← Chapters

အခန်း ၁၈၅၀

Vol. 124 Ch. 1850

အခန်း ၁၈၅၀

Vol. 124 Ch. 1850

အခန်း(၁၈၅၀) တစ်ချက်တည်းသော ထိုးနှက်ချက်ကို မခံနိုင်ခြင်း (၃)

ကျန်းပေသော်၏ မျက်နှာအမူအရာက အေးခဲသွားသည်။ သူ၏ ရုပ်သေးရုပ်ကို ချူးယွင်ဖန်း ဘယ်သောအခါမျှ ဖျက်ဆီးနိုင်မည်မဟုတ်ဟု ကြွားလုံးထုတ်ခဲ့သော်လည်း နောက်ဆုံးတွင် ချူးယွင်ဖန်း၏ လက်သီးဖြင့် ဖျက်ဆီးခံလိုက်ရသည်။

တကယ်တမ်းတွင် သူ့၏ ကျောထောက်နောက်ခံဖြစ်သော ဤရုပ်သေးက အခြားရုပ်သေးများနှင့်မတူပေ။ ယင်းက သူ၏ ရုပ်သေးအားလုံး၏ လျို့ဝှက်ချက်ဖြစ်ကာ သတ္တမအဆင့်ရှိသောသူပင် သူ့ရုပ်သေးကို ယှဥ်နိုင်မည်မဟုတ်ပေ။ ထိုရုပ်သေးက သိုင်းပညာကို ကျင့်ကြံနိုင်သည်။ ဉာဏ်ရည်ဉာဏ်သွေးလည်းကောင်းသည်။ ထို့အပြင် နတ်ဘုရားပညာကိုလည်းလေ့ကျင့်ထားသည်။

ကျန်းပေသော်သည် တစ်ချိန်က စကြဝဠာသတ္တမအဆင့်များစွာ၏ ဝိုင်းရံမှုကို ရင်ဆိုင်ခဲ့ရသော်လည်း မည်သူမျှ သူ၏ခံစစ်ကို မဖောက်ထွက်နိုင်ခဲ့ပေ။

ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသောအခါ သူ ဤမျှထိ အင်အားနည်းသွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

ယင်းက ရိုးရှင်းသော လက်သီးတစ်ချက်သာဖြစ်သည့်တိုင် သူ့ရုပ်သေးက ချက်ချင်းပျက်ဆီးသွားသဖြင့် အလွန်ရှက်သွားရသည်။

သူပြောလိုက်သည့် မောက်မာသော စကားလုံးများသည် သူ့မျက်နှာတည့်တည့်သို့ဖြတ်ရိုက်သွားသည့်အလားပင်ဖြစ်၏။ သို့သော် ထိုအချိန်၌ သူ့တွင်စဥ်းစားရန်အချိန် များများစားစားမရှိပေ။ အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်း၏ လက်သီးက သူ့ဆီသို့လွှဲယမ်းလာသောကြောင့်ပင်ဖြစ်သည်။ သူ၏ ခုခံကာကွယ်မှုများနှင့်တိုက်ခိုက်မှုများအားလုံးကို ချူးယွင်ဖန်းလက်သီးရှေ့တွင် စကားထဲထည့်ပြောရန်ပင် မလိုတော့ပေ။

ဘမ်း

ချူးယွင်ဖန်း၏ လက်သီးချက်သည် ကျန်းပေသော်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး ကျန်းပေသော်၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်ကို လူတိုင်းမြင်လိုက်ရသည်။ အက်ကွဲကြောင်းများသည် ချူးယွင်ဖန်း၏ လက်သီးမှ ပင့်ကူအိမ်ကဲ့သို့ ပျံ့နှံ့သွားသည်။ လူတိုင်းသည် အက်ကွဲသံများကို ဆက်တိုက်ကြားလိုက်ရပြီးနောက် ကျန်းပေသော် ပြိုကွဲသွားသည်။

"ကျန်းပေဒိုက ရုပ်သေးရုပ်လား"

ကျန်းပေသော်ကို ရုပ်သေးရုပ်တစ်ရုပ်ဟု တစ်ခါမျှ မထင်ထားခဲ့သဖြင့် လူများစွာ အံ့သြကုန်ကြသည်။ သို့သော် တစ်စုံတစ်ခုမှားနေသည်ကို ချက်ချင်းသဘောပေါက်သွားကြ၏။ ကျန်းပေသော်သည် ရုပ်သေးရုပ်တစ်ရုပ်မဟုတ်ဘဲ သူ့ကိုယ်သူ ရုပ်သေးရုပ်ထဲသို့ထည့်ထားခြင်းဖြစ်သည်။

