အခန်း ၅၆၈
Vol. 38 Ch. 568
အခန်း (၅၆၈) - အံ့အားသင့်ဖွယ် ငန်းခန္ဓာကိုယ် ၊ နတ်ဘုရားမျိုးနွယ်စု ပေါ်ထွက်လာခြင်းနှင့် ယဲ့ဖုန်း အာရုံခံမိခြင်း
~“နေပါဦး... သူ့ကို မနာကျင်စေနဲ့ဦး”
လင်းယွီယန်က တားဆီးရန် လက်ကို ကပျာကယာ ဆန့်ထုတ်လိုက်သော်လည်း သူမ၏ လှုပ်ရှားမှုက တစ်ခဏမျှ နောက်ကျသွားခဲ့၏။ မာကျောလှသော သံတုတ်ကြီးမှာ ရွှေရောင်ငန်းဝကြီး၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့၏။
“ချွင်... ... ... ”
ရလဒ်ကတော့ ရှိနေသမျှသော လူအားလုံးကို ဆွံ့အသွားစေခဲ့၏။ ကျောက်တုံးများကိုပင် အစိတ်စိတ်အမွှာမွှာ ချေမှုန်းနိုင်စွမ်းရှိသော သံတုတ်ကြီးမှာ ငန်း၏ ဦးခေါင်းနှင့် ထိမိသည်နှင့် မြင်းခွာပုံသဏ္ဌာန်အလား ကွေးညွတ်သွားခဲ့ရာ တကယ့်ကို ထူးဆန်းလှပေတော့သည်။
“ဒါက ဘယ်လိုမျိုး သံမဏိဦးခေါင်းလဲ ဟင်”
လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြကာ ရွှေရောင်ငန်းဝကြီးကို ကြောင်ကြည့်နေမိကြသော်လည်း ၎င်း၏ ဦးခေါင်းပေါ်တွင် ဒဏ်ရာအမှတ်အသား တစ်စက်မျှ မရှိသည်မှာ တကယ့်ကို ထူးခြားလှ၏။
“ငါ့ကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ရဲတယ်ပေါ့”
ရွှေရောင်ငန်းဝကြီးက သူ၏လည်ပင်းကို ဆန့်ထုတ်လိုက်ကာ သံတုတ်ကြီးကို နှစ်ပိုင်းပြတ်သွားအောင် ကိုက်ဖြတ်လိုက်သဖြင့် လူအုပ်ကြီးမှာ ထပ်မံ၍ အံ့အားသင့်သွားကြရပြန်သည်။
“ဟုတ်သားပဲ”
ထိုအခိုက်အတန့်၌ ဟ်ိုယွင်ကျဲက သူ၏နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်ကာ သတိပေးလိုက်၏။
“အကြီးအကဲ လုံဖုန်းက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရှိတဲ့ ပညာရှင်တစ်ယောက်ပဲလေ... သူ၏ ခန္ဓာကိုယ်က သံမဏိထက်တောင် မာကျောသေးတာ။ အဲဒီရွှေရောင်ငန်းဝကြီးက သူ့ရဲ့ အသားကို ဖောက်အောင် ကိုက်နိုင်တယ်ဆိုကတည်းက ထူးခြားတဲ့ သတ္တဝါဖြစ်တယ်ဆိုတာ သက်သေပြနေတာပဲ... ခုနက ကျွန်တော်တို့အားလုံး ဒါကို သတိမထားမိခဲ့ကြတာပဲ”
ဤသည်ကို ကြားလိုက်ရသောအခါ လူတိုင်းက ပြန်လည်စဉ်းစားကြည့်ကြရာ အမှန်တကယ်ပင် ထိုသို့ ဖြစ်နေသည်ကို တွေ့ရှိလိုက်ကြရတော့၏။
“ငါ့ကို အခုချက်ချင်း ပြန်ချပေးစမ်း”
ငန်းဝကြီးက လုံယွမ်ချင်းကို ကိုက်ရန် ကြိုးစားရင်း သူ၏လည်ပင်းကို ဆန့်ထုတ်လိုက်၏။ သို့သော်လည်း လုံယွမ်ချင်းက ချက်ချင်းပင် နဂါးအသွင် ပြောင်းလဲခြင်း ပုံစံသို့ ဝင်ရောက်လိုက်သဖြင့် သူ၏ ခန္ဓာကိုယ်မှာ ငွေရောင်နဂါးကြေးခွံများဖြင့် ဖုံးလွှမ်းသွားခဲ့ချေပြီ။
