အခန်း ၄၃၄
Vol. 29 Ch. 434
အခန်း (၄၃၄) - ငါ့ကို အစာမကျွေးတော့ဘူးလား အပိုင်း (၃)
~သူက အတွေးနက်နေ ရင်းမှ မနေနိုင်တော့ဘဲ အသံထွက်ကာ မေးမြန်းလိုက်သည်။
"လူကြီးမင်းတို့... ခင်ဗျားတို့ အားလုံးက ဘယ်အရပ်ဒေသ ကနေ လာကြတာလဲ လို့ မေးခွင့်ပြုပါဗျာ"
ဆုမို က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခပ်ပြုံးပြုံး ဖြင့် တုံ့ပြန်လိုက်၏။
"ကျွန်တော်တို့က မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ကြတာပါ... မေးခွန်းတွေ အများကြီး မေးနေစရာ မလိုပါဘူးဗျာ"
"ဟား ဟား ဟား"
ထိုစကားကို ကြားလိုက်ရသောအခါ ထိုလူက ဒေါသထွက်ရန် မဝံ့ရဲတော့ဘဲ ရယ်ကာ ပြောလိုက်သည်။
"ကျုပ်တို့ အဖွဲ့ကတော့ ထျန်းချူမြို့ ကို သွားပြီး ပွဲတော်မှာ ဝင်ပါဖို့ စီစဉ်ထားတာဗျ... ခင်ဗျားတို့လည်း အဲဒီလိုပဲ လုပ်ကြမယ် ထင်တယ်နော်"
"ထျန်းချူမြို့ တဲ့လား..."
ဆုမို က သူတို့ကို ကြည့်ကာ ပြုံးလိုက်၏။
"အဲဒီလို ပြောလို့လည်း ရပါတယ်ဗျာ"
ထိုလူက ဆုမို ၏ တုံ့ပြန်မှုကို အတည်ပြုချက် တစ်ခုအဖြစ် သတ်မှတ်ကာ ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် ပြုံး၍ မေးလိုက်သည်။
"ဒါဆို ခင်ဗျားတို့ အားလုံး ဘယ်လောက်တောင် လောင်းကြေးထပ် ထားကြသလဲ လို့ မေးလို့ ရမလား ဗျာ"
ဤမေးခွန်းကို ကြားလိုက်ရသောအခါ ဆုမို နှင့် ဝေဇီယီ တို့မှလွဲ၍ ကျန်လူများ အားလုံး၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာများ ပေါ်လွင်လာတော့သည်။
ဆုမို က ခပ်ဟဟ ရယ်လိုက်လေ၏။
"လူကြီးမင်းတို့ ကရော ဘယ်သူ့ဘက်က လောင်းကြေးထပ် ထားကြသလဲ ဗျ"
"ဒါပေါ့ဗျာ... ဝမ်ချန်ရှင်း ဘက်က လောင်းရမှာပေါ့"
ထိုလူက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ကောင်းကင်စမ်းရေ ဓားနတ်ဘုရား က တပည့်လက်မခံတာ အတော်လေး ကြာနေပြီလေ... အဲဒါကြောင့် ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်းက သိုင်းလောက မှာ လုံးဝ ပျောက်ကွယ်လုမတတ် ဖြစ်နေခဲ့တာ... အခု သူ့ရဲ့ ဆက်ခံသူ တစ်ယောက် ပြန်ပေါ်လာပြီ ဆိုတော့... ဒါက သေချာပေါက် ကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်ကြီး တစ်ခုပဲ"
"ယွီလျိုဓားနှလုံးသား လျူဆွေဖုန်း မှာ အတော်လေး ကြီးမားတဲ့ နာမည်ဂုဏ်သတင်း ရှိနေတာ မှန်ပေမဲ့... အနောက်တောင်ပိုင်း နယ်မြေ ဆိုတာက မြေပုံပေါ်မှာ အစက်အပြောက်လေး တစ်ခုလောက်ပဲ ရှိတာလေ... တုန်းချန် နယ်မြေ ရဲ့ ကြီးကျယ်ခမ်းနားမှု နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
