← Chapters

အခန်း ၅၆၁

Vol. 38 Ch. 561

အခန်း ၅၆၁

Vol. 38 Ch. 561

အခန်း (၅၆၁) - မြောင်ယင်း လက်ဖက်ရည်ဆောင် ဆိုင်ခွဲနှင့် လင်ယွဲ့ ၏ အစီအစဥ်လေး

~“နောက်ဆုံးတော့ ရောက်လာပြီပေါ့ ”

ပထမမင်းသမီး လင်ယွဲ့ သည် ဤဆိုင်ခွဲ တည်ရှိရာ နေရာကို လေ့လာကြည့်ရှုနေ၏။

၎င်းမှာ (၅) ထပ် မြင့်သော လက်ဖက်ရည်ဆိုင် တစ်ဆိုင် ဖြစ်ပြီး ခန့်ညားထည်ဝါစွာ အလှဆင်ထားကာ အရိပ်ရသစ်ပင်များနှင့် စီးဆင်းနေသော စမ်းချောင်းလေးများ ဝန်းရံထားသဖြင့် အေးချမ်းလှသော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်နေ၏။ ချိန်းတွေ့ရန်အတွက် အလွန် သင့်တော်သော နေရာလေးပင် ဖြစ်သည်။ သူမသည် ပတ်ဝန်းကျင်ကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေတော့သည်။

“ဂိုဏ်းချုပ် ယဲ့ လည်း ဒါကို သဘောကျလိမ့်မယ်လို့ ငါ ယုံကြည်တယ် ”

လင်ယွဲ့ ၏ ရဲရဲနီသော နှုတ်ခမ်းလွှာလေးများမှာ အနည်းငယ် ကွေးညွတ်သွား၏။

သူမသည် ရေပေါ်ဖြူမြို့တော် ၌ မြောင်ယင်း လက်ဖက်ရည်ဆောင် ဆိုင်ခွဲတစ်ခု တည်ဆောက်ရန်အတွက် ငွေအမြောက်အမြား အသုံးပြုခဲ့ခြင်းမှာ ယဲ့ဖုန်း ကို အဆင်ပြေပြေ တွေ့ဆုံနိုင်ရန် အကြောင်းပြချက်တစ်ခု ရရှိစေရန်ပင် ဖြစ်သည်။

“အခုကစပြီး ငါ အားတဲ့ အချိန်တိုင်းမှာ ဂိုဏ်းချုပ် ယဲ့ ကို လက်ဖက်ရည်သောက်ဖို့ ဖိတ်လို့ ရပြီပေါ့ ”

လင်ယွဲ့ ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ထပ်မံ ပေါ်ထွက်လာပြန်၏။ ထိုအပြုံးက ရှိနေသမျှသော ကျင့်ကြံသူအားလုံးကို နတ်သမီးတစ်ပါး၏ အနမ်းကို ခံယူလိုက်ရသည့်နှယ် ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက်သွားစေတော့သည်။

“ကြည့်လိုက်စမ်း... ဆောင်သခင် လင်ယွဲ့ က ငါ့ကို ကြည့်ပြီး ပြုံးပြနေတာ ”

“ပါးစပ်ပိတ်ထားစမ်း... သူက ငါ့ကို ကြည့်ပြီး ပြုံးပြတာ သိသာနေတာကို ”

“လူအ နှစ်ယောက်... ငါ မင်းတို့ရဲ့ အိပ်မက်တွေကို မဖျက်ဆီးချင်ပေမဲ့... ဆောင်သခင် လင်ယွဲ့ က တစ်ခုခုကို သဘောကျလို့ ပြုံးနေတာပဲ ဖြစ်မှာပါ ”

မြောင်ယင်း လက်ဖက်ရည်ဆောင် ဆိုင်ခွဲအတွင်းရှိ ကျင့်ကြံသူများမှာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြ၏။ လင်ယွဲ့ ကတော့ ထိုလူအုပ်ကြီး၏ စကားများကို လျစ်လျူရှုထားလိုက်၏။

