပြည့်သွားရင် လုံးဝ ပျောက်ကင်းသွားပါလိမ့်မယ်"

"ကောင်းပြီ... ကျေးဇူးတင်ပါတယ်"

တတိယမြောက် နန်းတော်သခင် ယွင်ကျိုယင်း က ခေါင်းညိတ်လိုက်ပြီးနောက် ထိုနေရာတွင် ရှိနေသူ အားလုံးကို ကြည့်ကာ ညင်သာစွာ လက်ပြလိုက်လေ၏။

"ကဲ တော်လောက်ပြီ... ဒီမှာ လာပြီး စုရုံးဝိုင်းအုံ မနေကြနဲ့တော့... ကိုယ့်အလုပ် ကိုယ်သွားလုပ်ကြ... ငါ သေမှာ မဟုတ်ဘူး..."

သို့ရာတွင် ဤစကားများကို ပြောဆိုနေစဉ် သူမ၏ လေသံထဲတွင် မည်သူမျှ သတိမထားမိနိုင်လောက်အောင် ခပ်ရေးရေး ပါဝင်နေသော လျစ်လျူရှုမှု တစ်ခုကို ခံစားရသည်။

သူမ တကယ်ပဲ ကောင်းကောင်းမွန်မွန် ပြန်လည် နာလန်ထလာပြီ ဖြစ်ကြောင်း မြင်တွေ့ရသောအခါ လူအုပ်ကြီးက စကားများများ ဆက်မပြောကြတော့ချေ။ ဝေဇီယီ မှလွဲ၍ ကျန်သူများ အားလုံး ထွက်ခွာသွားကြသည်။

ထိုအခြေအနေကို မြင်သောအခါ သခင်လေးစစ်ထူ ကလည်း နှုတ်ဆက်ကာ ထွက်ခွာသွားတော့၏။

ထိုစဉ် တတိယမြောက် နန်းတော်သခင် က အမိန့်ပေးလိုက်သည်။

"ဇီယီ... ရွှမ်ဟူမျှော်စင် က ဒီ သမားတော်လေး နောက်ကို လိုက်သွားပြီး သူ ရေးပေးမယ့် ဆေးစာ ကို သွားယူချေ... ပြီးရင် ငါ့ဆီ ပြန်ယူလာခဲ့"

"ဟုတ်ကဲ့ပါ"

အစပိုင်းတွင် မည်သည့် သံသယမျှ မရှိခဲ့သော ဝေဇီယီ သည် ဆုမို လည်း ထွက်ခွာရန် ပြင်ဆင်နေချိန်၌ တတိယမြောက် နန်းတော်သခင် ၏ တားဆီးခြင်းကို ခံလိုက်ရသည်ကို တွေ့သောအခါ တုံ့ခနဲ ရပ်တန့်သွားတော့သည်။

"မင်း နေခဲ့ဦး"

ဤအခြေအနေက ဝေဇီယီ အား အနည်းငယ် မှင်တက်သွားစေခဲ့၏။ သူမက ဆုမို နှင့် သူမ၏ ဆရာ တို့၏ မျက်နှာများကို ဇဝေဇဝါ ဖြစ်စွာဖြင့် တစ်ချက်စီ ဝေ့ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားလေတော့သည်။

ဟန်ရှီး လသာဆောင် အတွင်း၌ တစ်ခဏတာမျှ ဆုမို နှင့် တတိယမြောက် နန်းတော်သခင် တို့ နှစ်ဦးတည်းသာ ကျန်ရှိနေခဲ့တော့၏။

ဆုမို က အသာအယာ ဦးညွှတ် အရိုအသေပေးလိုက်၏။

"စီနီယာ က ဒီ ဂျူနီယာ ကို ချန်ထားခဲ့တာ ဘာများ အမိန့်ရှိချင်လို့လဲ ဗျ”

---

All Chapters