အခန်း ၅၆၇
Vol. 38 Ch. 567
အခန်း (၅၆၇) - ရန်ငြိုးကြီးသော ရွှေရောင်ငန်းနှင့် ပြိုင်ဘက်ကင်း သံမဏိနှုတ်သီး
~“ဇီလင်း... အော်... ငါ သူ့ကို သိတာပေါ့” လုံယွမ်ချင်းက တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရသွားဟန်ဖြင့် မှာကြားလိုက်လေ၏။
“ဂိုဏ်းချုပ်ယဲ့ ခေါ်သွားတဲ့ ခရမ်းရောင်ဆံပင်နဲ့ အလှလေး မဟုတ်လား”
“ဟုတ်ပါတယ်... သူပါပဲ”
ဟ်ိုယွင်ကျဲက ခေါင်းညိတ်ပြလိုက်တော့သည်။
တင်းပိုင်ရွှယ်နှင့် လင်းယွီယန်တို့မှာမူ စကားတစ်ခွန်းမျှ ဝင်ရောက်မပြောဆိုဘဲ အသာတကြည် နားထောင်နေကြသည်။ ထိုမိန်းကလေးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ခိုးကြည့်လိုက်ကြပြီးနောက် အကြည့်လွှဲကာ ဤကမ္ဘာသစ်ကြီးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြ၏။
“ကမ္ဘာငယ် သုံးထောင်ဆိုတာ ဆန်းကြယ်လှတဲ့ ရှေးဟောင်းလျှို့ဝှက်နယ်မြေတစ်ခုပဲလေ။ အဲဒါရဲ့ အနှစ်သာရကတော့ မိုင်ပေါင်း ရာနဲ့ချီ ကျယ်ပြန့်တဲ့ ဧရာမဂူကောင်းကင် ကမ္ဘာကြီးပေါ့။ အဲဒီထဲမှာ အသေးစားနဲ့ အလယ်အလတ်စား ဂူကောင်းကင် ကမ္ဘာပေါင်း (၃၀၀၀) လောက် ပါဝင်နေတာမို့လို့ စုပေါင်းပြီးတော့ ကမ္ဘာငယ် သုံးထောင်လို့ ခေါ်ဝေါ်ကြတာပဲ” လုံယွမ်ချင်းက ဤနေရာနှင့် အလွန်ရင်းနှီးနေသူပီပီ ရှင်းပြလိုက်သည်။
“ကျွန်တော်တို့က ဒီတစ်ခါ နတ်ဘုရားကျွန်းကို သွားမှာဆိုတော့... အဲဒီကျွန်းက ဒီဂူကောင်းကင် ကမ္ဘာတွေထဲက ဘယ်နေရာမှာ ရှိနေတာလဲ ခင်ဗျာ” ဟ်ိုယွင်ကျဲက စပ်စုလိုက်၏။
“နတ်ဘုရားကျွန်းကတော့ ပုံသေ နေရာမှာ ရှိနေတာ မဟုတ်ဘူး။ ဂူကောင်းကင် ကမ္ဘာတွေထဲမှာ တစ်နေရာမဟုတ်၊ တစ်နေရာ မတော်တဆ ပေါ်ထွက်လာတတ်တဲ့ ကျွန်းတစ်ကျွန်းပဲ” လုံယွမ်ချင်းက ရှင်းပြလိုက်၏။
ဟ်ိုယွင်ကျဲမှာ အံ့အားသင့်သွားရသည်။
“ဒါဆို အဲဒီကျွန်းက နေရာရွှေ့ပြောင်းနိုင်စွမ်း ရှိတာပေါ့။ တကယ်ကို အံ့ဩစရာ ကောင်းလိုက်တာဗျ”
လင်းယွီယန်ကလည်း သတ္တိကို မွေးမြူကာ ဝင်ရောက်ပြောဆိုလိုက်၏။
“စီနီယာလုံယွမ်ချင်း ရှင့်... နတ်ဘုရားကျွန်းက နေရာအနှံ့ ရွှေ့ပြောင်းနေတာဆိုတော့ အဲဒါကို ရှာဖို့အတွက် အချိန်တွေ အများကြီး ပေးရမှာ မဟုတ်ဘူးလား”
