← Chapters

အခန်း ၅၆၄

Vol. 38 Ch. 564

အခန်း ၅၆၄

Vol. 38 Ch. 564

အခန်း (၅၆၄) - လျှပ်စီးဓားအဟုန်ဖြင့် ပါရမီရှင် ထောင်သောင်းကို ဝှေ့ယမ်းနှိမ်နင်းခြင်း၊ အနှိုင်းမဲ့ မိုယင်

~ကောင်းကင်ယံထက်တွင် ချောင်ကျားရှီး၊ လုံထျန်းရှင်း၊ လီကျောက်ခွန်နှင့် ရှီလေ့တို့သည် တတိယစင်မြင့်ပေါ်ရှိ ဝမ်ဖင်းအန်းကို ကြည့်ကာ လက်မထောင်ပြနေကြ၏။

“စီနီယာအစ်ကို ဝမ်... တကယ်ကို တော်ပါတယ် နော်”

လီကျောက်ကျောက်က သူမ၏ လက်နှစ်ဖက်ကို ပါးစပ်နားတွင် ကတော့ပုံစံပြုလုပ်ကာ ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ပြီး အခြားတပည့်များကလည်း ဝမ်ဖင်းအန်းကို ဝိုင်းဝန်းချီးကျူးလိုက်နေကြတော့သည်။

“နောက်တစ်ယောက်... မင်းရဲ့ ပြိုင်ဘက်က ငါပဲ”

ထိုအခိုက်အတန့်၌ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် တတိယအလွှာရှိ ပါရမီရှင်တစ်ဦးသည် စင်မြင့်ပေါ်သို့ တက်လှမ်းလာရာ လူတိုင်း၏ အာရုံမှာ ထိုသူ့ဆီသို့ ရောက်ရှိသွား၏။ ဤလူငယ်မှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော မျက်နှာထား ရှိပြီး အရှိန်အဝါမှာလည်း အလွန်ပင် ပြည့်ဝလှသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူသည် အဆင့်တူကျင့်ကြံသူများကြား၌ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း သိသာလှ၏။

“အို... တကယ့်ကို ခန့်ညားထည်ဝါလှတဲ့ ပြိုင်ဘက်တစ်ယောက် ထပ်ရောက်လာပြန်ပြီပဲ။ ကြည့်စမ်း... သူ့ရဲ့ တောင့်တင်းလှတဲ့ ကိုယ်ဟန်နဲ့ ပြိုင်ဘက်ကင်းတဲ့ အရှိန်အဝါတွေကို... သူကတော့ ဒီပွဲမှာ သေချာပေါက် အနိုင်ရမယ့်သူပဲ”

ဝမ်ဖင်းအန်းသည် မိမိရှုံးနိမ့်သွားမည်ကို အလွန်ကြောက်ရွံ့လှ၏။ ထို့ကြောင့် ပြိုင်ဘက် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုသူအား ချီးကျူးစကားများဖြင့် စတင်၍ ‘ကျိန်စာ’ တိုက်တော့သည်။

“ဟမ့်... ငါက မင်းရဲ့ အောက်လမ်းနည်းတွေကို အလုပ်အကျွေးပြုမှာ မဟုတ်ဘူး”

ဝမ်ဖင်းအန်း၏ ပြိုင်ဘက်က အလျင်အမြန်ပင် လက်ချောင်းများကို မန္တန်အသွင် ပုံဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပတ်လည်၌ အလင်းတန်း ဒါဇင်ပေါင်းများစွာ ဖုံးလွှမ်းသွားပြီး ကာကွယ်ရေးစွမ်းအားမှာ အဆပေါင်းများစွာ မြင့်တက်သွား၏။

“ဝိုး..မင်းရဲ့ ဝိညာဉ်ဒိုင်းလွှားက တကယ်ကို ခိုင်ခံ့ပုံ ရတာပဲနော်။ ဒါကို ဘယ်သူမှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး မဟုတ်လား”

