အခန်း ၄၃၂
Vol. 29 Ch. 432
အခန်း (၄၃၂) - ငါ့ကို အစာမကျွေးတော့ဘူးလား
~လန်ယွဲ့နန်းတော်နှင့် ဇီယန်ဂိုဏ်းတို့သည် ထုန်လုတောင်တန်း တစ်ခုသာ ခြားသော အိမ်နီးချင်းများ ဖြစ်ကြသည်။
ဆုမိုနှင့် သူ၏ အဖွဲ့သားများ ရောက်ရှိလာချိန်တွင် သူတို့၌ လှည်းယာဉ်များ၏ ဝန်ထုပ်ဝန်ပိုး မရှိတော့ချေ။ အဖွဲ့သားများက ကိုယ်ဖော့ပညာ ကို အသုံးပြုကြပြီး၊ ဆုမိုနှင့် အခြားသူများကလည်း မြင်းများကို စီးနှင်ကာ ခရီးအရှိန်ကို တစ်ဟုန်ထိုး တိုးတက် စေခဲ့သည်။
နေ့ရောညပါ ခရီးနှင်ခဲ့ကြရာ တစ်ရက်နှင့်တစ်ည အတွင်းမှာပင် ထုန်လုတောင်တန်းကို ဖြတ်ကျော်ကာ ဇီယန်ဂိုဏ်း၏ ပိုင်နက်နယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက် လာခဲ့ကြတော့၏။
ဝေဇီယီသည် ဤဒေသရှိ လမ်းခရီးများကို ကျွမ်းဝင်သိကျွမ်းသူပီပီ လူအုပ်ကြီးကို ဦးဆောင်ကာ နောက်ထပ် (၃) ရက်တိုင်တိုင် ခရီးဆက်ခဲ့လေ၏။
မူလက နောက်ထပ် နေ့ဝက်ခန့် ခရီးနှင်လိုက်လျှင် ရှို့ယန်တောင် သို့ ရောက်ရှိမည်ဟု ဆိုထားခဲ့သည်။
သို့ဖြစ်သော်ငြားလည်း မျှော်လင့်မထားသော မိုးသက်မုန်တိုင်းနှင့် သဲကြီးမဲကြီး ရွာသွန်းလာသော မိုးရေများက သူတို့၏ ခရီးစဉ်ကို ရုတ်တရက် တုံ့ခနဲရပ်လိုက်စေသည် တည်း။
မိုးခိုရန်အတွက် အနီးအနားရှိ နေရာတစ်ခုကို ရှာဖွေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံက မျက်နှာသာပေးခဲ့သည်။ ဖုဟန်ယွမ်က အနီးရှိ တောင်ကုန်းတစ်ခုပေါ်တွင် ပြိုပျက်နေသော ဘုရားကျောင်းဟောင်း တစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့၏။
ထိုနေရာသို့ အမြန် သွားခဲ့ကြသည်။
ထိုဘုရားကျောင်းဟောင်းမှာ အလွန်တရာ ဟောင်းနွမ်းဆွေးမြည့်နေပြီး၊ ပင်မ ခန်းမဆောင်ကြီး တစ်ခုတည်း၌သာ မိုးဒဏ်လေဒဏ်ကို ကာကွယ်ပေးနိုင်မည့် အမိုးအကာ အကြွင်းအကျန်များ ရှိနေတော့သည်။
ဘုရားကျောင်းဝသို့ ရောက်ရှိချိန်တွင် အထဲ၌ မိုးခိုနေသူအချို့ ရှိနေနှင့်ပြီးဖြစ်ကြောင်း သူတို့ မြင်တွေ့လိုက်ရလေ၏။
ဤအခြေအနေကို မြင်သောအခါ ဆုမိုက လက်နှစ်ဖက်ကို ယှက်၍ ယဉ်ကျေးစွာ စကားဆိုလိုက်သည်။
"အထဲက မိတ်ဆွေတို့ ခင်ဗျာ... ကျွန်တော်တို့က ခရီးသွားရင်း မိုးမိသွားလို့ ဒီဘုရားကျောင်းကို ကြုံကြိုက်တာနဲ့ ဝင်လာခဲ့တာပါ... ခဏတဖြုတ်လောက် မိုးခိုခွင့်ပြုဖို့ နားလည်ပေးပါဗျာ"
