အခန်း ၅၇၀
Vol. 38 Ch. 570
အခန်း (၅၇၀) - နတ်ဘုရားတိုက်ကြီးသို့ ကျူးကျော်ခြင်းနှင့် အစွမ်းထက်လှသော ဝိညာဉ်အာရုံနှလုံးသား
~“တကယ်ပဲ... ဂိုဏ်းချုပ်ယဲ့ ပါလားရှင်”
တင်းပိုင်ရွှယ်၊ လင်းယွီယန်၊ လုံယွမ်ချင်းနှင့် အခြားသူများသည် ယဲ့ဖုန်း၏ သန်မာလှသော ကျောပြင်ကြီးကို မမှိတ်မသုန် ကြည့်နေမိကြတော့၏။ အဘယ်ကြောင့်ဆိုသော် ထိုကျောပြင်ကြီးသည် တောင်ကြီးတစ်လုံးပမာ ခန့်ညားထည်ဝါပြီး ယုံကြည်အားကိုးချင်စရာ ကောင်းလွန်းနေသောကြောင့် ဖြစ်သည်။
“တကယ့်ကို ဂိုဏ်းချုပ်ယဲ့ရဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်ရှင်”
“သူ့ရဲ့ ကျင့်ကြံခြင်းတွေ အကုန်လုံး ဆုံးရှုံးသွားတာတောင်မှ... ဒီအတိုင်း ရပ်နေတာနဲ့တင် လောကကို အုပ်စိုးနိုင်မယ့် အရှိန်အဝါတွေ ထွက်ပေါ်နေတုန်းပဲနော်”
မိန်းကလေးနှစ်ဦးစလုံးက သူမတို့၏ ရင်တွင်းဖြစ် ခံစားချက်များကို တစ်ယောက်တစ်လှည့် ဖွင့်ဟဝန်ခံလျက် ချီးကျူးနေကြ၏။ သို့ဖြစ်သော်ငြားလည်း လုံယွမ်ချင်းနှင့် လုံဖုန်းတို့မှာမူ ထိုစကားကို ကြားလိုက်ရသည့်အခါ မိမိတို့၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားကြရသည်။
“ဘာ... ဂိုဏ်းချုပ်ယဲ့က ကျင့်ကြံခြင်းတွေ အကုန်ဆုံးရှုံးသွားတာ ဟုတ်ပါသလား”
“ဟုတ်ပါတယ်ခင်ဗျာ”
ဟ်ိုယွင်ကျဲက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်း လျှို့ဝှက်ဆန်းကြယ် မြို့တော်တိုက်ပွဲတွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းများကို ရှင်းလင်းပြောပြလိုက်၏။ ယခင်က ယဲ့ဖုန်းသည် ဟင်းလင်းပြင်ဖြိုခွဲအဆင့် တန်ခိုးရှင်များကိုပင် လက်ဖျစ်တစ်ချက်တီးရုံဖြင့် နှိမ်နင်းနိုင်ခဲ့ကြောင်း သိရှိသွားရသောအခါ လုံယွမ်ချင်းတို့မှာ အသက်ရှူဖို့ပင် မေ့လျော့သွားကြရတော့သည်။
သူတို့အားလုံးသည် ယဲ့ဖုန်းကို ကြည့်ရင်း အလွန်ပင် နှမြောတသ ဖြစ်နေမိကြ၏။ တစ်ချိန်က လောကကို ကိုင်လှုပ်နိုင်ခဲ့သည့် ပြိုင်ဘက်ကင်း ပါရမီရှင်ကြီးတစ်ဦးမှာ ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားရခြင်းမှာ တကယ့်ကို ဝမ်းနည်းစရာ ကောင်းလှ၏။