သူမသည် သစ်သားလှေကားများအတိုင်း အပေါ်ဆုံးထပ်သို့ တက်လှမ်းသွားကာ မိုင်ပေါင်း ဒါဇင်နှင့်ချီ၍ ဝေးကွာသော အရပ်၌ တိမ်တိုက်များကြားတွင် ပုန်းအောင်းနေသော မြူခိုးတောင်ထိပ် ကို လှမ်းကြည့်လိုက်၏။

“ငါ ဂိုဏ်းချုပ် ယဲ့ နဲ့ ပိုပြီးတော့ နီးကပ်လာပြီပေါ့ ”

သူမ၏ နှလုံးသားထဲတွင် ဝမ်းသာမှုများ ပြည့်နှက်နေ၏။

“ငါ့ရဲ့ ကျင့်ကြံခြင်းတွေကိုလည်း ဆက်ပြီးတော့ ကြိုးစားရမယ် ။ အခု ငါက ဝိညာဉ်ပင်လယ်အဆင့် ကို ရောက်နေပြီဆိုတော့... အတိတ်ဘဝက လျှို့ဝှက် မန္တန်တွေကို အမြန်ဆုံး နားလည်အောင် လုပ်ပြီးတော့ မူလနတ်ဘုရား အဆင့် ကို တက်နိုင်အောင် ကြိုးစားရမယ် ”

“မူလနတ်ဘုရား အဆင့် ရှိတဲ့ တန်ခိုးရှင် တစ်ယောက် ဖြစ်လာမှသာ ငါက ဂိုဏ်းချုပ် ယဲ့ ရဲ့ ဘေးနားမှာ ရပ်တည်ဖို့ ထိုက်တန်မှာလေ ”

လင်ယွဲ့ သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်၏။ သူမသည် အပတ်တကုတ် ကျင့်ကြံပြီး အလှပဆုံးသော နတ်ဘုရားမ ၊ ဧကရီ သို့မဟုတ် ဧကရီ သူတော်စင် တစ်ပါး ဖြစ်လာရန် သံန္နိဋ္ဌာန် ချထားခြင်းပင် ဖြစ်သည်။ ထိုအချိန်ကျမှသာ ယဲ့ဖုန်း ၏ ဘေးတွင် ရှိနေမည့် သူမကို မည်သူက တားဆီးနိုင်ပါမည်နည်း ။

“ဆောင်သခင် ”

ထိုအခိုက်အတန့်၌ အပေါ်ဆုံးထပ်ရှိ အခန်းလေး၏ တံခါးကို တစ်စုံတစ်ယောက်က ခေါက်လိုက်၏။

“ဝင်ခဲ့ပါ ” လင်ယွဲ့ က ပြောလိုက်၏။

ဖြူဖွေးသော လက်တစ်စုံက တံခါးကို တွန်းဖွင့်လိုက်ရာ ခန့်ညားထည်ဝါသော လူရိပ်တစ်ခု ပေါ်ထွက်လာ၏။ ၎င်းမှာ အသက် (၃၀) ဝန်းကျင်ခန့်ရှိ လှပသော မိန်းကလေး တစ်ဦး ဖြစ်ပြီး ဝဖြိုးသော ကိုယ်လုံးကိုယ်ပေါက် ရှိကာ ဆံပင်နက်ရှည်များကို ဦးခေါင်းထက်၌ မြင့်မားစွာ ထုံးဖွဲ့ထားသဖြင့် ဖြူဖွေးသွယ်လျသော လည်ပင်းလေးမှာ ထင်ရှားနေ၏။

သူမ လျှောက်လှမ်းလာသည်နှင့်အမျှ သူမထံမှ နက်နဲလှသော အရှိန်အဝါတစ်ခုမှာ သဘာဝအတိုင်း ဖြာထွက်နေတော့၏။

