အခန်း ၅၆၀
Vol. 38 Ch. 560
အခန်း (၅၆၀) - စင်မြင့်ထက်မှ ပါရမီရှင်များ၏ တိုက်ပွဲနှင့် အင်အားစုများ စုရုံးလာခြင်း
~“ဟူး... ဒီမိန်းကလေးကတော့ တကယ့်ကို အူကြောင်ကြောင်လေးပဲ... ... ... ”
ကုန်းချင်းချိုး သည် သူမ၏ ခေါင်းကို မတတ်နိုင်သလို ခါယမ်းလိုက်မိ၏။ သူမ ဆိုလိုသည်မှာ ဟ်ိုယွင်ကျဲ သည် ဓားကျင့်ရန်သာ စိတ်ဝင်စားသူဖြစ်ပြီး အကယ်၍ တစ်ဦးတစ်ယောက်က မိမိ၏ ဓားပညာ ကျွမ်းကျင်မှုကို အသုံးချကာ သူ့ကို လိုက်ဖမ်းနိုင်မည်ဟု ထင်နေပါက ထိုသူမှာ မှားယွင်းနေခြင်းပင် ဖြစ်သည်။
အကြောင်းမှာ ဟ်ိုယွင်ကျဲ အတွက် မိန်းကလေး မလိုအပ်သောကြောင့်ပင်။ စိတ်မကောင်းစရာမှာ တင်းပိုင်ရွှယ် သည် ထိုအဓိပ္ပာယ်ကို လွဲမှားစွာ နားလည်သွားခဲ့ပြီး ထိုအချက်ဖြင့်ပင် ဟ်ိုယွင်ကျဲ ၏ နှလုံးသားကို သိမ်းပိုက်နိုင်မည်ဟု ထင်မှတ်သွားခြင်း ဖြစ်သည်။
“ထားလိုက်ပါတော့လေ... ဒါက လူငယ်တွေရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပဲ မဟုတ်လား... ... ... ”
ကုန်းချင်းချိုး သည် သက်ပြင်းတစ်ချက် ချလိုက်ကာ မြူခိုးတောင်ထိပ် ဆီသို့ လှည့်ကြည့်လိုက်သော်လည်း သူမ၏ အိပ်မက်ထဲအထိ ခြောက်လှန့်နေသော ထိုခန့်ညားသည့် လူရိပ်ကိုမူ မတွေ့ရှိခဲ့ပေ။
“ဂိုဏ်းချုပ် တစ်ယောက် ဘယ်ကို ရောက်သွားပါလိမ့်... ... ... ”
သူမ၏ စကားပင် မဆုံးသေးမီမှာပင် ရေပေါ်ဖြူမြို့တော် ဘက်ဆီသို့ လှည့်ကြည့်လိုက်မိ၏။ ထိုနေရာ၌ လူရိပ်နှစ်ခုမှာ အတူတူ ချဉ်းကပ်လာနေကြသည်။ တစ်ယောက်မှာ အရပ်ရှည်ရှည် ခန့်ညားသော အမျိုးသားတစ်ဦး ဖြစ်ကာ သူ၏ ရင်ခွင်ထဲ၌ အပြာနှင့် အဖြူရောင်စပ်ထားသော ကိတ္တိယ သဏ္ဌာန် မိုးက်ြိုးသားရဲ ပေါက်စလေးကို ပွေ့ချီထားသည်။ ထိုသားရဲလေး၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မိုးကြိုး အလင်းတန်းများမှာ တဖျတ်ဖျတ် လက်နေတော့၏။
“ဂိုဏ်းချုပ် ပြန်ရောက်လာပြီ ”
ကုန်းချင်းချိုး သည် အလွန်ပင် ဝမ်းသာသွားကာ သူတို့ကို ကြိုဆိုရန် အမြန် ပြေးထွက်သွား၏။
“အကြီးအကဲ ကုန်း... ခင်ဗျား ကျင့်ကြံမနေဘူးလား ”
ယဲ့ဖုန်း သည် ကုန်းချင်းချိုး ကို ကြည့်လိုက်ရာ သူမ၏ အခက်အခဲများမှာ ပြေလျော့သွားပြီး ဝိညာဉ်ပင်လယ်အဆင့် သို့ အချိန်မရွေး တက်လှမ်းနိုင်တော့မည့် အနေအထားကို သတိပြုမိလိုက်သဖြင့် သတိပေးလိုက်၏။