ဝမ်ဖင်းအန်းက မဲ့နောက်နောက် မြှောက်ပင့်စကားများကို ထပ်မံ၍ ပစ်လွှတ်လိုက်ပြန်၏။ သို့သော်လည်း တစ်ဖက်လူကမူ လုံးဝ နားမယောင်ဘဲ မန္တန်များကို ဆက်လက်ရွတ်ဆိုလိုက်ရာ သူ၏ နောက်ကျောဘက်တွင် မီတာ (၁၀) ခန့် ကျယ်ပြန့်သော မီးလျှံငှက်ကြီးတစ်ကောင် ပေါ်ထွက်လာတော့၏။ ၎င်းငှက်ကြီးမှာ ပြင်းထန်သော အပူရှိန်များကို ထုတ်လွှတ်လျက် ဝမ်ဖင်းအန်းဆီသို့ တစ်ဟုန်ထိုး ပျံသန်းဝင်ရောက်လာ၏။

“ပေါက်ကွဲစေသော မူလဆေးလုံး”

ဝမ်ဖင်းအန်းသည် ထိတ်လန့်သွားကာ အိတ်အတွင်းမှ အဆင့်နိမ့် ပေါက်ကွဲစေသော ဆေးလုံးတစ်ဆုပ်ကို နှုတ်ယူလျက် တစ်ပြိုင်နက်တည်း ပစ်ပေါက်လိုက်တော့၏။

“ဝုန်း... ဝုန်း... ဝုန်း…”

ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းများက ထိုပါရမီရှင်၏ ဒိုင်းလွှားကို ရိုက်ခတ်သွားရာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားရုံတင်မကဘဲ သူဆင့်ခေါ်ထားသော မီးလျှံငှက်ကြီးမှာလည်း မီးတောက်များအဖြစ်သို့ ပေါက်ကွဲပျက်စီးသွားရ၏။

“မဖြစ်နိုင်တာ”

လူငယ်ပါရမီရှင်မှာ မှင်သက်သွားရတော့သည်။ သူသည် မိမိ၏ အဆင့်အတွင်း၌ ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်ပြီး သူအသုံးပြုလိုက်သော ကာကွယ်ရေးမန္တန်မှာလည်း ပဉ္စမအဆင့် ရှိ၏။ စင်စစ် ဆိုလျှင် ၎င်းကို မည်သည့်အရာကမျှ ထိုးဖောက်နိုင်စရာ အကြောင်းမရှိပေ။

သို့သော် ယခုမူ ဝမ်ဖင်းအန်း၏ ပေါက်ကွဲစေသော ဆေးလုံးများအောက်တွင် ပျက်စီးသွားရခြင်းမှာ သူ့အတွက်တော့ ယုံကြည်နိုင်စရာ မရှိ။

“လျှို့ဝှက်ဆန်းကြယ် သိုင်းကျမ်း”

ထိုအခိုက်အတန့်၌ ဝမ်ဖင်းအန်းသည် သူ၏ မန္တန်ကို နောက်ဆုံးတွင် အသုံးပြုလိုက်ပြီ ဖြစ်သည်။ ဟင်းလင်းပြင်ထဲ၌ ပန်းချီလိပ်တစ်ခု အသက်ဝင်လာကာ ၎င်းအတွင်းမှ ရေဓားများနှင့် နွယ်ပင်များ အမြောက်အမြား ထွက်ပေါ်လာပြီး အံ့အားသင့်နေသော ပြိုင်ဘက်ကို ရစ်ပတ်ချုပ်နှောင်လိုက်တော့သည်။

“ဘုန်း”

ပြိုင်ဘက် သတိလက်လွတ်ဖြစ်နေသည့် အချိန်ကို အသုံးချကာ ဝမ်ဖင်းအန်းက ပေါက်ကွဲစေသော မူလဆေးလုံး (၃) လုံးကို ထပ်မံပစ်ပေါက်လိုက်ရာ ထိုလူငယ်မှာ စင်မြင့်ပေါ်မှ လွင့်ထွက်သွားတော့သည်။

“မယုံနိုင်စရာပဲ”

မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် လူငယ်သည် မျက်လုံးများ ပြူးကျယ်လျက် ဤသို့ ရေရွတ်လိုက်၏။

“ဒီလူနဲ့ တိုက်ခိုက်နေတုန်းမှာ ငါ့ရဲ့ ခွန်အား တစ်ဝက်လောက်ကိုပဲ ထုတ်သုံးလို့ရသလို ခံစားနေရတာ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဒီလူမှာ ပြိုင်ဘက်ရဲ့ စွမ်းဆောင်ရည်ကို နှိမ်နင်းနိုင်တဲ့ ထူးခြားတဲ့ ခန္ဓာကိုယ် ပါရမီတစ်ခုခု ရှိနေတာများလား”

