← Chapters

အခန်း ၅၅၆

Vol. 38 Ch. 556

အခန်း ၅၅၆

Vol. 38 Ch. 556

အခန်း (၅၅၆) - ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ၏ စမ်းသပ်မှုနှင့် ဟောကိန်း ထုတ်ခြင်း ပြိုင်ပွဲ

~“ဒီလူကို စမ်းသပ်ကြည့်ဖို့ လိုတယ်... ... ... ”

မှောင်မည်းနေသော အရိပ်အာဝါသအတွင်း၌ လူငယ်တစ်ဦးသည် လီကျောက်ခွန်၏ ပြောင်လက်နေသော၊ ဆံပင်တစ်ပင်တလေမျှပင် မရှိသည့် ကတုံးခေါင်းကြီးကို စူးစိုက်ကြည့်နေ၏။ သူ၏ မျက်ဝန်းများအတွင်း၌မူ သတိထားနေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့၏။

ဤလူငယ်မှာ အခြားသူမဟုတ်ပေ။ ယပ်တောင်ကိုင် သခင်လေး၏ အဓိက ရန်သူတော်ကြီးဖြစ်သော ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာပင် ဖြစ်သည်။ ပြန်လည်မွေးဖွားလာပြီးနောက်တွင် သူသည် မိမိ၏ နှလုံးသားတွင်းမှ အာရုံခံစားမှုများနောက်သို့ လိုက်ရင်း ဤမြို့အထိ ခြေရာခံလာခဲ့ခြင်း ဖြစ်သည်။ ထိုနေရာ၌ပင် လီကျောက်ခွန်သည် လူများအတွက် ရှေ့ဖြစ်ဟောပေးနေသည်ကို သူ မြင်တွေ့လိုက်ရ၏။

ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ၏ ပထမဆုံးသော အတွေးမှာ လီကျောက်ခွန်အား ဝါးမြိုပစ်ရန်ပင် ဖြစ်သည်။ သို့သော်လည်း မကြာမီမှာပင် လီကျောက်ခွန်မှာ အလွန်ပင် ပါးနပ်ထက်မြက်နေကြောင်းကို သူ သတိပြုမိသွားခဲ့၏။ ပို၍ အသက်အန္တရာယ် ရှိလှသည်မှာကား... ထိုလူ၏ ခေါင်းမှာ လုံးဝကို ပြောင်ရှင်းနေခြင်းပင် ဖြစ်တော့သည်။

ဤသို့သော လူမျိုးများသည် များသောအားဖြင့် ပြာဖြစ်သွားလောက်သည်အထိ ဟောကိန်း ထုတ်နိုင်စွမ်းရှိသော ထိပ်တန်း ပညာရှင်ကြီးများ ဖြစ်တတ်ကြ၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ သိပ်မမြင့်မားလှလျှင်တောင်မှ၊ ဟောကိန်း ထုတ်ခြင်း စွမ်းရည်မှာမူ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။

“ဒီလူက အခုထိ တွက်ချက်မှုပေါင်း လေးရာသုံးဆယ့်ငါးကြိမ် လုပ်ပြီးသွားပြီ။ အကုန်လုံးကလည်း ဆယ်ပုံမှာ ဆယ်ပုံလောက်ကို တိကျ မှန်ကန်နေတာပဲ...။ ဒါ့အပြင် သူ့ရဲ့ ပြောင်လက်နေတဲ့ ကတုံးကြီးကလည်း သူ့ဆီမှာ ထူးခြားတဲ့ ဟောကိန်း ထုတ်မှု စွမ်းရည်တွေ.. ရှိနေတယ် ဆိုတာကို ပြသနေတယ်။ သေချာတယ်... သူက ငါနဲ့ ယှဉ်နိုင်တဲ့ ထိပ်တန်းအဆင့် ဟောကိန်း ထုတ်ခြင်း ပညာရှင် တစ်ယောက်ပဲ ”

ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာက သတိထားနေသော မျက်နှာထားဖြင့် တီးတိုး ရေရွတ်လိုက်၏။

