← Chapters

အခန်း ၂၅၀

Vol. 15 Ch. 250

အခန်း ၂၅၀

Vol. 15 Ch. 250

အပိုင်း (၂၅၀) တီထွင်သူပညာရှင်ကြီး ဖန်ကျန်းရီ။

ကျန်းကျန်မြို့၏ စီမံကိန်းအသီးသီးသည် အရှိန်အဟုန်ဖြင့် စတင်လည်ပတ်နေပြီ ဖြစ်၏။

ဖန်ကျန်းရီကတော့ အလုပ်မရှိသလို ဖြစ်နေပြီး နေ့စဉ် ရုံးခန်းထဲတွင် စားသောက်ကာ ဟိုညွှန်ဒီညွှန်သာ လုပ်နေခဲ့သည်။

သူသည် အနားယူနေသူများကို တွေ့ချိန်မှာတော့ ပါးစပ်မှ အလုပ်မျိုးစုံကို ခိုင်းစေတော့၏။

ဤသို့ဖြင့် အခြားသူများအားလုံးမှာ ခြေမအား၊ လက်မအား အလုပ်များနေကြပြီး အထူးသဖြင့် လီယွမ်ကျောက်ပဲ ဖြစ်သည်။

သူသည် ဂျင်တစ်ကောင်လို မြို့တွင်းမြို့ပြင် အနှံ့အပြားသို့ ပြေးလွှားလှုပ်ရှားနေရ၏။

မသိသူများက ဖန်ကျန်းရီသည် အိမ်ရှေ့စံကို ကိရိယာတန်ဆာပလာတစ်ခုလို အသုံးချနေသည်ဟုပင် ထင်မှတ်သွားနိုင်သည်။

ဖန်ကျန်းရီ ကိုယ်တိုင်ကတော့ ရှက်ရွံ့ခြင်း အလျဉ်းမရှိချေ။

ယခင်ဘဝက အလုပ်ခွင်ဖိအားများကြောင့် ရရှိခဲ့သော စိတ်ဒဏ်ရာများကို ယခုဘဝတွင် အခြားသူများအား အလုပ်ဖိခိုင်းခြင်းဖြင့် ကုစားနေခြင်း ဖြစ်၏။

ဤအတွက် အရင်းရှင်ကြီးဖန်သည် သီအိုရီအသစ်တစ်ခုကိုပင် ဖန်တီးထားလိုက်သေးသည်။

လူတွေက ဘယ်လိုလုပ်မှ ပျော်ရွှင်နိုင်မည်နည်း။

တန်ဖိုးရှိမှ၊ ကိုယ့်ကိုယ်ကိုယ် အရေးပါသည်ဟု ခံစားရမှ ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုတာကို သိနိုင်မည်။

သို့ဆိုလျှင် မည်သို့သောအရာကို တန်ဖိုးရှိသည်ဟု သတ်မှတ်မည်နည်း။ အခြားသူများ၏ အသုံးချခြင်းကို ခံရသည်ဆိုလျှင်ပင် ထိုအရာသည် တန်ဖိုးရှိခြင်းဟု ဆိုရပေမည်။ နေ့စဉ်နှင့်အမျှ လူအများအတွက် အလုပ်အကိုင်များ ရှာဖွေပေးနေသော သူ ဖန်ကျန်းရီသည်လည်း ပျော်ရွှင်မှုများကို ဖြန့်ဝေပေးနေသူ တစ်ဦးပင် မဟုတ်ပါလား။

အထူးသဖြင့် လီယွမ်ကျောက်အတွက်ဆိုလျှင် ပို၍ပင် မှန်ကန်နေသေး၏။ သူသည် နန်းတော်ထဲတွင် ကြီးပြင်းလာပြီး ငယ်စဉ်ကတည်းက အလုပ်အကျွေးပြုခံခဲ့ရသူ ဖြစ်သည်။