လူငယ်ပါရမီရှင်သည် စဉ်းစားရခက်နေတော့၏။

“အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ”

ထိုအချိန်တွင် ဝမ်ဖင်းအန်းက လူငယ်ပါရမီရှင်ဘက်သို့ လှည့်ကာ လက်နှစ်ဖက်ကို ဆုပ်လျက် ဂါရဝပြုလိုက်သည်။

“အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ”

လူငယ်ပါရမီရှင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ဘေးတစ်နေရာ၌ ဝင်ထိုင်လိုက်ကာ ပြိုင်ပွဲဝင်အဖြစ်မှ ပရိသတ်အဖြစ်သို့ ပြောင်းလဲသွားတော့၏။

“မြူခိုးဂိုဏ်းက ဒီတပည့်က ဘာတွေလဲဟ”

“သူနဲ့ တိုက်ရင် ပုံမှန်ခွန်အားရဲ့ တစ်ဝက်တောင် မထွက်ဘူးလို့ ခံစားရတာပဲ။ တစ်ဖက်လူက မသမာနည်း သုံးနေတာလား”

“အဲဒီလိုတော့ မဖြစ်နိုင်ပါဘူး”

ရှိနေသမျှသော ပါရမီရှင်များမှာ ဝမ်ဖင်းအန်းကို သတိထားမိသွားကြပြီး အမျိုးမျိုး ဆွေးနွေးနေကြသော်လည်း အဖြေကိုမူ ရှာမတွေ့ကြပေ။ ဝမ်ဖင်းအန်းကတော့ တတိယစင်မြင့်ထက်တွင် ရပ်လျက် သူ၏ အဆင့်အတန်းကို ဆက်လက်ကာကွယ်နေဆဲပင် ဖြစ်သည်။

ထိုအခိုက်အတန့်၌ အနက်ရောင် မျက်နှာဖုံးပုဝါကို ဆင်မြန်းကာ ဦးထုပ်ဆောင်းထားသော ပုံရိပ် တစ်ခုမှာ လူတိုင်း၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာပြီး အဋ္ဌမမြောက် စင်မြင့်ပေါ်သို့ တက်လှမ်းသွား၏။ ၎င်းမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အဋ္ဌမအလွှာနှင့် သက်ဆိုင်သော စင်မြင့်ပင် ဖြစ်သည်။

“ဒါ... မိုယင်ပဲ”

“ဒီမိန်းကလေးရဲ့ လျှပ်စီးဓားက အဆင့်တူသူတွေထဲမှာ ပြိုင်ဘက်ကင်းတယ်လို့ သတင်းကြီးတာလေ။ အရှိန်နဲ့ ပတ်သက်ရင်တော့ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

မိုယင် ပေါ်ထွက်လာခြင်းက ပရိသတ်ကြားတွင် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတော့သည်။ လျှို့ဝှက်ဆန်းကြယ် မြို့တော်မှ ပါရမီရှင်များ လာရောက်စိန်ခေါ်စဉ်က မိုယင်၊ ဟ်ိုယွင်ကျဲနှင့် ချောင်ကျားရှီးတို့၏ ပြတ်သားသော အောင်ပွဲများမှာ အရပ်ရပ်၌ ကျော်ကြားနေခဲ့ပြီးသား ဖြစ်သည်။

“ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အဋ္ဌမအလွှာ... ကျင့်ကြံခြင်း အရှိန်က တကယ်ကို မြန်လွန်းတာပဲ။ ကောင်းကင်ဓားဘုရင် ရီကျွမ်းနဲ့ ဓားဘုရင်ဂိုဏ်းက ကျန်းပိုင်ကောတို့ကိုတောင် မှီတော့မှာပဲ”

“ကျွန်တော် ကြားတာတော့ ကျန်းပိုင်ကောနဲ့ ကောင်းကင်ဓားဘုရင် ရီကျွမ်းတို့က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ်ကို ရောက်နေကြပြီတဲ့။ သူတို့က ကိုးခုမြောက် စင်မြင့်မှာ ပေါ်လာလိမ့်မယ်... ဒါပေမဲ့ အခုထိတော့ အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ လာမလား၊ မလာဘူးလားဆိုတာတော့ မသိဘူးပေါ့”

