← Chapters

အခန်း ၅၆၆

Vol. 38 Ch. 566

အခန်း ၅၆၆

Vol. 38 Ch. 566

အခန်း (၅၆၆) - လုံထျန်းရှင်း၏ နေရပ်၊ တိုက်ဆိုင်မှုနှင့် ကမ္ဘာငယ် သုံးထောင်အတွင်းသို့ တစ်ကျော့ပြန် ဝင်ရောက်ခြင်း

~တင်းပိုင်ရွှယ်သည် စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေ၏။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမသည် ထိုသူနှစ်ဦးနောက်သို့ တိတ်တဆိတ် ခြေရာခံ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ ဟ်ိုယွင်ကျဲနှင့် လင်းယွီယန်တို့သည် ဘေးချင်းယှဉ် လျှောက်လှမ်းနေကြကာ ရင်းနှီးပုံရသော်လည်း နေ့နေ့ညည မည်သည့် ကျင့်ဝတ်ဖောက်ဖျက်မှုမျိုးမျှ ဖြစ်ပေါ်ခြင်း မရှိသည်ကို သူမ တွေ့မြင်ခဲ့ရ၏။

ဤအချက်ကြောင့် တင်းပိုင်ရွှယ်သည် စိတ်သက်သာရာရကာ ဝမ်းသာနေမိသော်လည်း သူတို့နှစ်ဦး နေ့တိုင်း အတူတူရှိနေသည်ကို တွေးမိပြန်လျှင်မူ စိတ်အားငယ်မှုက ရုတ်တရက် တိုးဝင်လာပြန်သည်။ သူမသည် ယခုအခါ သူတို့ရှေ့တွင် မတော်တဆ တွေ့ဆုံသည့်နှယ် ဟန်ဆောင်ကာ ကိုယ်ထင်ပြချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့၏။

“ငါ ဘယ်လိုလုပ်ရမလဲ... အခုပဲ အရှေ့ကို ထွက်သွားလိုက်ရမလား...”

တင်းပိုင်ရွှယ်သည် အသည်းအသန် စဉ်းစားနေမိ၏။

“ဝုန်း...”

ထိုအခိုက်အတန့်၌ ထိုက်ယွဲ့တောင်တန်း၏ နက်ရှိုင်းသော ဆီမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူသုံးဦးစလုံး အသံလာရာဆီသို့ လှမ်းကြည့်လိုက်ကြရာ အဆင့်မြင့် နတ်ဆိုး ဗိုလ်ချုပ် တစ်ကောင်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသော လူအုပ်စုတစ်စုကို မြင်တွေ့လိုက်ရ၏။

“မင်းတို့ အရင်ပြေးကြ... ငါ ဒီသားရဲကို ခုခံထားမယ်...”

ခွန်အားအပြည့် ပါဝင်နေသော အသံတစ်ခု ဟိန်းထွက်လာသည်။ ဟ်ိုယွင်ကျဲသည် ထိုအသံရှင်ဆီသို့ လှမ်းကြည့်လိုက်ရာ ကောင်းကင်ယံထက်တွင် ကိုယ်ဟန်နှင့် ရုပ်ရည်မှာ လုံထျန်းရှင်းနှင့် အတော်လေး ဆင်တူသော အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရ၏။

ထိုအမျိုးသား၏ ရှေ့တွင်မူ ကျားသဏ္ဌာန်ရှိသော အဆင့်မြင့် နတ်ဆိုး ဗိုလ်ချုပ်တစ်ကောင်မှာ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် အတင်းအဓမ္မ လိုက်လံတိုက်ခိုက်နေခြင်းပင် ဖြစ်သည်။

“နဂါးအသွင် ပြောင်းလဲခြင်း ပုံစံ...”

ထိုအမျိုးသားက ဟစ်အော်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ငွေရောင်နဂါးကြေးခွံများဖြင့် ဖုံးလွှမ်းသွားတော့၏။ နောက်ကျော၌ နဂါးအမြီးတစ်ချောင်း ပေါက်ထွက်လာပြီး နဖူးထက်တွင်လည်း ငွေရောင်နဂါးဂျိုနှစ်ချောင်း ထွက်ပေါ်လာတော့သည်။ သူ၏ လက်နှစ်ဖက်မှာမူ ထက်မြက်လှသော နဂါးလက်သည်းများအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

“ဒါက...”

