အခန်း ၅၅၇
Vol. 38 Ch. 557
အခန်း (၅၅၇) - ထိတ်လန့်သွားခြင်း ၊ ကပ်ဘေးကို ဖြိုခွဲလိုက်သော ထီးလေးနှင့် အားလုံး အံ့အားသင့်သွားကြခြင်း
~“ငါ နိုင်သွားတာလား ”
လီကျောက်ခွန်သည် ထိုက်ရှီ ကုလားထိုင်ကို မ,ကာ ထွက်ပြေးသွားသော ထူးဆန်းသည့် လူငယ်ကို ကြည့်ရင်း သူ၏ ဦးခေါင်းကို ကုတ်လိုက်မိ၏။ တစ်ဖက်လူက ဤမျှ လျင်မြန်စွာ အရှုံးပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“နှမြောစရာပဲ... ငါ သူ့ရဲ့ ဟောကိန်း ထုတ်ခြင်း နည်းလမ်းတွေကိုတောင် ခိုးယူဖို့ မမီလိုက်ဘူး ”
လီကျောက်ခွန်သည် ထိုလူငယ်၏ လက်ချောင်းများ လှုပ်ရှားပုံကို ပြန်လည် စဉ်းစားကြည့်လိုက်ရာ ၎င်းမှာ ရှုပ်ထွေးပွေလီလှပြီး အမှန်တကယ် ဟောကိန်း ထုတ်နိုင်စွမ်း မရှိသလို ခံစားလိုက်ရသည်။ ထိုသို့ တွေးတောရင်း သူသည် သူ၏ မိစ္ဆာချီ အချို့ကို အသုံးပြုကာ ထိုဆန်းကြယ်သော လူငယ်၏ မူလ ဇစ်မြစ်ကို ဟောကိန်း ထုတ်ကြည့်လိုက်၏။
“ ဝူး... ... ... ”
မိစ္ဆာချီ များမှာ စုစည်းလာကြကာ လေထဲတွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး ကုလားထိုင်ကို မ,ကာ ထွက်ပြေးနေသော လူငယ်၏ ပုံရိပ်ကို ပြသလိုက်၏။ သို့သော်လည်း ရုတ်တရက်ဆိုသလို ထိုပုံရိပ်မှာ ပုံပျက်သွားတော့သည်။
ထိုလူငယ်မှာ တကယ်တမ်းတွင်တော့ စက္ကူအရုပ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“တစ်ဖက်လူက စက္ကူလူ ဖြစ်နေတာကိုး။ ငါ အခုမှ သဘောပေါက်တော့တယ်... တစ်စုံတစ်ယောက်က မျက်စိလှည့်စားဖို့အတွက် စက္ကူကိုယ်ပွား အတတ်ကို သုံးလိုက်တာပဲ ၊ သူ့ရဲ့ တကယ့်ကိုယ်ထည်က အနားမှာ ရှိနေနိုင်ပေမဲ့ လူကိုယ်တိုင် မထွက်လာရဲဘူး ထင်တယ် ”
လီကျောက်ခွန်သည် အခြေအနေကို ချက်ချင်းပင် သဘောပေါက်သွားတော့၏။ သူသည် ဖြစ်ပျက်သမျှကို ဘေးနားရှိ လူများအား ပြန်လည် ပြောပြလိုက်၏။
ဝမ်ဖင်းအန်းသည် ချက်ချင်းပင် အသက်ရှူမှားသွားကာ ကြောက်လန့်တကြား ဆိုလိုက်သည်။
“ငါတို့တွေ အဖမ်းခံရတော့မှာ မဟုတ်ဘူးလား ”
လူတိုင်း၏ နှုတ်ခမ်းဖျားများမှာ တုန်ခါသွားကြရတော့၏။ ဝမ်ဖင်းအန်း ၏ ပါးစပ်မှာ တကယ့်ကို ထူးခြားလှသည်။ သူ ပါးစပ်ဟလိုက်တိုင်း တကယ့်ကို ကောင်းမွန်သော အရာ သို့မဟုတ် အလွန် ဆိုးဝါးသော အရာတစ်ခုခု ဖြစ်ပေါ်တတ်သည် မဟုတ်ပါလော။