“စင်မြင့်တိုက်ပွဲက (၃) ရက်နဲ့ (၃) ည ကြာမှာလေ... သူတို့က နောက်ဆုံးနေ့ကျမှ ပေါ်လာလောက်မှာပါ”

“တကယ်ကို မျှော်လင့်နေမိပြီ”

ပရိသတ်များမှာ တိုးတိုးတိတ်တိတ် ထင်ကြေးပေးနေကြ၏။

“ကြည့်လိုက်စမ်း... စီနီယာမမ မိုက အဋ္ဌမစင်မြင့်ရဲ့ အရှင်သခင်ကို စိန်ခေါ်တော့မယ်”

လုံထျန်းရှင်းက စင်မြင့်ကို လက်ညှိုးညွှန်ပြကာ အော်ဟစ်လိုက်သဖြင့် မြူခိုးဂိုဏ်း၏ တပည့်များအားလုံး အာရုံစိုက်လိုက်ကြတော့သည်။

စင်မြင့်ထက်တွင်မူ...

မိုယင်သည် သူမ၏ ဘယ်လက်ဖြင့် ဓားအိမ်ကို ကိုင်ထားသော်လည်း ဓားကို ဆွဲမထုတ်ထားပေ။ သူမ၏ ပြိုင်ဘက်မှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အဋ္ဌမအလွှာ အထွတ်အထိပ်၌ ရှိနေသော၊ လက်ထဲတွင် အလယ်အလတ်အဆင့် ဝိညာဉ်ရတနာဖြစ်သည့် လှံတိုနှစ်စင်းကို ကိုင်ဆောင်ထားသည့် ဝတ်ရုံဖြူဝတ် လူငယ်တစ်ဦး ဖြစ်သည်။

“မင်းက ဓားတောင် ဆွဲမထုတ်ဘူးလား။ ငါ့ကို အထင်သေးနေတာလား”

ဝတ်ရုံဖြူဝတ် လူငယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူသည် လေဝူမင်းဆက်မှ ဖြစ်ပြီး အဆင့်တူ ကျင့်ကြံသူများကြား၌ ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ရာ လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်မှ ပါရမီရှင်များကို လုံးဝ အထင်မကြီးပေ။ သူ၏ အမြင်တွင်တော့ လျှို့ဝှက်ဆန်းကြယ်နိုင်ငံတော်မှာ ခုမှ ထွန်းသစ်စ ကြယ် (၄) ပွင့် အင်အားစုတစ်ခုသာ ဖြစ်ပြီး လေဝူမင်းဆက်နှင့် ယှဉ်နိုင်ရန်အတွက် အနည်းဆုံး နှစ်ပေါင်း ရာနှင့်ချီ၍ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်ဟု ယူဆထားခြင်း ဖြစ်သည်။

“ရှင့်ကို ကိုင်တွယ်ဖို့အတွက် ကျွန်မ ဓားသုံးစရာ မလိုပါဘူး”

မိုယင်က သူမ၏ ညာလက်ကို ဆန့်ထုတ်လိုက်၏။ ဓားကွက်တစ်ခု ဖော်ဆောင်လိုက်ပြီး အသာအယာ ဝှေ့ယမ်းလိုက်ရာ ထက်ရှသော ဓားချီတစ်ခုမှာ မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာတော့သည်။

“လာစမ်း”

ဝတ်ရုံဖြူဝတ် လူငယ်က လှံတိုများကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ရာ တစ်စင်းမှာ မိုယင်၏ နောက်ကျောဘက်သို့ ဦးတည်နေလျက်။ အခြားတစ်စင်းမှာမူ မိုယင်၏ ဓားချီကို ထိပ်တိုက် ရင်ဆိုင်ရန် ပျံသန်းသွား၏။

နောက်တစ်ခဏတွင်မူ...၊

မိုယင်၏ ညာလက်မှာ အသာအယာ လှုပ်ခါသွားပြီး ဓားချီမှာ လမ်းကြောင်းကို အလွယ်တကူပင် ပြောင်းလဲလိုက်တော့သည်။ လူငယ်၏ လှံတိုကို ရှောင်တိမ်းလျက် သူ၏ နဖူးနှင့် လက်မအနည်းငယ်မျှသာ အကွာအဝေးတွင် ရပ်တန့်သွားသည်။ ထိုအေးစက်လှသော အရှိန်အဝါကြောင့် လူငယ်မှာ တုန်ရီသွားရတော့၏။