ဟ်ိုယွင်ကျဲ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရ၏။

နဂါးအသွင် ပြောင်းလဲခြင်း ပုံစံလား။

ဒါဆိုရင် ဒီလူက ညီလေးလုံရဲ့ အဖေများ ဖြစ်နေမလား။

ဟ်ိုယွင်ကျဲသည် ထိုသို့ မတွေးဘဲ မနေနိုင်တော့ပေ။ အခြားတစ်ဖက်တွင်မူ တင်းပိုင်ရွှယ်သည် လုံယွမ်ချင်း နဂါးအသွင်ပြောင်းလိုက်သည်ကို မြင်လိုက်ရပြီးနောက် မှင်သက်နေသော ဟ်ိုယွင်ကျဲကို တစ်ချက်လှမ်းကြည့်ကာ သွားကို တင်းတင်းကြိတ်လျက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်တော့သည်။

“ရဲတင်းလှတဲ့ ကျားနတ်ဆိုး... လူတွေကို ရန်မူရဲတယ်ပေါ့... ဓားဆွဲထုတ်ခြင်းနည်းစနစ်...”

ဟစ်ကြွေးရင်း၊ တင်းပိုင်ရွှယ်သည် ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ပျံတက်သွား၏။ သူမ၏ ဘယ်လက်က ဓားအိမ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ညာလက်က ဓားရိုးကို ပြောင်းပြန်ကိုင်လျက် ထက်မြက်လှသော ဓားကို အစွမ်းကုန် ဆွဲထုတ်လိုက်တော့သည်။

“ရွှစ်…”

မိုင်ပေါင်းများစွာ ရှည်လျားလှသော ဓားအရှိန်အဝါတစ်ခုက ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် ကျားနတ်ဆိုး၏ လက်သည်းတစ်ဖက်ကို ဖြတ်တောက်သွား၏။ ကျားနတ်ဆိုးအား ဒဏ်ရာအနည်းငယ် ရရှိစေခဲ့သဖြင့် ၎င်း၏ ဒေါသကို ပိုမို ဆွပေးလိုက်သည့်နှယ် ဖြစ်သွားရသည်။

လုံယွမ်ချင်းသည် အလွန်ကျေးဇူးတင်သွားကာ ကပျာကယာ မှာကြားလိုက်၏။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်သမီးလေး... ဒါပေမဲ့ ဒီကျားနတ်ဆိုးက အရမ်းသန်မာတယ်... ကျုပ်တောင် မတားနိုင်ဘူး... မြန်မြန် ဆုတ်ခွာပါတော့...”

ပြောပြောဆိုဆိုနှင့် လုံယွမ်ချင်းသည် ကျားနတ်ဆိုးနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုက်ပြန်သည်။ အပြန်အလှန် တိုက်ကွက်အချို့အပြီးတွင်မူ သူသည် မိစ္ဆာ၏ အမြီးဖြင့် ရိုက်ထုတ်ခြင်း ခံလိုက်ရသဖြင့် လွင့်ထွက်သွားခဲ့ရ၏။ သို့သော်လည်း အခြားသော နဂါးမျိုးနွယ်စုဝင်များမှာမူ ဘေးကင်းရာသို့ ထွက်ပြေးနိုင်ခဲ့ကြပြီ ဖြစ်သည်။

၎င်းကို မြင်လိုက်ရသောအခါမှ လုံယွမ်ချင်းသည်လည်း လှည့်၍ ထွက်ပြေးတော့၏။ သူတို့သည် နဂါးမျိုးနွယ်စု၏ ကျင့်ကြံခြင်း အရင်းအမြစ်များအတွက် မိစ္ဆာသားရဲများကို လာရောက် အမဲလိုက်ကြခြင်းဖြစ်ပြီး ပြန်ရန် ပြင်ဆင်နေစဉ်မှာပင် ထိုက်ယွဲ့တောင်တန်းအတွင်း၌ ဤအဆင့်မြင့် ကျားနတ်ဆိုးနှင့် မမျှော်လင့်ဘဲ တိုးခဲ့ခြင်းပင် ဖြစ်သည်။

“တင်းပိုင်ရွှယ်လား...”

“သူ ဘာလို့ ဒီကို ရောက်နေတာလဲ...”