ဟ်ိုယွင်ကျဲသည်လည်း ယဲ့ဖုန်း၏ ကျောပြင်ကို ကြည့်ရင်း သူ၏ ဓားရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။ ဂိုဏ်းချုပ်ဦးလေးသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိလာသည်ကို သူ မသိသော်လည်း ကျင့်ကြံခြင်း အစွမ်းမရှိတော့ဘဲနှင့် တပည့်ဖြစ်သူ ဒုက္ခရောက်ချိန်တွင် ပထမဆုံး ရောက်ရှိလာပေးခြင်းက သူ့ကို အလွန်ပင် စိတ်လှုပ်ရှား တုန်လှုပ်သွားစေပါ၏။
သို့သော်လည်း မကြာမီမှာပင် ဟ်ိုယွင်ကျဲသည် ယဲ့ဖုန်းအတွက် ရင်ထဲ၌ နာကျင်မှုကို ခံစားလိုက်ရပြန်သည်။ ဂိုဏ်းချုပ်ဦးလေးမှာ ကျင့်ကြံခြင်းတွေ ဆုံးရှုံးနေပါလျက်နှင့် အခုထိ အသည်းအသန် ကြိုးစားနေရဆဲ ဖြစ်ပေရာ မိမိကဲ့သို့ တပည့်တစ်ဦးအနေဖြင့် ခွန်အားမရှိခြင်းအပေါ် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်ကာ နောင်တရနေမိတော့၏။
ကောင်းကင်ယံ မြင့်မားသော နေရာ၌မူ၊
ယဲ့ဖုန်းသည် ကြက်သွေးရောင်အသွားရှိသော လှံရှည်ကြီးကို ကိုင်ဆောင်လျက် မင်းသမီးလေး ဟူဖေးဖေးက နတ်ဘုရားမျိုးနွယ်စု စစ်သည်များကို လိုက်လံတိုက်ခိုက်ရင်း ဝဲကတော့လမ်းကြောင်းအတွင်းသို့ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေ၏။ ၎င်းတို့သည် နတ်ဘုရားမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေဆီသို့ ဦးတည်သွားကြခြင်း ဖြစ်သည်။
“ငါလည်း အဲဒီဘက်ကို သွားဖို့ လိုအပ်တယ်”
ယဲ့ဖုန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ဒရောသောပါး နောက်မှ လိုက်ပါသွားတော့၏။ အကြောင်းမူကား သူသည် နတ်ဘုရားမျိုးနွယ်စု၏ အခြေစိုက်စခန်းကို ရှာဖွေပြီး ‘ကိုးထပ် ကောင်းကင် နတ်ဘုရားကျင့်စဉ်’ ၏ နောက်ဆက်တွဲ ကျင့်စဉ်များကို ရယူလိုသောကြောင့်ပင် ဖြစ်သည်။
“ ဝူး ”
ယဲ့ဖုန်းသည် ဝဲကတော့လမ်းကြောင်းကို ဖြတ်သန်းသွား၏။
နောက်တစ်ခဏ၌မူ၊
ဆွဲငင်အားများ ပြောင်းလဲသွားသည့် ခံစားချက်ကြီးက သူ့ကို လွှမ်းခြုံသွားလေသည်။
ကောင်းကင်ယံ၌ ဇောက်ထိုး ဖြစ်နေသည်ဟု ထင်ရသော ကမ္ဘာကြီးမှာ ယခုအခါ ထူးဆန်းစွာပင် မြေပြင်အဖြစ်သို့ ပြောင်းလဲသွားချေပြီ။ ယဲ့ဖုန်းက သူ၏ ကိုယ်ဟန်ကို အလျင်အမြန် ပြုပြင်လိုက်ကာ နတ်ဘုရားတိုက်ကြီးဆီသို့ ခြေဖျားလေးများ ဦးတည်လျက် ဖြည်းညှင်းစွာ ဆင်းသက်လိုက်၏။
“တကယ့်ကို ကျယ်ပြန့်လှတဲ့ ကမ္ဘာကြီးပါလား”