“ချွင်... ... ... ”
ရွှေရောင်ငန်းဝကြီးက ကိုက်ချလိုက်သောအခါ နဂါးကြေးခွံများပေါ်တွင် မညီညာသော သွားရာနှစ်တန်းမှာ ထင်ကျန်ရစ်၏။
“သွားတွေက ဘယ်လောက်တောင် မာနေတာလဲ”
လူတိုင်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် မှင်သက်သွားကြရတော့သည်။ လုံယွမ်ချင်းသည် နဂါးအသွင် ပြောင်းလဲပြီးနောက်တွင်မူ ကာကွယ်ရေးစွမ်းအား၌ ရှိနေသမျှသော လူအားလုံးကြားတွင် အသန်မာဆုံး ဖြစ်သည်။ သို့သော်လည်း ထိုငန်းဝကြီးက သူ၏ နဂါးကြေးခွံများပေါ်တွင် သွားရာထင်အောင် လုပ်နိုင်ခဲ့ခြင်းမှာ တကယ့်ကို ကြောက်စရာ ကောင်းလှ၏။
“ဒီကောင်က တကယ်ပဲ မိစ္ဆာသားရဲ တစ်ကောင်လား”
“သေချာတာပေါ့”
“ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အံ့ဩစရာ ကောင်းလွန်းမနေဘူးလား”
အံ့အားသင့်မှုများ ပြီးဆုံးသွားပြီးနောက် ဘေးပတ်ဝန်းကျင်မှ လူများမှာ တီးတိုး ဝေဖန်နေကြတော့၏။ သူတို့အားလုံးမှာ ငန်းဝကြီးကို သတိထား၍ ကြည့်နေကြကာ အကိုက်ခံရမည်ကို စိုးရိမ်သဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်စီ ဆုတ်လိုက်ကြ၏။
“ငါ့ကို ပြန်ချပေးလို့ ပြောနေတယ်လေ”
ငန်းဝကြီးမှာ အသည်းအသန် ရုန်းကန်နေသော်လည်း သူ၏ ခွန်အားမှာ သိပ်မကြီးမားလှသဖြင့် လုံယွမ်ချင်း၏ လက်တွင်းမှ မလွတ်မြောက်နိုင်ချေ။ သို့သော်လည်း သူသည် သူ၏လည်ပင်းကို ဆန့်ထုတ်ကာ လုံယွမ်ချင်း၏ လက်မောင်းကို သူ၏ မာကျောလှသော နှုတ်သီးဖြင့် အဆက်မပြတ် ပေါက်နေတော့သည်။ သံချင်းရိုက်သံကဲ့သို့ “ချွင်... ချွင်... ချွင်” ဟူသော အသံများ ထွက်ပေါ်နေကာ လုံယွမ်ချင်းမှာ အပ်ဖြင့် ထိုးခံနေရသည့်နှယ် နာကျင်မှုများကို ခံစားနေရ၏။
“ဟူး... ... ... ”
“ဒီကောင်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုမျိုးလဲ မသိဘူး... ငါ နဂါးအသွင် ပြောင်းထားတာတောင်မှ တောင့်ခံဖို့ တော်တော် ခက်နေပြီ”
လုံယွမ်ချင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားရတော့သည်။
“ငါ့ကို ပြန်ချပေးစမ်း... မဟုတ်ရင် မင်းတို့ အားလုံးကို ငါ ဟင်းချက်စားပစ်မယ်” ဟု ရွှေရောင်ငန်းဝကြီးက ခြိမ်းခြောက်လိုက်၏။
“မင်းကများလား” လုံဖုန်းက လှောင်ပြောင်လိုက်၏။