“တစ်ဖက်လူက စက္ကူကိုယ်ပွား ကိုပဲ စေလွှတ်ခဲ့တာဆိုတော့ သူကိုယ်တိုင် ထွက်မလာရဲတာ သေချာပါတယ်... ဒါကြောင့် ငါတို့ ဘေးကင်းပါတယ် ” လုံထျန်းရှင်းက ပြောလိုက်၏။
“အကယ်လို့ သူတို့ တကယ် လာရဲတယ်ဆိုရင်လည်း ငါတို့ဆီမှာ အစ်ကိုကြီး ခေါင်းပြား ရှိတာပဲလေ ” ချောင်ကျားရှီးက စားပွဲပေါ်တွင် မှောက်လျက် အိပ်ပျော်နေသော ပုံရိပ်ကို လက်ညှိုးညွှန်ပြလိုက်၏။
“ဝိုး ”
တိုက်ပွဲ ဖြစ်တော့မည်ဟူသော အသံကို ကြားလိုက်ရသည်နှင့် အစ်ကိုကြီး ခေါင်းပြား မှာ ချက်ချင်းပင် နိုးထလာကာ တက်ကြွသွားတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ တပည့်များ အားလုံးမှာ ဘာမှ မတတ်နိုင်တော့ဘဲ ရှိနေကြရ၏။ အစ်ကိုကြီး ခေါင်းပြား သည် အစစအရာရာ ကောင်းမွန်သော်လည်း တိုက်ခိုက်ရသည်ကို အလွန်အမင်း ဝါသနာပါလွန်းလှပြီး မည်သူ့ကိုမျှလည်း မကြောက်ပေ။ သူတော်စင်တစ်ပါး ပေါ်လာလျှင်ပင် သူသည် ဝေခွဲမနေဘဲ ဝင်ရောက် တိုက်ခိုက်မည်မှာ သေချာလှ၏။
“ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ ” ဝမ်ဖင်းအန်းက လီကျောက်ခွန်ကို ကြည့်ကာ မေးလိုက်၏။ “ဒီမြို့ကနေ အရင် ထွက်သွားကြမလား ”
“ငါ့ရဲ့ မိစ္ဆာချီ တွေ အများကြီး ကုန်သွားပြီလေ ။ ငါ အဲဒါတွေကို ပြန်ပြီး ဖြည့်တင်းဖို့ လိုအပ်တယ်... ဒါကြောင့် ငါတို့ ဒီကနေ ထွက်သွားဖို့ လိုတာ အမှန်ပဲ ” လီကျောက်ခွန်က ပြောလိုက်၏။
“ကောင်းပြီ... ဒါဆိုရင်တော့ ခရီးဆက်ကြတာပေါ့ ”
တပည့်များမှာ အလျင်အမြန်ပင် ဆိုင်သိမ်းလိုက်ကြကာ မြို့အတွင်းရှိ ကျင့်ကြံသူများ၏ နှမျောတသ ဖြစ်နေသော အကြည့်များအောက်တွင် တဖြည်းဖြည်းနှင့် မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ် သွားကြတော့သည်။
မှောင်ရိပ်ထဲ၌မူ၊
ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟောသည် လီကျောက်ခွန် ထွက်ခွာသွားသော လမ်းကြောင်းကို ကြည့်ရင်း သူ၏ မျက်ဝန်းများအတွင်း၌ သတိထားရမည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
“ဒီလူရဲ့ ဟောကိန်း ထုတ်ခြင်း အတတ် က ငါ့ထက်တောင် ပိုပြီး နက်နဲနေတာပဲ... ကိုင်တွယ်ရ တော်တော် ခက်လိမ့်မယ် ။ သူက တကယ့် ပညာရှင်ဆိုတော့ ငါ သွားပြီး ရန်မစတာ
အကောင်းဆုံးပဲ ”
