အခန်း ၄၂၇
Vol. 29 Ch. 427
အခန်း (၄၂၇) - အရင်တုန်းကနဲ့ အခုအချိန် အပိုင်း (၂)
~တတိယမြောက် နန်းတော်သခင်က ဆုမိုအား စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။
“အင်း... မင်းက ငါ့ကို အတော်လေး စိတ်မရှည်ဖြစ်နေတဲ့ ပုံပဲနော်”
“စီနီယာ... အထင်မှားခံခဲ့ရတာပါဗျာ... ကျွန်တော် မဝံ့ရဲပါဘူး”
ဆုမိုက ကပျာကယာ လှမ်း၍ တားကာ ရှင်းပြလိုက်၏။
“မဝံ့ရဲတာက တစ်ပိုင်း... စိတ်ထဲမှာ မပါတာက တစ်ပိုင်းပဲလေ”
တတိယမြောက် နန်းတော်သခင်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
“ငါက မင်းအတွက် မိန်းမရဖို့ အမြဲတမ်း ကြိုးစားပေးနေလို့ မင်းက ငါ့ကို တမင်သက်သက် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေတာလား”
“ဟုတ်ပါတယ်ဗျာ”
ထိုသို့ ပြောပြောဆိုဆိုနှင့်ပင် ဆုမိုက ဖွင့်ဟဝန်ခံလိုက်သည်။
“ကျွန်တော့် ရင်ထဲမှာ နေရာယူထားတဲ့သူ ရှိနေပါပြီ... ဒါကြောင့် စီနီယာ အနေနဲ့ ဒီကိစ္စကို နောက်ပြောင်မနေဖို့ မျှော်လင့်ပါတယ်ဗျာ”
“ဟင်း..ဟင်း..ဟင်း”
တတိယမြောက် နန်းတော်သခင်၏ ရယ်သံ ထွက်ပေါ်လာပြီးနောက် သူမ၏ မျက်နှာ ကွက်ခနဲ ပျက်သွားကာ ဆက်ပြောလိုက်သည်။
“အာ... အဓိပ္ပာယ်မရှိလိုက်တာ”
ဆုမို၏ နှုတ်ခမ်းများ လှုပ်ရွသွားတော့၏။
သိုင်းလောကမှ စီနီယာ လူကြီးသူမ တစ်ယောက်က ဘယ်လိုလုပ် ဒီလို ပုံစံမျိုး ဖြစ်နေရသနည်း။
သူမက သာမန် ရမ်းကားသည့် လူဆိုး တစ်ယောက်သာ ဖြစ်ချေ၏။
“မင်းအဖေလည်း အရင်တုန်းက ဒီလိုပဲ... အခု မင်းကလည်း ဒီလိုပဲ... မင်းအဖေသာ အဲဒီတုန်းက နည်းနည်းလောက် သွက်လက်ခဲ့ရင် ဆု မိသားစုက အခုလို မျိုးဆက်ပြတ်လုမတတ် တစ်ယောက်တည်း ကျန်နေမယ့် အဖြစ်မျိုး ရောက်စရာ အကြောင်းမရှိဘူး... ဒါက ဘာများ ပျော်စရာ ကောင်းလို့လဲ”
ဆုမို တစ်ယောက် ငိုင်၍ နေမိပြီး သူမ၏ စကားများကို မည်သို့ ပြန်လည်ချေပရမည်ကို ခေါင်းခဲမတတ် စဉ်းစားနေရတော့သည်။
နောက်တစ်စက္ကန့်တွင် တတိယမြောက် နန်းတော်သခင်က သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်သည်ကို သူ မြင်တွေ့လိုက်ရ၏။
“ဒီနေ့ ငါ တကယ်ပဲ သေတော့မယ်လို့ ထင်ခဲ့တာ... အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း ကြားမှာ ကြီးမားတဲ့ အကြောက်တရား ရှိတယ် ဆိုပေမဲ့ ငါ့အတွက်ကတော့ ဒီလောက်ပါပဲ”
“ငါ အဲဒီလို သေသွားရင်လည်း ကိစ္စမရှိဘူးလို့ တွေးနေခဲ့တာ... ဒါပေမဲ့ မင်းက ငါ့ကို ကယ်တင်ပေးခဲ့တယ်”
“ငါ အသက်ရှင်နေသေးတယ် ဆိုမှတော့... ကောင်းကင်ဘုံက မင်းအဖေရဲ့ ဝိညာဉ်က ငါ့ကို သေခွင့်မပေးဘဲ မင်းကို ဆက်ပြီး စောင့်ရှောက်စေချင်လို့ နေမှာပေါ့”
“မင်းရဲ့ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပြီဆိုတော့ မင်းကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့ဘူးလေ... မင်းက တကယ့်ကို ကံဆိုးတဲ့ ကလေးပါပဲ”
