← Chapters

အခန်း ၅၆၃

Vol. 38 Ch. 563

အခန်း ၅၆၃

Vol. 38 Ch. 563

အခန်း (၅၆၃) - ပါရမီရှင်များ၏ ပြိုင်ပွဲနှင့် ပရိသတ်ကို မှင်သက်သွားစေသော အဆိပ်သင့်မြှောက်ပင့်ခြင်း

~ဂိုဏ်းချုပ်ရယ်... ကြယ် (၃) ပွင့်အဆင့် အင်အားစုအဖြစ် အသိအမှတ်ပြုခံရဖို့ ကိစ္စကို ခေတ္တဆိုင်းငံ့ထားလို့ ရပါတယ်... ရေပေါ်ဖြူမြို့တော်က အခုဆိုရင် အရှိန်အဟုန်နဲ့ တိုးတက်နေတာမို့လို့ နောက်ထပ် (၃) နှစ်အတွင်းမှာတော့ ကြယ် (၂) ပွင့်အဆင့်ကို သေချာပေါက် ရောက်ရှိလာမှာပါ... အဲဒီအချိန်ကျမှ ကျွန်မတို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် ကြယ် (၃) ပွင့်အဆင့်ကို တက်လှမ်းဖို့က ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး

ကုန်းချင်းချိုးက ယုံကြည်ချက်အပြည့်ဖြင့် တင်ပြလိုက်၏။

(၃) နှစ်ဟူသော စကားကြောင့် ယဲ့ဖုန်း၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် မဲ့သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်တာဝန်၏ ပဉ္စမအဆင့်အတွက် စနစ်က သတ်မှတ်ပေးထားသော အချိန်မှာ (၁) နှစ်သာ ဖြစ်ပေရာ ရေပေါ်ဖြူမြို့တော်၏ တိုးတက်မှုက (၃) နှစ်အထိ ကြာမြင့်မည်ဆိုပါက သူ့အတွက် အလွန်နှေးကွေးနေမည်လေ။

“ကျွန်တော်တို့ ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြရမယ်”

ယဲ့ဖုန်းက ပြတ်သားစွာ အမိန့်ပေးလိုက်သဖြင့် ကုန်းချင်းချိုးမှာ ဂိုဏ်းချုပ်၏ အသံနေအသံထားအတွင်းရှိ တည်ကြည်လေးနက်မှုကို သတိပြုမိသွားကာ သူမ၏ မျက်နှာထားမှာလည်း ချက်ချင်းပင် လေးနက်သွားတော့၏။

“ဒါနဲ့... မနက်ဖြန်ဆိုရင် နိုင်ငံနှစ်ခုကြားက ပါရမီရှင် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲက စတင်တော့မှာပဲ... တပည့်တွေကို သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ ခိုင်မာအောင် အမြန်ဆုံး လုပ်ခိုင်းလိုက်ပါ...ကျွန်တော်တို့က အဆင့်အတန်းတွေကို မမက်မောပေမယ့် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့အတွက်တော့ ဒါက အခွင့်အရေးကောင်းပါ... နားလည်တယ်မလားဗျ”

“နားလည်ပါပြီ ဂိုဏ်းချုပ်... ကျွန်မ အခုပဲ အမိန့်ကို သွားရောက် အသိပေးလိုက်ပါ့မယ်”

ကုန်းချင်းချိုးသည် ရိုသေစွာဖြင့် ဆုတ်ခွာသွား၏။

မြူခိုးတောင်ထိပ်၏ ကမ်းပါးစွန်းတွင် ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် တစ်နေ့တခြား တိုးချဲ့လာနေသော ရေပေါ်ဖြူမြို့တော်ကို ငုံ့ကြည့်နေမိသည်။

ထိုအခိုက်အတန့်၌ သူ၏ ရင်ထဲတွင် ကောင်းကင်နှင့် မြေပြင်ကို ဝါးမြိုနိုင်လောက်သော ခမ်းနားထည်ဝါသည့် ခံစားချက်မျိုး ပေါ်ပေါက်လာတော့သည်။

‘ပါရမီရှင်တွေရဲ့ တိုက်ပွဲပေါ့... အမြန်ဆုံး စတင်လိုက်ပါတော့’