ယဲ့ဖုန်းက သူ၏ အရာရာကို ပုံဖော်နိုင်သော မျက်လုံးကို အသက်သွင်းလိုက်ကာ အချက်အလက်များကို စုဆောင်းရန် ကြိုးစားလိုက်သည်။
အမည် - နတ်ဘုရားတိုက်ကြီး
အဆင့် - အသေးစား ကမ္ဘာငယ်။
မှတ်ချက် - ရှေးဟောင်းသူတော်စင်တစ်ပါးက ဖန်တီးခဲ့ပြီး အမှတ်မထင် စွန့်ပစ်ထားခဲ့သော ကမ္ဘာငယ်တစ်ခု ဖြစ်သည်။ ကောင်းကင်မှာ ဝိုင်းစက်ပြီး မြေပြင်မှာ လေးထောင့်ပုံသဏ္ဌာန် ရှိကာ အရပ်မျက်နှာ အားလုံးတွင် ရေထုများ ဝန်းရံထား၏။ ဤကမ္ဘာသည် မိုင်ပေါင်း (၁,၀၀၀,၀၀၀) (တစ်သန်း) ခန့် ကျယ်ပြန့်ပြီး ကုန်းမြေဧရိယာမှာ မိုင်ပေါင်း (၃၀၀,၀၀၀) ခန့် ရှိ၏။ ၎င်း၌ မဟာဝိညာဉ်သွေးကြော (၁) ခုနှင့် အလယ်အလတ်စား ဝိညာဉ်သွေးကြော (၉) ခု ရှိ၏။
ယဲ့ဖုန်းသည် အလွန်ပင် အသေးစိတ်လှသော အချက်အလက်များကို မြင်တွေ့လိုက်ရ၏။
“ဒါဆို ဒါက လူဖန်တီး ကမ္ဘာတစ်ခုပေါ့လေ”
သူသည် အောက်ဘက်ရှိ နတ်ဘုရားတိုက်ကြီးကို ငုံ့ကြည့်ရင်း မှတ်ချက်ပြုလိုက်မိသည်။
“ဒါပေမဲ့ ဒီကမ္ဘာမှာ အသန်မာဆုံး တည်ရှိမှုက ဟင်းလင်းပြင်ဖြိုခွဲအဆင့် တစ်ပိုင်းမှာပဲ ရှိသေးတာပဲ... သိပ်ပြီးတော့ မပြင်းထန်လှပါဘူး... ငါတို့ ကိုင်တွယ်နိုင်ပါတယ်လေ”
မှန်၏။ နတ်ဘုရားတိုက်ကြီး၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်မှာ နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင် မဟုတ်ဘဲ နက်ရှိုင်းလှသော ပင်လယ်အောက်၌ အိပ်မောကျနေသည့် ရှေးဟောင်း သတ္တဝါကြီးတစ်ကောင်သာ ဖြစ်သည်။ ထိုသတ္တဝါကြီးမှာ ပြင်ပလောက၏ ကိစ္စများကို စိတ်မဝင်စားဘဲ အမြဲတမ်း တရားထိုင်နေသူ ဖြစ်သည်။
ယဲ့ဖုန်းသည် ကြက်သွေးရောင် လှံရှည်ကြီးကို ကိုင်လျက် ကောင်းကင်ယံ၌ ရပ်နေကာ လောလောဆယ်တွင် မလှုပ်ရှားသေးပေ။
“ပေါက်ကွဲစေသော တုတ်ချက်”
ထိုအခိုက်အတန့်၌ မင်းသမီးလေး ဟူဖေးဖေးသည် နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်နှင့် အခြားသူများကို မှီသွားခဲ့ပြီ ဖြစ်ရာ သူမ၏ တုတ်ကြီးကို အစွမ်းကုန် ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်တော့၏။
“ဟမ့်... ငါတို့ရဲ့ နတ်ဘုရားတိုက်ကြီးအထိ လိုက်လာရဲတယ်ပေါ့... မင်း သေချင်နေတာပဲ”
နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်မှာ ယခင်ကကဲ့သို့ ရှုံးနိမ့်နေသည့် အမူအရာမျိုး မရှိတော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်လျက် မာန်တင်းထားသည်။ တစ်ချိန်တည်းမှာပင် မူလနတ်ဘုရားအဆင့် (၇) ရှိသော ဒုတိယခေါင်းဆောင် အချို့ကလည်း ဝင်္ကပါအလံများကို ထုတ်ယူကာ အရူးအမူး လှုပ်ခါလိုက်ကြတော့၏။
ဝူး။
နတ်ဘုရားတိုက်ကြီးမှာ အမှန်တကယ်ပင် တုန်ခါသွားခဲ့ပြီ ဖြစ်သည်။ ၎င်းနောက်တွင်မူ ကြီးမားလှသော အရှိန်အဝါတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်လာကာ နေမင်းကိုပင် ကွယ်နိုင်လောက်သည့် ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟူဖေးဖေးကို အသာအယာ ရိုက်ထုတ်ပစ်လိုက်တော့၏။
ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်လိုက်ကာ သူမ၏ သွယ်လျလှသော ခါးလေးကို ဖမ်းဆုပ်လျက် ဖေးမလိုက်သည်။
“ဘယ်လိုလဲ... မယှဉ်နိုင်ဘူးလား”
သူက နူးညံ့စွာ မေးမြန်းလိုက်၏။
ဟူဖေးဖေး၏ ပါးပြင်လေးများမှာ နီမြန်းသွားကာ -
“ဂိုဏ်းချုပ်... ကျွန်မက မနိုင်ဘူးလို့ ဘယ်သူပြောလဲ... အခုချက်ချင်း အရှုံးကို အနိုင်အဖြစ် ပြောင်းလဲပြမယ်... ပထမ တိုက်ခိုက်ရေးပုံစံ... ဒုတိယ တိုက်ခိုက်ရေးပုံစံ... အသက်ဝင်စမ်း”
သူမသည် သူမ၏ ခွန်အားများကို ချက်ချင်းပင် မြှင့်တင်လိုက်သည်။
သူမ၏ ပန်းရောင်ဆံနွယ်များမှာ လေထဲ၌ အရူးအမူး ဝေ့ဝဲနေပြီး ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပန်းရောင်အလင်းတန်းများမှာလည်း ကြည့်ရသူကို မျက်စိကျိန်းစေသည်အထိ တောက်ပနေတော့၏။
“အခုဆိုရင် မူလနတ်ဘုရားအဆင့် (၉) အထိ ရောက်သွားပြီပေါ့”
ယဲ့ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။
ဒါက ဒုတိယပုံစံသာ ရှိပါသေးသည်။ ဟူဖေးဖေးအနေဖြင့် ပြိုင်ဘက်၏ အရိုက်အနှက်ကို ခံယူပြီး တိုက်ခိုက်ရေး စွမ်းအင်များကို လုံလောက်စွာ စုဆောင်းနိုင်မည်ဆိုပါက တတိယ တိုက်ခိုက်ရေးပုံစံသို့ ဝင်ရောက်နိုင်ပါမည်။
“နှစ်ဆ ပေါက်ကွဲစေသော တုတ်”
မင်းသမီးလေး ဟူဖေးဖေးသည် သူမ၏ တုတ်ရှည်ကြီးကို ဝှေ့ယမ်းလိုက်ရာ တုတ်ရိပ်များမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။ သူမဆီသို့ တိုးဝင်လာသော ဝိညာဉ်စွမ်းအင် လက်ဝါးကြီးကို ပြင်းထန်စွာ ရိုက်နှက်လိုက်သဖြင့် ၎င်းမှာ ပြန့်ကျဲကာ နောက်သို့ လွင့်ထွက်သွားရတော့သည်။