သူ မသိသည်မှာ လီကျောက်ခွန်မှာ တကယ်တမ်းတွင်တော့ အတွေ့အကြုံ မရှိသေးသော လူသစ်တစ်ဦးသာ ဖြစ်နေခြင်းပင်။ သူ ဤမျှအထိ အသေးစိတ်ကျကျ ဟောကိန်း ထုတ်နိုင်ရခြင်းမှာ သူ၌ ဟောကိန်း ထုတ်ခြင်း အတတ် နှင့် အလွန် လိုက်ဖက်လှသော မြင့်မြတ်သော ဝိညာဉ် ခန္ဓာကိုယ် ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။
ပို၍ အရေးကြီးသော အချက်မှာ လီကျောက်ခွန် အသုံးပြုနေသော ဟောကိန်း ထုတ်ခြင်း အတတ် မှာ ယဲ့ဖုန်းက ဉာဏ်အလင်းပွင့် နှလုံးသား ကို အသုံးပြုကာ အသစ်တစ်ဖန် ပြုပြင်မွမ်းမံထားသော နည်းလမ်း ဖြစ်နေခြင်းကြောင့်ပင်။ ဤနည်းလမ်းမှာ အလွန်ပင် ဆန်းကြယ်လှ၏။ လီကျောက်ခွန်၏ လက်ရှိ အရည်အချင်းမှာ မူလနတ်ဘုရား အဆင့် ရှိသော ရှေ့ဖြစ်ဟောများကို မယှဉ်နိုင်သေးစေဦးတော့၊ ဝိညာဉ်ပင်လယ်အဆင့် မှာ ရှိနေကြသော စက္ကူယပ်တောင် သခင်လေး နှင့် ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟော တို့ကိုတော့ အသာလေး အနိုင်ယူနိုင်စွမ်း ရှိသည်။
၎င်းနောက်တွင်တော့ လီကျောက်ခွန်နှင့် သူ၏ အဖွဲ့သားများသည် ခရီးကို ဆက်လက် လျှောက်လှမ်းခဲ့ကြ၏။ ရွှေခေါင်းလောင်း ရှေ့ဖြစ်ဟော ကမူ တိတ်ဆိတ်စွာ ပုန်းအောင်းနေရန်သာ ဆုံးဖြတ်လိုက်တော့သည်။ သူသည် တစ်ကျော့ပြန် နိုးထလာခဲ့သည်မှာ မကြာသေးသဖြင့် လက်ရှိ ကမ္ဘာကြီး၏ အခြေအနေနှင့် အင်အားစု အသီးသီး၏ ပြောင်းလဲမှုများကို သေသေချာချာ နားလည်အောင် အရင် လုပ်ဆောင်ရန် လိုအပ်သည် မဟုတ်ပါလော။
...
ကောင်းကင်ထစ်ချုန်းမြို့ ၊ လေဝူ မင်းဆက် ၏ နန်းတော် ။
ယဲ့ဖုန်း ၊ ဟူဖေးဖေး နှင့် လေဝူ ဧကရာဇ် တို့သည် ဝိုင်းစက်သော စားပွဲတစ်ခု၌ ထိုင်ကာ အကြောင်းအရာ အစုံအလင်ကို ပြောဆို ဆွေးနွေးနေကြ၏။ သူတို့ လေဝူ မင်းဆက် ၏ နန်းတော်သို့ ရောက်ရှိနေခဲ့သည်မှာ ရက်အနည်းငယ် ရှိခဲ့ပြီ ဖြစ်သည်။
ဤအတောအတွင်း ယဲ့ဖုန်းနှင့် ဟူဖေးဖေးတို့မှာ ဤနေရာ၌ အမြင့်ဆုံးသော ဧည့်ဝတ်ပြုမှုများကို ခံယူနေကြရပြီး အသားဖြူဖြူ ၊ ရုပ်ရည်ချောမောကာ ခြေတံရှည်ရှည်နှင့် လှပလှသော ကောင်းကင်ထစ်ချုန်းမြို့ မှ မိန်းကလေးများကို ကြည့်ရင်း စိတ်လက် ကြည်သာနေကြ၏။
“မြောင်... မြောင် ”
မိုးက်ြိုးသားရဲ ပေါက်စလေးသည် စားပွဲပေါ်၌ လဲလျောင်းနေလျက် ရံဖန်ရံခါ အသံလေးများ ပြုလုပ်နေရာ ၎င်းမှာ အလွန်ပင် ချစ်စရာ ကောင်းလှသည်။ သူသည် သူ၏ မျက်လုံး ဝိုင်းဝိုင်းကြီးများဖြင့် ယဲ့ဖုန်းကို စိုက်ကြည့်နေ၏။ ထိုမျှော်လင့်ချက် အပြည့်နှင့် အကြည့်များမှာ ယဲ့ဖုန်းကို မိမိနှင့် ကစားပေးရန် တောင်းဆိုနေသည့်အလားပင်။