“ဒါပေမဲ့... ဒီလူက သဘာဝအတိုင်းကို ကတုံးဖြစ်နေတာလည်း ဖြစ်နိုင်တာပဲလေ...။ ဒါကြောင့် ငါ သူ့ကို စမ်းသပ်ကြည့်ဖို့ လိုတယ်။ သူက အပြင်ပန်းပဲ ကြည့်ကောင်းပြီး တကယ်တမ်း ဘာမှမဟုတ်တဲ့သူ ဆိုရင်တော့၊ ငါကိုယ်တိုင် လှုပ်ရှားပြီး ငါ့ရဲ့ ခွန်အားတွေ တိုးလာအောင် သူ့ကို ဝါးမြိုပစ်လိုက်မယ်... ”

“အကယ်၍ သူက တကယ်ပဲ အစွမ်းအစရှိတဲ့ သူဆိုရင်တော့... ဟူး... ... ... ”

အကျိုးဆက်များကို တွေးတောမိရုံမျှဖြင့် ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာမှာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိတော့သည်။

တစ်နာရီခန့် ကြာမြင့်ပြီးနောက်...

“ပစ္စည်းတွေ သိမ်းဖို့ အချိန်တန်ပြီပဲ ”

လီကျောက်ခွန်သည် အနည်းငယ် ပင်ပန်းသလို ခံစားလာရသဖြင့် ပစ္စည်းများကို သိမ်းဆည်းကာ ညဘက် နားခိုရန် နေရာတစ်ခု ရှာဖွေရန် ပြင်ဆင်လိုက်၏။

“ဒီလောက်စောစော ပြန်တော့မလို့လား... မင်းက ငါ့ကို ကြောက်နေတာလား ”

ထိုအခိုက်အတန့်၌ မောက်မာလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ လူတိုင်းမှာ အသံလာရာ အရပ်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

လမ်းမထက်၌ နေမင်းကြီးမှာ အနောက်ဘက်သို့ ဝင်ရောက်နေပြီ ဖြစ်သည်။ လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ သူ၏ အကြည့်များမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး၊ မျက်နှာထက်တွင်လည်း အေးစက်မှုများသာ ရှိနေ၏။ နေဝင်ဆည်းဆာကို ကျောခိုင်းထားသဖြင့် သူ၏ မျက်နှာကို သေချာစွာ မမြင်ရသော်လည်း၊ သူ၏ ဖြည်းညှင်းသော ခြေလှမ်းများနှင့် အာဏာပါလှသည့် အသံတို့ ပေါင်းစပ်သွားသည့်အခါ ထူးခြားသော အရှိန်အဝါတစ်ခုကို ထွက်ပေါ်နေစေတော့သည်။

“မင်းက ဘယ်သူလဲ ”

ဝမ်ဖင်းအန်းက မေးမြန်းလိုက်၏။

လူငယ်က ဝမ်ဖင်းအန်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး -

“ငါက ကောင်းကင်လျှို့ဝှက်ချက်တွေကို ဟောကိန်း ထုတ်ဟောကိန်းထုတ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့ ‘ထျန်းကျီး အရှင်သခင်’ ပဲ။ မင်းတို့တွေ ဒီမှာ ဆိုင်လာဖွင့်ပြီး အရာအားလုံးကို ဟောကိန်း ထုတ်နိုင်တယ်လို့ ပြောနေတာ... တော်တော်လေးကို ရဲတင်းလွန်းနေတယ်နော် ”

“အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ ”

လီကျောက်ခွန်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“ငါနဲ့ ဟောကိန်း ငါးပွဲလောက် ယှဉ်ရဲလား ”

လူငယ်က အေးစက်စက် အသံဖြင့် စိန်ခေါ်လိုက်၏။

“စိတ်မဝင်စားဘူး ”

လီကျောက်ခွန်က သူ၏ ပစ္စည်းများကိုသာ ဆက်လက် သိမ်းဆည်းနေတော့သည်။

‘ခွေးကောင်... ... ... ’ လူငယ်မှာ စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် လီကျောက်ခွန်မှာ သူ မျှော်လင့်ထားသည့် ဇာတ်ညွှန်းအတိုင်း လိုက်မကစားသောကြောင့်ပင် ဖြစ်သည်။

“ငါလည်း ဟောကိန်း ထုတ်တဲ့နေရာမှာ ကျွမ်းကျင်တယ်။ ငါက မင်းကို သက်သက်လာပြီး စိန်ခေါ်တာပဲ... မင်း ငါနဲ့ ယှဉ်ပြိုင်ရဲလား ”