“ဝူး”
နတ်ဘုရားမျိုးနွယ်စု ပညာရှင်များမှာ ထိုအရှိန်အဝါကြောင့် လွင့်စင်သွားကြရပြီး သူတို့၏ မျက်နှာများမှာလည်း အကြီးအကျယ် ပျက်ယွင်းသွားတော့၏။
“တကယ့်ကို ပြင်းထန်လှတဲ့ ခွန်အားပါလား”
နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်များကို ဖော်ဆောင်လိုက်ကာ မူလနတ်ဘုရားအဆင့် အထွတ်အထိပ်၏ ဝိညာဉ်အာရုံ စွမ်းအားများဖြင့် ထက်မြက်လှသော ဓားတစ်လက်ကို အသက်သွင်းလိုက်၏။ ၎င်းမှာ ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် ဟူဖေးဖေး၏ လည်ပင်းဆီသို့ တစ်ဟုန်ထိုး ကျဆင်းလာတော့၏။
“ထန်”
ဟူဖေးဖေးက သူမ၏ တုတ်ကြီးဖြင့် ခုခံလိုက်သော်လည်း နောက်သို့ လွင့်ထွက်သွားခဲ့ရပြီး လက်များမှာ ထုံကျဉ်သွားကာ လည်ပင်းတွင်လည်း သွေးစအနည်းငယ် ထွက်ပေါ်လာရသည်။
“အစောင့်အရှောက် ဟူဖေးဖေးတောင်မှ ဒဏ်ရာရသွားတာလား”
နတ်ဘုရားကျွန်းပေါ်မှ ဟ်ိုယွင်ကျဲ၏ မျက်လုံးများမှာ စိုးရိမ်စိတ်များကြောင့် ပြူးကျယ်သွားရ၏။ ယဲ့ဖုန်းမှာ ကျင့်ကြံခြင်း အစွမ်းများ လုံးဝ မရှိတော့ကြောင်း သူ သိထားသည်ဖြစ်ရာ ဟူဖေးဖေးသာ ရှုံးနိမ့်သွားမည်ဆိုလျှင် ကျန်ရှိနေသော သူများမှာလည်း အသက်ရှင်နိုင်စရာ အကြောင်းမရှိတော့ပေ။ ထိုသို့ တွေးတောရင်း သူသည် ထိတ်လန့်တုန်လှုပ်နေမိတော့၏။
“ဂါ... ဂါ... ဂါ... မြန်မြန် ငါ့ကို ထူပေးကြစမ်းပါ”
မြေပြင်ပေါ်တွင်မူ ရွှေရောင်ငန်းဝကြီးမှာ ရွှံ့များကြား၌ ကျောပေးလျက် အသည်းအသန် ရုန်းကန်နေဆဲ ဖြစ်သော်လည်း ပြန်မထနိုင်ရှာသေးပေ။
“မြန်မြန်... သွားပြီးတော့ သူ့ကို ဖိထားကြစမ်း”
လုံဖုန်း၊ လုံယွမ်ချင်းနှင့် အခြားသော နဂါးမျိုးနွယ်စုဝင် ဒါဇင်ခန့်မှာ နဂါးအသွင် ပြောင်းလဲခြင်း ပုံစံသို့ ဝင်ရောက်လိုက်ကြကာ ရွှေရောင်ငန်းဝကြီးကို မြေပြင်ပေါ်၌ အတင်းအကြပ် ဖိနှိပ်ထားလိုက်ကြသဖြင့် ၎င်းမှာ လုံးဝ ပြန်ထ၍ မရတော့ပေ။
အချို့က ခြေထောက်ကို ဖိထားကြ၏။
အချို့က တောင်ပံကို ဖိထားကြ၏။
အချို့ကမူ လည်ပင်းကို ဖိထားကြ၏။
“ရဲတင်းလှတဲ့ ကောင်တွေ... ငါ့ကို လွှတ်စမ်း”