ဤအချိန်တွင် သူ၏ တင်ပါးမှ နာကျင်မှုများမှာ အနည်းငယ် သက်သာသွားခဲ့ပြီ ဖြစ်သော်လည်း အိပ်မက်ဆိုးတစ်ခုကဲ့သို့ ခံစားချက်မျိုးကတော့ ကျန်ရှိနေဆဲပင် ဖြစ်သည်။
“တကယ့်ကို ရဲတင်းလှချည်လား”
ငန်းဝကြီးက သူ၏လည်ပင်းကို ဆန့်ထုတ်ကာ လုံဖုန်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။
“ငါ့ကို အထင်သေးရဲတယ်ပေါ့... နောက်ကျရင်တော့ မင်းတို့ကို ငါ့အစွမ်း ပြရမှာပေါ့”
ဤသည်ကို ကြားလိုက်ရသောအခါ လူတိုင်းမှာ ပါးစပ်ပင် မစေ့နိုင်အောင် ရယ်မောလိုက်ကြတော့၏။ ထိုငန်းဝကြီးမှာ တကယ့်ကို ချစ်စရာ ကောင်းသည်ဟု သူတို့ ထင်မြင်မိကြ၏။ ဒေါသထွက်နေသည့် အချိန်မှာပင် သူ၏ ပုံစံမှာ အူကြောင်ကြောင်နှင့် လှပနေဆဲ မဟုတ်ပါလား။
“မင်းတို့... ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နေတာပဲ”
ငန်းဝကြီးမှာ သူ့ကို လှောင်ပြောင်နေကြသော လူများကို ကြည့်ကာ ဒေါသကြောင့် တုန်ရီနေတော့သည်။ ထိုအခိုက်အတန့်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များမှာ ရုတ်တရက် ပေါက်ကွဲထွက်လာတော့၏။
“နတ်ဘုရား ဝိညာဉ် စွမ်းအား... ... ... ”
သူသည် ရုတ်တရက် ဟိန်းဟောက်လိုက်ရာ ဧရာမ အားလှိုင်း တစ်ခုမှာ အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားပြီး လုံယွမ်ချင်းကိုပင် လွင့်ထွက်သွားစေတော့သည်။ အခြားသော သူများမှာလည်း ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ထိုစွမ်းအားများကြောင့် ပစ်လွင့်ထွက်သွားကြရ၏။
“တကယ့်ကို ပြင်းထန်လှတဲ့ ဖိအားပါလား”
ဟ်ိုယွင်ကျဲသည် ထိုဖိနှိပ်ထားသော အရှိန်အဝါများကို ဖြတ်တောက်ရန်အတွက် သူ၏ ဓားကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ ယဲ့ဖုန်း ပေးထားသော အဆင့်မြင့် ဝိညာဉ်ဓား ‘ကောင်းကင်နှင်းခဲဓား’ ကို သူ၏ ရှေ့တွင် ကာထားလျက် အဆက်မပြတ် ကျဆင်းလာသော ဖိအားများကို ခုခံလိုက်သည်။
တင်းပိုင်ရွှယ်နှင့် လင်းယွီယန်တို့မှာမူ အလိုအလျောက်ပင် ဟ်ိုယွင်ကျဲ၏ နောက်ကျောဘက်တွင် တစ်ဖက်တစ်ချက်စီ ရပ်လိုက်ကြကာ ထိုဖိအားများကို ခုခံရန်အတွက် လက်ချောင်းများဖြင့် ဓားကွက်များ ဖော်ဆောင်လိုက်ကြတော့၏။ သို့သော်လည်း ကမ္ဘာငယ် သုံးထောင်အတွင်း၌ သူမတို့၏ ကျင့်ကြံခြင်း စွမ်းအားများကို နှိမ်နင်းထားသော ကန့်သတ်ချက်များ ရှိနေသဖြင့် ထိုသုံးဦးမှာ များပြားလှသော ခွန်အားများကို ထုတ်မသုံးနိုငမကြချေ။ အခြေခံအားဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန်သာ တတ်နိုင်ကြ၏။