လီကျောက်ခွန်၏ မျက်ခုံးများ ပင့်တက်သွားပြီး၊ သူ၏ စိတ်အတွင်း၌ စိတ်ဝင်စားမှုများ ဖြစ်ပေါ်လာခဲ့၏။

“မင်းက ဟောကိန်း ထုတ်တတ်တယ် ဟုတ်လား ”

“ဒါပေါ့... ‘ထျန်းကျီး အရှင်သခင်’ တစ်ယောက်အနေနဲ့ ဟောကိန်း ထုတ်ခြင်းကို နားမလည်ဘဲ နေပါ့မလား။ မင်းသာ မယှဉ်ပြိုင်ရဲဘူးဆိုရင်၊ မင်းက လူလိမ် တစ်ယောက်ပဲ ဆိုတာကို ပြနေတာပဲ ”

လူငယ်က ပြောင်းပြန် စိတ်ပညာကို အသုံးပြုလိုက်၏။

“ကောင်းပြီလေ... ယှဉ်ပြိုင်ကြတာပေါ့။ ဒါပေမဲ့ ငါတို့ ဘယ်လို ယှဉ်ပြိုင်ကြမလဲ ”

လီကျောက်ခွန်သည် ဟောကိန်း ထုတ်သည့် နေရာတွင် ကျွမ်းကျင်သူ တစ်ဦးထံမှ နည်းလမ်းကောင်းများကို သင်ယူလိုစိတ် ပြင်းပြနေခဲ့သည်။ သို့မှသာ မိမိကိုယ်ကိုယ် ပိုမို လျင်မြန်စွာ သန်မာလာအောင် လုပ်ဆောင်နိုင်မည် မဟုတ်ပါလော။

“ငါတို့ရဲ့ ဟောကိန်း ထုတ်နိုင်စွမ်းကို ယှဉ်ပြိုင်ကြတာပေါ့။ ဒီမှာ ရှေ့ဖြစ်ဟောဖို့ လိုအပ်နေတဲ့သူတွေ အများကြီး ရှိနေတာပဲ။ သူတို့အတွက် ငါတို့ ဟောကိန်း ထုတ်ပေးကြမယ်။ ငါးပွဲမှာ သုံးပွဲ အရင်နိုင်တဲ့သူ အနိုင်ပဲ။ ဘယ်သူက ပိုပြီး အသေးစိတ်ကျကျ ဟောကိန်း ထုတ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ ”

လူငယ်က စည်းမျဉ်းများကို ရှင်းလင်း ပြောပြလိုက်၏။ ထို့နောက်တွင်မူ သူက လက်ကို ကြီးကျယ်ခမ်းနားစွာ ဝှေ့ယမ်းလိုက်ရာ၊ သူ၏ နောက်ကျောဘက်၌ ‘ထိုက်ရှီ’ ကုလားထိုင်ကြီး တစ်လုံး ပေါ်ထွက်လာပြီး သူက ချက်ချင်းပင် ဝင်ထိုင်လိုက်၏။

“ကောင်းပြီလေ ”

လီကျောက်ခွန်က ခေါင်းညိတ်လိုက်သည်။ သူ့ ထံတွင် ဆိုးညစ်သော အငွေ့အသက်များ အများအပြား ကျန်ရှိနေသေးသဖြင့် နောက်ထပ် ဟောကိန်းများစွာကို ထုတ်ပေးနိုင်စွမ်း ရှိပေရာ၊ သူ အနည်းငယ်မျှပင် စိုးရိမ်မနေခဲ့ပါချေ။

မီတာ ရာနှင့်ချီ၍ ဝေးကွာသော နေရာ၌မူ...

ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာသည် လက်ဖက်ရည်ဆိုင်၏ ဒုတိယထပ်ရှိ ပြတင်းပေါက်နားတွင် ထိုင်နေ၏။ သူ၏ လက်တစ်ဖက်က ရွှေရောင် ရှေးဟောင်းခေါင်းလောင်းလေး တစ်လုံးကို ကိုင်ဆောင်ထားပြီး၊ အခြား လက်တစ်ဖက်ကမူ မန္တန်ဖော်ဆောင်နေသည့် ပုံစံမျိုးကို ပြုလုပ်ထားသည်။

စားပွဲပေါ်တွင်မူ စက္ကူလူရုပ်လေး တစ်ရုပ် ရှိနေ၏။ သေချာစွာ ကြည့်ရှုမည်ဆိုပါက ထိုစက္ကူလူရုပ်လေး၏ ရုပ်သွင်ပြင်ပန်းမှာ ထိုက်ရှီ ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူငယ်နှင့် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ဆင်တူနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

“ဟီးဟီး... ငါ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်အစား စက္ကူလူရုပ်လေးကို သုံးတာဆိုတော့၊ ငါကိုယ်တိုင် ထွက်ပြစရာ မလိုတော့ဘူးလေ... ဘယ်သူမှလည်း ငါ့ကို ရိပ်မိမှာ မဟုတ်ဘူး ”

ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာက တဟီးဟီး ရယ်မောလိုက်၏။

လမ်းမထက်၌မူ...

လီကျောက်ခွန်နှင့် စက္ကူလူရုပ်လေးတို့သည် ငါးမီတာခန့် အကွာအဝေးတွင် မျက်နှာချင်းဆိုင် ထိုင်နေကြ၏။ သူတို့နှစ်ဦး၏ အလယ်ဗဟိုတွင် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ရပ်နေပြီး၊ သူတို့နှစ်ဦးစလုံးကို ရိုသေစွာ ဦးညွှတ်လျက်...

“အမတ ဆရာသခင် နှစ်ပါးခင်ဗျာ... ကျွန်တော် သဘောကျနေတဲ့ မိန်းကလေး တစ်ယောက် ရှိပါတယ်။ သူ့ နာမည်က ‘လျိုစုစု’ တဲ့... သူ့မှာ အရင်က ယောက်ျား ဘယ်နှယောက်လောက် ရှိခဲ့ဖူးလဲဆိုတာ ကျွန်တော် သိချင်လို့ပါ ခင်ဗျာ ”

ဤစကားကို ကြားလိုက်ရသည့်အခါတွင်မူ ပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ ရယ်ချင်စိတ်ကို မနည်းပင် အောင့်ထားလိုက်ကြရ၏။ လူတိုင်းက ထိုလူလတ်ပိုင်း အမျိုးသားကို အံ့ဩတကြီး စိုက်ကြည့်နေကြ၏။ သူ၏ မေးခွန်းမှာ တကယ့်ကို ထူးဆန်းလွန်းလှသည် မဟုတ်ပါလော။ အကယ်၍ အဖြေကသာ မကောင်းခဲ့ဘူးဆိုလျှင်၊ ထို ‘လျိုစုစု’ ဆိုသည့် မိန်းကလေးမှာ လူပုံလယ်၌ အရှက်ကွဲတော့မည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။

“ဒီမေးခွန်းက လွယ်ပါတယ် ”

စက္ကူလူရုပ်လေးက ချက်ချင်းပင် မန္တန်ဖော်ဆောင်သည့် အမူအရာကို ပြုလုပ်လိုက်သော်လည်း၊ လက်တွေ့တွင်မူ ၎င်းမှာ ဟန်ပြသက်သက်မျှသာ ဖြစ်သည်။ လက်ဖက်ရည်ဆိုင်တွင် ရှိနေသော တကယ့် ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာက အဝေးမှနေ၍ ထိုလူလတ်ပိုင်း အမျိုးသား၏ ဆံပင်တစ်ပင်ကို ရယူလိုက်ကာ စတင် ဟောကိန်း ထုတ်လိုက်တော့၏။

နေရာမှာပင်... လီကျောက်ခွန်သည်လည်း ဟောကိန်း ထုတ်မှုများကို စတင်နေခဲ့ပြီ ဖြစ်သည်။

“ယောက်ျား တစ်ဆယ့်သုံးယောက်... ... ... ”

မကြာမီမှာပင် စက္ကူလူရုပ်လေးက အဖြေပေးလိုက်ရာ၊ လူလတ်ပိုင်း အမျိုးသား၏ ပါးစပ်မှာ တွန့်ကွေးသွားခဲ့ပြီး မျက်ဝန်းများအတွင်း၌လည်း ထိတ်လန့်မှုများ ပြည့်နှက်သွားရှာတော့၏။

“အင်း... ဟုတ်တယ်၊ ယောက်ျား တစ်ဆယ့်သုံးယောက်ပဲ ”