"သူတို့ အရမ်းကို ချီးကျူး မြှောက်စားထားတဲ့ ဒီ ယွီလျိုဓားနှလုံးသား ဆိုတာက... တကယ်တမ်းကျတော့ သိပ်ပြီး အရေးပါတဲ့ သူတစ်ယောက် ဟုတ်ချင်မှ ဟုတ်မှာပါဗျာ"
"ဪ"
ဆုမို က ခေါင်းညိတ်လိုက်၏။
"ခင်ဗျား ပြောတာလည်း အဓိပ္ပာယ် ရှိသားပဲ"
သူတို့နှစ်ဦးသည် ဤအကြောင်းအရာမှ စတင်ကာ တဖြည်းဖြည်း ပိုမို နက်ရှိုင်းသော စကားဝိုင်းတစ်ခု အတွင်းသို့ ရောက်ရှိသွားကြသည်။
ထိုလူက အခွင့်အရေးကို အသုံးချကာ စောစောက မီးဖိုကို လုယူရန် ကြိုးစားခဲ့သော သူ၏ ခေါင်းကို ဖိချလိုက်ပြီး ဆုမို အား တရားဝင် တောင်းပန်ခိုင်းလိုက်သည်။
ဆုမို က လက်ကို ဝှေ့ယမ်းကာ ထိုကိစ္စကို လျစ်လျူရှု ထားလိုက်၏။
ဝေဇီယီ ကမူ မည်သည့်စကားမျှ မဆိုဘဲ အေးစက်သော အကြည့်များဖြင့်သာ စောင့်ကြည့်နေသည်။
လူလတ်ပိုင်း အမျိုးသားသည် ကျပန်း စကားများ ဆက်လက် ပြောဆိုရန် မဝံ့ရဲတော့သော်ငြားလည်း၊ သူ၏ ရင်တွင်း၌ သံသယစိတ်များ ဖြစ်ပေါ်လာသည်ကိုကား မတားဆီးနိုင်ခဲ့ချေ။
နောက်မှ ရောက်လာသော လူငါးဦး နှင့် နှိုင်းယှဉ်ပါက၊ ဆုမို သည် ပိုမို ကြီးမားသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြောင်း အထင်အရှား ပေါ်လွင်နေ၏။
သို့သော် သူ၏ စိတ်သဘောထား ကတော့ အရမ်းကို ကောင်းမွန်နေပြန်သည်...။
အခြားတစ်ဖက်တွင်မူ စွမ်းရည် နိမ့်ကျသူများ ကသာလျှင် အလွန် ဆိုးရွားသော ဒေါသများ ရှိတတ်ကြသည် မဟုတ်ပါလော။
ဤအချက်က အမှန်တကယ်ပင် တွေးတောစရာများစွာကို ဖြစ်ပေါ်လာစေတော့၏။
မိန်းမငယ်လေးက နောက်မှ ရောက်လာသော လူငါးဦး ကို ကြည့်နေရင်း၊ သူတို့၏ ရင်ခွင်ထဲမှ ထုတ်ယူလာသော ပဲငံပြာရည်စိမ် အမဲသား၊ ကြက်ကင်၊ ဘဲကင် နှင့် အခြား အသားများကို မြင်သောအခါ သွားရည်များကို အဆက်မပြတ် မျိုချနေမိသည်။
စောစောက မီးဖိုကို လုယူရန် ကြိုးစားခဲ့သော လူမိုက်မှာ သူ၏ ခေါင်းဆောင် ဖြစ်သူက အတင်းအကျပ် တောင်းပန်ခိုင်းခဲ့သဖြင့် အတော်လေး မကျေမနပ် ဖြစ်နေခဲ့ပြီ ဖြစ်၏။
မိန်းမငယ်လေး၏ အမူအရာကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများက ရုတ်တရက် လည်ပတ်သွားပြီး ကြက်ကင် ပေါင် တစ်ချောင်းကို ဆွဲဖြဲလိုက်သည်။ သူ၏ ရင်ဘတ်ထဲသို့ လက်နှိုက်ကာ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီးနောက်၊ ထို ကြက်ကင် ပေါင်ပေါ်သို့ တစ်ခုခု သုတ်လိမ်းလိုက်တော့သည်။
ထို့နောက် သူက မျက်နှာတစ်ခုလုံး ပြုံးဖြီးနေလျက် ဆိုလေ၏။