အခြားသူများအတွက်မူ အခြေအနေမှာ များစွာ မသက်သာလှပေ။
သူတို့ထဲမှ အများစုမှာ ဝရုန်းသုန်းကား လွင့်စင်သွားကြရပြီး အထူးသဖြင့် လုံဖုန်းမှာမူ ယခုအခါ ရွှေရောင် အလင်းတန်းများ တဖျတ်ဖျတ် လက်နေသော ငန်းဝကြီးက လိုက်လံ ကိုက်ခဲခံနေရတော့သည်။
“ဒီဘက်ကို မလာနဲ့ဦးလေ”
လုံဖုန်းက သူ၏ တင်ပါးကို အုပ်ကာ အသည်းအသန် ထွက်ပြေးရင်း ကျယ်လောင်စွာ အော်ဟစ်နေ၏။ သို့သော်လည်း ငန်းဝကြီးမှာ ပို၍ ပို၍ နီးကပ်လာသဖြင့် သူသည် ကြောက်လန့်လွန်း၍ သတိပင် လစ်ချင်နေတော့သည်။
“ဖြောက်”
ငန်းဝကြီးမှာ သူ၏ တောင်ပံများကို အစွမ်းကုန် ခတ်လိုက်ကာ လုံဖုန်း၏ တင်ပါးကို ပြင်းထန်သော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်ရာ လုံဖုန်းမှာ အရှက်ရစွာဖြင့် မြေပြင်ပေါ်သို့ မှောက်ခုံ လဲကျသွားရတော့၏။
“အား... နာလိုက်တာ”
လုံဖုန်းမှာ မြေပြင်ပေါ်တွင် လဲကျနေရင်း နာကျင်စွာ အော်ဟစ်နေရှာသည်။ သူ ပြန်ထ၍ ထွက်ပြေးရန် ကြိုးစားစဉ်မှာပင် ငန်းဝကြီးမှာ သူ၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်ကို တွေ့ရှိလိုက်ရ၏။ တောင်ကြီးတစ်လုံးအလား ဖိနှိပ်ထားသဖြင့် သူသည် လုံးဝ လှုပ်ရှား၍ မရတော့ပေ။
“ဒါ ငါ့ကို လှောင်ခဲ့တဲ့ အတွက်ပဲ”
ငန်းဝကြီးမှာ လုံဖုန်း၏ ကျောပေါ်တွင် ထိုင်နေကာ သူ၏ တောင်ပံများဖြင့် လုံဖုန်း၏ တင်ပါးကို အဆက်မပြတ် ရိုက်နှက်နေတော့သည်။ ပြင်းထန်လှသော နာကျင်မှုများက လုံဖုန်း၏ ကိုယ်ထဲသို့ စိမ့်ဝင်သွားကာ သူ၏ ဝိညာဉ်ကို သံမဏိအပ်ပေါင်း များစွာဖြင့် ထိုးနှက်နေသည့်နှယ် ခံစားနေရ၏။
“အား... ကူညီကြပါဦး”
လုံဖုန်း၏ တင်ပါးမှာ အရိုက်ခံရလွန်းသဖြင့် ဖောင်းကြွလာကာ သူသည် မြေကြီးကို သူ၏ လက်သည်းများဖြင့် ကုတ်ခြစ်လျက် အဆက်မပြတ် အော်ဟစ်နေရတော့သည်။
“ယုတ်မာတဲ့ သတ္တဝါ... ဒီရူးသွပ်မှုတွေကို အခုချက်ချင်း ရပ်စမ်း”
လုံယွမ်ချင်းက သူ၏ ကိုယ်ပိုင် အရှိန်အဝါများကို ထုတ်ဖော်လိုက်ကာ ငွေရောင် ထက်မြက်လှသော လက်သည်းများဖြင့် ငန်းဝကြီးကို လှမ်း၍ ကုတ်ခြစ်လိုက်သော်လည်း သူ၏ တိုက်ကွက်မှာ ပြန်ကန်ထွက်သွားရုံသာ ရှိ၏။
“အရမ်း မာတာပဲ”
လုံယွမ်ချင်းမှာ အကြီးအကျယ် ထိတ်လန့်သွားရတော့၏။
“ငါ့ကို ရိုက်ရဲတယ်ပေါ့... မင်းကို ငါ အရိုက်သတ်ပစ်မယ်”