“ကြိုးစားပြီး ကျင့်ကြံပါဦး... ခင်ဗျားရဲ့ အဆင့်ကို အမြန်ဆုံး ချိုးဖြတ်နိုင်အောင် ကြိုးစားပါ ။ ကျွန်တော် ဂိုဏ်းချုပ် အနေနဲ့ ခင်ဗျားအတွက် သီးသန့် အဆင့်မြင့် ဝိညာဉ်ရတနာ တစ်စုံကို သွန်းလုပ်ပေးဖို့ စောင့်နေတာနော် ”
ဤစကားကို ကြားလိုက်ရသောအခါ ကုန်းချင်းချိုး ၏ နှလုံးသားအတွင်း၌ နွေးထွေးမှုများ ရိုက်ခတ်သွားရ၏။
“စိတ်ချပါ ဂိုဏ်းချုပ် ။ ကျွန်မ ဒီနေ့ပဲ အခက်အခဲတွေကို ချိုးဖြတ်နိုင်ခဲ့တာပါ... ကျင့်ကြံခြင်း မစတင်ခင်မှာ စိတ်လက် ကြည်လင်အောင် လမ်းလျှောက်နေတာပါ... ဟင်... ဒါက ဘာလေးလဲ ဟင် ”
ကုန်းချင်းချိုး သည် မိုးက်ြိုးသားရဲ ကို လက်ညှိုးညွှန်ပြကာ မေးမြန်းလိုက်၏။
“အသစ် ရလာတဲ့ ဝိညာဉ်သားရဲ လေ ” ယဲ့ဖုန်း က ပြန်ဖြေလိုက်သည်။
...
ကုန်းချင်းချိုး သည် ဝိညာဉ်စမ်းရေကန် ၏ ဘေး၌ တင်ပလ္လင်ခွေ ထိုင်လိုက်ကာ သန့်စင်သော ကြာပန်းစိမ်း ကြောင့် သန့်စင်သွားသော ဝိညာဉ်ချီ များကို ရှူရှိုက်နေ၏။ တဖြည်းဖြည်းနှင့် သူမ၏ အရှိန်အဝါများမှာ စုစည်းလာပြီး အတားအဆီး တစ်ခုကို အလွယ်တကူပင် ချိုးဖြတ်လိုက်တော့သည်။
“ ဝူး... ... ... ”
အထက် ကောင်းကင်ယံ၌ ဝရုန်းသုန်းကား ဖြစ်နေသော ဝိညာဉ်ချီ ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာပြီး မြူခိုးများ လိမ့်တက်လာသည့်နှယ် တဖြည်းဖြည်းနှင့် အောက်ဘက်သို့ စီးဆင်းလာတော့သည်။ တပည့်များ အားလုံးမှာလည်း ဤထူးခြားသော မြင်ကွင်းကြောင့် ဆွဲဆောင်ခြင်း ခံလိုက်ရကာ ကျင့်ကြံခြင်းကို ရပ်တန့်လျက် စောင့်ကြည့်နေကြ၏။
“ဒါ အကြီးအကဲ ကုန်း ဝိညာဉ်ပင်လယ်အဆင့် ကို တက်လှမ်းနေတာပဲ ”
“အရမ်းကောင်းတာပဲ... ငါတို့ မြူခိုးဂိုဏ်း မှာ နောက်ထပ် ဝိညာဉ်ပင်လယ်အဆင့် ရှိတဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက် တိုးလာတော့မယ် ”
တပည့်များမှာ မိမိတို့၏ ကျင့်ကြံခြင်းကို ခေတ္တ ရပ်နားထားကာ ထိုဖြစ်စဉ်မှတစ်ဆင့် တစ်စုံတစ်ရာ သင်ယူနိုင်ရန် မျှော်လင့်ချက်ဖြင့် စောင့်ကြည့်နေကြ၏။ ကုန်းချင်းချိုး သည် အချိန်အတော်ကြာအောင် စုဆောင်းမှုများ ပြုလုပ်ထားခဲ့သူ ဖြစ်သည်။
သူမ၏ အခြေခံ အုတ်မြစ်မှာ အလွန်ပင် ခိုင်မာလှသလို အဆင့်တူ ကျင့်ကြံသူများကြား၌လည်း ထူးချွန်သူတစ်ဦး ဖြစ်သည်။ သူမသည် တစ်နေ့ဝက်မျှသော အချိန်အတွင်းမှာပင် ဝိညာဉ်ပင်လယ်အဆင့် ပထမအလွှာ (၁) သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကာ ကျင့်ကြံခြင်း အဆင့်ကိုလည်း ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ပြီပင်။