မြေပြင်ပေါ်မှ ဟ်ိုယွင်ကျဲသည် ဓားဆွဲထုတ်ခြင်းနည်းစနစ်ကို အောင်မြင်မှုအဆင့်သို့ ရောက်အောင် အသုံးပြုနိုင်သော တင်းပိုင်ရွှယ်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်ဝန်းများအတွင်း၌ ချီးကျူးရိပ်များ ဖြတ်ပြေးသွားခဲ့သည်။ တင်းပိုင်ရွှယ်သည်လည်း ဓားစိတ်ဆန္ဒကို ပေါက်မြောက်ထားပြီဖြစ်ကြောင်း သူ သိမြင်လိုက်၏။

“မြန်မြန်ပြေးကြ...”

ကောင်းကင်ယံတွင် လုံယွမ်ချင်းက ထွက်ပြေးရင်း တင်းပိုင်ရွှယ်ကို သတိပေးနေသည်။

“ပြေးနိုင်မယ် ထင်နေလား... အိပ်မက်မက်မနေနဲ့...” အဆင့်မြင့် ကျားနတ်ဆိုးက ဟိန်းဟောက်လိုက်၏။ “ဒီနေ့တော့ ဒီနတ်ဆိုး ဗိုလ်ချုပ်က မင်းတို့ အားလုံးကို ဝါးမြိုပစ်မယ်...”

၎င်းသည် လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်ကာ ကျင့်ကြံခြင်း အနိမ့်ဆုံးဖြစ်သော တင်းပိုင်ရွှယ်ဆီသို့ တစ်ဟုန်ထိုး ခုန်အုပ်လိုက်တော့သည်။

“သွားပြီ...”

တင်းပိုင်ရွှယ် ရင်ထိတ်သွားရ၏။ ဟ်ိုယွင်ကျဲ၏ အာရုံစိုက်မှုကို ရရှိရန်အတွက် သူမသည် သူမ၏ ခွန်အားအားလုံးကို အသုံးပြုကာ ‘ဓားဆွဲထုတ်ခြင်းနည်းစနစ်’ ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပေရာ ယခုအခါ သူမတွင် ခွန်အားများ ကုန်ဆုံးနေပြီဖြစ်သဖြင့် ထွက်ပြေးရန်ပင် မတတ်နိုင်တော့ပေ။

“မိစ္ဆာစုတ်... သိပ်ပြီး ရဲတင်းမနေနဲ့...”

မြေပြင်ပေါ်မှ ဟ်ိုယွင်ကျဲသည် လေထဲသို့ ခုန်တက်လိုက်ကာ နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။

တင်းပိုင်ရွှယ်နှင့် မသာယာသော အတိတ်များ ရှိခဲ့စေဦးတော့ ၎င်းမှာ သူမ သေဆုံးသွားသည်ကို ဒီအတိုင်း ထိုင်ကြည့်နေမည်ဟု မဆိုလိုပေ။ ထို့အပြင် နဂါးအသွင်ပြောင်းလဲခြင်းကို အသုံးပြုထားသော ထိုဆန်းကြယ်သည့် ပညာရှင်မှာ လုံထျန်းရှင်း၏ ဖခင် ဖြစ်နိုင်ခြေ များပြားလှသဖြင့် ဟ်ိုယွင်ကျဲ အနေဖြင့် ကျားနတ်ဆိုး၏ အမဲလိုက်ခြင်းကို ငေးကြည့်မနေနိုင်ပါပေ။

“ရေခဲလွင်ပြင်...”

ဟ်ိုယွင်ကျဲသည် ဆဋ္ဌမအဆင့်ရှိသော ဤမန္တန်ကို ထုတ်ဖော်လိုက်ကာ အေးစက်လှသော နှလုံးသားမဲ့ ဓားစိတ်ဆန္ဒကို ပေါင်းစပ်လိုက်၏။ ထိုအခိုက်အတန့်၌ မရေမတွက်နိုင်သော နှင်းပွင့်များမှာ ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာပြီး ဒဏ်ရာရထားသော အဆင့်မြင့် ကျားနတ်ဆိုးကို ဝန်းရံပိတ်ဆို့ထားလိုက်တော့သည်။

“ဘယ်သူလဲ...”

ကျားနတ်ဆိုးမှာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ၎င်းသည် ခွန်အားများ ထုတ်ဖော်ကာ ရေခဲလွင်ပြင်ကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်ပြီးနောက် ဟ်ိုယွင်ကျဲ၏ ဦးခေါင်းကို ကိုက်ဖြတ်ရန် ပြင်လိုက်သည်။

“ဓားဆွဲထုတ်ခြင်းနည်းစနစ်...”