“ကလေးလေး... မင်း ကောင်းကင်ထစ်ချုန်းမြို့ ကို သဘောကျရဲ့လား ”
ယဲ့ဖုန်းက သူ၏ လက်ကို ဆန့်ထုတ်ကာ မိုးက်ြိုးသားရဲလေး၏ ဗိုက်ကို ပုတ်လိုက်ရာ ၎င်းမှာ တခိခိနှင့် ရယ်မောနေတော့သည်။
“ဂိုဏ်းချုပ် ယဲ့... ဂိုဏ်းချုပ်က ကောင်းကင်ထစ်ချုန်းမြို့ မှာ တပည့်တွေ စုဆောင်းမယ်လို့ ပြောခဲ့တာ မဟုတ်လား။ ဘာလို့ အခုထိ ဘာလှုပ်ရှားမှုမှ မရှိသေးတာလဲ ” လေဝူ ဧကရာဇ်က မနေနိုင်ဘဲ မေးမြန်းလိုက်၏။
ဤအတောအတွင်း သူသည် ယဲ့ဖုန်းထံမှ နတ်ဘုရားစွမ်းရည် အချို့ကို သင်ယူခွင့် ရရှိခဲ့သဖြင့် များစွာ အကျိုးကျေးဇူး ရှိခဲ့ရာ ယဲ့ဖုန်းအပေါ် ပိုမို အထင်ကြီး လေးစားလာခဲ့ခြင်းပင်။ သူ၏ အမြင်တွင်တော့ ကောင်းကင်ထစ်ချုန်းမြို့ မှ မျိုးဆက်သစ်များ မြူခိုးဂိုဏ်း သို့ ဝင်ခွင့်ရမည်ဆိုပါက ၎င်းမှာ တကယ့်ကို ကံကောင်းလှသော ကိစ္စတစ်ခု ဖြစ်ပေလိမည် ။
“မလောပါနဲ့ဗျ ” ယဲ့ဖုန်းက လက်ယမ်းပြလိုက်၏။
မြူခိုးဂိုဏ်း သည် ကောင်းကင်ထစ်ချုန်းမြို့ ၌ လူသိပ်မသိသေးသဖြင့် တပည့်များ မစုဆောင်းမီမှာ အရင်ဆုံး နာမည်ရအောင် လုပ်ဆောင်ရမည် မဟုတ်ပါလေား။
“ဝုန်း... ဝုန်း... ဝုန်း... ... ... ”
ထိုအခိုက်အတန့်၌ ကောင်းကင်ထစ်ချုန်းမြို့ တစ်ခုလုံး၌ ပြင်းထန်လှသော ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားတော့သည်။
“ဂုဏ်ပြုပါတယ်၊ လေဝူ ဧကရာဇ် ခင်ဗျာ... မင်းကြီးရဲ့ အင်အားစုထဲမှာ နောက်ထပ် မူလနတ်ဘုရား အဆင့် ရှိတဲ့ တန်ခိုးရှင် တစ်ယောက် ပေါ်ထွက်လာတော့မယ် ထင်တယ် ”
ယဲ့ဖုန်းက လက်နှစ်ဖက်ကို ဆုပ်လျက် ဂုဏ်ပြုလိုက်၏။ ပြင်ပမှ ကြားနေရသော ထစ်ချုန်းသံများမှာ ကျင့်ကြံသူ တစ်ဦး မူလနတ်ဘုရား အဆင့် သို့ တက်လှမ်းသည့် အချိန်၌ ဖြစ်ပေါ်တတ်သော ကိုးဆင့် ကောင်းကင်ဘုံ ကပ်ဘေး ပင် ဖြစ်သည်။
“ဟားဟား... အဲဒါ ဝူ မိသားစု ရဲ့ အရှင်သခင် ပါ ။ သူ ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် မှာ ပိတ်မိနေတာ နှစ်ပေါင်း ရာနဲ့ချီ နေပြီလေ... အခုတော့ နောက်ဆုံးတော့ အဆင့်ချိုးဖြတ်သွားပြီပေါ့ ” လေဝူ ဧကရာဇ်က ရယ်မောလျက် ပြောလိုက်၏။
ဝေးကွာလှသော ကောင်းကင်ယံထက်၌...