မူလနတ်ဘုရား အဆင့် ပထမအလွှာ (၁) ။

၎င်းမှာ ဤမိန်းကလေး၏ ကျင့်ကြံခြင်း အဆင့်ပင် ဖြစ်သည်။

“ဒုတိယ ဆောင်သခင်... နောက်ဆုံးတော့ ရှင် ရောက်လာပြီပေါ့ ” လင်ယွဲ့ သည် ထိုမိန်းကလေး၏ ဖြူဖွေးနုနယ်သော လက်များကို ဆုပ်ကိုင်လျက် နွေးထွေးစွာ ကြိုဆိုလိုက်၏။

“ဆောင်သခင်... အစ်မကို ရေပေါ်ဖြူမြို့တော် ဆီကို ဘာလို့ အမြန် ခေါ်လိုက်တာလဲ ဟင် ” ဒုတိယ ဆောင်သခင် ချီနန်ချင်း က သူမ၏ လှပပြီး အေးစက်စက် မျက်နှာထားလေးဖြင့် သိချင်စိတ် ပြည့်နှက်လျက် မေးမြန်းလိုက်၏။

သူမသည် မြောင်ယင်း လက်ဖက်ရည်ဆောင် ကို ကြီးကြပ်ရန် တာဝန်ယူထားရသူ ဖြစ်သဖြင့် အပြင်သို့ ထွက်လေ့မရှိပေ။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် သည် ကြယ် (၄) ပွင့် အဆင့် အင်အားစု တစ်ခုအဖြစ် တိုးမြှင့်ခြင်း ခံရပြီးနောက် ချီနန်ချင်း သည်လည်း ဝိညာဉ်စုစည်းဆေးလုံး အမြောက်အမြားကို ရရှိခဲ့သဖြင့် မူလနတ်ဘုရား အဆင့် ပထမအလွှာ (၁) သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းနောက်တွင်တော့ သူမသည် လင်ယွဲ့ ၏ အစောင့်အရှောက် ဖြစ်လာခဲ့တော့၏။

“ဒီနေ့ကစပြီး စီနီယာမမ ချင်း က ဒီနေရာက မြောင်ယင်း လက်ဖက်ရည်ဆောင် ရဲ့ ဆိုင်ရှင် ဖြစ်လာမှာပါ ” လင်ယွဲ့ က ပြုံးလျက် ပြောလိုက်ရာ သူမ၏ မျက်ဝန်းလေးများမှာ လခြမ်းကွေးလေးများအလား ဖြစ်သွားသဖြင့် အလွန်ပင် ချစ်စရာ ကောင်းနေတော့၏။

“အော်... ဘာဖြစ်လို့လဲ ဟင် ”

ချီနန်ချင်း က မျက်ခုံးပင့်လိုက်ကာ လက်ဖက်ရည်ဆိုင်ရှိ ဧည့်သည်များ၏ ပြောစကားများကို ပြန်လည် သတိရလိုက်ပြီး ပြုံးရွှင်စွာဖြင့် ဆိုလိုက်၏။

“မင်းက ဂိုဏ်းချုပ် ယဲ့ ကို နေ့တိုင်း မြင်ချင်လို့ ရေပေါ်ဖြူမြို့တော် မှာ နေဖို့ အကြောင်းပြချက် တစ်ခုအနေနဲ့ ဒီဆိုင်ခွဲကို တည်ဆောက်ခဲ့တာ မဟုတ်လား ”

လင်ယွဲ့ ၏ လှပသော မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားတော့သည်။

“အဲဒီလို မဟုတ်ပါဘူး ရှင် ”

ချီနန်ချင်း က ပြောလိုက်သည်။

“ငါကိုယ်တိုင်လည်း ဒီလို ကိစ္စတွေကို ဖြတ်သန်းခဲ့ဖူးတာပဲ... မင်းတို့လို မိန်းကလေးငယ်လေးတွေရဲ့ အတွေးကို ငါ ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ ။ ဒါပေမဲ့ ဂိုဏ်းချုပ် ယဲ့ က တကယ်ကို ဆွဲဆောင်မှု ရှိတဲ့လူပါ... ငါ ကိုယ်တိုင်တောင် သူ့ကို သဘောကျမိမှာ သေချာတယ် ”

လင်ယွဲ့ မှာ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ စိုးရိမ်တကြီး ဆိုလိုက်၏။