သို့သော်လည်း ဟ်ိုယွင်ကျဲက ၎င်းကို အခွင့်အရေး မပေးခဲ့ပေ။

မာနထောင်လွှားလှသော နေမင်းကြီးအလား တောက်ပနေသည့် အဆင့်မြင့် ဝိညာဉ်ဓားကို အိမ်အတွင်းမှ ဆွဲထုတ်လိုက်သည်နှင့် တပြိုင်နက် စူးရှလှသော ဓားအလင်းတန်းက ညဖက်ကောင်းကင်ယံကို ချက်ချင်းပင် လင်းထိန်သွားစေတော့၏။

“ရွှီး…”

အဆင့်မြင့် ကျားနတ်ဆိုးမှာ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲသွားခဲ့ရပြီ ဖြစ်သည်။

“ဘုန်း...”

၎င်း၏ အလောင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကာ ၎င်း၏ သက်တမ်းမှာလည်း နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။ ဟ်ိုယွင်ကျဲသည် ဓားကို အိမ်အတွင်းသို့ ပြန်သွင်းလိုက်ကာ ဝေးကွာသော အရပ်မှ တင်းပိုင်ရွှယ်ကို လှမ်းကြည့်လိုက်ရင်း သူမ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်းဟု တွေးတောနေမိ၏။

“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် တာအိုမိတ်ဆွေ...”

လုံယွမ်ချင်းနှင့် နဂါးမျိုးနွယ်စုမှ ပညာရှင်များမှာ ဟ်ိုယွင်ကျဲ၏ ဓားအရှိန်အဝါကြောင့် မှင်သက်သွားကြရပြီး သူတို့၏ မျက်ဝန်းများအတွင်း၌ ချီးကျူးမှုနှင့် အံ့ဩမှုများ ပြည့်နှက်နေသည်။

“စီနီယာ... စီနီယာက လုံထျန်းရှင်းကို သိပါသလား ခင်ဗျာ...”

ဟ်ိုယွင်ကျဲသည် နဂါးအသွင်ကို ပြန်လည်ရုပ်သိမ်းလိုက်သော လုံယွမ်ချင်းကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“မင်းက ငါ့သားကို သိတာလား...”

“ညီလေးလုံက စီနီယာရဲ့ သားလား... ကျွန်တော်က မြူခိုးဂိုဏ်းရဲ့ ဒုတိယတပည့် ဟ်ိုယွင်ကျဲ ပါ ခင်ဗျာ...”

“မင်းက မြူခိုးဂိုဏ်းက ပါရမီရှင်လား... မထူးဆန်းတော့ပါဘူး... ဒီလောက် နုပျိုတဲ့အရွယ်နဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ဆဋ္ဌမအလွှာကို ရောက်နေရုံတင်မကဘူး... အဆင့်မြင့် နတ်ဆိုး ဗိုလ်ချုပ်ကိုတောင် ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တာကိုး...”

သူတို့နှစ်ဦးသည် အလွန်ပင် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုလိုက်ကြ၏။ ခေတ္တမျှ စကားပြောပြီးနောက်တွင်မူ တစ်ဦးကိုတစ်ဦး ပိုမို သိကျွမ်းသွားကြတော့သည်။

လုံထျန်းရှင်းသည် ဂိုဏ်းအတွင်း၌ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း သိလိုက်ရသဖြင့် လုံယွမ်ချင်းမှာ စိတ်သက်သာရာ ရသွားကာ ဟ်ိုယွင်ကျဲကို မေးမြန်းလိုက်၏။

“မင်းက ဒီတစ်ခေါက် အတွေ့အကြုံသစ်တွေ ရဖို့ အပြင်ထွက်လာတာလား...”

“ဟုတ်ပါတယ် ခင်ဗျာ...”

ဟ်ိုယွင်ကျဲက ခေါင်းညိတ်လိုက်ကာ မနီးမဝေးရှိ တင်းပိုင်ရွှယ်ကို လှမ်းကြည့်လိုက်ပြီး -

“မင်းကရော ဘာလို့ ဒီကို ရောက်နေတာလဲ...”