“နောက်ဆုံးတော့ ဝိညာဉ်ပင်လယ်အဆင့် ကို ရောက်သွားပြီပေါ့ ”
ဤသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း က ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။ ကုန်းချင်းချိုး ၏ ကျင့်ကြံခြင်း အဆင့်မှာ အလွန် မြင့်မားသည်ဟု မဆိုနိုင်သော်လည်း သူမ မြူခိုးဂိုဏ်း အပေါ် ပေးဆပ်ခဲ့မှုများကိုတော့ လူတိုင်းက သိရှိကြ၏။
အကယ်၍သာ သူမကို မူလနတ်ဘုရား အဆင့် ရှိသူ တစ်ယောက်နှင့် လဲလှယ်မည်ဆိုလျှင်ပင် ယဲ့ဖုန်း အနေဖြင့် သဘောတူမည် မဟုတ်ပေ။
ဂိုဏ်း အလွန် သေးငယ်စဉ်ကတည်းက ဝင်ရောက်လာခဲ့ပြီး အမြဲတမ်း ဘေးနားမှာ ရှိနေပေးခဲ့သော သူတစ်ယောက်ကို ယဲ့ဖုန်း အနေဖြင့် မည်သို့ စွန့်လွှတ်နိုင်ပါမည်နည်း ။
“လူတိုင်းဟာ ဂိုဏ်း ရဲ့ ခွဲခြားလို့ မရတဲ့ အစိတ်အပိုင်းတွေပဲ ”
“လူတွေ ရှိနေလို့သာ ဂိုဏ်း ဆိုတာ တည်ရှိနေတာလေ ”
“လူတွေကသာ အခြေခံ အုတ်မြစ်ပဲ ”
ယဲ့ဖုန်း သည် မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်ကာ ခပ်တိုးတိုး ပြောဆိုလိုက်၏။
ထိုည၌၊*
ဂိုဏ်းချုပ်နန်းဆောင် အတွင်း၌၊
ယဲ့ဖုန်း သည် ဂိုဏ်းချုပ် ထိုင်ခုံထက်၌ ထိုင်နေကာ ကုန်းချင်းချိုး ၊ ဝမ်လင်း ၊ လီဇီလုံ ၊ ချူယွင်အာ နှင့် အခြား အကြီးအကဲများ ၊ ကြီးကြပ်သူများကို ကြည့်ရင်း နိုင်ငံနှစ်ခုကြားရှိ ပါရမီရှင် လူငယ်များ ပြိုင်ပွဲအကြောင်းကို ပြောကြားလိုက်၏။
“ဒီတစ်ခေါက်မှာတော့ နိုင်ငံနှစ်ခုလုံးက ပါရမီရှင် လူငယ်တွေ စုရုံးကြလိမ့်မယ် ။ အကယ်၍ ငါတို့ တပည့်တွေထဲမှာ သတ်မှတ်ထားတဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ကိုက်ညီတဲ့သူ ရှိရင် စင်မြင့်ပေါ် တက်ပြီး ယှဉ်ပြိုင်လို့ ရတယ် ”
“ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အတွက် စင်မြင့် (၉) ခု ရှိမယ်... ဝိညာဉ်ပင်လယ်အဆင့် အတွက်တော့ စင်မြင့် (၅) ခု ရှိမယ် ။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ စင်မြင့်ကို ထိန်းထားနိုင်တဲ့သူက နောက်ဆုံး အောင်နိုင်သူ ဖြစ်လာမှာ ဖြစ်ပြီးတော့ ‘အဆင့်တူကြားမှ ဘုရင်’ ဟူတဲ့ ဘွဲ့တံဆိပ်ကို ရလိမ့်မယ် ”