“စီနီယာမမ ချင်း... ဂိုဏ်းချုပ် ယဲ့ ကိုတော့ ကျွန်မနဲ့ လာပြီး မပြိုင်ပါနဲ့နော် ”

ချီနန်ချင်း ၏ မျက်ဝန်းများမှာ ပြုံးရွှင်မှုများဖြင့် ပြည့်နှက်သွားတော့၏။

“တို့.. မှန်းတာ တကယ် မှန်နေတာပဲ... မင်း တကယ်ပဲ ဂိုဏ်းချုပ် ယဲ့ ကို သဘောကျနေတာကိုး။စိတ်မပူပါနဲ့... အစ်မ က မင်းနဲ့ လာပြီး မပြိုင်ပါဘူး ”

လင်ယွဲ့ မှာ အခုမှ သဘောပေါက်သွားတော့၏။ သူမသည် ချီနန်ချင်း ၏ စနောက်မှုကို ခံလိုက်ရခြင်းပင်။

“စီနီယာမမ ချင်း က တကယ် ဆိုးတာပဲ ”

လင်ယွဲ့ က သူမ၏ လျှာလေးကို အနည်းငယ် ထုတ်ပြလိုက်ရာ အလွန်ပင် ကလေးဆန်နေတော့၏။ သူမ၏ အူကြောင်ကြောင် ပျော်ရွှင်နေသော မျက်နှာလေးကို ကြည့်ရင်း ချီနန်ချင်း မှာ အတိတ်က အမှတ်ရစရာ ဖြစ်ရပ်တစ်ခုခုကို သတိရသွားသည့်အလား မှင်သက်သွားသည်။

“ယွဲ့လေး... မင်း ပျော်ရွှင်မှုတွေ ရှာတွေ့နိုင်ပါစေလို့ အစ်မ ဆုတောင်းပေးပါတယ် ”

ချီနန်ချင်း ၏ မျက်နှာထက်တွင် သံယောဇဉ်များ ပြည့်နှက်နေ၏။

နာရီဝက်ခန့် ကြာပြီးနောက်၊

လင်ယွဲ့ နှင့် ချီနန်ချင်း တို့သည် အပေါ်ဆုံးထပ်ရှိ အခန်းလေးအတွင်း၌ ထိုင်ကာ မြူခိုးများ ဖုံးလွှမ်းနေသော မြူခိုးတောင်ထိပ် ကို ငေးကြည့်ရင်း လက်ဖက်ရည်ကို ခပ်ဖွဖွ သောက်နေကြ၏။

“လင်ယွဲ့... မင်းကို ငါ တစ်ခုလောက် ပြောပြရမယ် ”

“ပြောပါ စီနီယာမမ ချင်း... ဘာဖြစ်လို့လဲ ဟင် ”

“ငါ တွက်ချက်ကြည့်သလောက်တော့... မြောင်ယင်း လက်ဖက်ရည်ဆောင် ဆိုင်ခွဲ က အခုလောလောဆယ်မှာ အရှုံးပေါ်နေတယ် ။ အဓိက ကတော့ လက်ဖက်ရည်က ဈေးကြီးပြီးတော့ ဧည့်သည် လာရောက်မှုက နည်းနေလို့ပဲ ”

“အဲဒီလိုလား ဟင် ”

လင်ယွဲ့ သည် ခေတ္တမျှ ဆိတ်ဆိတ်နေလိုက်ပြီးနောက် ပြောလိုက်၏။

“စီနီယာမမ ချင်း... ငွေနည်းနည်း ရှုံးတာက ကိစ္စမရှိပါဘူး ။ ဂိုဏ်းချုပ် ယဲ့ နဲ့ ပိုပြီး အချိန်ပေးနိုင်မယ်ဆိုရင် အဆင်ပြေပါတယ် ”

“မင်းကတော့ တကယ့်ကို အပြစ်ကင်းစင်လွန်းတာပဲ ”