ငန်းဝကြီးက ရုတ်တရက် လှည့်ကြည့်လိုက်ကာ လုံယွမ်ချင်း ဆီသို့ တစ်ဟုန်ထိုး ခုန်ဝင်သွားပြီး သူ၏ တောင်ပံများဖြင့် အဆက်မပြတ် ရိုက်နှက်ကာ ကိုက်ခဲနေတော့သည်။
“မြန်မြန် လှုပ်ရှားကြစမ်း”
ဟ်ိုယွင်ကျဲသည် လုံယွမ်ချင်း အရိုက်ခံနေရသည်ကို ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ပါပေ။ နဂါးမျိုးနွယ်စုမှ ကျန်ရှိနေသော သူများမှာလည်း နဂါးအသွင် ပြောင်းလဲခြင်း ပုံစံသို့ ဝင်ရောက်လိုက်ကြ၏။ သူတို့၏ သွေးကြောများမှာ မသန့်စင်သဖြင့် နဂါးအစစ်အဖြစ် လုံးဝ မပြောင်းလဲနိုင်ကြသော်လည်း ၎င်းမှာ သူတို့၏ ခွန်အားများကိုတော့ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။
လူပေါင်း (၁၀) ယောက်ကျော်မှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြရာ အပြန်အလှန် တိုက်ကွက်အချို့အပြီးတွင်မူ ငန်းဝကြီးကို လုံယွမ်ချင်း၏ အပေါ်မှ လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့ကြပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေတော့၏။
“ဂတ်.. ဂတ်.. ဂတ်..... ... ... ”
ငန်းဝကြီးမှာ ဆက်လက်၍ ပြန်လည် တိုက်ခိုက်နေသော်လည်း လူတိုင်း၏ ဝိုင်းဝန်း တိုက်ခိုက်မှုကို ခံနေရသဖြင့် နောက်ဆုံးတွင်တော့ ဖိနှိပ်ခံလိုက်ရပေတော့သည်။
“ငါ့ကို ဝိုင်းပြီး တိုက်ရဲကြတယ်ပေါ့... ငါသာ နတ်ဘုရား ဝိညာဉ် စွမ်းအား တွေကို ပိုပြီး အမွေဆက်ခံနိုင်တဲ့နေ့ကျရင် မင်းတို့ကို ငါ့ရဲ့ ကျွန်တွေအဖြစ် သေချာပေါက် သိမ်းသွင်းမယ်... ငါ့အတွက် နေ့တိုင်း မြက်ရှင်းခိုင်းမယ်... သစ်ပင်စိုက်ခိုင်းမယ်... ပြီးတော့ ငါ့နောက်ကနေ လိုက်ပြီး သန့်ရှင်းရေးတွေ လုပ်ခိုင်းစေရမယ်”
ငန်းဝကြီးမှာ လုံးဝကို မကျေမနပ် ဖြစ်နေ၏။
“မင်း အိပ်မက် မက်နေတာပဲ”
လုံဖုန်းက မြေပြင်ပေါ်မှ ပြန်ထလာကာ သူ၏ နာကျင်နေသော တင်ပါးကို ပွတ်သပ်ရင်း လှောင်ပြောင်လိုက်သည်။
“ဝုန်း... ... ... ”
ထိုအခိုက်အတန့်မှာပင် ဝေးကွာလှသော အရပ်ရှိ တောင်ကုန်းနိမ့်လေး တစ်ခုမှာ ရုတ်တရက် အက်ကွဲသွားကာ လူရိပ်ပေါင်း ဒါဇင်နှင့်ချီ၍ ထွက်ပေါ်လာကြသည်။ ၎င်းတို့ အားလုံးထံမှ ကြောက်စရာ့ အရှိန်အဝါများ ထွက်ပေါ်နေတော့၏။