လီကျောက်ခွန်ကလည်း ဝင်ရောက် ပြောဆိုလိုက်သည်။

“ဒါ့အပြင်... တစ်ယောက်က အသက် ခြောက်ဆယ်၊ သုံးယောက်က အသက် ငါးဆယ်... ကျန်တဲ့သူတွေကတော့ အသက် နှစ်ဆယ်နဲ့ သုံးဆယ် ဝန်းကျင်တွေပဲ ”

“ဟေ... ... ... ”

အပေါ်ထပ် လက်ဖက်ရည်ဆိုင်ရှိ ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ၏ အကြည့်များမှာ စူးရှသွား၏။ သူသည် လျိုစုစုတွင် ယောက်ျား ဆယ့်သုံးယောက် ရှိဖူးကြောင်းကိုသာ ဟောကိန်း ထုတ်နိုင်ခဲ့ပြီး၊ ထိုလူများ၏ အသက်အရွယ်များကိုမူ ဟောကိန်း မထုတ်နိုင်ခဲ့ပါချေ။ လီကျောက်ခွန်က ဤအရာများကိုပါ ဟောကိန်း ထုတ်နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့သလို၊ ဤမျှ လျင်မြန်လိမ့်မည်ဟုလည်း မျှော်လင့်မထားခဲ့ပေ။

သို့သော်လည်း ဤကိစ္စကို အတည်ပြုရန်တော့ လိုအပ်သေးသည် မဟုတ်ပါလော။ ထို့ကြောင့် စက္ကူလူရုပ်လေးက...

“ဒါကို အတည်ပြုဖို့ လိုတယ်။ တစ်ယောက်ယောက် လျိုစုစုကို ဒီကို ခေါ်လာခဲ့စမ်း ”

ဟု အမိန့်ပေးလိုက်သည်။

ထိုအခါ၊ ရှေ့ဖြစ်ဟော မေးချင်နေသော လူလတ်ပိုင်း အမျိုးသားက ကပျာကယာ ဝင်တားလိုက်၏။

“နေပါဦး... နေပါဦး... အမတ ဆရာသခင်တို့ရယ်... အဲဒီလို မလုပ်ပါနဲ့။ စုစုမှာ ယောက်ျား ဘယ်နှစ်ယောက်ပဲ ရှိခဲ့ဖူးပါစေ၊ ကျွန်တော်က သူ့ရဲ့ နောက်ဆုံး ယောက်ျား ဖြစ်ဖို့ ဆန္ဒရှိပါတယ် ခင်ဗျာ ”

“ဝိုး... ... ... ”

ပတ်ဝန်းကျင်မှ ကြည့်ရှုနေသော လူများ အားလုံးမှာ အံ့အားသင့်သွားကြရ၏။

“ဒါဆို ဒီပွဲမှာ ဘယ်သူနိုင်လဲ ”

စက္ကူလူရုပ်လေးက မျက်မှောင်ကြုတ်ရင်း တင်းမာသော အသံဖြင့် မေးမြန်းလိုက်သည်။

“အမတဆရာသခင် လီ ရဲ့ ဟောကိန်း ထုတ်မှုက ပိုပြီး အသေးစိတ်ကျတယ်... ဒါကြောင့် သူက အနိုင်ပဲ ”

ကြည့်ရှုနေသူများ အားလုံးက တစ်သံတည်း အဖြေပေးလိုက်ကြ၏။

“ဒါ... ... ... ”

အပေါ်ထပ်ရှိ ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာမှာ လက်ဖက်ရည်ကိုတောင် သီးသွားမတတ် ဖြစ်သွားရ၏။ သူ အနည်းငယ် မကျေနပ်သော်လည်း၊ လူအများအပြားက သတ်မှတ်လိုက်သည်ဖြစ်ရာ လီကျောက်ခွန် အနိုင်ရသွားသည်ကို သူ လက်ခံလိုက်ရတော့သည်။

“နောက်ထပ် လေးပွဲ ကျန်သေးတာပဲ... လောစရာ မလိုပါဘူးလေ ”

ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာက မိမိဘာသာ တီးတိုး ရေရွတ်လိုက်၏။ သူနှင့် လီကျောက်ခွန်တို့သည် လူငါးယောက်ကို ရွေးချယ်ကာ သူတို့၏ မေးခွန်းများကို ဟောကိန်း ထုတ်ဖြေဆိုပေးရန် သဘောတူထားခြင်း ဖြစ်သည်။ ငါးပွဲတွင် သုံးပွဲ အရင်နိုင်သူက အနိုင်ရမည် ဖြစ်သည်။

“ဒုတိယ မေးခွန်းမေးမယ့်သူ ဘယ်သူရှိလဲ ”

လီကျောက်ခွန်က ပရိသတ်များကို လှမ်းမေးလိုက်သည်။

ပြိုင်ပွဲပြုလုပ်နေစဉ်အတွင်း မေးခွန်းမေးရသည်မှာ အခမဲ့ ဖြစ်သဖြင့်၊ လူတစ်ဦးက ချက်ချင်းပင် ရှေ့သို့ ထွက်လာခဲ့၏။ သူမမှာ ပုဝါပါးလေးဖြင့် မျက်နှာကို ဖုံးအုပ်ထားသော ကျက်သရေရှိသည့် လူလတ်ပိုင်း အမျိုးသမီး တစ်ဦးပင် ဖြစ်သည်။ သူမက သူတို့နှစ်ဦးကို ရိုသေစွာ ဦးညွှတ်လိုက်ပြီး...

“အမတ ဆရာသခင် နှစ်ပါးရှင်... ကျွန်မမှာ သမီး ကိုးယောက် ရှိပါတယ်။ ဒါပေမဲ့ ဘယ်သမီးက ကျွန်မ အမျိုးသားရဲ့ အစစ်အမှန် သွေးသားလဲဆိုတာ ကျွန်မ သေချာ မသိဘူး ဖြစ်နေလို့ပါရှင်...။ သူ တမလွန်မှာ အေးအေးချမ်းချမ်း အနားယူနိုင်အောင်လို့ အမှန်တရားကို ဖော်ထုတ်ပေးနိုင်မလား သိချင်ပါတယ်ရှင် ”

“ပလွတ်... ... ... ”

ဤတစ်ကြိမ်တွင်မူ လူတိုင်း တကယ်ကိုပင် သီးကုန်ကြပြီ ဖြစ်သည်။ လူအုပ်ကြီးမှာ လူလတ်ပိုင်း အမျိုးသမီးကို မျက်လုံးပြူးလျက် ကြည့်နေကြသည်။ သူမ၏ နောက်ကျောဘက်တွင် ဦးချိုများ ထွက်နေသော၊ ကွယ်လွန်သွားပြီဖြစ်သည့် အမျိုးသားကြီးကိုပင် သူတို့ မြင်ယောင်နေကြသည့်နှယ် ရှိ၏။

“ဒီမိန်းမ... မိန်းမကျင့်ဝတ်ကို လုံးဝ မစောင့်ထိန်းပါလား ”

ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာက စက်ဆုပ်ရွံရှာသော အမူအရာဖြင့် ကြည့်လိုက်သော်လည်း၊ သူသည်လည်း ဟောကိန်း ထုတ်မှုများကို စတင်လိုက်သည်။

လီကျောက်ခွန်သည်လည်း သူ၏ ဟောကိန်း ထုတ်မှုများကို စတင်လိုက်ကာ၊ သူ၏ တွေ့ရှိချက်များကို စက္ကူလေး တစ်ရွက်ပေါ်တွင် ရေးချလျက် လူလတ်ပိုင်း အမျိုးသမီးထံသို့ ကမ်းပေးလိုက်၏။ စက္ကူလူရုပ်လေးမှာလည်း မကြာမီမှာပင် ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာထံမှ အချက်အလက်များ ရရှိသွားပြီး၊ ရလဒ်များကို ရေးချကာ လူလတ်ပိုင်း အမျိုးသမီးထံသို့ ကမ်းပေးလိုက်သည်။

“အို... သမီး တစ်ယောက်မှ ငါ့ယောက်ျားရဲ့ ကလေး မဟုတ်ဘူးတဲ့လား... ငါ ဘယ်လိုလုပ်ရမလဲ ”

အဖြေနှစ်ခုလုံးကို မြင်တွေ့လိုက်ရသည့်အခါ လူလတ်ပိုင်း အမျိုးသမီး၏ မျက်နှာမှာ သွေးဆုတ်သွားရှာတော့သည်။ ထို့နောက်တွင်မူ သူမက စက္ကူနှစ်ရွက်လုံးကို လေထဲသို့ မြှောက်ပြလိုက်၏။