သူက မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေ၏။

တစ်ချိန်တည်းမှာပင် လျောင်မိစ္ဆာနိုင်ငံတော်အတွင်းသို့ ရောက်ရှိနေကြသော လီကျောက်ခွန်နှင့် အဖွဲ့သားများသည် လူဦးရေ (၃) သန်းကျော်ရှိသော မြို့ကြီးတစ်မြို့သို့ ရောက်ရှိလာကြကာ ရှေ့ဖြစ်ဟောဆိုင်လေး ဖွင့်လှစ်လိုက်ကြ၏။ သို့သော်လည်း ဧည့်သည်များ မလာရောက်မီမှာပင် သတင်းစကားတစ်ခုက သူတို့ဆီသို့ ရောက်ရှိလာတော့သည်။

“မင်း ကြားပြီးပြီလား... လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်ရဲ့ ရေပေါ်ဖြူမြို့တော်မှာ နိုင်ငံနှစ်ခုကြားက ပါရမီရှင်တွေ ပြိုင်ပွဲ ကျင်းပတော့မှာတဲ့... ရေပေါ်ဖြူမြို့တော်ရော၊ လေဝူမင်းဆက်ကပါ ကြယ် (၄) ပွင့်အဆင့် အင်အားစုတွေဖြစ်တဲ့ ထိပ်တန်းပါရမီရှင်တွေ အကုန် လာကြမှာတဲ့နော်”

“တကယ်လား”

“သေချာတာပေါ့... မနက်ဖြန် စတော့မှာဆိုတော့ အခုထွက်သွားရင်တောင် မှီပါ့မလား မသိဘူး”

“မပြောနိုင်ဘူးလေ... ငါတို့ အစွမ်းကုန် မြန်မြန်သွားမယ်ဆိုရင်တော့ စိတ်လှုပ်ရှားဖို့ အကောင်းဆုံး အထွတ်အထိပ် တိုက်ပွဲတွေကို ကြည့်ခွင့်ရနိုင်တာပဲ... အဘယ်ကြောင့်ဆိုသော် တကယ့် ပါရမီရှင်အစစ်တွေက အစောကြီး ထွက်မတိုက်ကြဘူးလေ”

လမ်းပေါ်တွင် အလျင်အမြန် သွားလာနေကြသော ကျင့်ကြံသူများ၏ စကားကို ကြားလိုက်ရသောအခါ လီကျောက်ခွန်၊ ဝမ်ဖင်းအန်း၊ လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြကာ ဆိုင်ကို အမြန်သိမ်းလိုက်ကြတော့၏။ ၎င်းနောက်တွင် အစ်ကိုကြီးခေါင်းပြားကို ဆွဲကာ နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ကို ချိုးဖဲ့လိုက်ရာ ဖြူဖွေးသော အလင်းတန်းတစ်ခုနှင့်အတူ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကြတော့သည်။

မြူခိုးတောင်ထိပ်ထက်သို့ သူတို့ (၄) ဦးနှင့် သားရဲ (၁) ကောင် ပြန်လည်ရောက်ရှိလာကြ၏။ သို့သော်လည်း ယဲ့ဖုန်းကို မတွေ့ရဘဲ ကျင့်ကြံခြင်းမှ ထွက်လာသော မိုယင်နှင့်သာ တွေ့ဆုံလိုက်ရ၏။

“စီနီယာမမ မို... နိုင်ငံနှစ်ခုကြားက ပါရမီရှင်တွေ ပြိုင်ပွဲက တကယ်ပဲ ကျင်းပတော့မှာလား”

“အင်း”

မိုယင်က ခပ်တိုးတိုး ဖြေကြားလိုက်ပြီးနောက် လေထဲသို့ ပျံတက်ကာ ပျံလွင့်တောင်ထိပ်ထက်ရှိ သစ်သားအိမ်လေးဆီသို့ ဦးတည်သွား၏။ ထိုနေရာမှာ သူမ၏ နေအိမ်အသစ်ပင် ဖြစ်သည်။

‘ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အဋ္ဌမအလွှာ (၈)’

မိုယင်က မိမိဘာသာ တီးတိုး ပြောဆိုလိုက်၏။ ဤအတောအတွင်း သူမသည် အပတ်တကုတ် ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်သားရဲတောင်ထိပ်မှ ဝိညာဉ်သွေးကြောကို မဟာအဆင့်သို့ မြှင့်တင်လိုက်စဉ်က သူမသည် ကောင်းကင်ဘုံ ဝိညာဉ်နှင်းရည်များကို အမြောက်အမြား စုပ်ယူနိုင်ခဲ့သဖြင့် ကျင့်ကြံခြင်းအဆင့်မှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ခြင်းပင် ဖြစ်သည်။ သူမသည် မနက်ဖြန် ကျင်းပမည့် ပြိုင်ပွဲအတွက် များစွာ မျှော်လင့်ချက်ထားနေပေတော့သည်။

...