ရွှေရောင်ငန်းဝကြီးမှာ လူအုပ်ကြီး၏ ဖိနှိပ်ခြင်းကို ခံထားရသဖြင့် အသည်းအသန် ရုန်းကန်သော်လည်း လွတ်မြောက်နိုင်ခြင်း မရှိဘဲ အခြားသူများနှင့်အတူ တိုက်ပွဲကိုသာ ငေးကြည့်နေရတော့၏။
ထိုအခိုက်အတန့်၌ နတ်ဘုရားတိုက်ကြီး၏ ကောင်းကင်ယံထက်တွင်မူ။
မင်းသမီးလေး ဟူဖေးဖေးမှာ နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်၏ ဖိနှိပ်ခြင်းကို ခံနေရသဖြင့် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရရှိနေသော်လည်း သူမ၏ အရှိန်အဝါမှာမူ လုံးဝ လျော့ပါးမသွားပေ။
“ထူးဆန်းလိုက်တာ... ဒီမြေခွေးမက လူသားတစ်ယောက်နဲ့ မတူဘူးပဲ... အကယ်၍ လူသားဆိုရင် ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတာတောင်မှ သူ့ရဲ့ ခွန်အားက ဘာလို့ လုံးဝ လျော့မသွားရတာလဲ”
နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်မှာ သံသယများဖြင့် ပြည့်နှက်နေ၏။
“တော်ပြီ”
“ငါ့ရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်နဲ့ပဲ သူမကို အမြစ်ပြတ် သုတ်သင်ပစ်မယ်။ ပြီးမှ ကမ္ဘာငယ် သုံးထောင်နဲ့ ရှန်ကျိုးတိုက်ကြီးကို ဆက်ပြီး ကျူးကျော်တာပေါ့”
နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ကြက်သွေးရောင် လှံရှည်ကြီးကို ကိုင်ဆောင်ထားသော ယဲ့ဖုန်းနှင့် အကြည့်ချင်း ဆုံသွားခဲ့ရသည်။
သူသည် ယဲ့ဖုန်း၏ အကြည့်များကြောင့် ရုတ်တရက် တုန်လှုပ်သွားရတော့၏။
ယဲ့ဖုန်း၏ မျက်လုံးများမှာ တကယ့်ကို တည်ငြိမ်လွန်းနေသည် မဟုတ်ပါလော။ ၎င်းမှာ သေလူတစ်ယောက်ကို ကြည့်နေသည့်အလားပင်။
အဘယ်ကြောင့်နည်း။ မိမိတို့မျိုးနွယ်စုက အခြေအနေကို အပြည့်အဝ ထိန်းချုပ်ထားသည် မဟုတ်ပါလော။ ဤလူများနောက်မှာ နောက်ထပ် အင်အားစုတွေ ရှိနေသေးလို့လား။
နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်၏ ရင်ထဲတွင် အေးစက်လှသော အငွေ့အသက်များ ဖြတ်သန်းသွားခဲ့ပြီ ဖြစ်သည်။
“တတိယ တိုက်ခိုက်ရေးပုံစံ”
ထိုအခိုက်အတန့်၌ မင်းသမီးလေး ဟူဖေးဖေးသည် အရိုက်ခံရလွန်းသဖြင့် တိုက်ခိုက်ရေး စွမ်းအင်များကို လုံလောက်စွာ စုဆောင်းနိုင်ခဲ့ပြီ ဖြစ်ရာ တတိယပုံစံသို့ ပြောင်းလဲလိုက်ပေတော့၏။ သူမ၏ ပန်းရောင်ဆံနွယ်များမှာ မီတာ (၃) ခန့်အထိ ရှည်လျားသွားခဲ့ပြီး ခန္ဓာကိုယ်ပတ်လည်ရှိ ပန်းရောင်မီးတောက်များမှာလည်း ပိုမို တောက်ပလာခဲ့၏။ ပေါက်ကွဲစေသော တုတ်ကြီးမှာပင် အနည်းငယ် ရှည်ထွက်လာ၏။