နေ့စဉ် စာကျက်၊ စာဖတ်ခြင်းမှလွဲ၍ သူသင်ယူခဲ့သော ဗဟုသုတများကို လက်တွေ့အသုံးချခွင့် မရခဲ့ပေ။

ဆယ်ကျော်သက်အရွယ်ဆိုသည်မှာ ရှေးခေတ်ကဆိုလျှင် အမဲလိုက်ရာတွင် ပါဝင်ကာ မျိုးနွယ်စု၏ အင်အားကြီးမားသော စစ်သည်တော်တစ်ဦး ဖြစ်နေသင့်ပြီ ဖြစ်၏။

သာမန်ပြည်သူများကြားတွင်လည်း လယ်လုပ်၊ အလုပ်လုပ်ကာ မိသားစု စားဝတ်နေရေးကို ကူညီ ဖြေရှင်းပေးနေသင့်ပြီ ဖြစ်သည်။

သို့သော်ငြား သူသည် အိမ်ရှေ့စံ ဖြစ်နေသောကြောင့် ဘာတစ်ခုမှ ပူပန်စရာမလိုချေ။ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ချက်ချင်းလက်ငင်း အသုံးချခွင့်မရခြင်းက ရည်မှန်းချက်ကြီးမားပြီး သွေးဆူလွယ်သော လူငယ်တစ်ဦးအတွက် ဆင်းရဲဒုက္ခတစ်ခုပင် ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ပျော်ရွှင်မှုစေတမန် ဖန်ကျန်းရီ ပေါ်လာခဲ့ပြီး သူ၏ စိုးရိမ်ပူပန်မှုများကို ပြေလျော့စေကာ ကျန်းမာစွာ ကြီးပြင်းလာစေရန် ကူညီပေးနိုင်ခဲ့သည်။

...

ဖန်ကျန်းရီသည် ဤကာလအတွင်း လုံးဝ အားလပ်နေခဲ့သည်တော့ မဟုတ်ချေ။ လူမရှိချိန်တွင် ရုံးခန်းထဲ၌ တစ်ခုခုကို ကြံဆတီထွင်နေခဲ့၏။

အဘိုးကြီးချီသည် သူ၏ ပြောင်မြောက်လှသော တောက်ယွမ် လက်မှုပညာကြောင့် ကျန်းကျန်မြို့ထဲတွင် လူကြိုက်အများဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

ချမ်းသာသော ကုန်သည်များစွာသည် အလုပ်တွင်ကျယ်စေမည့် ကိရိယာလေးများ ဖန်တီးပေးရန် သူ့ကို ငွေကြေးအမြောက်အမြားပေး၍ ဖိတ်ခေါ်နေကြ၏။

ဖန်ကျန်းရီကတော့ စကားမပြောနိုင်အောင်ပင် ဖြစ်နေခဲ့သည်။ ကျုပ်ရဲ့ အကြံဉာဏ်တွေကို ယူသုံးပြီး ခင်ဗျားက နာမည်ကြီးနေတာပဲ။

ကျုပ်လို ဝိညာဉ်ကူးပြောင်းသူ တစ်ယောက်က ဘာတီထွင်မှုမှ မလုပ်နိုင်ဘူးဆိုရင် အဓိပ္ပာယ်မရှိဘူးလေ။ နောင်လာနောက်သားတွေ သိသွားရင် ဖန်ကျန်းရီက ဘာအစွမ်းအစမှ မရှိဘူးလို့ ထင်သွားကြလိမ့်မယ်။

ထိုအချိန်တွင် ဖန်ကျန်းရီသည် နံရံပေါ်တွင် တစ်ခုခုကို တပ်ဆင်နေစဉ် လီယွမ်ကျောက်သည် အလောတကြီး ဝင်လာခဲ့သည်။