တစ်ယောက်ချင်းစီမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ်ထက် မနိမ့်ကျကြပေ။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူတို့မှာ သာမန် လူသားမျိုးနွယ်စုနှင့် များစွာ မကွာခြားလှသော်လည်း သေသေချာချာ ကြည့်မည်ဆိုလျှင်မူ သူတို့၏ ပါးစပ်များမှာ ငါးမန်းတစ်ကောင်၏ ပါးစပ်အလား ရှိနေကြကာ တကယ့်ကို ရက်စက်ကြမ်းကြုတ်သည့် အသွင် ပေါ်နေသည်။ ထိုသူများ ပေါ်ထွက်လာသည်နှင့်တပြိုင်နက် နတ်ဘုရားကျွန်းကို ပစ်မှတ်ထားကာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့၏။
“ဒါ... နတ်ဘုရားမျိုးနွယ်စုတွေပဲ”
ဟ်ိုယွင်ကျဲက သူတို့၏ မျက်နှာများကို စိုက်ကြည့်လိုက်ကာ သူ၏ မျက်လုံးအိမ်များမှာ ကျုံ့သွားတော့သည်။
နတ်ဘုရားမျိုးနွယ်စု ဆိုသည်မှာ ကမ္ဘာပြင်ပမှ မျိုးနွယ်စုတစ်ခု ဖြစ်၏။ မြူခိုးဂိုဏ်း၏ တပည့်တစ်ဦးအနေဖြင့် ဟ်ိုယွင်ကျဲသည် ၎င်းတို့ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း မဟုတ်ပေ။ သူ ပထမဆုံး တွေ့ခဲ့ဖူးသော နတ်ဘုရားမျိုးနွယ်စုဝင်များမှာ ခရိုင်ဘုရင်မြို့တော်၌ ပုန်းအောင်းနေခဲ့ကြသည့် ဟန်ရီနှင့် ဟန်အာတို့ပင် ဖြစ်ကြသည်။ ထိုစဉ်က ထိုသူနှစ်ဦးမှာ ပြဿနာများစွာ ဖန်တီးခဲ့ကြကာ မီးခိုးရောင်နွယ်ပင် နတ်ဘုရားမ၏ ဝိညာဉ်ကိုယ်ပွားကိုပင် လွှတ်ထုတ်ခဲ့သဖြင့် ခရိုင်ဘုရင်မြို့တော် တစ်ခုလုံး ပျက်စီးမလို ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
သို့သော်လည်း ခရိုင်ဘုရင်မြို့တော် တိုက်ပွဲ ပြီးဆုံးသွားပြီးနောက်တွင်မူ နတ်ဘုရားမျိုးနွယ်စုများမှာ မြူခိုးဂိုဏ်း တပည့်များ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ယခုမူ ကမ္ဘာငယ် သုံးထောင်အတွင်း၌ နတ်ဘုရားမျိုးနွယ်စုနှင့် ထပ်မံ၍ တိုးမိလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
“ဒါတွေက ဘယ်သူတွေလဲ ဟင်”
လင်းယွီယန်က အနည်းငယ် ထူးဆန်းလှသော နတ်ဘုရားမျိုးနွယ်စု ပညာရှင်များကို စိုက်ကြည့်ကာ သတိ မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
“သူတို့က နတ်ဘုရားမျိုးနွယ်စုတွေပဲ... ပြီးတော့ ငါတို့ရဲ့ ရန်သူတွေလည်း ဟုတ်တယ်”
ဟ်ိုယွင်ကျဲ၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားတော့၏။ ရောက်ရှိလာသူများမှာ နတ်ဘုရားမျိုးနွယ်စုမှ အစွမ်းထက် အဖွဲ့ဝင်များ ဖြစ်ကြပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ်၏ ခွန်အားများကို ထုတ်သုံးနိုင်စွမ်း ရှိကြ၏။ ထိုသူပေါင်း ဒါဇင်နှင့်ချီ၍ တစ်ပြိုင်နက်တည်း ပေါ်လာခြင်းမှာ ဟ်ိုယွင်ကျဲတို့ အဖွဲ့၏ ခွန်အားနှင့်ဆိုလျှင် ယှဉ်ပြိုင်နိုင်စွမ်း မရှိသည်မှာ အမှန်ပင် ဖြစ်သည်။
