← Chapters

အခန်း ၂၅၂

Vol. 15 Ch. 252

အခန်း ၂၅၂

Vol. 15 Ch. 252

အပိုင်း (၂၅၂) အမတ်ကြီးဖန်က ခင်ဗျားတို့ကို ချမ်းသာအောင် လုပ်ပေးလိမ့်မယ်။

အပြင်းအထန် ကျောချေးတွန်းခံရမှုကြောင့် ချန်စီဝူ တစ်ကိုယ်လုံး နီရဲသွားခဲ့သည်။

ရေချိုးကန်ထဲရှိ ဆပ်ပြာရည်ဖြင့် ရိုးရှင်းစွာ ထပ်မံဆေးကြောပြီးနောက် အပြင်သို့ ထွက်လာခဲ့၏။

အပြင်သို့ ရောက်သောအခါ တစ်ကိုယ်လုံး ပေါ့ပါးလွင့်ပျံနေသကဲ့သို့ ခံစားရပြီး ပေါင်မည်မျှ ကျသွားမှန်းပင် မသိတော့ပေ။

နောက်မှလူများလည်း တစ်ယောက်ပြီးတစ်ယောက် ရေချိုးပြီးစီးကာ အဝတ်လဲခန်းသို့ ပြန်ရောက်လာကြသည်။

လူတစ်စုမှာ အဝတ်လဲခန်းထဲတွင် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပြီးနောက် ရှည်လျားသော ခုံတန်းလျားများပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လိုက်ကြ၏။

မည်သူမှ အဝတ်အစားများ ပြန်မဝတ်ချင်ကြသဖြင့် အခြေအနေမှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။

အဝတ်မဝတ်ချင်ရသည့် အကြောင်းရင်းမှာ အလွန်ရှင်းလင်းလှ၏။

အဝတ်ဟောင်းများက အလွန်ညစ်ပတ်နေပြီး ယခုမှ ရေချိုးပြီးခါစဖြစ်ရာ မည်သူမှ ထိုအဝတ်များကို ပြန်မဝတ်ချင်ကြပေ။

လူတစ်စုမှာ ကိုယ်တီးလုံးဖြင့် ထိုင်နေကြရင်း ရင်ထဲတွင် အလွန်ခံစားရခက်နေကြသည်။

မကြာမီမှာပင် တစ်စုံတစ်ယောက်က စကားစပြောလာ၏။ "ဘောင်းဘီအသစ် ဝေမယ်လို့... ပြောထားတာ မဟုတ်ဘူးလား။"

"ဟုတ်တယ်လေ.. ကျုပ်လည်း ကြားလိုက်တယ်။ အခုများ ဝေမလား မသိဘူး။"

ဝါကျနှစ်ကြောင်း ပြောပြီးနောက် လူတိုင်းမှာ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားကြပြီး ချန်စီဝူသည်လည်း လူအုပ်ထဲတွင် ငိုင်တိုင်တိုင် ထိုင်ရင်း သက်ပြင်းမသိမသာ ချလိုက်မိ၏။

တိတ်ဆိတ်နေစဉ်မှာပင် တံခါးဝမှ ဆူညံသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထို့နောက် အဝတ်အစားပုံကြီးကို ပိုက်ကာ ဝင်လာသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။

အဝတ်လဲခန်းထဲသို့ ရောက်သောအခါ အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။ "အဝတ်အစားသစ်တွေ ရောက်ပြီ။ အဝတ်တွေချဖို့ နေရာလေး ဖယ်ပေးကြအုံး။"

လူတိုင်း၏ မျက်လုံးများထဲတွင် အံ့အားသင့် ဝမ်းသာမှုများ ပေါ်ထွက်လာပြီး အလျင်အမြန် ရှောင်ဖယ်ပေးလိုက်ကြ၏။

အရာရှိငယ်က ခုံတန်းလျားပေါ်တွင် အဝတ်အစားများကို မနည်းတင်လိုက်ရပြီး မောကြီးပန်းကြီးဖြင့် ပြောလိုက်သည်။ "အင်္ကျီနဲ့ ဘောင်းဘီ အသစ်တွေ ရောက်ပြီ။ လဲဝတ်ကြတော့။ အဟောင်းတွေကို ယူချင်ရင် ယူသွားလို့ရတယ်။ မယူချင်ရင်တော့ ကျုပ်တို့ လွှင့်ပစ်ပေးလိုက်မယ်။"