တစ်ကိုယ်လုံး ဖုန်တလူးလူး ဖြစ်နေသော်လည်း သူ၏ မျက်လုံးများကမူ တောက်ပနေဆဲ ဖြစ်၏။

ဖန်ကျန်းရီ နံရံပေါ်တွင် တစ်ခုခု လုပ်နေသည်ကို မြင်သောအခါ အသံကျယ်ကြီးဖြင့် မေးလိုက်သည်။ "ဖန်ကြီး… ခင်ဗျား ဘာတွေ လုပ်နေတာလဲ။"

ဖန်ကျန်းရီ လှည့်ကြည့်လိုက်ပြီး ပြောလိုက်၏။ "အိုး... အိမ်ရှေ့စံ ပြန်လာပြီပဲ။ ဒုတိယအသုတ် အလုပ်သမားတွေကို စီစဉ်တာ ဘယ်လိုနေလဲ။"

"အဆင်ပြေပါတယ်။ သတင်းထောက်တွေ ဝိုင်းကူပေးနေကြတယ်။ ဟင်... နံရံမှာ ဘာလို့ ခွက်တစ်ခွက် ချိတ်ထားတာလဲ။"

ဖန်ကျန်းရီက လျှို့ဝှက်ဆန်းကြယ်သော မျက်နှာထားဖြင့် ပြောလိုက်၏။ "ဒါက ပစ္စည်းကောင်းပဲ။"

"လာ... အိမ်ရှေ့စံကို ကျုပ် ပြမယ်။"

ထိုသို့ပြောရင်း လီယွမ်ကျောက်၏ အင်္ကျီလက်ကို ဆွဲကာ အခြားအခန်းတစ်ခန်းသို့ ခေါ်သွားပြီး နံရံကို လက်ညှိုးထိုးပြလိုက်သည်။ "ဟောဒီမှာ ကြည့်။"

"ဟာ... ဒီမှာလည်း ခွက်တစ်ခွက် ချိတ်ထားတာပဲ။ ဘာလို့ ကြိုးနဲ့ ဆက်ထားတာလဲ။ ခင်ဗျား ဘာလုပ်မလို့လဲ။"

ဖန်ကျန်းရီက ချောင်းနှစ်ချက်ဟန့်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။ "ဒါကို တယ်လီဖုန်းလို့ ခေါ်တယ်။"

"အိမ်ရှေ့စံက ဒီခွက်ကို ကိုင်ပြီး ခွက်ဝကို စကားပြောလိုက်ရင် ကျုပ်က ဟိုဘက်ကနေ ကြားရလိမ့်မယ်။ အံ့ဩစရာ မကောင်းဘူးလား။"

လီယွမ်ကျောက်မှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ "တကယ်ဆိုရင်တော့ အံ့ဩစရာပါပဲ။ ဒါပေမဲ့ ဒီလောက်နီးနေတာ လိုလို့လား။"

"ဒီအတိုင်းလည်း ကျုပ် ကြားနေရတာပဲလေ။"

ကျစ်... ဒီအိမ်ရှေ့စံက ဘာလို့ သဘောမပေါက်ရတာလဲ။

ဖန်ကျန်းရီက မျက်မှောင်ကုတ်လိုက်၏။ "အသံကျယ်ကြီးနဲ့ အော်ပြောတာက မယဉ်ကျေးဘူးလေ။ ခင်ဗျား ဒီမှာရပ်ပြီး ခွက်ဝကို နားမှာ တေ့ထားလိုက်။ ကျုပ် ဟိုဘက်သွားပြီး စကားပြောမယ်။"

"ကောင်းပြီ။"

လီယွမ်ကျောက်က သစ်သားခွက်ကို ယူ၍ နားတွင် တေ့ထားလိုက်သည်။

ဖန်ကျန်းရီ ဟိုဘက်သို့ လျှောက်သွားသည်ကို မြင်သောအခါ အသံကျယ်ကြီးဖြင့် အော်ပြောလိုက်၏။ "ခင်ဗျား ပြောတော့လေ။ ကျုပ် နားထောင်နေတယ်။"

ဖန်ကျန်းရီက သစ်သားခွက်ကို ယူ၍ စကားပြောလိုက်သည်။ "ဟဲလို ဟဲလို... ကြားရလား။"