ဤသည်ကား သိုင်းလောကတွင် အသုံးပြုလေ့ရှိသော ယဉ်ကျေးမှု စကားရပ်တစ်ခု ဖြစ်ပြီး၊ မိမိတို့တွင် မည်သည့် ရန်လိုသော အကြံအစည်မျှ မရှိဘဲ မိုးခိုရန်သာ လာရောက်ခြင်းဖြစ်ကြောင်း အသိပေးခြင်း ပင်တည်း။
ထင်မှတ်မထားဘဲ ထိုစကားကို ကြားပြီးနောက် အထဲမှ လူတစ်ယောက်က ချက်ချင်း မတ်တတ်ရပ်လာပြီး အကြိမ်ကြိမ်အခါခါ ပြောဆိုလာတော့၏။
"ဝင်ခဲ့ကြပါ... ဝင်ခဲ့ကြပါဗျာ... ဒီဘုရားကျောင်းပျက်ကြီးက ကျွန်တော်တို့ ပိုင်တာမှ မဟုတ်တာ... ခွင့်တောင်းနေစရာ မလိုပါဘူး... အားလုံးလည်း မိုးရေတွေ ရွှဲရွှဲစိုနေကြပြီပဲ"
"ကျေးဇူးတင်ပါတယ်ဗျာ"
တစ်ဖက်လူမှာ သိုင်းလောကသား တစ်ဦး မဟုတ်ကြောင်း သိရှိလိုက်ရသဖြင့် ဆုမိုလည်း ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။
အခြားသူများကို အနှောင့်အယှက် မဖြစ်စေရန် မြင်းများကို ဘေးဘက် ခန်းမဆောင်ငယ်ဆီသို့ ခေါ်ဆောင်သွားပြီး ခေတ္တ အနားယူစေရန် သူ၏ လက်အောက်ငယ်သားများကို ချက်ချင်း အမိန့်ပေးလိုက်၏။
ထို့နောက် သူက ဝေဇီယီ အပါအဝင် အခြားသူများနှင့်အတူ ဘုရားကျောင်းဟောင်း အတွင်းသို့ ဝင်ရောက်သွားသည်။
အထက်သို့ မော့ကြည့်လိုက်သောအခါ ထိုလူက မီးဖိုထားပြီးဖြစ်ကာ၊ သူ၏ ဘေးတွင် ရိုးရိုးယဉ်ယဉ် ဝတ်ဆင်ထားသော အသက် (၁၆) နှစ် (၁၇) နှစ် အရွယ် မိန်းမငယ်လေး တစ်ဦးက သူတို့ကို သိချင်စိတ် ပြင်းပြစွာဖြင့် မမှိတ်မသုန်ကြည့် နေသည်ကို မြင်တွေ့လိုက်ရသည်။
ဆုမိုက ပြုံး၍ ပြောလိုက်လေ၏။
"အနှောင့်အယှက် ပေးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ"
"ဘာတွေများ အနှောင့်အယှက် ဖြစ်စရာ ရှိလို့လဲဗျာ"
တက်ကြွ လန်းဆန်းနေသော ထို လူလတ်ပိုင်းအရွယ် အမျိုးသားက ရယ်ရင်း ဆိုသည်။
"ခရီးသွားလာတဲ့ အခါမျိုးမှာ ဘယ်သူမဆို အခက်အခဲတွေနဲ့ ကြုံရတတ်တာ ဓမ္မတာပါပဲ"
"ဒီရာသီမှာ ဒီလောက် သဲကြီးမဲကြီး မိုးရွာတာကတော့ အတော်လေး ထူးဆန်းတယ်ဗျ... နွေဦးပေါက်လို့ ရာသီဥတု သာယာနေပြီ ထင်ပြီး၊ ငွေလေး နည်းနည်းပါးပါး ရမလားဆိုပြီး သမီးဖြစ်သူကို ခေါ်ပြီး.. တောင်ပေါ် ဆေးမြစ်တူး ထွက်လာတာ... အခုတော့ ဒီမှာ ပိတ်မိနေတော့တာပါပဲလား"
ဆုမိုက ခေါင်းညိတ်လိုက်ပြီး ထိုလူနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် စတင် ပြောဆိုလေတော့သည်။