နောက်တစ်နေ့ နံနက်ခင်း။

ရေပေါ်ဖြူမြို့တော်၏ အထက် ကောင်းကင်ယံ၌ ပျံလွင့်နေသော စင်မြင့် (၁၄) ခု၏ ဘေးပတ်ဝန်းကျင်မှာ လူအုပ်ကြီးဖြင့် ပြည့်နှက်နေ၏။ အချို့မှာ ရေပေါ်ဖြူမြို့တော်မှ ပရိသတ်များ ဖြစ်ကြပြီး အချို့မှာမူ နိုင်ငံကြီးနှစ်ခုမှ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြ၏။ ထိုအခိုက်အတန့်၌ ကောင်းကင်ယံတွင် လူရိပ်တစ်ခု ပေါ်ထွက်လာ၏။ ရှိနေသမျှသော လူတိုင်း၏ အကြည့်များမှာ ထိုသူ့ဆီသို့ ရောက်ရှိသွားကြရာ ထိုလူငယ်၏ ရုပ်ရည်မှာ နုပျိုသော်လည်း သူ၏ အရှိန်အဝါမှာမူ လွှမ်းမိုးချုပ်ကိုင်နိုင်သော နတ်ဘုရားတစ်ပါးအလား ခံစားလိုက်ကြရတော့သည်။

“ငါက မြူခိုးဂိုဏ်းရဲ့ အတွင်းစည်းအကြီးအကဲ ဝမ်လင်းပဲ... ဒီနေ့ ကျင်းပမယ့် နိုင်ငံနှစ်ခုကြားက ပါရမီရှင်တွေရဲ့ ပြိုင်ပွဲကို ငါကပဲ ကြီးကြပ်ပေးသွားမှာ ဖြစ်တယ်”

ဝမ်လင်း၏ ဟိန်းထွက်လာသော အသံမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

“ကောင်းကင်မှာ စုစုပေါင်း စင်မြင့် (၁၄) ခု ရှိတယ်... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအလွှာကနေ ကိုးခုမြောက်အလွှာအထိ စင်မြင့် (၉) ခုနဲ့ ဝိညာဉ်ပင်လယ်အဆင့် ပထမအလွှာကနေ ပဉ္စမအလွှာအထိ စင်မြင့် (၅) ခု ခွဲထားတယ်... အသက် (၃၀) အောက် ပါရမီရှင်တွေပဲ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိမှာ ဖြစ်တယ်”

“ဒီတိုက်ပွဲက (၃) ရက်နဲ့ (၃) ည ကြာမြင့်မှာ ဖြစ်တယ်”

“ရှုံးနိမ့်သူက စင်မြင့်ပေါ်က ဆင်းပေးရမှာဖြစ်ပြီး အနိုင်ရသူကတော့ ခေတ္တ အောင်နိုင်သူအဖြစ်နဲ့ တခြားသူတွေရဲ့ စိန်ခေါ်မှုကို လက်ခံရမှာ ဖြစ်တယ်”

“ငါတို့ဂိုဏ်းကနေပြီးတော့ စင်မြင့်ပေါ်က အောင်နိုင်သူတွေ အမြဲတမ်း အင်အားပြည့်ဝနေစေဖို့အတွက် ကုသရေး ဝိညာဉ်ရည်တွေကို အထူးစီစဉ်ပေးထားတယ်... ဒါမှသာ နောက်ကနေ စိန်ခေါ်တဲ့သူတွေက အခွင့်အရေး မျှတမှာ ဖြစ်တယ်”

“နောက်ဆုံးအချိန်အထိ စင်မြင့်ပေါ်မှာ ရပ်တည်နိုင်တဲ့သူကသာ စစ်မှန်တဲ့ အောင်နိုင်သူနဲ့ အဆင့်တူကြားက ဘုရင်အစစ်အမှန် ဖြစ်လာမှာပဲ”

“ကဲ... အခုပဲ စတင်လိုက်ကြစို့”