"ဒီ မိန်းမငယ်လေး က အရမ်းကို ဗိုက်ဆာနေလောက်ပြီ... ငါတို့ စားနေတာကို ကြည့်ပြီး သွားရည်တွေတောင် ကျနေတာပဲ... ညီမလေး... အစ်ကို ကျွေးတဲ့ ဒီ ကြက်ကင် ပေါင်လေးကို စားမလား"
မိန်းမငယ်လေးမှာ လန့်ဖျပ်သွားပြီး သူမ၏ ဖခင်ဖြစ်သူ၏ အင်္ကျီလက်စကို အလိုအလျောက် တင်းကျပ်စွာ ဆွဲကိုင်လိုက်မိသည်။
လူလတ်ပိုင်း အမျိုးသားမှာ သာမန် ရွာသားတစ်ဦးသာ ဖြစ်သော်ငြားလည်း၊ ဤအခြေအနေကို မြင်သောအခါ ကပျာကယာ ငြင်းဆန်လိုက်သည်။
"မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး... ခင်ဗျားတို့ သဘောရှိ သုံးဆောင်ကြပါဗျာ"
"ဟင်"
ထိုလူက လက်ကို ဝှေ့ယမ်းကာ သဘောထားကြီးဟန် ဆောင်လျက် ပြောလိုက်၏။
"ဒါကို လက်မခံဘူး ဆိုတာ... မင်းက ငါ့ကို စိတ်ဆိုးနေတုန်းပဲလား... အစ်ကိုကြီး... စောစောက ကျွန်တော် ပြောတာတွေ လွန်သွားတယ်... ကျွန်တော့် အမှားကို ကျွန်တော် သိပါပြီ... ဒီ ကြက်ပေါင် လေးနဲ့ တောင်းပန်ချင်လို့ပါ... ဒါပေမဲ့ ငြင်းပယ်ခံရတယ် ဆိုတော့... ကျွန်တော့်ရဲ့ အပြစ်က ခွင့်မလွှတ်နိုင်စရာ ဖြစ်နေလို့များလား... အဲဒီလို ဆိုရင်တော့..."
ဤနေရာတွင် သူက ခေတ္တ ရပ်နားလိုက်ပြီးနောက် သူ၏ လေသံက ရုတ်တရက် ဝမ်းနည်းပူဆွေးသော လေသံအဖြစ် ပြောင်းလဲသွားတော့သည်။
"ဒါဆိုရင် ငါ သေလိုက်တာပဲ ကောင်းပါတယ် ကွာ"
ထိုသို့ ပြောဆိုပြီးနောက် သူက ဘုရားကျောင်း၏ တိုင်ကို ခေါင်းနှင့် ပြေးဆောင့်ရန် ဟန်ပြင်လိုက်သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ ခေါင်းဆောင်ဖြစ်သူ ပင်လျှင် အံ့အားသင့် မှင်တက်သွားပြီး မည်သည့် ဇာတ်လမ်းမျိုး ကပြနေသနည်း ဟု နားမလည်နိုင်အောင် ဖြစ်သွားရ၏။
လူလတ်ပိုင်း အမျိုးသား အဖို့မူကား ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ချေ။
ဤအဖြစ်အပျက်ကို မြင်သောအခါ သူက ကပျာကယာ လှမ်း၍ တား လိုက်သည်။
"မလုပ်ပါနဲ့... မလုပ်ပါနဲ့ဗျာ... ကျွန်တော်တို့ စားပါ့မယ်... အဲဒါဆိုရင် အဆင်ပြေပြီ မဟုတ်လား"
ထိုလူက ချက်ချင်းပင် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပျော်ရွှင်သော အပြုံးဖြင့် ဆိုလေ၏။
"တကယ်လား... ဒါဆိုရင် အတိတ်က ကိစ္စတွေကို မေ့လိုက်ပြီး ကျေအေးလိုက်ကြတာပေါ့... လာပါ ညီမလေး... ဒါကို မင်းအတွက် ပေးတာပါ"
ပြောပြောဆိုဆို နှင့်ပင် သူက မိန်းမငယ်လေး ထံသို့ ကြက်ပေါင် ကို လှမ်းပေးရန် ကြိုးစားလိုက်သည်။
မိန်းမငယ်လေးက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြက်ပေါင်ကို ယူရန် လက်ကို ဆန့်ထုတ်လိုက်သော်လည်း ဝေဇီယီ က ဝင်ရောက် ဟန့်တားလိုက်၏။
"အစ်မ..."