ထိုလူသည် ငယ်စဉ်က မိသားစုထံမှ ဆေးပညာနှင့် ဆေးမြစ်များအကြောင်း အနည်းငယ် သင်ယူထားခဲ့ပြီး ဆေးပင်များကို ခွဲခြားသိမြင်နိုင်စွမ်းရှိသော ဒေသခံ ရွာသားတစ်ဦး ဖြစ်ကြောင်း သူ သိရှိလိုက်ရ၏။
ထို့ကြောင့် သူသည် ဆေးမြစ်များ ရှာဖွေရန် တောင်ပေါ်သို့ မကြာခဏ တက်လေ့ ရှိပြီး၊ တစ်ခါတစ်ရံ တန်ဖိုးကြီး ဆေးမြစ်အချို့ကို ရရှိပါက ဇီယန်ဂိုဏ်းသို့ သွားရောက် ရောင်းချကာ ငွေကြေး အတော်အသင့် ရရှိတတ်သည်။
ယနေ့တွင်လည်း ထုံးစံအတိုင်းပင် ဖြစ်သော်ငြားလည်း၊ နွေဦး မိုးဖွဲဖွဲလေးမှ ရုတ်တရက် သဲကြီးမဲကြီး ရွာသွန်းလာသောကြောင့် ဤနေရာတွင် အတင်းအကျပ် ဝင်ရောက် ခိုလှုံနေရခြင်း ပင်တည်း။
သူတို့ မီးဖိုပြီးကာစ အချိန်လေးမှာပင် ဆုမိုနှင့် သူ၏ အပေါင်းအပါများ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြစဉ်အတွင်း၊ ထိုလူက ဆုမိုနှင့် သူ၏ အနောက်ဘက်ရှိ လူများကို အကဲခတ်သည့်ဟန်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး သူတို့သည် သာမန် လူတန်းစားများ မဟုတ်ကြောင်း ခံစားလိုက်ရ၏။
သူ၏ မူလ တက်ကြွနေမှုများက အနည်းငယ် လျော့ပါးသွားပြီး၊ စကားပြောဆိုရာတွင်လည်း ပိုမို သတိကြီးလာတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဆုမို၏ ပျူငှာ ဖော်ရွေသော ဆက်ဆံရေးကြောင့် သူ အနည်းငယ် စိတ်အေးသွားခဲ့၏။
ဇီယန်ဂိုဏ်းသည် ဤဒေသအတွက် ကောင်းကျိုးပြုနေသည် မှန်သော်ငြားလည်း၊ ဤ သာမန် ပြည်သူများ အဖို့မူကား သိုင်းလောကသားများ ဆိုသည်မှာ အလှမ်းကွာဝေးလွန်းလှသော အထက်တန်းလွှာများသာ ဖြစ်နေဆဲပင်။
သိုင်းပညာ ကျွမ်းကျင်သူများသည် လူ့အသက်များကို မျက်တောင် တစ်ခတ်မျှ အချိန်အတွင်းမှာပင် လွယ်လွယ်ကူကူ နှုတ်ယူနိုင်စွမ်း ရှိကြသည် မဟုတ်ပါလော။
ဇီယန်ဂိုဏ်း၏ ပိုင်နက်နယ်မြေ အတွင်း၌ ထိုသို့သော ရက်စက်ကြမ်းကြုတ်သည့် အမှုမျိုးကို ကျူးလွန် ဝံ့သူ အလွန်ရှားပါးပြီး၊ အကယ်၍ ကျူးလွန်လာပါကလည်း ဇီယန်ဂိုဏ်းက လျစ်လျူရှုထားမည် မဟုတ်ပေ။
သို့သော် ဒေါသကြီးသူ တစ်ဦးဦးနှင့် တကယ်တမ်း ဆုံတွေ့ရပါက၊ တစ်ခဏတာ စိတ်လိုက်မာပါ ဒေါသကြောင့် သွေးများ နေရာတိုင်း၌ အိုင်ထွန်း သွားနိုင်သည်။ ဇီယန်ဂိုဏ်းက အကာအကွယ် ပေးထားသည် ဆိုလျှင်တောင်မှ နောက်ဆုံးတွင် လက်စားချေ ရုံသာ တတ်နိုင်မည် ဖြစ်၏။