"ကြားရတယ်။ ကျုပ် ဒီပစ္စည်း မပါဘဲနဲ့လည်း ကြားနေရတာပဲ။"

ချီးတဲ့မှ။

"နောက်မနေနဲ့။ ကြိုးကို တင်းတင်းလေး ဆွဲထား။ ပြီးရင် ကျုပ်ပြောတာကို ထပ်နားထောင်။"

လီယွမ်ကျောက်မှာ စိတ်ပျက်လက်ပျက်ဖြင့် ကြိုးကို တင်းတင်းဆွဲကာ ခွက်ကို နားတွင် ပြန်တေ့ထားလိုက်ရ၏။

ဒီတစ်ခါတော့ ကြားရပြီ။

ထို့နောက် ဖန်ကျန်းရီ လျှောက်လာပြီး မေးလိုက်သည်။ "ဘယ်လိုလဲ။"

လီယွမ်ကျောက်က လက်ထဲမှ ခွက်ကို ဟိုကြည့်ဒီကြည့် လုပ်ရင်း အံ့အားသင့်စွာ ပြောလိုက်၏။ "စိတ်ဝင်စားစရာတော့ ကောင်းသားပဲ။ ဒါပေမဲ့ ဘာမှ သုံးမရဘူး။ အကယ်၍ ကြိုးက ပေတစ်ရာလောက် ရှည်ပြီး ကြားရမယ်ဆိုရင်တော့ ကောင်းမှာပဲ။"

"အဲဒီလိုတော့ မရဘူး။"

"..."

လီယွမ်ကျောက်မှာ အနည်းငယ် စိတ်မရှည်တော့ဘဲ သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ဖန်ကြီး … ခင်ဗျား တကယ် ဘာလုပ်ချင်တာလဲ။ ဒီအရာက ဘာမှ သုံးမရဘူးလေ။ တော်တော် အားယားနေတာလား။"

ဖန်ကျန်းရီက တဟားဟား ရယ်မောလိုက်ပြီးနောက် မျက်နှာပူသွားကာ ချောင်းနှစ်ချက် ဟန့်လိုက်၏။

"အဟမ်း... အဲဒါလေ... အိမ်ရှေ့စံ... ဒါကို တယ်လီဖုန်းလို့ ခေါ်တယ်။ ကျုပ် တီထွင်ထားတာ။"

"အာ... ဟုတ်ပြီလေ။ ပြီးတော့ကော ဘာဖြစ်လဲ။"

"ခင်ဗျား... နန်းတော်ကို ပြန်ရောက်ရင် သမိုင်းမှတ်တမ်းရေးသူဆီမှာ တယ်လီဖုန်းကို ကျုပ် ဖန်ကျန်းရီ တီထွင်တာလို့ ပြောပြီး မှတ်တမ်းတင်ခိုင်းပေးပါ။"

"..."

လီယွမ်ကျောက်မှာ အံ့အားသင့်သွားပြီး ဖန်ကျန်းရီ လှည့်စားနေသည်ဟုသာ ခံစားလိုက်ရသည်။

"ဒါ... ဒါက ဘာအဓိပ္ပာယ်မှ မရှိဘူးလေ။ ပြီးတော့ ဒီသောက်ကျိုးနည်းပစ္စည်းက ဘယ်လိုလုပ် တယ်လီဖုန်း ဖြစ်ရမှာလဲ။ အသံပို့ပြွန်လို့ ခေါ်မှ မှန်မှာပေါ့။ တယ်လီဖုန်းဆိုတာ ဘာအဓိပ္ပာယ်လဲ။"

ဖန်ကျန်းရီက မျက်နှာကို တည်တင်းလိုက်၏။ "ကျုပ်က ဒီလိုပဲ ခေါ်မှာပဲ။ ကျုပ်က အိမ်ရှေ့စံကို တောင်းဆိုနေတာလို့ သဘောထားလိုက်ပါ။ မှတ်တမ်းရေးသူဆီကို သေချာပေါက် ဒီလိုပဲ ပြောပြပြီး မှတ်တမ်း တင်ခိုင်းပေးပါ။"