မိန်းမငယ်လေးက ဝေဇီယီကို အတော်လေး သနားစရာ ကောင်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ဝေဇီယီ ၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားပြီး ထိုလူကို မော့ကြည့်ကာ လျစ်လျူရှုစွာဖြင့် ပြောလိုက်၏။
"ထွက်သွားစမ်း"
ကြက်ပေါင် ကို ကိုင်ထားသော လက်မှာ ချက်ချင်းပင် တုန်ရီသွားတော့သည်။
ဝေဇီယီ သည် အလွန်တရာ လှပချောမော သော်ငြားလည်း၊ ထိုအခိုက်အတန့်၌ သူမ၏ မျက်ဝန်းများမှ အကြည့်က သူ၏ ကျောရိုး တစ်လျှောက် အေးစက်သော ချွေးသီးချွေးပေါက်များကို စီးကျသွားစေကြောင်း သူ ခံစားလိုက်ရသည်။
ထို မျက်တောင်တစ်ခတ် အတွင်းမှာပင် ထက်မြက်လှသော ဓားသွားပေါင်း ထောင်သောင်းမက က ဝေဇီယီ ၏ ပတ်လည်တွင် လည်ပတ်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ စိတ်ကူး တစ်ချက်လေး နှင့်ပင် ထို ဓားများက သူ၏ နှလုံးသားကို ထိုးဖောက်ဝင်ရောက် သွားပြီး သူ သေဆုံးသွားရမည်မှာ အသေအချာပင်တည်း။
ချက်ချင်းပင် သူက လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး အလိုအလျောက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
ခေါင်းကို လှည့်ကြည့်လိုက်သောအခါ သူ၏ ခေါင်းဆောင် ဖြစ်သူကလည်း သူ့အား အေးစက်စက် စိမ်းစိမ်းကြည့် နေသည်ကို မြင်တွေ့လိုက်ရ၏။
“ဂလု..”
သူက တံတွေးကို အသံကျယ်ကြီး မြည်အောင် မျိုချလိုက်ပြီး အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
"နောက်နေတာပါ... သူတို့က သာမန် ရွာသားတွေပဲလေ..."
ခေါင်းဆောင်ဖြစ်သူ သည် ယနေ့တွင် ကံဆိုးမိုးမှောင် ကျနေသကဲ့သို့ ခံစားနေရပြီး၊ ဤကဲ့သို့သော လက်အောက်ငယ်သား မျိုးကို ခေါ်ဆောင်လာမိခြင်း အတွက် နောင်တရနေတော့သည်။
သူက သက်ပြင်းချလိုက်ပြီး ဆုမို အား ပြောလိုက်၏။
"ဒီကိစ္စကို ခင်ဗျား ဘယ်လို ဖြေရှင်းချင်လဲ... ပြောသာ ပြောပါဗျာ"
"သူ့ကို အဲဒီ ကြက်ပေါင် အတင်း စားခိုင်းလိုက်"
ဆုမို က ခေါင်းပင် မမော့ဘဲ ပြတ်သားစွာ ပြောလိုက်သည်။
ကြက်ပေါင် ကို ကိုင်ထားသော လူမှာ မျက်နှာ ကွက်ခနဲ ပျက် သွားတော့၏။
"မင်း..."
သူက ခေါင်းဆောင်ဖြစ်သူကို ကပျာကယာ လှည့်ကြည့်လိုက်ရာ၊ ခေါင်းဆောင်၏ မျက်နှာထက်တွင် အလွန်တရာ မှောင်မိုက်နေသော အမူအရာကို မြင်တွေ့လိုက်ရသည်။
"စားလိုက်စမ်း"
"ကျွန်... ကျွန်တော်... ဒါကို စားလို့ မရဘူး..."