“ဒါပေမဲ့ မင်းအဖေရဲ့ လမ်းဟောင်းကို မင်း ဆက်လျှောက်တာကိုတော့ ငါ ခွင့်မပြုနိုင်ဘူး... မင်းမှာ မိန်းမ တစ်ယောက်တည်း ရှိပြီး အဲဒီမိန်းမက သားမမွေးပေးနိုင်ရင် ဘယ်လိုလုပ်မလဲ”
ဆုမို အံ့အားသင့်သွားသည်။ ဤအဓိပ္ပာယ်မရှိသော စကားများက ဘာကို ဆိုလိုသနည်း။
တဆက်တည်း၌ သူ၏ ရင်တွင်း၌ သတိထားမှုများ မြင့်တက်လာလေ၏။
“စီနီယာ... တကယ်တော့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲဗျ”
“အဲဒီအတွက် မင်း စိုးရိမ်နေစရာ မလိုပါဘူး”
တတိယမြောက် နန်းတော်သခင်က သူမ၏ ကိုယ်လက်များကို အနည်းငယ် လှုပ်ရှားလိုက်ပြီး အသာအယာ ခေါင်းညိတ်လိုက်သည်။
“ဒါတွေကို ထားလိုက်ပါတော့... နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း က တကယ့်ကို ပြိုင်ဘက်ကင်းသလောက် အံ့မခန်းပဲ... ငါတို့ ရင်ဆိုင်ခဲ့ကြတုန်းက ဖိအားပေးလာတဲ့ ဓားစိတ်ဆန္ဒ က ငါ့ရဲ့ နှလုံးသားကို တိုက်ရိုက် ဦးတည်လာပြီး ငါ့ရဲ့ စိတ်အာရုံ အခြေအနေကို အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားစေခဲ့တယ်... ဒါပေမဲ့ အဲဒါကပဲ ပျက်စီးခြင်းကနေ တစ်ဖန် ပြန်လည်မွေးဖွားလာတဲ့ အရသာကို ငါ့ကို ခံစားရစေခဲ့တယ်”
“အဲဒါက ငါ့ကို အရာများစွာ နားလည်သဘောပေါက်သွားအောင် တကယ်ပဲ ကူညီပေးခဲ့တာ”
“ဘာတွေကို နားလည်သဘောပေါက်သွားတာလဲ ဗျ”
သူမ၏ အဖြေက မည်သည့်အရာ ဖြစ်လာမည်ကို စိုးရိမ်ပူပန်နေမိရင်း ဆုမိုက ခပ်တိုးတိုး မေးလိုက်မိသည်။
“အဲဒါကို မင်း သိစရာ မလိုပါဘူး”
တတိယမြောက် နန်းတော်သခင်က ခပ်ပြုံးပြုံးဖြင့် ဆိုလေ၏။
“ဒါပေမဲ့ အချိန်တန်ရင် မင်း သိလာမှာပါ... ကဲ တော်လောက်ပြီ... ငါ့ဘေးနားမှာ ဆက်နေစရာ မလိုတော့ဘူး... သွားတော့... ငါ နည်းနည်းလောက် အနားယူဖို့ လိုသေးတယ်”
ဆုမို တစ်ယောက် ဘာပြောရမှန်းမသိအောင် ဖြစ်သွားပြီး နှုတ်ဆက်ကာ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာလာခဲ့တော့သည်။
ဟန်ရှီး လသာဆောင် မှ ထွက်လာသည်နှင့် အကြီးအကဲ အချို့ ရောက်ရှိနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဆုမိုအား မြင်သည်နှင့် သူတို့က ချက်ချင်းပင် အသိပေးလာကြ၏။
“ခေါင်းဆောင်ဆု... ယွီလျိုဓားနှလုံးသား က မထွက်သွားသေးဘူး... သူက ခေါင်းဆောင်ဆု နဲ့ အရေးတကြီး ဆွေးနွေးစရာ ရှိတယ်လို့ ပြောနေတယ်”
“သူ အခု ရှင်းယွဲ့ လသာဆောင် မှာ စောင့်နေပါတယ်ရှင်”
“ဪ... ဟုတ်လား”
ဆုမိုက ခဏတာမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်နဲ့ သခင်ကြီးလျူ က အရင်ကတည်းက သိကျွမ်းခဲ့ကြတာပါ... သူက ကျွန်တော်နဲ့ ဆွေးနွေးစရာ ရှိတယ် ဆိုမှတော့... လန်ယွဲ့နန်းတော် အတွက်များ အဆင်မပြေ ဖြစ်သွားမလားဗျာ”
“သေချာပေါက် အဆင်ပြေပါတယ်ရှင်... ခေါင်းဆောင်ဆု အတွက် ကျွန်မ လမ်းပြပေးပါ့မယ်”
အကြီးအကဲက စကားပြောပြီးနောက် လက်ကိုဝှေ့ယမ်းကာ လမ်းညွှန်ပြသလိုက်၏။
“ဒီဘက်ကို ကြွပါရှင်”
“ကျေးဇူးတင်ပါတယ်ဗျာ”
ဆုမိုက ပြောလိုက်သည်။
...