ဘာမှ သုံးမရဘူးဟုတ်လား။

နောင်တစ်ခေတ် သမိုင်းမှတ်တမ်းများတွင်သူ ဖန်ကျန်းရီသည် သမိုင်းတစ်လျှောက် ပထမဆုံး တယ်လီဖုန်း တီထွင်သူအဖြစ် မှတ်တမ်းဝင်သွားမည်ဆိုပါက ဝိညာဉ်ကူးပြောင်းရောက်ရှိလာသူ တစ်ယောက်၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည် မဟုတ်ပေ။

နောင်လာနောက်သားများ ဆင်းရဲသွားလျှင်တောင် ဤဂုဏ်ပုဒ်ဖြင့် အချောင်စား အချောင်သောက် လုပ်၍ ရနိုင်သည် မဟုတ်ပါလား။

အိမ်ရှေ့စံက အမြင်ကျဉ်းလွန်းတယ်။ ဗဟုသုတ မရှိဘူးပဲ။ ချီး ….။

"အာ... ဟုတ်ပြီ။ ရပ်လိုက်တော့။ အိမ်ရှေ့စံ သေချာပေါက် မှတ်ထားပေးနော်။ ကျုပ် ဒီကိစ္စကို ငွေစက္ကူပေါ်မှာ ရေးထားတယ်။ ခင်ဗျား သေချာမှတ်ထားပြီး မမေ့နဲ့။"

ပြောရင်းဆိုရင်း ဖန်ကျန်းရီသည် အင်္ကျီလက်ထဲမှ ငွေစက္ကူတစ်ရွက်ကို ထုတ်ယူလိုက်သည်။ ထိုအပေါ်တွင် မီးသွေးခဲဖြင့် သေးငယ်သော စာလုံးလေးများကို ပြည့်နှက်နေအောင် ရေးသားထား၏။

တယ်လီဖုန်း တီထွင်မှု၊ အလုပ်လုပ်ပုံ အခြေခံသဘောတရားတို့ကို ရှင်းပြထားပြီး ဖုန်းခွက်လှည့်ရသည့် တယ်လီဖုန်း ပုံကြမ်းလေးကိုပင် ဆွဲထားသေးသည်။

လီယွမ်ကျောက်က မျက်မှောင်ကုတ်လျက် ငွေစက္ကူကို လှမ်းယူလိုက်၏။

အပေါ်တွင် ရေးဆွဲထားသော ရှုပ်ထွေးလှသည့် ပုံများနှင့် နံရံပေါ်မှ ကြိုးတန်းလန်းဖြင့် ခွက်နှစ်ခွက်မှာ လုံးဝ တူညီမှုမရှိသည်ကို ကြည့်ပြီးနောက် စိုးရိမ်စိတ်များ တစ်ဖန် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

သို့သော်လည်း သူ ဆက်လက်၍ မမေးချင်တော့သဖြင့် သက်ပြင်းချကာ ငွေစက္ကူကို သိမ်းဆည်းလိုက်၏။

"ကောင်းပါပြီ။ ကျုပ် မှတ်ထားပါ့မယ်။"

"ဒီတစ်ခေါက် ကျုပ်လာတာက ခင်ဗျားကို ကိစ္စတစ်ခု ပြောချင်လို့ပါ။ ဒုက္ခသည်တွေက သိပ်ကောင်းကောင်း မစားရဘူး။ ပြီးတော့ အလုပ်ကလည်း အရမ်းများတယ်။ မိုးမလင်းခင်ကတည်းက နှိုးပြီး အလုပ်ဆင်းခိုင်းတယ်။ မိုးသေချာချုပ်မှ အလုပ်သိမ်းရတယ်။