လူများစွာက ယင်းက နတ်ရုပ်သေးဂိုဏ်းမှ နတ်ဘုရားဆန်သော စွမ်းရည်တစ်ခုဖြစ်သည်ကို သိလိုက်ကြသည်။ ၎င်းတို့၏ ပျော့ပျောင်းသော ခန္ဓာကိုယ်များကို တိုက်ခိုက်ခံရမှုမှ ကာကွယ်ရန် ရုပ်သေးများထဲသို့ ၎င်းတို့ကိုယ်၎င်းတို့ထည့်ကြသည်။ ပုံမှန်အားဖြင့် ထိုရုပ်သေးသည် အသက်နှင့်ချည်နှောင်ထားသည့် ရုပ်သေးဖြစ်ကာ အင်အားအကောင်းဆုံးလည်းဖြစ်သည်။ ထို့ကြောင့် လုံးဝ လိုအပ်မှသာ ပေါ်လာတတ်၏။

ယခုအခါ ကျန်းပေသော်၏ အခြားရုပ်သေးများသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို မခံနိုင်တော့သဖြင့် သူ၏ လျို့ဝှက်ချက်ဖြစ်သော လူငယ်ရုပ်သေးပင် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ ပေါက်ကွဲသွားခဲ့သည်။ ကျန်းပေသော်က လက်သီးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိပြီးက နောက်ဆုတ်လိုက်ရသည်။

စိန်ခေါ်သူအားလုံး အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်းသည် အလွန်သန်မာလွန်းနေသည်။ သူတို့ထဲတွင် အသန်မာဆုံးတစ်ဦးဖြစ်သည့် ကျန်းပေသော်က ချူးယွင်ဖန်း၏ လက်သီးတစ်ချက်ကိုပင် မတားဆီးနိုင်ခဲ့ပေ။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများက ဤသည်မှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်ဟု ခံစားရသော်လည်း ၎င်းတို့ ကြောက်စိတ်ထွက်ပေါ်လာသေးသည်။

ယခု စိန်ခေါ်သူလေးဦးထဲတွင် ရှားယီတစ်ဦးသာ ကျန်တော့သည်။ သူမ၏ လှပသော မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေသည်။ ချူးယွင်ဖန်းသည် လူသုံးဦးကို ဆက်တိုက် အနိုင်ယူခဲ့သည်။ သူမအတွက် သူသည် မကြုံစဖူး အစွမ်းထက်သော ရန်သူတစ်ဦးဖြစ်သည်။ သူမ၏ ယုံကြည်မှုနှင့် မာနသည် ချူးယွင်ဖန်းရှေ့တွင် ပြိုလဲတော့မည်ဖြစ်သည်။

ခဏတာလေးအတွင်း၌ သူမက ကျွမ်းကျင်သူသုံးဦးကို ဆက်တိုက်အနိုင်ယူခဲ့သည်။

သို့သော်လည်း ရှားယီအတွက်မူ နောက်ဆုတ်ရန် အချိန်မရှိပေ။ ကျန်းပေသော်ကို

တိုက်ခိုက်သောအခါ သူမလည်း တိုက်ခိုက်ခဲ့သည်။ သူမတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

ရှားယီ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်မှ နတ်သမီးတစ်ပါးကဲ့သို့ အင်မော်တယ်အငွေ့အသက်များ ဖြာထွက်နေသည်။

"အဲဒါက သန့်စင်ခြင်းနှလုံးသားပညာပဲ နတ်မိမယ်ဂိုဏ်းရဲ့ အဓိက သိုင်းပညာလေ။ နတ်မိမယ်ဂိုဏ်း သာမန်တပည့်တွေဆို သင်ခွင့်တောင်မရှိဘူးကွ။ ဂိုဏ်းရဲ့ နတ်မိမယ်ဖြစ်လာမှပဲ ဒီနည်းလမ်းကို သင်ပေးမှာ။ အခု ငါမြင်နေရတာ တကယ်ကို အံ့သြစရာပဲ" လင်တင်းထျန်က ဆက်ပြောချင်သော်လည်း တည်ငြိမ်စွာဖြင့် ရပ်လိုက်သည်။