“ခိခိခိ... ... ... ”
“ငါတို့မျိုးနွယ်စုက နောက်ဆုံးတော့ ကမ္ဘာငယ် သုံးထောင်ထဲကို တစ်ကျော့ပြန် ဆင်းသက်နိုင်ခဲ့ပြီပဲ”
“ဟုတ်တာပေါ့... ဒါဟာ တကယ့်ကို ရှားပါးလှတဲ့ အခွင့်အရေးပဲ”
“လွန်ခဲ့တဲ့တစ်ခေါက်က ဟန်ရီနဲ့ ဟန်အာတို့ရဲ့ ကျူးကျော်မှု အစီအစဉ်က ရှုံးနိမ့်ခဲ့ရပေမဲ့... ငါတို့က အချိန်အတော်ကြာ ပြင်ဆင်ခဲ့ပြီးတဲ့နောက်မှာတော့ ဒုတိယမြောက် တံခါးကနေတစ်ဆင့် ပြန်ပြီး ဆင်းသက်နိုင်ခဲ့ပြီပဲ”
“နောက်တစ်ဆင့် အနေနဲ့တော့ ကမ္ဘာငယ် သုံးထောင်ကို သိမ်းပိုက်ရမယ်... ပြီးရင် ဒီနေရာကနေတစ်ဆင့် ရှန်ကျိုးတိုက်ကြီးထဲကို ချီတက်ပြီးတော့ ငါတို့ရဲ့ အုပ်ချုပ်မှုကို စတင်ကြတာပေါ့”
နတ်ဘုရားမျိုးနွယ်စုမှ ပညာရှင် ဒါဇင်ပေါင်းများစွာမှာ ဆိုးညစ်စွာ လှောင်ပြောင်လိုက်ကြပြီးနောက် နတ်ဘုရားကျွန်းပေါ်သို့ အကြည့်များကို တစ်ပြိုင်နက် စုစည်းလိုက်ကြတော့၏။ နတ်ဘုရားမျိုးနွယ်စုမှ ခေါင်းဆောင်ဖြစ်သော ဆံပင်ဖြူအဘိုးအိုက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
“ငါတို့ ရောက်ရောက်ချင်းမှာပဲ နတ်ဘုရားကျွန်း ပွင့်နေတာကို မြင်ရတာကတော့ တကယ့်ကို ကွက်တိပါပဲ။ နောက်ကျရင်တော့ နတ်ဘုရားကျွန်းပေါ်က ဝင်္ကပါကို သုံးပြီးတော့ မဟာ တံခါးကြီးတစ်ခုကို ဖွင့်ရမယ်... ငါတို့မျိုးနွယ်စုနဲ့ ရှန်ကျိုးတိုက်ကြီးကို အပြည့်အဝ ဆက်သွယ်ပေးလိုက်တာပေါ့”
“ဟုတ်ကဲ့ပါ ခင်ဗျာ” အခြားသော နတ်ဘုရားမျိုးနွယ်စုဝင်များကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
သူတို့သည် နတ်ဘုရားကျွန်းကို အရပ်မျက်နှာ အသီးသီးမှ ဝန်းရံလိုက်ကြပြီး သူတို့၏ ဝရုန်းသုန်းကား ဖြစ်နေသော ဝိညာဉ်အာရုံ စွမ်းအားများမှာ စုစည်းသွားလေသည်။ မုန်တိုင်းတစ်ခုအလား အထက်မှနေ၍ ဖိနှိပ်လိုက်ရာ ဟ်ိုယွင်ကျဲ ၊ လုံယွမ်ချင်း နှင့် ငန်းဝကြီးတို့ပင်လျှင် မြေပြင်ပေါ်၌ ပြားပြားဝပ် သွားကြရတော့၏။
မြူခိုးတောင်ထိပ် ထက်၌မူ...
ယဲ့ဖုန်းသည် စင်မြင့်ထက်မှ ပါရမီရှင်များ၏ တိုက်ပွဲကို စောင့်ကြည့်နေ၏။ ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် သူသည် ကောင်းကင်မေးမြန်းကြေးမုံကို ထုတ်ယူလိုက်တော့သည်။
--