“ဟားဟား... အဲဒီလိုလည်း မဟုတ်ပါဘူးလေ” လုံယွမ်ချင်းက ခေါင်းခါယမ်းလိုက်တော့သည်။
ထိုအခိုက်အတန့်၌ လုံဖုန်း အမည်ရသော သန်မာထွားကျိုင်းသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာ၏။
သူ၏လက်ထဲတွင် ပန်းအိုးတစ်လုံးကို ကိုင်ဆောင်ထား၏။ ထိုအိုးထဲတွင် ရှားစောင်းလက်ပတ်နှင့် ဆင်တူသော ဝိညာဉ်မြက်ပင်တစ်ပင် ပေါက်ရောက်နေသည်။ သို့သော်လည်း ၎င်းမြက်ပင်မှာ အလယ်တည့်တည့်မှ နှစ်ခြမ်းကွဲနေပြီး ထူးဆန်းသော ရနံ့များကို ထုတ်လွှတ်နေ၏။
“အမြွှာဝိညာဉ်မြက်ပင်နဲ့ဆိုရင်တော့ နတ်ဘုရားကျွန်းကို ရှာဖွေရတာ တော်တော်လေး မြန်ဆန်ပါတယ်လေ” လုံဖုန်းက အလေးအနက်ပြောဆိုလိုက်၏။ လွန်ခဲ့သောတစ်ခေါက် ကမ္ဘာငယ် သုံးထောင်အတွင်း၌ သူသည် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သော်လည်း ယခုအခါတွင်မူ အပြည့်အဝ ပြန်လည်ကျန်းမာနေပြီ ဖြစ်ပါသည်။
ထိုအခိုက်၊ ဟ်ိုယွင်ကျဲနှင့် သူ၏အဖော်များမှာ ထိုအမြွှာဝိညာဉ်မြက်ပင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြ၏။ လုံယွမ်ချင်းက ဆက်လက်ရှင်းပြသည်မှာ -
“အမြွှာဝိညာဉ်မြက်ပင်ရဲ့ အခြားတစ်ဝက်က နတ်ဘုရားကျွန်းပေါ်မှာ ပေါက်နေတာလေ။ သူတို့က တစ်ဦးကိုတစ်ဦး ဆွဲဆောင်နိုင်စွမ်း ရှိကြတယ်။ အဲဒီမြက်ပင်ရဲ့ လမ်းညွှန်မှုနောက်ကို လိုက်မယ်ဆိုရင်တော့ နတ်ဘုရားကျွန်း ရှိတဲ့နေရာကို အတိအကျ သိနိုင်မှာပဲ”
“ဟိုဘက်မှာ”
မြက်ပင်၏ လမ်းညွှန်မှုအရ လုံဖုန်းက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ကာ ပန်းအိုးကို ကိုင်လျက် ဝေးကွာသော အရပ်ဆီသို့ ပျံသန်းသွားတော့သည်။ အခြားသူများကလည်း နောက်မှ အလျင်အမြန် လိုက်ပါသွားကြကုန်၏။
ထိုသို့ဖြစ်သော်လည်း (၁) နာရီခန့် ကြာမြင့်ပြီးနောက် အဖွဲ့သားများမှာ မြူခိုးများဖုံးလွှမ်းနေသော နယ်မြေတစ်ခုသို့ ရောက်ရှိသွားကြတော့သည်။ ထိုနေရာတွင် ကျောက်သားဗဟိုချက်ဖြင့် လေထဲ၌ ပျံလွင့်နေသော ကျွန်းကြီးတစ်ကျွန်း ရှိနေ၏။
“ဒါကတော့ နတ်ဘုရားကျွန်းပဲ”
လုံယွမ်ချင်းက လူတိုင်းကို ကျွန်းပေါ်သို့ ခေါ်ဆောင်သွားရင်း နီရဲကာ ထူးဆန်းလှသော ဝိညာဉ်သစ်သီးများ ပြည့်နှက်နေသည့် ဆေးဘက်ဝင်စိုက်ခင်းကို လက်ညှိုးညွှန်ပြလျက် မှာကြားလိုက်သည်။