“သေချာတာပေါ့... အရေးကြီးဆုံးကတော့ ဆုလာဘ်ပဲ ”
“ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် မှာ အနိုင်ရတဲ့သူတွေက မိမိတို့ နှစ်သက်ရာ အဆင့်မြင့် ဝိညာဉ်ရတနာ (၁) ခုနဲ့အတူ ဆန်းကြယ်သော အသွင်ပြောင်း ဝိညာဉ်ဆေးလုံး တစ်ပုလင်းစီ ရကြလိမ့်မယ် ”
“ဝိညာဉ်ပင်လယ်အဆင့် အတွက်တော့ အနိုင်ရတဲ့သူတွေက အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ (၁) ခုနဲ့အတူ ဝိညာဉ်စုစည်းဆေးလုံး တစ်ပုလင်းစီ ရမှာ ဖြစ်တယ် ”
“ဒါတွေကတော့ အခုလောလောဆယ် ကြေညာထားတဲ့ ဆုလာဘ်တွေပဲ... နောက်ထပ် များပြားလှတဲ့ ဆုလာဘ်တွေလည်း ရှိနေဦးမှာပါ... အဲဒီထဲမှာ အထောက်အကူပြု ကျင့်စဉ်တွေ ၊ မန္တန်တွေနဲ့ ဝိညာဉ်ဆေးပင်တွေလည်း ပါဝင်ဦးမှာပဲ ”
ယဲ့ဖုန်း က ထိုစကားများကို တစ်ပြိုင်နက်တည်း ပြောကြားလိုက်၏။
အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ ဆုလာဘ်များကို ကြားလိုက်ရသောအခါ ကုန်းချင်းချိုး ၊ လီဇီလုံ နှင့် ချူယွင်အာ တို့မှာ မနာလိုစိတ်များပင် ဖြစ်ပေါ်လာရတော့၏။
ဝမ်လင်း တစ်ဦးတည်းသာလျှင် ထိုဆုလာဘ်များကို စိတ်မဝင်စားဘဲ ရှိနေသည်။ သူသည် မူလနတ်ဘုရား အဆင့် စတုတ္ထအလွှာ (၄) သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ လိုအပ်သည်မှာ နတ်ဘုရား အဆင့် ရတနာများနှင့် နတ်ဘုရားစွမ်းရည်များသာ ဖြစ်သည်။ အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ ဆိုသည်မှာ ယခုအခါ သူ့အတွက်တော့ အသုံးမဝင်တော့ပေ။
“ဂိုဏ်းချုပ်... နိုင်ငံနှစ်ခုကြားက ပါရမီရှင်တွေ တိုက်ပွဲကို ဘယ်တော့ စတင်မှာလဲ ရှင့် ”
အဓိက ကြီးကြပ်သူ ချူယွင်အာ က မေးမြန်းလိုက်၏။
ဤအတောအတွင်း အပတ်တကုတ် ကျင့်ကြံခဲ့ပြီးနောက် သူမသည်လည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပဉ္စမအလွှာ (၅) သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူမသည် မိုယင် နှင့် ဟ်ိုယွင်ကျဲ တို့လောက် အစွမ်းမထက်သော်လည်း ဂိုဏ်းသို့ စတင် ဝင်ရောက်စဉ်က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အစောပိုင်း၌သာ ရှိနေခဲ့ခြင်း ဖြစ်ရာ သူမ၏ တိုးတက်မှုမှာလည်း တကယ့်ကို သိသာလှ၏။
“နောက်ထပ် (၇) ရက် ကြာရင်ပေါ့... ... ... ” ယဲ့ဖုန်း က ပြန်လည် ဖြေကြားလိုက်၏။