အတွင်းစည်းအကြီးအကဲ ဝမ်လင်းက ကြည်လင်ပြတ်သားသော အသံဖြင့် ကြွေးကြော်လိုက်၏။ ထိုစကားကို ကြားလိုက်ရသည်နှင့် စောင့်ဆိုင်းနေကြသော ပါရမီရှင်အားလုံးမှာ စိတ်အားထက်သန်စွာဖြင့် စမ်းသပ်လိုစိတ်များ ဖြစ်ပေါ်လာကြတော့သည်။

“ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအလွှာ စင်မြင့်ကို ငါ အရင်စောင့်မယ်”

လူငယ်တစ်ဦးက စင်မြင့်ပေါ်သို့ ချက်ချင်း ခုန်တက်လိုက်ကာ သူ၏ ပြိုင်ဘက်ကို စောင့်ဆိုင်းနေ၏။

“မင်းရဲ့ ပြိုင်ဘက်က ငါပဲ”

နောက်ထပ် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပထမအလွှာ ကျင့်ကြံသူ တစ်ဦးကလည်း စင်မြင့်ပေါ်သို့ တက်လာကာ တိုက်ပွဲကို စတင်လိုက်တော့သည်။

“ကျွန်တော်လည်း တကယ်ကို ဝင်တိုက်ချင်လာပြီ”

ဝမ်ဖင်းအန်းသည် စင်မြင့်ထက်မှ တိုက်ပွဲများကို ကြည့်ရင်း ၎င်းတို့၏ ပြင်းထန်လှသော ခွန်အားများကို သတိပြုမိလိုက်၏။

“ညီလေး... မလောပါနဲ့... မင်းရဲ့ အဆိပ်သင့်မြှောက်ပင့်ခြင်း ပါရမီနဲ့ဆိုရင်တော့ ပြိုင်ဘက်ကို မျက်စိလည်သွားအောင် လုပ်ပြီး အသာလေး အနိုင်ယူနိုင်မှာပါ”

လုံထျန်းရှင်းက ဆိုးညစ်သော အပြုံးဖြင့် တိုက်တွန်းလိုက်၏။

“ဘာကို ဆိုလိုတာလဲ”

ဝမ်ဖင်းအန်းက မျက်တောင်တခတ်ခတ်ဖြင့် မေးမြန်းလိုက်၏။

ထိုအခါ၊ ချောင်ကျားရှီးက သူ၏ ပုခုံးကို ပုတ်လိုက်ကာ -

“မသိချင်ယောင်ဆောင်မနေနဲ့... မြန်မြန်သွားစမ်းပါ... သွားပြီးတော့ တိုက်လိုက်စမ်း... သူတို့ကို အဆိပ်သင့်မြှောက်ပင့်ပေးဖို့လည်း မမေ့နဲ့ဦးနော်”

“ကောင်းပြီလေ... သွားမှာပေါ့”

ဝမ်ဖင်းအန်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ သူ၏ ဦးခေါင်းကို ကုတ်လျက် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ (၃) စင်မြင့်ပေါ်သို့ ခုန်တက်လိုက်ပေတော့သည်။

“ဒါ မြူခိုးဂိုဏ်းက တပည့်ပဲ”

“သူ့နာမည်က ဝမ်ဖင်းအန်းတဲ့... လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်ရဲ့ ပါရမီရှင်စာရင်းထဲမှာတောင် ပါတာနော်... ဒါပေမဲ့ သူက ဘယ်သူနဲ့မှ တိုက်ခိုက်တာမျိုး မရှိဖူးတော့ သူ ဘယ်လောက် သန်မာသလဲဆိုတာ ဘယ်သူမှ မသိကြဘူးလေ”

“ကြည့်ကြသေးတာပေါ့”

အင်အားစုအသီးသီးမှ ပါရမီရှင်များမှာ ဝမ်ဖင်းအန်း၏ တကယ့်စွမ်းရည်ကို သိမြင်နိုင်ရန်အတွက် စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။

အမှတ် (၃) စင်မြင့်ထက်၌ ဝမ်ဖင်းအန်း၏ ပြိုင်ဘက်မှာ လေဝူမင်းဆက်မှ လာသော ၊ အလယ်အလတ်အဆင့် ဝိညာဉ်ဓားကို ကိုင်စွဲထားသည့် ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် တတိယအလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေသော ဗလတောင့်တောင့် လူငယ် တစ်ဦး ဖြစ်သည်။ ထိုသူ၏ တည်ရှိမှုကပင် ပြင်းထန်လှသော ဓားစိတ်ဆန္ဒများကို ထွက်ပေါ်စေသဖြင့် ဝမ်ဖင်းအန်းပင် ထိတ်လန့်သွားရ၏။