ထိုလူက ကပျာကယာ ငြင်းဆန်လိုက်သည်။
လူလတ်ပိုင်း အမျိုးသားမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
"ဘာလို့ စားလို့ မရတာလဲ"
အကယ်၍ သူ စားလို့ မရဘူး ဆိုလျှင် ဘာကြောင့် မိမိ၏ သမီးဖြစ်သူကို ကျွေးရန် ကြိုးစားခဲ့သနည်း။
လူလတ်ပိုင်း အမျိုးသားသည် သာမန် ရွာသားတစ်ဦးသာ ဖြစ်ရာ၊ သိုင်းလောက ၏ ကြောက်မက်ဖွယ် အန္တရာယ်များကို မည်သို့ မှန်းဆနိုင်မည်နည်း။
သို့သော် သူ၏ စကားများက ထိုလူကို ကြက်ပေါင် အတင်း စားစေရန် ဖိအားပေးလိုက်သကဲ့သို့ ပြောင်းပြန် အကျိုးသက်ရောက်မှု ဖြစ်သွားစေခဲ့သည်။
ပြိုပျက်နေသော ဘုရားကျောင်းဟောင်း အတွင်းရှိ လေထုမှာ ရုတ်တရက် အလွန်တရာ ထူးဆန်းလာပြီး တင်းမာမှုများ ပြည့်နှက်လာတော့၏။
မည်သူမျှ သတိမထားမိလိုက်ချိန်တွင် ဆုမို က ဘုရားကျောင်းဟောင်း ၏ တံခါးပေါက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
ခေါင်းဆောင်ဖြစ်သူ က သူ၏ လက်အောက်ငယ်သားကို ကြက်ပေါင် စားရန် အတင်းအကျပ် ဖိအားပေးနေဆဲပင် ဖြစ်၏။
ထိုလူ၏ မျက်နှာမှာ ရုပ်ရည် ခက်ထန်ကြမ်းတမ်း နေပြီး သူကိုယ်သူ ကာကွယ်ရန် အသည်းအသန် ကြိုးပမ်းနေသည်။
ထိုအခိုက်အတန့်မှာပင် ဘုရားကျောင်း တံခါးပေါက်မှ အသံတစ်သံ ထွက်ပေါ်လာတော့သည်။
"ကောင်းပေ့ ဆိုတဲ့ အစားအစာလေး ကို တစ်ယောက်နဲ့တစ်ယောက် လွှဲချနေကြတာပဲ... မင်းတို့ မစားချင်ရင်၊ မင်းတို့ မလိုချင်ရင်..."
"ဒီအဘိုးကြီး ကိုပဲ အရသာခံ ခွင့်ပြုလိုက်ပါလား"
ထိုအသံ ထွက်ပေါ်လာသောအခါ ဆုမို မှလွဲ၍ ထိုနေရာတွင် ရှိနေသူ အားလုံးက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဘုရားကျောင်း တံခါးဝတွင် အဘိုးအို တစ်ဦး ထိုင်နေသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။ သူ မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်း မည်သူမျှ မသိလိုက်ကြချေ။
ဝေဇီယီ ပင်လျှင် အလွန်အမင်း အံ့အားသင့် တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် သူမ နည်းနည်းလေးမျှ သတိမထားမိလိုက်ဘဲ တိတ်ဆိတ်စွာ ပေါ်လာသောကြောင့်ပင်။
ကြက်ပေါင် ကို ကိုင်ထားသော လူမှာမူ သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး၊ ဤလူ မည်သည့် နေရာက ရောက်လာသည်ကို ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့ ခြေလှမ်းအနည်းငယ် လျင်မြန်စွာ လှမ်းသွားလိုက်သည်။
"စား... စား... ခင်ဗျားပဲ စားလိုက်တော့"
အဘိုးအို မစားမည်ကို စိုးရိမ်နေသည့်အလား၊ သူက လက်တစ်ဖက်ဖြင့် အဘိုးအို၏ ပါးစပ်ကို အတင်း ဖြဲဟလိုက်ပြီး၊ အခြား လက်တစ်ဖက်ဖြင့် ကြက်ပေါင် ကို ပါးစပ်ထဲသို့ အတင်း ထိုးထည့်လိုက်တော့၏။
သို့သော် အဘိုးအို က ထိုအပြုအမူကို ဂရုစိုက်ပုံမရဘဲ ကြက်ပေါင် ကို ပျော်ရွှင်စွာ ဝါးစားနေသည်။ သူ၏ ပါးစပ်ထဲမှ အရိုးများ ကျိုးပဲ့ကြေမွသွားသော အသံများက ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
ရုတ်တရက် စူးရှသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာတော့၏။ ကြက်ပေါင် ကို ကိုင်ထားသော လူမှာ သူ၏ လက်ကို ပါးစပ်ထဲသို့ အလွန်အကျွံ ထိုးထည့်မိသွားသဖြင့်၊ အဘိုးအို က သူ၏ လက်ချောင်း နှစ်ချောင်းကိုပါ ကိုက်ဖြတ်လိုက်ပြီး ကြက်သားများနှင့်အတူ ဝါးစားကာ ဝမ်းဗိုက်ထဲသို့ မျိုချပစ်လိုက်ခြင်း ပင်တည်း။
သူ၏ လက်ချောင်း နှစ်ချောင်း ပြတ်တောက်သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ ထိုလူက နောက်သို့ ဆုတ်ရန် ကြိုးစားလိုက်သော်လည်း၊ အဘိုးအို က သူ၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားလိုက်သည်။
"မသွားပါနဲ့ဦး... မင်းက ဒါကို ငါ့အတွက် ပေးတာ မဟုတ်ဘူးလား”
---