...
ရှင်းယွဲ့ လသာဆောင် အတွင်း၌ လျူဆွေဖုန်း က မလှုပ်မယှက် ထိုင်နေသည်။
သူသည် တိုက်ပွဲတွင် အနိုင်ရခဲ့သည် မှန်သော်ငြားလည်း ဤတိုက်ပွဲက သူ့အတွက် အလျဉ်းမလွယ်ကူခဲ့ပေ။
တတိယမြောက် နန်းတော်သခင်၏ ဓားသိုင်းက အလွန်တရာ ပြင်းထန်ကြမ်းကြုတ်လှသည်။ စောစောက အသုံးပြုခဲ့သော ကမ္ဘာပျက် ကြယ်ပျံ ဖြစ်စေ၊ နောက်ပိုင်းမှ ထုတ်သုံးခဲ့သော ဓားကွက်များ ဖြစ်စေ အားလုံးက အထွတ်အထိပ် နက်နဲဆန်းကြယ်မှုများကို ပြသနေခဲ့၏။
သူသည် တိုက်ပွဲမှတစ်ဆင့် ရရှိခဲ့သော အတွေ့အကြုံများကို အားကိုးကာ ဓားသိုင်းကို တိုက်ပွဲဖြင့် ပျိုးထောင်ခဲ့ရပြီး၊ ထိုအချိန်ကျမှသာ ဒုတိယမြောက် ဓားချက်ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအရာက သူ့ကို အနိုင်ရရှိစေခဲ့ခြင်း ပင်တည်း။
သို့ရာတွင် ဓားသိုင်းပညာ နှင့် ပတ်သက်၍ အသေအချာ ပြောရမည် ဆိုလျှင် သူတို့နှစ်ဦးသည် အင်အားချင်း မျှတနေခဲ့၏။
တတိယမြောက် နန်းတော်သခင်သည် ဓားသိုင်းပညာ တွင် ရှုံးနိမ့်သွားခဲ့ခြင်း မဟုတ်ဘဲ သူမ၏ စိတ်အာရုံ အခြေအနေ တွင်သာ ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
လျူဆွေဖုန်း သည် ဤစောင့်ဆိုင်းနေရသော အချိန်ကို အခွင့်ကောင်းယူ၍ သူ၏ အတွင်းအား လှည့်ပတ်မှုကို တိတ်ဆိတ်စွာ ချိန်ညှိနေခဲ့ပြီး၊ ဤတိုက်ပွဲ၏ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို ခံစားရင်း သူ၏ စိတ်ထဲတွင် ပြန်လည် သုံးသပ်နေခဲ့သည်။
အသိဉာဏ် အလင်းပွင့်သွားသည့် အခိုက်အတန့်၌ သူက မျက်လုံးများကို ဖွင့်လိုက်ရာ ဆုမိုကို မြင်တွေ့လိုက်ရတော့၏။
“ခေါင်းဆောင်ဆု”
လျူဆွေဖုန်း က မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို အသာအယာ ယှက်ကာ နှုတ်ဆက်လိုက်သည်။
“ရွှမ်ကျီတောင်ကြား ကနေ ခွဲခွာခဲ့ကြပြီးကတည်းက... စံအိမ်သခင် လျူ နေကောင်းရဲ့လား ဗျ”
ဆုမိုက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။
“... နေကောင်းပါတယ်ဗျာ”
သဘာဝအရ စကားနည်းသူဖြစ်သော လျူဆွေဖုန်း က ခေါင်းညိတ်လိုက်ပြီးနောက် လန်ယွဲ့နန်းတော်မှ အကြီးအကဲကို တစ်ချက်ကြည့်ကာ ခေတ္တ စဉ်းစားပြီးနောက် လက်နှစ်ဖက်ကို ထပ်မံ ယှက်လိုက်သည်။
“ပြစ်မှားစော်ကားမိတာတွေ ရှိရင်လည်း တောင်းပန်ပါတယ်ဗျာ”
“စံအိမ်သခင် လျူ အနေနဲ့ အဲဒါကို စိတ်ထဲထားနေစရာ မလိုပါဘူးရှင်”
အကြီးအကဲက ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။