ချီနန်ချင်း က သူမ၏ ခေါင်းကို ခါယမ်းလိုက်ကာ ဘာမှမတတ်နိုင်သည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။ လက်ရှိ လင်ယွဲ့ မှာ အချစ်ကြောင့် မျက်စိကွယ်နေပြီး ဘာကိုမှ ဂရုမစိုက်နိုင်တော့သူ တစ်ဦးအလား သူမ ထင်မြင်မိနေတော့၏။

“ဒါပေမဲ့ နောက်ထပ် အချိန်အနည်းငယ် ကြာရင်တော့ ကျွန်မတို့ အရှုံးပေါ်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ် ”

လင်ယွဲ့ က ရုတ်တရက် စကားပြောလိုက်ရာ သူမ၏ မျက်နှာတွင် ယုံကြည်ချက်များ ပြည့်နှက်နေသဖြင့် ချီနန်ချင်း မှာ အံ့အားသင့်သွားရသည်။

“ဘာဖြစ်လို့လဲ ဟင် ”

“ဘာလို့လဲဆိုတော့ ရေပေါ်ဖြူမြို့တော် က နိုင်ငံနှစ်ခုကြားက ပါရမီရှင်တွေ ပြိုင်ပွဲ ကျင်းပမယ့် အဓိက စစ်မြေပြင် ဖြစ်လာမှာ မို့လို့ပဲ ။ အနာဂတ်မှာ နိုင်ငံနှစ်ခုလုံးက ကျင့်ကြံသူတွေက တိုက်ပွဲတွေကို ကြည့်ဖို့ ဒီကို လာကြမှာဆိုတော့... လက်ဖက်ရည်ဆိုင် အတွက်လည်း ဧည့်သည်တွေ အများကြီး ရလာမှာပေါ့ ”

“အော်... အဲဒီလိုလား ”

ချီနန်ချင်း မှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် သူမ၏ ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ နောက်ဆုံးရ သတင်းများကို တဖြည်းဖြည်း နားလည်သွားတော့၏။ ယဲ့ဖုန်း နှင့် နိုင်ငံကြီးနှစ်ခုမှ အရှင်သခင်များ ပူးပေါင်းကာ ပြိုင်ပွဲ ကျင်းပမည့်အကြောင်းကို သိရှိသွားသောအခါ ချီနန်ချင်း သည် သဘောပေါက်သွားကာ ပြောလိုက်သည်။

“ယွဲ့လေး... မင်းရဲ့ အမြော်အမြင်က တကယ်ကို ကောင်းတာပဲ ”

“ရှင်”

လင်ယွဲ့ မှာ အံ့အားသင့်သွား၏။

“ငါ အမှား မရှိဘူးဆိုရင်... အနာဂတ်မှာ ရေပေါ်ဖြူမြို့တော် ဟာ ကောင်းကင်ထစ်ချုန်းမြို့ နဲ့ လျှို့ဝှက်ဆန်းကြယ် မြို့တော် တို့လိုမျိုး ထိပ်တန်း မြို့ကြီးတစ်မြို့ ဖြစ်လာမှာ သေချာတယ် ။ လူဦးရေကလည်း သန်း (၁၀၀) ကျော်လာလိမ့်မယ်... စီးပွားရေးတွေလည်း အရမ်း ကောင်းလာမှာပေါ့ ”

ချီနန်ချင်း က လေးနက်စွာ ဆိုလိုက်သည်။

လင်ယွဲ့ က မျက်တောင်တခတ်ခတ်ဖြင့် - “ဘယ်လိုမျိုးလဲ ဟင် ”

“မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ ရဲ့ အဆင့်အတန်းက အရမ်း မြင့်မားတယ်လေ ။ သူ မြူခိုးဂိုဏ်း ကို တာဝန်ယူခဲ့တာ (၁) နှစ်ခွဲလောက်ပဲ ရှိသေးတာတောင်မှ... လူဦးရေ သိန်းဂဏန်းပဲ ရှိတဲ့ မြို့နယ်လေးတစ်ခုကို လူဦးရေ (၅) သန်းကျော်ရှိတဲ့ မြို့ကြီးတစ်မြို့ ဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့တာပဲ ။ အနာဂတ်မှာတော့ သူ့ရဲ့ တိုးတက်မှုက ပိုပြီးတော့တောင် မြန်ဆန်လာဦးမှာပါ ”