“ဒါတွေကတော့ ထူးဆန်းတဲ့ ဝိညာဉ်သစ်သီးတွေပေါ့။ အခုမှ နီရဲလာတဲ့ အသီးတွေက မှည့်စပြုနေတာ။ လုံးဝ နီရဲသွားတဲ့ အသီးတွေကိုမှ ခူးယူလို့ ရမှာနော်”
“ဟုတ်ကဲ့ပါ”
နဂါးမျိုးနွယ်စုမှ ကျင့်ကြံသူများက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။ သူတို့သည် သယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၏ ဆိုးကျိုးကို နားလည်ထားကြသူများ ဖြစ်ပေရာ ဝိညာဉ်သစ်သီးများကို ရေရှည်ရရှိနိုင်ရန်အတွက် စည်းကမ်းချက်များကို လိုက်နာကြရမည် ဖြစ်သည်။ ဥပမာအားဖြင့် မှည့်နေသော အသီးများကိုသာ ခူးယူရန်နှင့် မမှည့်သေးသော အသီးများကို နောက်တစ်ကြိမ်အတွက် ချန်ထားရန် ဖြစ်သည်။ ထို့အပြင် ဝိညာဉ်သစ်သီးပင် ပျိုးပင်များကိုလည်း မပျက်စီးအောင် တိတိကျကျ ကာကွယ်ပေးကြရ၏။
“ဝိုး... ဒီဝိညာဉ်သစ်သီးတွေက တကယ်ကို လှပလိုက်တာ”
လင်းယွီယန်က နီရဲမှည့်ဝင်းနေသော ဝိညာဉ်သစ်သီးကြီးတစ်လုံးကို ခူးယူကာ သူမ၏ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
တင်းပိုင်ရွှယ်ကမူ တိတ်ဆိတ်ငြိမ်သက်နေဆဲပင် ဖြစ်၏။ သို့သော်လည်း သူမသည် ဝိညာဉ်သစ်သီးများကို ခူးဆွတ်ရင်း အနားရှိ ဟ်ိုယွင်ကျဲကို ရံဖန်ရံခါ ခိုးကြည့်နေမိသည်။
‘တကယ်တော့ အခုလို အခြေအနေမျိုးကလည်း တော်တော်လေး ကောင်းပါတယ်လေ။’
တင်းပိုင်ရွှယ်က မိမိဘာသာ တွေးတောနေမိတော့သည်။
အတိတ်ကာလက ဆိုလျှင် ဟ်ိုယွင်ကျဲက သူမကို လူရာပင် မသွင်းခဲ့သော်လည်း ယခုမူ သူမကို မောင်းမထုတ်ဘဲ ဘေးနားတွင် ရှိနေခွင့် ပေးထားခြင်းမှာပင် ကြီးမားသော တိုးတက်မှု တစ်ခု ဖြစ်သည်။
ဟ်ိုယွင်ကျဲနှင့် သူမ၏ ပတ်သက်မှုကို ပြန်လည်ပြုပြင်ရန်အတွက် အခွင့်အရေး ရှိနေသေးသည်ဟု သူမ ခံစားလိုက်ရ၏။ အဓိက အချက်မှာ စိတ်ရှည်လက်ရှည်နှင့် ဂရုတစိုက် ဆက်ဆံရန်သာ ဖြစ်တော့သည်။
အဖွဲ့သားများမှာ ဝိညာဉ်သစ်သီးများကို ဆက်လက် ခူးဆွတ်နေကြ၏။ သူတို့ သတိမထားမိသည်မှာ နတ်ဘုရားကျွန်း၏ အစွန်းတစ်ဖက်ရှိ တံတိုင်းတစ်ခု၏ နောက်ကွယ်တွင် ရွှေရောင်ဝဖြိုးသော ငန်းကြီးတစ်ကောင် ရှိနေခြင်းပင် ဖြစ်သည်။
ရွှေရောင်ငန်းကြီးမှာ သူ၏ အိပ်မောကျနေမှုမှ နိုးထလာကာ ကျွန်းပေါ်ရှိ ရယ်မောသံများနှင့် စကားပြောသံများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ထိတ်လန့်တုန်လှုပ်သွားတော့၏။