“ဟဲဟဲ... တာအိုမိတ်ဆွေ... မင်းရဲ့ ကိုယ်ဟန်က တကယ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ... ရုပ်ရည်ကလည်း ခန့်ညားထည်ဝါသလို ဗလကလည်း တောင့်တင်းလိုက်တာ... ဓားစိတ်ဆန္ဒတွေကလည်း တက်ကြွနေပြီး အရှိန်အဝါကလည်း ပျံလွင့်နေတဲ့ နဂါးတစ်ကောင်အလို တည်ငြိမ်နေတာပဲ... မင်းကတော့ ဒီစင်မြင့်ရဲ့ အောင်နိုင်သူ သေချာပေါက် ဖြစ်မှာပဲနော်”

ဝမ်ဖင်းအန်းသည် ထိုသူအား အလွန်အမင်း မြှောက်ပင့် (အဆိပ်သင့်မြှောက်ပင့်ခြင်း) ပေးလိုက်ပေတော့သည်။

ထိုစကားများကို ကြားလိုက်ရသောအခါ ဓားကို ကိုင်ထားသော လူငယ်မှာ မျက်မှောင်ကြုတ်လိုက်ကာ နှာခေါင်းရှုံ့လိုက်၏။

“ငါ့ကို မြှောက်ပင့်ပြီးတော့ အလျှော့ပေးမယ်လို့ မထင်နဲ့... ငါ အမှန်အတိုင်း ပြောပြမယ်... ငါက ဒီအောင်နိုင်သူ ဘွဲ့ကို ရအောင် ယူမှာပဲ”

“ရဲရင့်တဲ့ သူရဲကောင်းကြီးရယ်... မင်းရဲ့ တက်ကြွမှုတွေက တကယ်ကို သန်မာတာပဲ... မင်းဟာ တကယ့်ကို ထူးခြားတဲ့သူ ဖြစ်မယ်လို့ ငါ ယုံကြည်တယ်... မင်းရဲ့ တိုက်ကွက် တစ်ကွက်တည်းနဲ့တင် ကောင်းကင်ယံကို ဆွဲဖြဲပြီးတော့ ပြိုင်ဘက်ကင်းတဲ့ စွမ်းအားတွေကို ပြသနိုင်မှာပါကွာ”

ဝမ်ဖင်းအန်းက နောက်ထပ် အဆိပ်သင့်မြှောက်ပင့်ခြင်း တစ်ခုကို ထပ်မံ ပေးအပ်လိုက်ပြန်သည်။

ကြည့်ရှုနေသူများမှာမူ ဇဝေဇဝါ ဖြစ်နေသော မျက်နှာထားများ ရှိနေကြ၏။

သူတို့နှစ်ဦးမှာ ပြိုင်ဘက်များ ဖြစ်ကြသည် မဟုတ်ပါလော။ ဝမ်ဖင်းအန်းက ဘာကြောင့် တစ်ဖက်လူကို ဆက်တိုက် ချီးကျူးနေရသနည်း။

‘သူက မြှောက်ပင့်စကားတွေနဲ့ ပြိုင်ဘက်ရဲ့ တိုက်ခိုက်လိုစိတ်ကို လျှော့ချနေတာလား’

ပရိသတ်များမှာ ထိုသို့ တွေးတောနေမိကြ၏။

မြူခိုးဂိုဏ်းမှ စီနီယာတပည့်များသာလျှင် မိမိတို့၏ ပါးစပ်များကို ပိတ်ကာ တခိခိ ရယ်မောနေကြတော့သည်။

“တော်စမ်း... ဒါကို လက်ခံစမ်း”

စိတ်တိုနေသော လူငယ်သည် သူ၏ ဓားရှည်ကို ဝှေ့ယမ်းလျက် ဝမ်ဖင်းအန်းဆီသို့ ချက်ချင်းပင် ပိုင်းချလိုက်ရာ အသက်ရှူရန်ပင် အချိန်မပေးတော့ပေ။

“ပေါက်ကွဲစေသော မူလဆေးလုံး”

ဝမ်ဖင်းအန်းမှာ အနည်းငယ်မျှပင် ထိတ်လန့်ခြင်း မရှိပေ။ လက်တစ်ဖက်ဖြင့် အဝတ်အိတ်ကို ကိုင်ထားကာ အခြားလက်တစ်ဖက်ဖြင့် အိတ်အတွင်းမှ အဆင့်နိမ့် ပေါက်ကွဲစေသော မူလဆေးလုံး ဒါဇင်ပေါင်းများစွာကို ထုတ်ယူလျက် လေဝူမင်းဆက်မှ လူငယ်ဆီသို့ တစ်ပြိုင်နက်တည်း ပစ်ပေါက်လိုက်တော့၏။