စက္ကူလူရုပ်လေးထံမှ စက္ကူပေါ်တွင် “တစ်ယောက်မှ မဟုတ်ပါ” ဟူသော စာသားလေးသာ ရေးသားထားသော်လည်း၊ လီကျောက်ခွန်၏ စက္ကူပေါ်တွင်မူ အစ၌ “တစ်ယောက်မှ မဟုတ်ပါ” ဟု ရေးသားထားပြီးနောက်၊ သမီးကိုးယောက်လုံး၏ ဖခင်များ၏ နာမည်များကို အသေးစိတ် ရေးသားထား၏။ အဆိုးရွားဆုံး အချက်မှာကား... သမီးကိုးယောက်လုံးမှာ ဖခင်မတူကြခြင်းပင် ဖြစ်သည်။

“ငါ ထပ်ရှုံးပြန်ပြီပဲ ”

ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာက မျက်မှောင်ကြုတ်လိုက်မိသည်။ လီကျောက်ခွန်၏ ဟောကိန်း ထုတ်ခြင်း နည်းလမ်းမှာ တကယ်ကိုပင် စွမ်းအားကြီးမားလှပြီး၊ မိမိထက် အများကြီး ပိုမို အသေးစိတ်ကျသလို အဆင့်အတန်းလည်း မြင့်မားကြောင်း သူ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

“ကြည့်ရတာ ဒီလူက တကယ့်ကို အစွမ်းအစ ရှိတဲ့သူပဲ။ လက်ရှိ ငါ့ရဲ့ ဟောကိန်း ထုတ်နိုင်စွမ်းနဲ့ဆိုရင်တော့ လောလောဆယ် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ဆုတ်ခွာဖို့ အချိန်တန်ပြီပဲ ”

နှစ်ပွဲမျှသာ ယှဉ်ပြိုင်ပြီးသည်နှင့် ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာသည် မိမိ၏ အားနည်းချက်ကို လက်ခံလိုက်၏။ သူသည် လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကို သတိလစ်သွားအောင် ရိုက်နှက်လိုက်ပြီး၊ ဝိညာဉ်ကျောက်တုံးများ အကုန်လုံးကို ခိုးယူကာ အလျင်အမြန်ပင် ထွက်ပြေး လွတ်မြောက်သွားတော့သည်။

လမ်းမထက်၌မူ... စက္ကူလူရုပ်လေးက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး -

ပြောဆိုလိုက်၏။

“မင်း နိုင်ပါတယ် ”

ထိုသို့ ပြောပြီးသည်နှင့် သူက ထိုက်ရှီ ကုလားထိုင်ကို ချက်ချင်း ကောက်မကာ ဝေးကွာသော နေရာဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွားလိုက်ရာ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့၏။

ဤမြင်ကွင်းကို ကြည့်နေသော လူအုပ်ကြီး၏ မျက်နှာပေါ်တွင်မူ ထူးဆန်းသော အမူအရာများ ပေါ်လာကြသည်။

“ဒီကောင်... အစတုန်းကတော့ မောက်မောက်မာမာနဲ့... အခု နှစ်ပွဲလောက်ပဲ ရှိသေးတယ်၊ ကုလားထိုင်ကို ပွေ့ပြီး ပြေးသွားပြီ... တကယ့်ကို ရယ်စရာကောင်းလိုက်တာကွာ ”

တစ်စုံတစ်ယောက်က မအောင့်နိုင်ဘဲ လှောင်ပြောင်လိုက်၏။

ထို့နောက်တွင်မူ လူအုပ်ကြီး၏ ဝါးလုံးကွဲမတတ် ရယ်မောသံကြီးများမှာ လမ်းမထက်၌ ပဲ့တင်ထပ်သွားတော့၏။

“ဝါးဟားဟား …ဝါးဟားဟားဟားဟား…”

ဝေးကွာသော နေရာတစ်ခု၌မူ...

ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောဆရာ၏ နှာခေါင်းမှာ ဒေါသထွက်လွန်းသဖြင့် ကောက်ကွေးသွားခဲ့ရတော့သည်။

--

All Chapters