“တောက်... ဒီသူခိုးတွေက ငါ့ဆီကို နောက်တစ်ခါ လာပြန်ပြီပေါ့”
ရွှေရောင်ဝဖြိုးသော ငန်းကြီးမှာ သူ၏ တောင်ပံများကို ခတ်လိုက်သော်လည်း လေပြင်းအချို့သာ ထွက်ပေါ်လာပြီး ပျံတက်နိုင်ခြင်း မရှိချေ။ သူသည် အစွမ်းကုန် ခုန်တက်လိုက်ကာ ‘တရားမျှတမှု’ ဟု ရေးထိုးထားသော တံတိုင်းပေါ်သို့ တက်လှမ်းလိုက်ပြီး အောက်ဘက်ရှိ လူ (၁၀) ယောက်ကျော်ကို ငုံ့ကြည့်ကာ ကြွေးကြော်လိုက်တော့သည်။
“မင်းတို့ ခိုးသားတွေ... ငါ့ရဲ့ ထူးဆန်းတဲ့ ဝိညာဉ်သစ်သီးတွေကို ခိုးရဲတယ်ပေါ့။ တကယ့်ကို ရွံစရာကောင်းလိုက်တာ... ဂတ်..ဂတ်..ဂတ်...”
ရွှေရောင်ငန်းကြီးမှာ လူစကားဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူ၏ အသံမှာ ငန်းဖို တစ်ကောင်အလား ခွန်အားအပြည့် ပါဝင်နေသဖြင့် ရှိနေသမျှသော လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားတော့၏။
“ဟင်”
“ဒီမှာ ဘာလို့ ရွှေရောင်ဘဲကြီး ရှိနေတာလဲ”
“လူအ... ဒါ ငန်းကွ”
“ဒီငန်းကို ဖမ်းပြီးတော့ ချက်စားရင် မကောင်းဘူးလား”
နဂါးမျိုးနွယ်စုမှ လုံယွမ်ချင်းနှင့် လုံဖုန်းတို့မှာ တစ်ဦးကိုတစ်ဦး တီးတိုး ပြောဆိုနေကြကာ ရုတ်တရက် ပေါ်ထွက်လာသော ရွှေရောင်ငန်းကြီးကို အရေးတယူ မလုပ်ကြပေ။
“တကယ့်ကို ရဲတင်းလှချည်လား”
ရွှေရောင်ငန်းကြီးမှာ ဒေါသအမျက် ချောင်းချောင်းထွက်သွားတော့သည်။ ဤလူများက သူ၏ ဝိညာဉ်သစ်သီးများကို ခိုးယူရုံတင်မကဘဲ သူ့ကို ဘဲဟု ခေါ်ကာ ချက်စားရန်အထိ ကြံစည်နေခြင်းမှာ လုံးဝ ခွင့်မလွှတ်နိုင်သော ကိစ္စပင် ဖြစ်၏။
“ငါ့ရဲ့ တောင်ပံခတ်သံအောက်မှာ ပြာဖြစ်သွားစေရမယ်”
ငန်းကြီးက ဟိန်းဟောက်လိုက်ကာ မြေပြင်ကို ကန်လျက် တောင်ပံများကို ဖြန့်ကာ လုံဖုန်း၏ တင်ပါးကို ကိုက်ရန် ရည်ရွယ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် စောစောလေးက သူ့ကို ချက်စားရန် အကြံပြုခဲ့သူမှာ လုံဖုန်း ဖြစ်သောကြောင့်ပင်။ သို့သော်လည်း နှစ်ပေါင်းများစွာ လေ့ကျင့်ခန်း မလုပ်ဘဲ အိပ်စက်နေခဲ့သဖြင့် ငန်းကြီးမှာ ပျံသန်းရန် ၊ ခုန်ရန်အတွက် အလွန်ပင် လေးလံနေတော့၏။
နောက်တစ်ခဏတွင်မူ...