အခြားတစ်ဖက်တွင်မူ ရှေ့နောက်ညှပ်၍ တိုက်ခိုက်လာသော လှံတိုများကို ရင်ဆိုင်ရာ၌ မိုယင်၏ ကိုယ်ဟန်မှာ အသာအယာ လှုပ်ခါသွားပြီးနောက် ပျောက်ကွယ်သွားသည်။ သူမ ပြန်လည် ပေါ်ထွက်လာသည့် အချိန်တွင်မူ ဝတ်ရုံဖြူနှင့် လူငယ်၏ နောက်ကျောဘက်သို့ ရောက်ရှိနေ၏။

“ချွင်…”

ကြည်လင်လှသော ဓားဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။ ပရိသတ်များမှာ စူးရှလှသော ဓားအလင်းတန်းကြောင့် မျက်စိပင် မဖွင့်နိုင်တော့ဘဲ ရှိနေကြရသည်။ သူတို့ ပြန်လည် သတိဝင်လာသည့် အချိန်တွင်မူ မိုယင်၏ လက်ချောင်းမှာ ဝတ်ရုံဖြူဝတ်လူငယ်၏ ဦးခေါင်းနောက်ကျောသို့ ချိန်ရွယ်ထားသည်ကို မြင်တွေ့လိုက်ရ၏။ သူမ၏ လက်ထိပ်တွင်မူ ပြိုင်ဘက်ကင်းသော ဓားတစ်လက်အလား ထက်မြက်လှသော အရှိန်အဝါများမှာ တလိပ်လိပ် ထွက်ပေါ်နေတော့သည်။

“အရမ်း... အရမ်း မြန်လွန်းတယ်... ... ... ”

ဝတ်ရုံဖြူဝတ်လူငယ်မှာ တံတွေးပင် မျိုချမိတော့သည်။

“ကျွန်တော် အရှုံးပေးပါတယ်”

သူသည် ချက်ချင်းပင် အော်ဟစ်လိုက်ရတော့၏။ မိုယင်၏ လက်ချောင်းက သူ၏ ဦးခေါင်းကို ဖောက်ထွက်သွားကာ သူ၏ အသက်နှင့် ကျင့်ကြံခြင်းလမ်းစဉ်မှာ ဤနေရာ၌ပင် နိဂုံးချုပ်သွားမည်ကို သူ အလွန်ပင် စိုးရိမ်နေသောကြောင့် ဖြစ်သည်။

“ဝိုး... ... ... ”

“သူက ပြန်တိုက်ဖို့တောင် အခွင့်အရေး မရလိုက်ဘူးလား”

“မြူခိုးဂိုဏ်းက မိုယင်ကတော့ တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ ဒဏ္ဍာရီထဲက ပထမဆုံးသော အစစ်အမှန် တပည့် ဖြစ်ဖို့ ထိုက်တန်ပါပေတယ်”

မိုယင်၏ လွယ်ကူလှသော အောင်ပွဲကြောင့် ပရိသတ်ကြားတွင် တုန်လှုပ်မှုများ ဖြစ်ပေါ်သွားရ၏။ မြူခိုးတောင်ထိပ်ထက်၌မူ...

ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + (၇၆၃) (မိုယင်)

ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + (၁၂၅) (ဝမ်ဖင်းအန်း)

စနစ်၏ အသိပေးချက်များမှာ ပြောင်းလဲသွားပြီး မည်သည့်တပည့်က ဂိုဏ်းအတွက် အကျိုးအမြတ် ဆောင်ကြဉ်းပေးသည်ကို အတိအကျ ဖော်ပြနေသည်ကို ယဲ့ဖုန်း သတိပြုမိလိုက်၏။

‘စနစ်... ဒါက ဂိုဏ်းချုပ်ရဲ့ ပဉ္စမအဆင့် တာဝန်ကြောင့်လား။’