သူသည် လင်မြောင် ဧကရာဇ် နှင့် လေဝူ ဧကရာဇ် တို့နှင့် ဆွေးနွေးပြီး ဖြစ်သည်။ ပြိုင်ပွဲကို နောက်ထပ် (၇) ရက်အကြာတွင် တရားဝင် စတင်မည် ဖြစ်သည်။ လောလောဆယ်တွင်တော့ စင်မြင့်များကို ပြင်ဆင်ခြင်းနှင့် ပြိုင်ပွဲအတွက် ကြော်ငြာခြင်းများကို လုပ်ဆောင်ကြရမည် ဖြစ်သည်။
“ကောင်းပြီ... သွားပြီးတော့ သတင်းဖြန့်လိုက်ကြပါ” ယဲ့ဖုန်း က ပြောလိုက်၏။
“ဟုတ်ကဲ့ပါ ခင်ဗျာ ” လူအချို့က အမိန့်ကို နာခံလိုက်ကြသည်။
ယဲ့ဖုန်း သည် ဖြည်းညှင်းစွာ ထရပ်လိုက်ကာ တိုက်ပွဲအတွက် စင်မြင့်များကို သွန်းလုပ်ရန် ပြင်လိုက်၏။ သူ၏ လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဝင်္ကပါ ပုံစံတစ်ခု အသက်ဝင်လာပြီး ရေပေါ်ဖြူမြို့တော် အနီးရှိ မြေပြင်ပေါ်သို့ ထွင်းထုလိုက်တော့သည်။ တစ်ခုလျှင် အလျားနှင့် အနံ မီတာ (၁၀၀) စီ ရှိပြီး အမြင့် (၃) မီတာ ရှိသော မြေသား စင်မြင့် (၁၄) ခုကို ခွဲထုတ်လိုက်၏။
ယဲ့ဖုန်း က သူ၏ လက်နှစ်ဖက်ဖြင့် မန္တန်များကို ဆက်လက် ဖော်ဆောင်လိုက်ရာ ဝင်္ကပါ ပုံစံများမှာ စင်မြင့်များအတွင်းသို့ စိမ့်ဝင်သွားသည်။ ၎င်းတို့ကို ပွင့်လင်းမြင်သာကာ ၊ ခိုင်မာပြီး လေးလံလှသော အနေအထားသို့ ပြောင်းလဲသွားစေကာ လေထဲ၌ မီတာ (၁၀၀) ခန့် မြင့်သော နေရာတွင် ပျံဝဲနေစေတော့၏။
“ပြီးပြီ ” ယဲ့ဖုန်း က လက်ကို ပြန်ချလိုက်သည်။
ဤစင်မြင့်များမှာ အလွန် မြင့်မားသော အဆင့် မဟုတ်သော်လည်း မူလနတ်ဘုရား အဆင့် ရှိသူ တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုကိုပင် မပျက်စီးဘဲ တောင့်ခံနိုင်စွမ်း ရှိ၏။
တစ်ချိန်တည်းမှာပင်။
သတင်းစကား တစ်ခုတည်းမှာ လေဝူ မင်းဆက် နှင့် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ၏ နယ်မြေအတွင်းသို့ ရိုက်ခတ်သွားခဲ့သည်။ လမ်းမများနှင့် လမ်းကြားများတိုင်းတွင် ထိုအကြောင်းကိုသာ ပြောဆိုနေကြတော့၏။
“မင်း ကြားပြီးပြီလား။ လေဝူ မင်းဆက် နဲ့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က ပါရမီရှင် လူငယ်တွေက ရေပေါ်ဖြူမြို့တော် မှာ တိုက်ပွဲဝင်ကြတော့မှာတဲ့ ။ ဆုလာဘ်တွေကလည်း အရမ်း များတာပဲနော် ”
“ဆုလာဘ်တွေက ဘာတွေလဲ ဟင် ”
“နိုင်တဲ့သူက အဆင့်မြင့် ဝိညာဉ်ရတနာ ဒါမှမဟုတ် အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ တစ်ခု ရမှာတဲ့ ။ အဲဒါအပြင် ဆန်းကြယ်သော အသွင်ပြောင်း ဝိညာဉ်ဆေးလုံး တွေနဲ့ ဝိညာဉ်စုစည်းဆေးလုံး တွေလည်း ပါသေးတယ်လေ ”
“အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ တောင်မှ ရမှာလား ”
“ဟုတ်တယ်လေ... ဒါပေမဲ့ ဝိညာဉ်ပင်လယ်အဆင့် မှာ နိုင်မှ ရမှာနော် ။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အတွက်ကတော့ အဆင့်မြင့် ဝိညာဉ်ရတနာ ပဲ ရမှာပါ ”
“ဟက်... ဒီဆုလာဘ်လေးတွေနဲ့များ ဘာဖြစ်မှာမို့လို့လဲ ”
အချို့သော ကျင့်ကြံသူများမှာ မိသားစုကြီးများမှ လာသူများ ဖြစ်ကြသဖြင့် ၎င်းတို့၌ အဆင့်မြင့် သို့မဟုတ် အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ များမှာ လုံလောက်စွာ ရှိနေကြသဖြင့် ထိုဆုများကို လှောင်ပြောင်နေကြသည်။ သို့သော်လည်း မကြာမီမှာပင် သတင်းသစ် တစ်ခု ရိုက်ခတ်လာပြန်၏။
“နောက်ဆုံးရ သတင်းအရ... မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ ကိုယ်တိုင် သွန်းလုပ်ထားတဲ့ ‘နေရာရွှေ့ပြောင်းခြင်း နတ်ဘုရား အဆောင်လက်ဖွဲ့’ (၅) ခုကိုလည်း ဆုပေးမှာတဲ့ ။ အရေးကြီးတဲ့ အချိန်ကျရင် အဲဒီ အဆောင်လက်ဖွဲ့ကို သုံးပြီးတော့ သတ်မှတ်ထားတဲ့ လမ်းကြောင်းဆီကို မိုင်ပေါင်း သောင်းနဲ့ချီပြီး မျက်တောင်တစ်ခတ်အတွင်း နေရာရွှေ့ပြောင်းနိုင်မှာတဲ့ ”
“ပြီးတော့ ဒါက ဝိညာဉ်ပင်လယ်အဆင့် မှာ အနိုင်ရတဲ့သူတွေအတွက် ထပ်ဆောင်း ဆုလာဘ် ဖြစ်မှာတဲ့ ”
“ဟူး... ... ... ” လူတိုင်းမှာ စိတ်လှုပ်ရှားသွားကြရ၏။
“ဟုတ်သားပဲ... ‘နေရာရွှေ့ပြောင်းခြင်း ဝိညာဉ် အဆောင်လက်ဖွဲ့’ (၉) ခုလည်း ရှိသေးတယ်နော် ။ အဲဒါကတော့ အသုံးပြုလိုက်ရင် မိုင်ပေါင်း ထောင်နဲ့ချီပြီး နေရာရွှေ့ပြောင်းပေးမှာ ဖြစ်ပြီးတော့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် မှာ အနိုင်ရတဲ့သူတွေအတွက် ထပ်ဆောင်း ဆုလာဘ် ဖြစ်မှာတဲ့ ”
“ဒီပစ္စည်းကတော့ အသက်ဘေးက လွတ်အောင် ပြေးတဲ့နေရာမှာ အကောင်းဆုံးပဲ ”
“ဟဲဟဲ... အခုမှပဲ ငါ စိတ်ဝင်စားလာတော့တယ် ”
ဤသတင်းကို ကြားလိုက်ရသောအခါ နိုင်ငံနှစ်ခုလုံးရှိ ပါရမီရှင် လူငယ်အားလုံးမှာ စိတ်အားထက်သန်သွားကြတော့၏။ လေဝူ မင်းဆက် မှ ပါရမီရှင် အများစုမှာ ယဲ့ဖုန်း ၏ အမည်ကို မကြားဖူးကြသော်လည်း “နေရာရွှေ့ပြောင်းခြင်း နတ်ဘုရား အဆောင်လက်ဖွဲ့” နှင့် “နေရာရွှေ့ပြောင်းခြင်း ဝိညာဉ် အဆောင်လက်ဖွဲ့” တို့၏ အရေးပါမှုကိုတော့ သူတို့ သိရှိကြသဖြင့် အားလုံးက ပိုင်ဆိုင်ချင်နေကြသည်။