ကပ်ဘေးတိမ်တိုက် တစ်ခုမှာ ပေါက်ကွဲထွက်လာ၏။
ရွှေရောင် မိုးကြိုး အလင်းတန်းများမှာ တလိမ့်လိမ့် ကျဆင်းလာရာ လေထဲရှိ စိမ်းပြာရောင် ဝတ်စုံဝတ် အမျိုးသားမှာ တစ်ကိုယ်လုံး အနက်ရောင် မူးတူးသွားသည်အထိ အဆက်မပြတ် အရိုက်ခံနေရတော့၏။
“မကောင်းတော့ဘူး... မိသားစု အရှင်သခင် ကတော့ မိုးကြိုးတွေကြောင့် သေသွားတော့မှာပဲ ”
“ငါတို့ ဘာလုပ်ကြမလဲ ”
ကောင်းကင်ထစ်ချုန်းမြို့ အတွင်း၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော အသံများ ထွက်ပေါ်လာ၏။ လေဝူ ဧကရာဇ်သည် မိုးကြိုးများ၏ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံနေရကာ အသက်ပျောက်လုနီးပါး ဖြစ်နေသော ဝူ မိသားစု အရှင်သခင် ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်မိ၏။
သူသည် ဝင်ရောက် ကူညီပေးချင်သော်လည်း ကိုးဆင့် ကောင်းကင်ဘုံ ကပ်ဘေး ကို ပြင်ပလူက ဝင်ရောက် စွက်ဖက်၍ မရပေ။ မဟုတ်လျှင် သူကိုယ်တိုင်ပင် ထိုကပ်ဘေး၏ ဒဏ်ကို ခံရမည် မဟုတ်ပါလေား။
ကောင်းကင်ယံထက်၌မူ၊ပြတ်သားသော မျက်နှာထားရှိသည့် ဝူ မိသားစု အရှင်သခင် သည် ကောင်းကင်ယံ၌ ထပ်မံ ဖြစ်ပေါ်နေသော ကိုးဆင့် ကောင်းကင်ဘုံ ကပ်ဘေး ကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ခံစားလိုက်ရ၏။
“ဟူး... ကောင်းကင်ဘုံက ငါ့ကို ဖျက်ဆီးချင်နေတာပဲ ”
သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ကောင်းကင်ယံကို ကြည့်ပြီး ဟိန်းဟောက်လိုက်၏။
“အရှင်သခင် ”
ဝူ မိသားစု မှ ကျင့်ကြံသူ အားလုံးမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြကာ သူတို့၏ မျက်ဝန်းများမှာလည်း မျက်ရည်များဖြင့် ပြည့်နှက်နေ၏။
အရှင်သခင် သည် သူတို့ မိသားစု၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်သည်။ အကယ်၍ သူသာ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့မည်ဆိုပါက ဝူ မိသားစု မှာ ကြယ် (၃) ပွင့် အဆင့် အင်အားစု တစ်ခု ဖြစ်လာမည် ဖြစ်ပြီး အဆင့်အတန်းမှာလည်း တစ်ဟုန်ထိုး မြင့်တက်သွားကာ အနာဂတ် တိုးတက်မှုများမှာလည်း ပေါက်ကွဲထွက်လာမည် ဖြစ်သည်။ သို့သော်လည်း ယခုမူ အရှင်သခင် မှာ ဆက်လက် တောင့်မခံနိုင်တော့ပေ။
လူတိုင်းမှာ မျှော်လင့်ချက် ကင်းမဲ့ခြင်းများကို ခံစားလိုက်ကြရ၏။
“ပြင်းထန်သော မိုးကြိုး ဝရဇိန်ထီး... ပွင့်စမ်း ”
လူတိုင်း ဘာလုပ်ရမှန်း မသိ ဖြစ်နေကြချိန်မှာပင် ယဲ့ဖုန်းသည် စက္ကူထီးလေး တစ်လက်ကို လေထဲသို့ ပစ်တင်လိုက်ရာ ၎င်းမှာ ဟင်းလင်းပြင်ထက်၌ ဝေ့ဝဲကာ ပွင့်ကားသွား၏။