ချီနန်ချင်း က မြို့စားမင်းအိမ်တော် ရှိရာ အရပ်သို့ လက်ညွှိုးညွှန်ပြလိုက်၏။

“ဘာပဲဖြစ်ဖြစ်... ဟိုမှာ ကောင်းကင်ထစ်ချုန်းမြို့ နဲ့ လျှို့ဝှက်ဆန်းကြယ် မြို့တော် တို့ကို သွားနိုင်တဲ့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ရှိနေတာပဲလေ ။ သွားလာရတာ အရမ်း အဆင်ပြေတာပေါ့ ”

“ဟုတ်ပါတယ် ”

လင်ယွဲ့ က အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ရှိနေသဖြင့် အလယ်အလတ်နှင့် အဆင့်မြင့် ကျင့်ကြံသူများမှာ ဆက်တိုက် ရောက်ရှိလာကြမည် ဖြစ်သည်။

အထူးသဖြင့် ရေပေါ်ဖြူမြို့တော် ၏ နေရာရွှေ့ပြောင်းခမှာ အလွန်ပင် ဈေးသက်သာလှပြီး တစ်ကြိမ် အသုံးပြုလျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ကောက်ခံ၏။

ဤဈေးနှုန်းကိုတော့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရှိသူများပင် တောင့်ခံနိုင်စွမ်း ရှိကြသည်။ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ က ပိုမို လူသိများလာသည်နှင့်အမျှ အနာဂတ်တွင် ရေပေါ်ဖြူမြို့တော် သို့ ကျင့်ကြံသူများ ပိုမို ရောက်ရှိလာမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ထိုအခါတွင်တော့ လက်ဖက်ရည်ဆိုင်၏ စီးပွားရေးမှာ မကောင်းဘဲ နေမည်မဟုတ်သည်မှာ သေချာလှ၏။

“ကျွန်မ တကယ်ကို မျှော်လင့်နေမိပြီ ”

လင်ယွဲ့ ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားသည်။

(၁) နာရီခန့် ကြာပြီးနောက်၊

သူမသည် မြူခိုးတောင်ထိပ် ရှိ ခေါ်ယူခြင်း ခေါင်းလောင်း ကို တီးလိုက်ရာ မြေခွေး တာ့ဟုန်က စိတ်အားထက်သန်စွာဖြင့် လိုက်ပါ ပို့ဆောင်ပေးသဖြင့် ဂိုဏ်းချုပ်နန်းဆောင် ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။

ယဲ့ဖုန်း သည် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို မြင်တွေ့လိုက်ရသောအခါ လင်ယွဲ့ က ချဉ်းကပ်သွားပြီး ပြုံးလျက် ဆိုလိုက်၏။

“ဂိုဏ်းချုပ် ယဲ့... ကျွန်မ ကျင့်ကြံတဲ့ နေရာမှာ အခက်အခဲအချို့နဲ့ ကြုံတွေ့နေရလို့... အဲဒါ ဂိုဏ်းချုပ် ဆီမှာ အကြံဉာဏ် လာတောင်းတာပါ ရှင် ”

“ဂျောက်... ဂျောက်... ဂျောက် ”

သူမသည် သိုလှောင်လက်စွပ် တစ်ခုကို စားပွဲပေါ်သို့ တင်လိုက်၏။

“ဒါကတော့ အကြံပေးခပါ ရှင် ”

ယဲ့ဖုန်း က သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ သိုလှောင်လက်စွပ် အတွင်း၌ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးနှင့်အတူ များပြားလှသော ကောင်းကင်နှင့် မြေပြင်ကြားမှ ရတနာများ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ ခြုံငုံကြည့်လျှင် ၎င်းတို့၏ တန်ဖိုးမှာ အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး (၃၀) ခန့်နှင့် ညီမျှ၏။