အချိန်နှောင်းသွားပြီဆိုလျှင် သေဆုံးသွားသူများကို ပြန်လည် အသက်သွင်း၍ မရနိုင်တော့ချေ။ လူသတ်သမားကို အပိုင်းပိုင်း အတစ်တစ် ခုတ်ထစ် ပစ်လိုက်လျှင်တောင်မှ ဘာအကျိုးထူးလာမည်နည်း။
ထို့ကြောင့် သိုင်းလောကသားများနှင့် ဆုံတွေ့ရပါက မိမိတို့တွင် ရဲရင့်သော စိတ်ဓာတ် ရှိနေလျှင်တောင်မှ ပြဿနာ မဖြစ်ပွားစေရန် သတိကြီးစွာဖြင့် ရှောင်ရှားနေထိုင်ရသည်။
သို့ဖြစ်သော်ငြားလည်း ဆုမိုသည် အမြဲတမ်း ပျူငှာ ဖော်ရွေပြီး အပြစ်ကင်းစင်သော လူငယ်လေး တစ်ဦးအလား အသွင်ဆောင်နေသဖြင့်၊ ထို လူလတ်ပိုင်း အမျိုးသား၏ ရင်တွင်း၌ ဆုမိုအပေါ် သံယောဇဉ်တွယ် လာသည့် စိတ်များ အလိုအလျောက် ဖြစ်ပေါ်လာစေခဲ့တော့သည်။
သူတို့ ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြရင်း ထိုလူ၏ စကားများကလည်း တဖြည်းဖြည်း ပိုမို ပွင့်လင်း လွတ်လပ်လာလေ၏။
ထို စကားဝိုင်းမှတစ်ဆင့် ဆုမိုသည် ထိုလူ၏ နောက်ခံ အကြောင်းအရင်းကို ရှင်းလင်းစွာ နားလည် သဘောပေါက်သွားခဲ့ပြီး၊ ဇီယန်ဂိုဏ်း၏ လတ်တလော အခြေအနေများကိုလည်း သွယ်ဝိုက်သော နည်းလမ်းဖြင့် သိရှိလိုက်ရသည်။
ဇီယန်ဂိုဏ်းသည် ဤဒေသတွင် အလွန် နာမည်ကောင်း ရှိကြောင်း သူ သိရှိလိုက်ရ၏။ မကြာသေးမီ နှစ်များအတွင်း သိုင်းလောကထဲသို့ လှည့်လည်သွားလာသော တပည့် အရေအတွက် နည်းပါးသွားခဲ့သော်ငြားလည်း၊ သူတို့သည် သာမန် ပြည်သူပြည်သားများ၏ ဘဝကို ဂရုတစိုက် ရှိနေဆဲပင် ဖြစ်သည်။
အထူးခြားဆုံးမှာ ဇီယန်ဂိုဏ်း၏ ပိုင်နက်နယ်နိမိတ် အတွင်း၌ တောပုန်းဓားပြ များ လုံးဝ ကင်းစင်နေခြင်းပင်။
ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေး သော လုယက်သူ မှန်သမျှကို ဇီယန်ဂိုဏ်းက မည်သည့်အခါမျှ သနားညှာတာမှု ပြသလေ့ မရှိချေ။
သူတို့နှစ်ဦး စကားစမြည် ပြောဆိုလေလေ ပိုမို ခင်မင်ရင်းနှီးလာလေလေ ဖြစ်နေချိန်တွင်၊ မိန်းမငယ်လေးက မနေနိုင်တော့ဘဲ ဝေဇီယီ အနီးသို့ တိုးကပ်သွားကာ သူမ၏ အင်္ကျီလက်စကို ဆွဲ၍ မေးလိုက်သည်။
"အစ်မ... အစ်မတို့က သိုင်းလောကသား တွေလား ဟင်"
ဝေဇီယီက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။
"ငါတို့ ကြည့်ရတာ အဲဒီလို ပုံပေါက်နေလို့လား"
"သိပ်တော့ မတူပါဘူး..."