ယဲ့ဖုန်းက စိတ်ထဲမှ မေးမြန်းလိုက်သည်။

ဂိုဏ်းချုပ်၏ ပဉ္စမအဆင့် တာဝန်မှာ မြူခိုးဂိုဏ်းကို ကြယ် (၃) ပွင့် အဆင့်သို့ မြှင့်တင်ရန်နှင့် တပည့်များကို နာမည်ကျော်ကြားအောင် လုပ်ဆောင်ရန်ဖြစ်ကြောင်း သူ မှတ်မိနေ၏။

‘ဒါဆို နာမည်ကျော်ကြားအောင် လုပ်ရမယ်ဆိုတာ... တပည့်တွေက ဂိုဏ်းအတွက် ဂုဏ်သတင်း တန်ဖိုး ဘယ်လောက် ဆောင်ကြဉ်းပေးနိုင်သလဲ ဆိုတာကို ကြည့်တာပေါ့ ဟုတ်လား။’

ယဲ့ဖုန်းမှာ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

“မှန်ကန်ပါတယ်” စနစ်က ပြန်လည် ဖြေကြားလိုက်၏။

“တာဝန် အောင်မြင်ဖို့ တပည့်တွေ ဆောင်ကြဉ်းပေးတဲ့ ဂုဏ်သတင်း တန်ဖိုးမှာ (၁,၀၀၀,၀၀၀) (တစ်သန်း) ထက် ကျော်လွန်ရပါမယ်”

“ဟူး... ... ... ”

ယဲ့ဖုန်းမှာ အံ့အားသင့်သွားရသည်။ လက်ရှိ အခြေအနေတွင် သူ ကိုယ်တိုင် အပြင်ထွက်၍ သူ၏ စွမ်းအားများကို ပြသမည်ဆိုပါက ဂုဏ်သတင်း တန်ဖိုး သန်းပေါင်းများစွာကို တစ်ကြိမ်တည်းနှင့် ရရှိနိုင်၏။ သို့သော် သူက မည်သူနည်း။ သူသည် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော ဝိညာဉ်အစအနကို တစ်ကိုယ်တည်း နှိမ်နင်းခဲ့ဖူးသည့် မြူခိုးဂိုဏ်း၏ ဂိုဏ်းချုပ် ယဲ့ဖုန်း မဟုတ်ပါလား။ သူ၏ အဆင့်အတန်းနှင့်ဆိုလျှင် ဂုဏ်သတင်း တန်ဖိုးများ စုဆောင်းရန်မှာ မခက်ခဲလှပေ။

သို့သော်လည်း သူ၏ တပည့်များထဲတွင် ကျင့်ကြံခြင်း အမြင့်ဆုံးမှာ ဝိညာဉ်ပင်လယ်အဆင့်၌သာ ရှိသေးရာ ဤကျင့်ကြံခြင်း အဆင့်များဖြင့် ဂုဏ်သတင်း တန်ဖိုးများ ရရှိရန်မှာမူ လွယ်ကူလှသည် မဟုတ်ပေ။

“ဒီ ပဉ္စမအဆင့် တာဝန်ကတော့ တော်တော်လေးကို ခက်ခဲမှာပဲ”

ယဲ့ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူ စိတ်အာရုံ ပို့လွှတ်လိုက်သည်နှင့်တပြိုင်နက်၊ စနစ်၏ စာမျက်နှာအသစ်တစ်ခု သူ၏ ရှေ့မှောက်၌ ပေါ်ထွက်လာသည်။

ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး (တပည့်များ) - (၁၅၇၈)

၎င်းမှာ ဂိုဏ်းချုပ်၏ ပဉ္စမအဆင့် တာဝန် စတင်ကတည်းက တပည့်များက ဂိုဏ်းအတွက် ရှာဖွေပေးထားသော စုစုပေါင်း ဂုဏ်သတင်း တန်ဖိုးပင် ဖြစ်သည်။

ရည်မှန်းချက် ဖြစ်သော တစ်သန်းနှင့် ယှဉ်ကြည့်လျှင်မူ များစွာ ကွာဝေးနေသေးသည် မဟုတ်ပါလော။

“ကြည့်ရတာ နိုင်ငံနှစ်ခုကြားက ပါရမီရှင်တွေ ပြိုင်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာက တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ”

ယဲ့ဖုန်း မှတ်ချက်ချလိုက်၏။

ဤပြိုင်ပွဲက တာဝန်၏ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်မည်မှာ ဧကန်မလွဲပါပေ။

--

All Chapters