“ ဝူး ”
ဝရဇိန်ထီး ၏ မျက်နှာပြင်မှာ အနည်းငယ် တုန်ခါသွားသည်နှင့်အမျှ ကျဆင်းလာသော ကိုးဆင့် ကောင်းကင်ဘုံ ကပ်ဘေး ၏ မိုးကြိုးများမှာ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် လမ်းကြောင်း လွဲသွားတော့၏။ ၎င်းတို့သည် မျှော်လင့်ချက် ကင်းမဲ့နေသော ဝူ မိသားစု အရှင်သခင် ဆီသို့ မကျရောက်တော့ဘဲ ပြင်းထန်သော မိုးကြိုး ဝရဇိန်ထီး ၏ ဝါးမြိုခြင်းကိုသာ ခံလိုက်ကြရတော့သည်။
“ဘယ်သူ ကူညီပေးလိုက်တာလဲ ”
“ကောင်းကင်ဘုံ ကပ်ဘေး ကို ဝင်ပြီး စွက်ဖက်လို့ မရဘူး မဟုတ်လား ”
အင်အားစု အသီးသီးမှ ခေါင်းဆောင်များမှာ ဤအဖြစ်အပျက်ကို စောင့်ကြည့်နေကြ၏။ ဝူ မိသားစု အရှင်သခင် မှာ ဆက်လက် တောင့်ခံနိုင်တော့မည် မဟုတ်ဟု သူတို့ ထင်မှတ်ခဲ့ကြသော်လည်း အရေးကြီးဆုံး အချိန်မှာပင် ထူးဆန်းသော စက္ကူထီးလေး တစ်လက် ပေါ်ထွက်လာကာ မိုးကြိုးများကို ဝါးမြိုပစ်လိုက်သည် မဟုတ်ပါလော။
“ဂိုဏ်းချုပ် ယဲ့... ဒါက ဘယ်လိုမျိုး ဝိညာဉ်ရတနာ မို့လို့ ကိုးဆင့် ကောင်းကင်ဘုံ ကပ်ဘေး ကိုတောင် ဝါးမြိုနိုင်ရတာလဲ ” လေဝူ ဧကရာဇ်က အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
“သာမန် စက္ကူထီးလေး တစ်လက်ပါပဲ ” ယဲ့ဖုန်းက လျှို့ဝှက်ဆန်းကြယ်သော မျက်နှာပေးဖြင့် ပြန်လည် ဖြေကြားလိုက်၏။
ဤသည်မှာ စနစ်မှ ရရှိထားသော ဆုလာဘ် ဖြစ်သဖြင့် သူသည် ပေါ်ပေါ်ထင်ထင် ဖွင့်မပြောလိုပေ။
ကောင်းကင်ယံ မြင့်မားသော နေရာ၌မူ၊ပြင်းထန်သော မိုးကြိုး ဝရဇိန်ထီး သည် ကောင်းကင်ဘုံ ကပ်ဘေး ၏ မိုးကြိုးများကို အဆက်မပြတ် ဝါးမြိုနေသဖြင့် ဝူ မိသားစု အရှင်သခင် မှာ အသက်ရှင်သန်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် လေထဲ၌ တင်ပလ္လင်ခွေ ထိုင်လိုက်ကာ မိမိကိုယ်ကိုယ် ပြန်လည် ဖြည့်တင်းရန်အတွက် သဘာဝတရား၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်ရာ မူလနတ်ဘုရား အဆင့် ပထမအလွှာ (၁) သို့ ချောမွေ့စွာပင် တက်လှမ်းနိုင်ခဲ့ပေတော့သည်။
“ ဝူး ”
မိုးကြိုးများကို ဝါးမြိုပြီးနောက် ပြင်းထန်သော မိုးကြိုး ဝရဇိန်ထီး မှာ အလိုအလျောက် ပိတ်သွားကာ လေဝူ မင်းဆက် ၏ နန်းတော်ရှိရာ အရပ်ဆီသို့ ဦးတည် ပျံသန်းသွားတော့၏။
“ဒါဆို လေဝူ ဧကရာဇ် က ကူညီပေးလိုက်တာပေါ့ ”
“လေဝူ ဧကရာဇ် ကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ ”