ထိုသိုင်းကွက်ကို ပြုလုပ်ပြီးနောက် ရှားယီ၏ အရှိန်အဝါသည် အဆင့်တစ်ခုတိုးလာသည်။ ယခင်ကနှင့် လုံးဝကွာခြားသွားသည်။ ချက်ချင်းပင် အဖြူရောင်လက်ဖဝါးတစ်ခုက ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်၍ ချူးယွင်ဖန်းအပေါ် အင်မော်တယ်စွမ်းအင်များပြည့်နေသည့် ကောင်းကင်ကို ရိုက်ခတ်လာသည်။

ဘမ်း

သတ္တုချင်းထိမှန်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ရှားယီက သူမ၏တိုက်ခိုက်မှုသည် သံတုံးတစ်တုံးနှင့်တူသော အရာတစ်ခုကို ထိမှန်ခဲ့ကြောင်း သဘောပေါက်လိုက်မိသည်။

"သူ့ခန္ဓာကိုယ်က ဘယ်လိုလုပ် ဒီလောက်သန်မာနေတာလဲ?! " ရှားယီ တွေးလိုက်သည်။

အခြားသူများက ကွဲပြားသောအဆင့်ဖြင့် တိုက်ခိုက်ကြသည်ကို သူမမြင်ဖူးသော်လည်း နက်နဲသော နားလည်မှုမရှိပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မည်မျှ သန်မာကြောင်း နောက်ဆုံးတွင် သူမ နားလည်သွားခဲ့သည်။

သူမသည် အလိုလို နောက်ဆုတ်သွားကာ အနားသို့ ကပ်ရန် မဝံ့ရဲပေ။ သို့သော် ထွက်ပြေးရန်မှာ ထိုမျှလွယ်ကူသော ကိစ္စမဟုတ်ပေ။ ချက်ချင်းပင် ချူးယွင်ဖန်းသည် သူမကို လိုက်မှီနိုင်ခဲ့ပြီးနောက် ရိုးရှင်းသော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်သည်။

ရှားယီက လက်ဝါးဖြင့် ထိမှန်ကာ ကမ္ဘာကြီးလည်ထွက်သွားသည်ကို ခံစားလိုက်ရသည်။

ပြင်းထန်သော ဝေဒနာကို သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ခံစားလိုက်ရပြီး သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ ထို့နောက် ကြိုးပြတ်နေသော စွန်တစ်စင်းကဲ့သို့ နောက်သို့လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။

ဤအချိန်တွင် စိန်ခေါ်သူလေးဦးစလုံးသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ စိန်ခေါ်မှုသည် ပြီးဆုံးသွားပြီး ၎င်းသည် လူအားလုံး မျှော်လင့်ထားနှင့် တွေးထင်ထားသည်နှင့် လုံးဝကွာခြားနေသည်။

ယင်းမတိုင်မီက ချူးယွင်ဖန်းကို ယုံကြည်သော ကြယ်ကြွေကောင်းကင်ဂိုဏ်းသားများကပင် သူက ဤလူများကိုအနိုင်ယူ၍ ပါရမီရှင်စာရင်း၌ သူ၏အဆင့်ကို ထိန်းသိမ်းထားနိုင်ရုံသာဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသည်။

ထိုသို့လုပ်နိုင်ခြင်းက အမှန်တကယ်ပင် အထင်ကြီးစဖွယ်ကောင်းနှင့်ပြီးဖြစ်ကာ မည်သို့ပင်ဖြစ်ကာမူ ချူးယွင်ဖန်းက လူတိုင်း၏ စိန်ခေါ်ချက်ကို တစ်ကြိမ်တည်းနှင့် လက်ခံခဲ့ခြင်းဖြစ်၍ သူ မရှုံးလျှင်ပင် အံ့ဖွယ်ကောင်းနှင့်ပြီးသားဖြစ်သည်။

သို့သော်လည်း လက်တွေ့ဘဝက လူတိုင်း၏ အတွေးကိုကျော်နေသည်။

ချူးယွင်ဖန်းသည် စိန်ခေါ်သူလေးဦးကို လူကြီးတစ်ဦးက ကလေးအနည်းငယ်နှင့် ကစားနေသကဲ့သို့ပင် အလွယ်တကူ အနိုင်ယူခဲ့သည်။ နှစ်ဖက်ကြား ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကြား ကွာခြားချက်ကဲ့သို့ဖြစ်ရာ သူတို့အားလုံး တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ကြသည်။

--

All Chapters