တင်းပိုင်ရွှယ်သည် ခေါင်းလေးကို အနည်းငယ် ငုံ့လိုက်ကာ ပြန်ဖြေလာသည်။

“ကျွန်မ မကြာသေးခင်ကမှ ဓားဆွဲထုတ်ခြင်းနည်းစနစ်ကို တတ်မြောက်ပြီး ဓားစိတ်ဆန္ဒကို စုစည်းနိုင်ခဲ့လို့ လမ်းလျှောက်ထွက်လာတာပါ... ဒီလောက်အထိ တိုက်ဆိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

“တကယ့်ကို တိုက်ဆိုင်တာပဲနော်...” ဟ်ိုယွင်ကျဲက မည်သည့် ခံစားချက်မျှ မပါသော မျက်နှာဖြင့် ဆိုလိုက်၏။

လင်းယွီယန်ကတော့ တင်းပိုင်ရွှယ်ကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ သူမသည် အဆင့်မြင့် ကျားနတ်ဆိုးကို မယှဉ်နိုင်မှန်း သိလျက်နှင့် ဝင်ရောက်ကူညီခဲ့ခြင်းမှာ ဟ်ိုယွင်ကျဲ၏ အာရုံစိုက်မှုကို ရယူရန်အတွက်သာ ဖြစ်ကြောင်း သူမ ရိပ်မိလိုက်၏။

မိန်းကလေးအချင်းချင်း ဖြစ်သည့်အလျောက် တင်းပိုင်ရွှယ်၏ အတွေးများကို သူမ ချက်ချင်းပင် ခန့်မှန်းနိုင်လိုက်ခြင်းပင်။

သို့သော်လည်း သူမက ထုတ်မပြောခဲ့ပေ။

လင်းယွီယန်၏ စူးရှသော အကြည့်ကို ခံစားလိုက်ရသဖြင့် တင်းပိုင်ရွှယ်မှာ အနည်းငယ် ရှက်ရွံ့သွားကာ တစ်စုံတစ်ရာ ရှင်းပြရန် ပြင်လိုက်သော်လည်း...

“မင်းတို့ သုံးယောက်စလုံး... ငါတို့ နဂါးမျိုးနွယ်စုရဲ့ နေရပ်က ဒီနားမှာပဲ ရှိတာပါ... အဆင်ပြေမယ်ဆိုရင် ငါတို့ဆီမှာ ဧည့်သည်အဖြစ် လာရောက် အနားယူကြပါဦးလား...”

လုံယွမ်ချင်းက ဖိတ်ခေါ်လိုက်၏။

“ရတာပေါ့...” ဟ်ိုယွင်ကျဲသည်လည်း လုံထျန်းရှင်း၏ နေရပ်ကို သွားရောက်လည်ပတ်ချင်နေသဖြင့် ချက်ချင်းပင် လက်ခံလိုက်တော့၏။ သူက သဘောတူလိုက်ပြီ ဖြစ်သဖြင့် ကျန်သောမိန်းကလေး နှစ်ဦးမှာလည်း မငြင်းသာတော့ပေ။

ထို့ကြောင့် အဖွဲ့သားအားလုံးမှာ ကောင်းကင်ယံထက်သို့ ပျံတက်လိုက်ကြတော့သည်။ အနောက်တောင်ဘက်သို့ မိုင်ပေါင်း ရာနှင့်ချီ၍ ပျံသန်းခဲ့ကြပြီးနောက် တောင်တန်းများကြားတွင် ခိုအောင်းနေသော နဂါးမျိုးနွယ်စု ရှေးဟောင်းမြို့တော်သို့ နောက်ဆုံးတွင် ရောက်ရှိသွားကြတော့၏။

“အို... မင်းက ယွင်ကျဲ မဟုတ်လား... မတွေ့ရတာ ကြာပြီနော်...”

လုံထျန်းရှင်း၏ မိခင် လုံယွီရှင်းသည် ဟ်ိုယွင်ကျဲကို မြင်သည်နှင့် သူ၏ လက်ကို ဆုပ်ကိုင်ကာ နွေးထွေးစွာ နှုတ်ဆက်တော့သည်။

လုံထျန်းရှင်းသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီး တိုက်ခိုက်ရေး စွမ်းရည်မှာလည်း ထူးကဲလှကြောင်း ကြားလိုက်ရသောအခါ လုံယွီရှင်းမှာ ဝမ်းသာအားရဖြင့် မျက်ရည်များပင် ကျလာရ၏။

“ငါ့ရဲ့ သားလေး... နောက်ဆုံးတော့ လူလားမြောက်သွားပြီပေါ့...”