မိန်းမငယ်လေးက ခေါင်းခါယမ်းလိုက်သည်။
"သိုင်းလောကသား တွေက အရမ်းကို ကြမ်းတမ်းကြတယ်လေ... ဒါပေမဲ့ အစ်မတို့ကျတော့ သဘောကောင်းမယ့် ပုံလေးတွေပဲ"
"ဟုတ်လို့လား... မင်းက သိုင်းလောကသား တွေ ဘယ်လိုပုံစံ ရှိလဲဆိုတာ မြင်ဖူးလို့လား"
"မြင်ဖူးတာပေါ့"
မိန်းမငယ်လေးက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။
"တစ်ခါတလေ ဒီနားမှာ သိုင်းလောကသား တွေကို တွေ့ရတတ်တယ်... သူတို့ အားလုံးက ရက်စက်ကြမ်းကြုတ်မယ့် ပုံတွေချည်းပဲ... ဒါပေမဲ့ ဇီယန်ဂိုဏ်း က ကာကွယ်ပေးထားတော့ ကျွန်မတို့ ကြောက်နေစရာ မလိုပါဘူး"
"အာ... ကျွန်မလည်း ဇီယန်ဂိုဏ်း ရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ အမြဲတမ်း အိပ်မက်မက်နေတာ"
"ဪ..."
ဝေဇီယီ တစ်ယောက် ခဏတာမျှ အံ့အားသင့်သွားရသည်။
"ဘာဖြစ်လို့လဲ"
ဇီယန်ဂိုဏ်းသည် အမျိုးသမီး တပည့်များကို လက်မခံဟု မငြင်းသော်ငြားလည်း၊ လက်ခံသည့် အရေအတွက်မှာ အလွန်တရာ နည်းပါးလှ၏။
အကြောင်းမူကား ဇီယန်ဂိုဏ်း၏ သိုင်းပညာ များသည် အမျိုးသားများနှင့် ပိုမို သင့်လျော်သော ကြမ်းတမ်း ပြင်းထန်သည့် လမ်းစဉ်ဘက်သို့ ယိမ်းယိုင်နေသောကြောင့်ပင်။ အမျိုးသမီးများ အနေဖြင့် ထိုသိုင်းပညာများကို အပြည့်အဝ နားလည် သဘောပေါက်ရန် ရုန်းကန်ရတတ်ပြီး၊ ဂိုဏ်းသို့ ဝင်ရောက်ပြီးလျှင်ပင် ရှေ့ဆက် တိုးတက်ရန် အလွန် ခက်ခဲလှသည်။
ယင်နှင့် ယန်ကြားရှိ အပြောင်းအလဲများကို နားလည် သဘောပေါက်ကာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိသွားချိန်မှသာလျှင်၊ ကြမ်းတမ်းမှုနှင့် နူးညံ့မှုတို့ကို ဟန်ချက်ညီညီ ပေါင်းစပ် အသုံးပြုနိုင်မည် ဖြစ်၏။
ထိုသို့ မဟုတ်ပါက၊ ၎င်းသည် ကျင့်ကြံသူ၏ ပင်ကိုယ် စရိုက်လက္ခဏာကို သေချာပေါက် ထိခိုက်စေနိုင်သည်။
မိန်းကလေးများ သိုင်းပညာ သင်ယူရန်အတွက် အကောင်းဆုံး နေရာကား လန်ယွဲ့နန်းတော် ပင် ဖြစ်ပေတော့၏။
မိန်းမငယ်လေးက နှုတ်ခမ်းလေး စူကာ သူမ၏ ဖခင်ဖြစ်သူကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီးနောက် ဝေဇီယီ အား ဖွင့်ဟပြောဆိုလာသည်။
---