ဒီအတိုင်း ဆက်သွားရင် အဲဒီလူတွေ ပြဿနာတက်မှာ ကျုပ် စိုးရိမ်တယ်။ ကုန်သည်တွေ အားလုံးကို ခေါ်ပြီးတော့ အနားယူချိန် တချို့ကို မဖြစ်မနေ ထည့်ပေးဖို့ လုပ်ရမလား။"

ထိုစကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီ၏ မျက်နှာမှာလည်း တည်တင်းသွားခဲ့သည်။

အနည်းငယ် လစ်ဟင်းမှုများ ရှိနေသေးသည်ပဲ။ ထိုကုန်သည်များသည် ဒုက္ခသည်များကို လူလိုမဆက်ဆံဘဲ အသေအလဲ အလုပ်ခိုင်းနေကြ၏။ ဒါကို ပြင်ဆင်ရန် လိုအပ်နေပြီ ဖြစ်၏။

"ကောင်းပြီ။ ဒီကိစ္စကို ကျုပ် သိပါပြီ။"

"ဒီနေ့ ကျုပ် အဲဒီလူတွေကို ခေါ်ပြီး ပြင်ခိုင်းလိုက်မယ်။ နေ့တိုင်း အလုပ်ဆင်းချိန်နဲ့ အလုပ်သိမ်းချိန် သတ်မှတ် ပေးရမယ်။ တစ်ပတ်ကို တစ်ရက် နားခိုင်းရမယ်။ အိမ်ရှေ့စံ အနေနဲ့ အဲဒီအလုပ်သမားတွေရဲ့ သဘောထားကို တစ်ချက်လောက် သွားမေးပေးပါ။"

လီယွမ်ကျောက်က နှုတ်ခမ်းကို မဲ့လိုက်၏။ "တစ်ပတ်ကို တစ်ရက် နားခိုင်းတာက အရမ်း ဇိမ်ကျလွန်းတယ်။ ကျုပ်တို့ရဲ့ သတင်းထောက်တွေတောင် လဝက်နေမှ တစ်ရက် နားရတာ။ သူတို့မှာ မွေ့ရာတွေ၊ ရူးယွမ်တွေနဲ့ ကြက်ဥစွပ်ပြုတ်တွေ ရှိတယ်လေ။"

"ဪ... ဒီလိုကိုး။ ဒါဆို ကျုပ် အရင်သွားတော့မယ်။"

လီယွမ်ကျောက် လှည့်ထွက်သွားမည် ပြုစဉ် ဖန်ကျန်းရီက သူ၏ အင်္ကျီလက်ကို အမြန်လှမ်းဆွဲလိုက်၏။

"အိမ်ရှေ့စံ ခဏနေပါအုံး။ ကျုပ် ပြောစရာ မကုန်သေးဘူး။ အခု စီမံကိန်း အတော်များများက စတင်နေပြီ။ ကျုပ်တို့ရဲ့ သတင်းထောက်တွေကို အပြင်လွှတ်ပြီး အခြားပြည်နယ်နှစ်ခုမှာ ကျုပ်တို့ရဲ့ ကျန်းကျန်ပုံစံကို ဝါဒဖြန့်ခိုင်းသင့်တယ်။ မဟုတ်ရင် ကျုပ်တို့ပြည်နယ် တစ်ခုတည်းကပဲ ကယ်ဆယ်ရေး အောင်မြင်တယ်ဆိုရင် အခြားပြည်နယ်နှစ်ခုက ဒုက္ခသည်တွေ ကျုပ်တို့ဆီ ထပ်ရောက်လာကြမှာပေါ့။"

"ကျန်းကျန်မြို့က ဒီလောက်ပဲ ကျယ်တာ။ ဒုက္ခသည်တွေကို ထပ်ပြီး လက်မခံနိုင်တော့ဘူး။ ဒါကြောင့် အိမ်ရှေ့စံ... သတင်းထောက်တွေကိုပါ တစ်ခါတည်း စီစဉ်ပေးခဲ့ပါအုံး။"

All Chapters