လူတိုင်း၏ အံ့ဩနေသော အကြည့်များအောက်တွင် ရွှေရောင်ငန်းကြီးမှာ ပျံသန်းရန် ကြိုးစားရင်း လေထဲ၌ တစ်ဝက်ခန့်တွင်ပင် တစ်ဟုန်ထိုး ပြုတ်ကျသွားတော့သည်။ သူ၏ တောင်ပံများကို မည်မျှပင် ခတ်ပါစေ ၊ အရာမထင်ဘဲ ဆေးဘက်ဝင်စိုက်ခင်း၏ ပျော့ပျောင်းသော မြေကြီးထဲသို့ ခေါင်းစိုက်ကျသွားတော့သည်။
“အား... အား... အား... ... ... ”
ရွှေရောင်ငန်းကြီး၏ ဦးခေါင်းမှာ မြေကြီးထဲသို့ နစ်ဝင်သွားကာ ခန္ဓာကိုယ်မှာ ဇောက်ထိုး ဖြစ်နေ၏။ သူ၏ ဝဖြိုးလှသော ခြေထောက်များနှင့် တောင်ပံများမှာ ရူးသွပ်စွာ လှုပ်ခါနေသဖြင့် ဖုန်မှုန့်များမှာလည်း တလိပ်လိပ် ထွက်ပေါ်နေတော့သည်။
“ဖူး”
လူအုပ်ကြီးမှာ ဝါးလုံးကွဲ ရယ်လိုက်ကြတော့၏။
ကြည့်ရတာ ဒီရွှေရောင်ငန်းကြီးက စကားပြောတတ်သော်လည်း ကျင့်ကြံခြင်း အဆင့်မှာမူ လုံးဝ မရှိသဖြင့် ခွေးတစ်ကောင်ကိုပင် အနိုင်ရနိုင်စွမ်း ရှိပုံမရချေ။ တကယ့်ကို အားနည်းလွန်းလှပေသည်။
“ဂါ... ဂါ... ဂါ... ... ... ”
ငန်းကြီးမှာ သူ၏ တောင်ပံများကို အပြင်းအထန် ခတ်လိုက်ရာမှ နောက်ဆုံးတွင် ခေါင်းကို မြေကြီးထဲမှ ဆွဲထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ ဦးခေါင်းတစ်ခုလုံးမှာ ရွှံ့များ ပေကျံနေ၏။ သူသည် အံကြိတ်ကာ အသံအကျယ်ဆုံး ရယ်နေသော လုံဖုန်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
၎င်းနောက်တွင်မူ လုံဖုန်း၏ တင်ပါးကို မျက်တောင်တစ်ခတ်အတွင်းမှာပင် အားဖြင့် ကိုက်ချလိုက်တော့သည်။
“အား... နာလိုက်တာ”
ကိုက်ခံလိုက်ရသဖြင့် လုံဖုန်းမှာ သူ၏ တင်ပါးကို လက်ဖြင့် အုပ်ကာ အသည်းအသန် အော်ဟစ်လိုက်ပြီး ငန်း၏လည်ပင်းကို ဆွဲကာ ဖယ်ရှားရန် ကြိုးစားတော့၏။ သို့သော်လည်း ငန်းကြီးမှာ တင်းတင်းကြပ်ကြပ် ကိုက်ထား၏။ လုံဖုန်း မည်မျှပင် ရုန်းကန်ပါစေ သူသည် လုံးဝ မလွှတ်ပေးချေ။
“အီး... တစ်ယောက်ယောက် ကူကြပါဦး”