ပြင်းထန်သော မိုးကြိုး ဝရဇိန်ထီး ကျဆင်းသွားသော လမ်းကြောင်းကို ကြည့်ရင်း ဝူ မိသားစု အရှင်သခင် မှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် ကျေးဇူးတင်စကား ဆိုရန်အတွက် ခါးကို ညွှတ်လိုက်၏။
“အဟမ်း... အဟမ်း ။ မင်း မှားသွားပြီ... ငါ ကူညီပေးခဲ့တာ မဟုတ်ဘူး ။ ငါ့မှာ အဲဒီလောက်အထိ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ စွမ်းရည်မျိုး မရှိပါဘူး ။ ဒါက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ က ကူညီပေးခဲ့တာမို့လို့ သူ့ကိုပဲ ကျေးဇူးတင်ရမှာပါ ။ အမြန်လာပြီးတော့ ကျေးဇူးတင်စကား ဆိုစမ်း ” လေဝူ ဧကရာဇ်က အလျင်အမြန်ပင် ပြန်လည် ပြင်ဆင်ပေးလိုက်သည်။
သူ၏ အသံမှာ ကြည်လင် ပြတ်သားလှပြီး ကောင်းကင်ထစ်ချုန်းမြို့ တစ်ခုလုံး၌ ထစ်ချုန်းသွားသဖြင့် လူတိုင်းမှာ သေသေချာချာ ကြားလိုက်ရကာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
“မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ ဟုတ်လား ”
ဝူ မိသားစု အရှင်သခင် မှာ အံ့အားသင့်သွားကာ လေဝူ မင်းဆက် ၏ နန်းတော်ဆီသို့ ချက်ချင်း ပျံသန်းလာခဲ့ရာ လေဝူ ဧကရာဇ် ၏ ဘေးတွင် အေးအေးလူလူ ထိုင်နေသော ယဲ့ဖုန်းကို မြင်တွေ့လိုက်ရ၏။ ပြင်းထန်သော မိုးကြိုး ဝရဇိန်ထီး မှာမူ ယဲ့ဖုန်း၏ ဦးခေါင်းထက်၌ ပျံဝဲနေကာ ၎င်း၏ မျက်နှာပြင်ပေါ်တွင်လည်း ကြောက်မက်ဖွယ် ကောင်းလှသော လျှပ်စီးတန်းများ တဖျတ်ဖျတ် လက်နေတော့သည်။
“ဒါက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ပဲ ။ သူက မှော်ပညာ ပါရဂူကြီး တစ်ဦး ဖြစ်သလို ဟောကိန်း ထုတ်ခြင်း အတတ် မှာလည်း အရမ်း ကျွမ်းကျင်တဲ့သူပေါ့ ။ သူ့ရဲ့ ရှေ့မှောက်မှာတော့ ငါကိုယ်တိုင်တောင်မှ မျိုးဆက်သစ် တစ်ယောက်လိုပဲ ” လေဝူ ဧကရာဇ်က လေးနက်စွာ မိတ်ဆက်ပေးလိုက်၏။
“ဗျာ ”
ဝူ မိသားစု အရှင်သခင် ၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် တစ်ပိုင်း ရှိသော လေဝူ ဧကရာဇ် ပင်လျှင် မိမိကိုယ်ကိုယ် မျိုးဆက်သစ် တစ်ယောက်ဟု သတ်မှတ်နေမည်ဆိုပါက ဤ ဂိုဏ်းချုပ် ယဲ့ မှာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော ရှေးဟောင်း ဘိုးဘေးကြီး တစ်ဦး၏ အဆင့်အတန်းမျိုး ရှိနေသည် မဟုတ်ပါလော။
“ဟူး... ... ... ”
ဝူ မိသားစု အရှင်သခင် မှာ အသက်ကို ပြင်းပြင်းရှူလိုက်မိကာ မြေပြင်ပေါ်၌ ချက်ချင်း ဒူးထောက်လိုက်ပြီး ကျေးဇူးတင်စကားများကို အထပ်ထပ် ဆိုနေတော့၏။
--