ဝုန်း ဝုန်း ဝုန်း

ဆေးလုံးတစ်လုံးချင်းစီမှာ ထိတွေ့လိုက်သည်နှင့် ပေါက်ကွဲသွားတော့သည်။ ပြင်းထန်လှသော စွမ်းအင်များမှာ ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်လာရာ တိုက်ပွဲစတင်ပြီး တစ်ချီပင် မပြည့်သေးမီမှာပင် ထိုလူငယ်မှာ လွင့်ထွက်သွားခဲ့ရပြီး မြေပြင်ပေါ်သို့ မဲတူးလျက် ကျဆင်းသွားတော့၏။ သူ၏ ဆံပင်များမှာလည်း ပေါက်ကွဲမှုကြောင့် ဖွာထွက်နေကာ ကြည့်ရသည်မှာ တကယ်ကို သနားစရာ ကောင်းလှ၏။

“ဝိုး”

ထိပ်တန်းပါရမီရှင်များ အားလုံးမှာ မှင်သက်စွာ စောင့်ကြည့်နေမိကြတော့သည်။

“ဟွတ်... ဟွတ်... ဟွတ်”

မြေပြင်ပေါ်ရှိ လူငယ်သည် အသည်းအသန် ချောင်းဆိုးလိုက်ရာ ပါးစပ်အတွင်းမှ အနက်ရောင် မီးခိုးများ ထွက်ပေါ်လာ၏။

သူသည် တုန်တုန်ရင်ရင်ဖြင့် ဝမ်ဖင်းအန်းကို လက်ညှိုးညွှန်ပြလိုက်ကာ -

“မင်း... မင်းက ဘယ်လိုတောင် ဖြုန်းတီးပစ်ရတာလဲ”

၎င်းတို့မှာ အဆင့်နိမ့် မူလဆေးလုံး ဒါဇင်ပေါင်းများစွာ ဖြစ်သည် မဟုတ်ပါလော။

အကယ်၍ ဈေးကွက်မှာ ရောင်းမည်ဆိုလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာ ရရှိနိုင်၏။ သို့သော်လည်း ဝမ်ဖင်းအန်းမှာ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ သူ့ကို ဗုံးကြဲရန်အတွက် အကုန် သုံးစွဲပစ်လိုက်ခြင်းမှာ တကယ့်ကို ရူးသွပ်မှုပင် ဖြစ်တော့သည်။

ထိုလူငယ် ပို၍ ဇဝေဇဝါ ဖြစ်နေရသည်မှာ သူ၏ အခြေအနေမှာ အစောကပင် အလွန်ကောင်းမွန်နေခဲ့ခြင်းပင်။

သူ၏ အသက်ရှူနှုန်းမှအစ၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနှင့် ဓားစိတ်ဆန္ဒများအထိ အရာအားလုံးမှာ အထွတ်အထိပ်သို့ ရောက်နေခဲ့သော်လည်း သူ တကယ် တိုက်ခိုက်လိုက်သည့် အချိန်မှာတော့ မည်သည့် ခွန်အားမျှ ထွက်ပေါ်မလာခဲ့ရသည်လော။

“တော်ပြီ... တော်ပြီ... ကြည့်ရတာ ငါက အောင်နိုင်သူ ဖြစ်ဖို့ ကံမပါလာတာ ဖြစ်ရမယ်”

လူငယ်သည် ဘာမှ မတတ်နိုင်သလို ခံစားလိုက်ရကာ သူ၏ ရှုံးနိမ့်မှုကို နေရာမှာတင် ဝန်ခံလိုက်တော့၏။

“တာအိုမိတ်ဆွေ... အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ”

ဝမ်ဖင်းအန်းသည် မောက်မာခြင်း မရှိပေ။

သူသည် ထိုလူငယ်ကို ဂါရဝပြုလိုက်ကာ စင်မြင့်ထက်၌ ဆက်လက် ရပ်နေရင်း အမှတ် (၃) စင်မြင့်၏ ခေတ္တ အောင်နိုင်သူ ဖြစ်လာခဲ့ပေတော့သည်။

--

All Chapters