“ပြဿနာ မရှိပါဘူး ”

သူသည် လင်ယွဲ့ ၏ မေးခွန်းများကို နားထောင်ရန်အတွက် ချက်ချင်းပင် မတ်မတ် ထိုင်လိုက်တော့သည်။

“ကျွန်မက ‘ထျန်းလော့ပြကွက်’ လို့ ခေါ်တဲ့ အဋ္ဌမအဆင့် သိုင်းနည်းစနစ် တစ်ခုကို ကျင့်ကြံနေတာပါ... ဒါပေမဲ့ အောင်မြင်မှု အဆင့်ကိုပဲ ရောက်သေးပြီးတော့... ပြည့်စုံမှု အဆင့်ကိုတော့ ဘယ်လိုမှ မရောက်နိုင်ဘူး ဖြစ်နေလို့ပါ ရှင်... ... ... ”

လင်ယွဲ့ က အသေးစိတ် ရှင်းပြနေ၏။ သူမသည် ကျင့်ကြံခြင်း၌ အမှန်တကယ်ပင် အခက်အခဲများနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။ ယခင်ကဆိုလျှင် သူမသည် လျှို့ဝှက်ဆန်းကြယ် မြို့တော်ရှိ မူလနတ်ဘုရား အဆင့် ရှိသော တန်ခိုးရှင်ကြီးများကို မေးမြန်းလေ့ ရှိသော်လည်း အခုတော့ အခွင့်အရေး ရရှိထားသဖြင့် ယဲ့ဖုန်း ဆီမှာသာ အကြံဉာဏ် တောင်းရန် ဆုံးဖြတ်လိုက်ခြင်းပင်။

“ဒါက လွယ်ပါတယ် ”

ယဲ့ဖုန်း က ချက်ချင်းပင် စတင် ရှင်းပြလိုက်တော့၏။ ဉာဏ်အလင်းပွင့် နှလုံးသား ပိုင်ဆိုင်ထားသူ ဖြစ်သည့်အလျောက် သူသည် ဖြေရှင်းချက်များကို တွက်ချက်ရာတွင် အလွန် ကျွမ်းကျင်လှသလို မန္တန်များ ကျင့်ကြံရာတွင် ဖြစ်ပေါ်တတ်သော အသေးအဖွဲ ပြဿနာများကိုလည်း ချက်ချင်းပင် အဖြေထုတ်ပေးနိုင်စွမ်း ရှိသည်။

မကြာမီမှာပင် လင်ယွဲ့ သည် များစွာသော အကျိုးကျေးဇူးများကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ သူမသည် အခွင့်အရေးကို အသုံးချကာ ကျင့်ကြံခြင်း အဆင့်များကို ချိုးဖြတ်ရာတွင် ကြုံတွေ့ရသော ပြဿနာများကိုပါ မေးမြန်းလိုက်ပါ၏။ ယဲ့ဖုန်း ၏ ရှင်းပြချက်များကို နတ်မိမယ် မင်ယွဲ့ ၏ မှတ်ဉာဏ်များနှင့် ပေါင်းစပ်ကာ အပြန်အလှန် နှိုင်းယှဉ် လေ့လာလိုက်ရာ သိသာလှသော တိုးတက်မှုများကို ရရှိသွားတော့၏။

“ဝုန်း ”

ထိုနေ့မှာတင် လင်ယွဲ့ သည် အဆင့်ငယ်တစ်ခုကို ချိုးဖြတ်နိုင်ခဲ့သဖြင့် ထူးခြားသော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာခဲ့ရာ ၎င်းမှာ ရေပေါ်ဖြူမြို့တော် တစ်ခုလုံးသို့ ဟိုးလေးတကျော် ဖြစ်သွားတော့သည်။ ထိုသတင်းမှာ လျှို့ဝှက်ဆန်းကြယ် မြို့တော် နှင့် ကောင်းကင်ထစ်ချုန်းမြို့ ရှိ လူများ၏ နားထဲသို့ပင် ရောက်ရှိသွားခဲ့တော့၏။

--

All Chapters