“ဝေါ”
ဟူဖေးဖေး၏ အရှိန်မှာ ပေါက်ကွဲထွက်လာခဲ့ပြီး တိုက်ကွက်တစ်ကွက်တည်းနှင့်တင် နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်ကို လွင့်ထွက်သွားစေကာ သွေးများ အန်ထုတ်စေလိုက်တော့၏။
“ဒါ... မူလနတ်ဘုရားအဆင့် အထွတ်အထိပ်ရဲ့ ခွန်အားပဲ... မဟုတ်ဘူး... အဲဒီထက်တောင် ပိုပြီး သန်မာနေသေးတာပဲ... ဟင်းလင်းပြင်ဖြိုခွဲအဆင့် တစ်ပိုင်းကိုတောင် ခြေလှမ်းလှမ်းနေတာပဲ”
နတ်ဘုရားမျိုးနွယ်စု ခေါင်းဆောင်၏ မျက်လုံးများမှာ ပြူးကျယ်သွားရတော့သည်။
“အဆုံးအဖြတ် တိုက်ပွဲပဲ”
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ လက်တစ်ဖက်ဖြင့် သူ၏ နဖူးကို ပြင်းထန်စွာ ထိုးလိုက်ရာ သူ၏ နဖူးအလယ်မှနေ၍ ရွှေရောင်ပုံဆောင်ခဲ တစ်ခု ထွက်ပေါ်လာတော့၏။ ထိုအခိုက်အတန့်၌ ဝရုန်းသုန်းကား ဖြစ်နေသော ဝိညာဉ်အာရုံ စွမ်းအားများမှာ ပေါက်ကွဲထွက်လာတော့သည်။
“ဝုန်း”
ဟင်းလင်းပြင်ဖြိုခွဲအဆင့် တစ်ပိုင်းနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားကြီးတစ်ခုက ဟူဖေးဖေးကို မိုင်ပေါင်း သောင်းနှင့်ချီ၍ လွင့်ထွက်သွားစေလိုက်တော့၏။
“ဟင်းလင်းပြင်ဖြိုခွဲအဆင့် တစ်ပိုင်း ပါလား”
ယဲ့ဖုန်းသည် ထိုရွှေရောင်ပုံဆောင်ခဲကို စိုက်ကြည့်ရင်း အကြည့်များ စူးရှသွားကာ
“အော်... ဒါက ‘ဝိညာဉ်အာရုံနှလုံးသား’ ကိုး။ များပြားလှတဲ့ ဝိညာဉ်အာရုံ စွမ်းအားတွေကို စုစည်းထားတာပဲ... ဒါကို တစ်လမှာ တစ်ကြိမ်ပဲ သုံးလို့ရပေမယ့် ကိုယ့်ရဲ့ ခွန်အားကိုတော့ တစ်ဟုန်ထိုး မြင့်တက်စေနိုင်တာပဲ”
နတ်ဘုရားကျွန်း၏ အထက်၌မူ မင်းသမီးလေး ဟူဖေးဖေး လွင့်ထွက်သွားသည်ကို မြင်တွေ့လိုက်ရသော လူတိုင်းမှာ သေလူများအလား မျက်နှာများ ပြာနှမ်းသွားကြရတော့သည်။
သူတို့၏ အမြင်တွင်တော့ အရာအားလုံးမှာ နိဂုံးချုပ်သွားခဲ့ပြီ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ နတ်ဘုရားမျိုးနွယ်စုဝင်များမှာမူ အောင်ပွဲခံသည့်ဟန်ဖြင့် လှောင်ပြုံးများ ပြုံးနေကြတော့၏။
--