ချက်ချင်းပင် ထူးချွန်လှသော ပါရမီရှင် အမျိုးမျိုးတို့မှာ ခရီး စတင်ခဲ့ကြပေတော့သည်။
ရေပေါ်ဖြူမြို့တော် ။
ဤအတောအတွင်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် မြို့ကို အကြိမ်ကြိမ် ချဲ့ထွင်ခဲ့သဖြင့် ယခုအခါ လူဦးရေမှာ (၅) သန်းခန့် ရှိနေပြီ ဖြစ်ကာ မြို့တော်မှာလည်း အရင်ကထက် ပိုမို စည်ကားလာခဲ့ပြီ ဖြစ်သည်။
လက်ဖက်ရည်ဆိုင် တစ်ခု၌၊
ပိုင်ချွန်ဖုန်း သည် စားပွဲတစ်ခု၌ ထိုင်နေကာ သူ၏ မျက်နှာချင်းဆိုင်တွင်တော့ ကျီဝူရွှမ်၊ လော့ဟယ်တုန် နှင့် ကျန်းပိုင်ကော တို့ကဲ့သို့သော ပါရမီရှင်များ ရှိနေကြ၏။ ဘေးစားပွဲ၌လည်း လျှို့ဝှက်ဆန်းကြယ် မြို့တော်မှ ပါရမီရှင် အများအပြား ရှိနေကြ၏။
ဟွမ်ဖင်းဖုန်း ၊ နတ်မိမယ် လင်ရှင်း နှင့် ကောင်းကင်ဓားဘုရင် ရီကျွမ်း တို့သည်လည်း ရေပေါ်ဖြူမြို့တော် သို့ ရောက်ရှိနေကြပြီဖြစ်ကာ ဤလက်ဖက်ရည်ဆိုင်၌ စုရုံးနေကြခြင်းပင်။
“ရေပေါ်ဖြူမြို့တော် လို နေရာလေးမှာ မြောင်ယင်း လက်ဖက်ရည်ဆောင် ရဲ့ အဖွဲ့ခွဲကို တည်ဆောက်ထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး ” တစ်ယောက်က တီးတိုး ပြောလိုက်၏။
“ဟမ့်...သောက်ပေါ”
သူဌေးသား တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက လှောင်ပြောင်လိုက်သည်။
“မြောင်ယင်း လက်ဖက်ရည်ဆောင် ရဲ့ ပိုင်ရှင်က တခြားသူမဟုတ်ဘူး... ပထမမင်းသမီး လင်ယွဲ့ ပဲလေ ။ ပြီးတော့ သူ့ရဲ့ ချစ်သူက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း ဆိုတာ မင်း မသိဘူးလား။ ရေပေါ်ဖြူမြို့တော် မှာ ဆိုင်ခွဲ လာဖွင့်တယ်ဆိုတာက သူငယ်ချင်းတွေအတွက် မဟုတ်ဘူး... ယောကျာ်းတစ်ယောက်အတွက် လာဖွင့်တာပေါ့ကွ ”
“မင်းက အဲဒါကိုတောင် သိနေတာလား ”
ဘေးပတ်ဝန်းကျင်မှ လူများမှာ ချက်ချင်းပင် စုပြုံတိုးဝှေ့ နားထောင်လိုက်ကြတော့၏။
“ပထမမင်းသမီး ကြွလာပါပြီ ”
ထိုအခိုက်အတန့်၌ တစ်စုံတစ်ယောက်က ဟစ်အော်လိုက်သဖြင့် စုရုံးနေကြသော ကျင့်ကြံသူများမှာ ချက်ချင်းပင် လူစုခွဲလိုက်ကြရတော့သည်။
နောက်တစ်ခဏတွင်မူ၊
မျက်နှာကို ပုဝါပါးလေးဖြင့် ဖုံးအုပ်ထားသော အထက်တန်းကျလှသော လူရိပ် တစ်ခုမှာ လက်ဖက်ရည်ဆိုင်အတွင်းသို့ လှမ်းဝင်လာခဲ့ပေတော့သည်။
--