လုံဖုန်းက အသည်းအသန် အကူအညီ တောင်းလိုက်ရတော့သည်။
“ငါ ကူညီမယ်”
လုံယွမ်ချင်းက ချက်ချင်းပင် ပြေးဝင်လာကာ ငန်း၏ ခြေထောက်များကို ဆွဲကိုင်ပြီး အားစိုက်ကာ ဖယ်ရှားပေးလိုက်တော့မှသာ ငန်းကြီးမှာ လွတ်ထွက်သွားတော့၏။
“အား”
လုံဖုန်းသည် သူ၏ နာကျင်နေသော တင်ပါးပေါ်ရှိ ဒဏ်ရာကို ကြည့်လိုက်ရာ မညီညာသော သွားရာများကို မြင်တွေ့လိုက်ရသည်။ ရွှေရောင်ငန်းကြီးမှာ သာမန်ငန်းတစ်ကောင် မဟုတ်သည်မှာ သေချာလှ၏။ သူ၏ သွားများမှာ အလွန်မရှည်သော်လည်း ရွှေရောင် တောက်ပနေကာ အကိုက်ခံရသည့် နာကျင်မှုမှာလည်း သည်းခံနိုင်စရာ မရှိချေ။
လုံဖုန်းမှာ နာကျင်လွန်းသဖြင့် သူ၏ တင်ပါးကို ကိုင်ကာ နတ်ဘုရားကျွန်းပေါ်တွင် ဟိုခုန်ဒီခုန် လုပ်နေရတော့သည်။
“မြန်မြန်... ငါ့ကို ဆေးထည့်ပေးကြပါဦး”
ဟ်ိုယွင်ကျဲက အလျင်အမြန်ပင် အသက်ဓာတ် ဝိညာဉ်စွမ်းအားများ ပေါင်းစပ်ထားသော ဝိညာဉ်စမ်းရေသန့်ဘူးကို ထုတ်ယူကာ လုံဖုန်း၏ ဒဏ်ရာပေါ်သို့ ဆမ်းလိုက်ရာ အနာမှာ ချက်ချင်းပင် ကျက်သွားတော့၏။
သို့သော်လည်း ဒဏ်ရာ ကျက်သွားစေဦးတော့ လုံဖုန်းမှာမူ ပြင်းထန်သော နာကျင်မှုများကို ခံစားနေရဆဲပင် ဖြစ်သည်။ ဤနာကျင်မှုမှာ ဝိညာဉ်အတွင်းပိုင်းမှ မြစ်ဖျားခံလာခြင်းပင်။
“ဂတ်.. ဂတ်.. ဂတ်.. ငါ့ရဲ့ ပြိုင်ဘက်ကင်း သံမဏိနှုတ်သီးနဲ့ အကိုက်ခံရရင်တော့ ဝိညာဉ်ထဲအထိ နာကျင်မှုက အနည်းဆုံး (၃) ရက် (၃) ညလောက် ခံစားရမှာပဲလေ... ဂါ... ဂါ... ဂါ...”
ရွှေရောင်ငန်းကြီးမှာ လုံယွမ်ချင်း၏ လက်ထဲတွင် ဇောက်ထိုး အဖမ်းခံထားရစဉ်မှာပင် သူ၏ တောင်ပံတစ်ဖက်ကို ဆန့်ထုတ်ကာ လုံဖုန်းကို လက်ညှိုးညွှန်ပြလျက် လှောင်ပြောင်လိုက်တော့၏။
“ဒီငန်းစုတ်... မင်း စောင့်နေလိုက်စမ်းပါ”
လုံဖုန်းက သံတုတ်တစ်ချောင်းကို ကောက်ယူကာ ရွှေရောင်ငန်းကြီးကို ရိုက်နှက်ရန် ပြင်လိုက်တော့သည်။
--_