“ကဲပါ... တော်ပါတော့... မငိုနဲ့တော့... လူတွေ ရယ်ကုန်ပါဦးမယ်...” လုံယွမ်ချင်းက ကပျာကယာ တီးတိုး မှာကြားကာ သူမကို စိတ်အေးအောင် လုပ်ပေးလိုက်ရသည်။

နဂါးမျိုးနွယ်စု ရှေးဟောင်းမြို့တော်ရှိ လူတိုင်းသည် အရသာရှိသော အစားအစာများကို သုံးဆောင်ရင်း စကားများကို ဖလှယ်နေကြ၏။

လုံယွမ်ချင်းက ‘ထူးဆန်းသော ဝိညာဉ်သစ်သီးများ’ ဖြင့် ချက်လုပ်ထားသော ဝိုင်များကို ထုတ်ယူကာ ဟ်ိုယွင်ကျဲတို့အား တည်ခင်းဧည့်ခံလိုက်သောအခါ သူတို့၏ မျက်ဝန်းများမှာ ဝင်းလက်သွားကြတော့သည်။

“ဒီလို ဝိညာဉ်သစ်သီးမျိုးတွေ မြူခိုးဂိုဏ်းမှာလည်း ရှိပါတယ်... ဒါပေမဲ့ ဒီက အရသာလောက်တော့ မစစ်မှန်ဘူး ခင်ဗျာ...” ဟ်ိုယွင်ကျဲက မှတ်ချက်ပေးလိုက်၏။

“ဒါပေါ့... ငါတို့ရဲ့ ထူးဆန်းတဲ့ ဝိညာဉ်သစ်သီးတွေကို ကမ္ဘာငယ် သုံးထောင်ထဲက နတ်ဘုရားကျွန်းပေါ်ကနေ ခူးယူထားတာလေ... ဒါကြောင့် အရသာက အစစ်မှန်ဆုံးပေါ့...” လုံယွမ်ချင်းက ရှင်းပြလိုက်၏။

“အော်... အဲဒီလိုလား...” ဟ်ိုယွင်ကျဲသည် ဒဏ္ဍာရီထဲက ကမ္ဘာငယ် သုံးထောင်နှင့် နတ်ဘုရားကျွန်းအကြောင်းကို အလွန်ပင် သိချင်စိတ် ဖြစ်ပေါ်လာတော့သည်။

သူသည် လုံထျန်းရှင်းနှင့် စကားပြောဖြစ်စဉ်က ထိုနေရာများအကြောင်းကို ကြားဖူးသော်လည်း လူကိုယ်တိုင် တစ်ခါမျှ မရောက်ဖူးခဲ့သဖြင့် သွားရောက်လည်ပတ်ချင်စိတ်များ ပြင်းပြနေမိတော့၏။

“ဟုတ်သားပဲ... ခဏနေရင် ငါတို့ ကမ္ဘာငယ် သုံးထောင်ထဲက နတ်ဘုရားကျွန်းကို သွားပြီးတော့ မှည့်တော့မယ့် ဝိညာဉ်သစ်သီးတွေကို သွားခူးကြမလို့... မင်းတို့ သုံးယောက်လည်း စိတ်ဝင်စားရင် ငါတို့နဲ့အတူ လိုက်ခဲ့လို့ ရပါတယ်...”

“အရမ်းကောင်းတာပေါ့...”

ဟ်ိုယွင်ကျဲ၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားရတော့သည်။

ထိုည၌...

လုံယွမ်ချင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သန့်စင်သော နဂါးမျိုးနွယ် သွေးကြောကို အသက်သွင်းကာ နဂါးအသွင် ပြောင်းလဲလိုက်ပြီး မြေအောက် လမ်းကြောင်းကို ဖွင့်လှစ်လိုက်၏။

အဖွဲ့သား ဒါဇင်ပေါင်းများစွာသည် ကမ္ဘာငယ် သုံးထောင်အတွင်းသို့ လှမ်းဝင်လိုက်ကြတော့သည်။

ဟ်ိုယွင်ကျဲသည် လုံးဝ စိမ်းသက်လှသော ဧရာမ ဂူကောင်းကင် ကမ္ဘာကြီးကို မြင်တွေ့လိုက်ရသောအခါ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည့်နှယ် ခံစားလိုက်ရပြီး စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိ၏။

“ဒါဆို ဒါက ကမ္ဘာငယ် သုံးထောင် ပေါ့... ညီမလေး ဇီလင်း ပြောတာ ငါ မှတ်မိသေးတယ်... သူမရဲ့ နေရပ်ကလည်း ဒီထဲက အလယ်အလတ်စား ဂူကောင်းကင် ကမ္ဘာ တစ်ခုမှာ ရှိတာတဲ့လေ...” ။

--

All Chapters