“တတိယမြောက် နန်းတော်သခင် ပြောခဲ့သလိုပါပဲ... ကျွန်မတို့ လန်ယွဲ့နန်းတော် က အနိုင်အရှုံး နှစ်ခုစလုံးကို လက်ခံနိုင်စွမ်း ရှိပါတယ်... ရှင်တို့က ပွင့်ပွင့်လင်းလင်းနဲ့ မျှမျှတတ ယှဉ်ပြိုင်ခဲ့ကြတာပဲ... ပြစ်မှားတယ် မပြစ်မှားဘူး ဆိုတာတွေ ပြောနေစရာ အကြောင်းမှ မရှိတာ”
“စံအိမ်သခင် လျူ... ထိုင်ပါရှင်”
သူမက လက်ဟန်ဖြင့် ညွှန်ပြလိုက်ပြီးနောက် ဆုမိုအား ဆက်ပြောသည်။
“တပည့်တွေ အားလုံးလည်း ဆုတ်ခွာသွားကြပြီ ဆိုတော့ ဒီမှာ လွတ်လွတ်လပ်လပ် စကားပြောကြပါ... ကျွန်မ အရင် ခွင့်ပြုပါဦးရှင်”
“ကျေးဇူးတင်ပါတယ်ဗျာ”
ဆုမိုက ခေါင်းညိတ်ပြလိုက်သည်။
အကြီးအကဲ ထွက်ခွာသွားပြီးနောက် သူသည် လျူဆွေဖုန်း ၏ ဘေးတွင် ဝင်ထိုင်လိုက်တော့၏။
“စံအိမ်သခင် လျူ... မတွေ့ရတာ ကြာပြီနော်... ခင်ဗျားက ပိုပြီးတောင် ခံ့ညားလာပါလား”
“နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း ရဲ့ တစ်ဟုန်ထိုး တိုးတက်လာမှု က တကယ့်ကို အထင်ကြီးလေးစားလောက်စရာပဲ”
“ဒါက တိုက်ဆိုင်မှု သက်သက်ပါဗျာ...”
လျူဆွေဖုန်း က ခေါင်းခါယမ်းလိုက်သည်။
“ရွှမ်ကျီတောင်ကြား မှာ ကျွန်တော်တို့ တွေ့ဆုံပြီးတဲ့နောက်... ယွီလျိုစံအိမ် ကို ပြန်သွားပြီး ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို ပြန်လည် စုစည်းလိုက်တော့ ဉာဏ်လင်းပွင့်သွားသလို ခံစားလိုက်ရတယ်”
“ဒါပေမဲ့ အချိန်အကြာကြီး တံခါးပိတ် ကျင့်ကြံပြီးတဲ့ နောက်မှာတောင် အနှစ်သာရ အစစ်အမှန်ကို အပြည့်အဝ မဆုပ်ကိုင်နိုင်ခဲ့ဘူး... သိုင်းကွက်တစ်ခုရဲ့ အကြမ်းဖျင်း ပုံစံလောက်ပဲ ဖော်ထုတ်နိုင်ခဲ့ပြီး တစ်ခုခု လိုအပ်နေသေးတယ်လို့ ခံစားနေရတုန်းပဲ”
“အဲဒီအချိန်ကျမှပဲ ဒီဓားသိုင်းက လက်တွေ့ တိုက်ပွဲ အတွေ့အကြုံ လိုအပ်နေတယ် ဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တာ”
“အဲဒီနောက်မှာ ဝမ်ချန်ရှင်း က ထျန်းချူမြို့ မှာ တိုက်ပွဲဝင်ဖို့ ဖိတ်ခေါ်လာတာက ကျွန်တော့်ရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်း ကျသွားခဲ့တယ်”
“ဒါ့အပြင်... ဘယ်လိုပဲဖြစ်ဖြစ် တုန်းချန် နယ်မြေ ကို သွားရမယ့် အတူတူ... ဘာလို့ ဂိုဏ်းကြီး (၇) ဂိုဏ်း ကို သွားမရှာရမှာလဲ”
“တုန်းချန် ဂိုဏ်းကြီး (၇) ဂိုဏ်း က ဆရာ တွေ အားလုံးက ဓားသွားကို သွေးဖို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်နေခဲ့တယ်လေ”
---