"အရင်ဆုံး အဝတ်အစားတွေကို လဲဝတ်ထားကြအုံး။ ကိုယ်တီးလုံးကြီးတွေနဲ့က မျက်စိနောက်စရာ ကောင်းလွန်းတယ်။ ခဏနေရင် ဖိနပ်တွေပါ ရောက်လာလိမ့်မယ်။ လဲဝတ်ပြီးရင် အလောတကြီး မထွက်သွားကြနဲ့။ တစ်စုတစ်စည်းတည်း စီစဉ်ပေးမယ်။"

ချန်စီဝူ၏ မျက်လုံးများထဲတွင် အံ့အားသင့် ဝမ်းသာမှုများ ပေါ်ထွက်လာပြီး အလျင်စလို မေးလိုက်၏။ "ဘောင်းဘီပဲ ရမယ်ဆို... မဟုတ်ဘူးလား။"

အရာရှိငယ်က လက်ကာပြလိုက်သည်။ "အဲဒါက ပထမအသုတ်တုန်းကပါ။ အခုတော့ အမတ်ကြီးဖန်က မသင့်တော်ဘူးလို့ ယူဆလို့ တစ်စုံလုံး ဝေပေးလိုက်တာပဲ။"

ထိုစကားကို ကြားသောအခါ အခန်းထဲရှိ လူအားလုံးမှာ ချက်ချင်း စိတ်လှုပ်ရှားသွားကြပြီး မြေပြင်ပေါ်သို့ ဒူးထောက်ချကာ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်ကြ၏။ "ကျေးဇူးတင်ပါတယ် အမတ်ကြီးဖန်။ အမတ်ကြီးဖန်က တကယ့်ကို အမတ်ကောင်းတစ်ယောက်ပါပဲ။"

အရာရှိငယ်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "ထကြပါ... ထကြပါ။ ခင်ဗျားတို့ ဒီမှာအော်နေလည်း အမတ်ကြီးဖန် ကြားရမှာ မဟုတ်ဘူး။ အော်ချင်ရင် လမ်းမပေါ်ထွက်ပြီး အော်ကြ။"

ဤကဲ့သို့သော အခြေအနေမျိုးကို အရာရှိငယ်သည် အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီးဖြစ်ကာ ဖန်ကျန်းရီထံသို့ပင် သတင်းပို့ခဲ့ဖူး၏။

ဖန်ကျန်းရီ ကိုယ်တိုင်က မှန်ကန်သော အော်ဟစ်နည်းကို ညွှန်ကြားထားခဲ့သည်။ ပြည်သူများကို လမ်းမပေါ်ထွက်၍ အော်ခိုင်းရန်ပင်။

ချန်စီဝူသည် မတ်တပ်ရပ်လိုက်ပြီး ဝမ်းသာအားရဖြင့် အဝတ်အစားသစ်ကို လဲလှယ်ဝတ်ဆင်လိုက်သည်။

ဝတ်ဆင်ပြီးနောက် လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အကဲခတ်ကြည့်ရှုကြရာ ဤအင်္ကျီနှင့် ဘောင်းဘီပေါ်တွင် အရောင်အသွေးစုံလင်သော စာသားအမျိုးမျိုးကို ရိုက်နှိပ်ထားသည်ကို တွေ့လိုက်ရ၏။

[ချန်ဆေးဆိုင်]

နဂါးကျား အားဖြည့်ဆေး အထူးရောင်းချနေပါသည်။

ကျောက်ကပ်ကို အားကောင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေသည်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော ကျင်းတိုင်းပြည်မှ ယောက်ျားစစ်စစ် တစ်ယောက် ဖြစ်ပါစေ။

လိပ်စာ - ...

"ဟင်... ဒါ ဘာတွေ ရိုက်နှိပ်ထားတာလဲ။ ကြည့်ရတာတော့ လှသားပဲ။ အမတ်ကြီးဖန်က တကယ့်ကို ပြည်သူတွေအတွက် အလုပ်လုပ်ပေးတာပဲ။"

"ဒီလောက်ကောင်းတဲ့ အင်္ကျီနဲ့ ဖိနပ်တွေပဲ။ အပေါ်မှာ စာတွေတောင် ပါသေးတယ်။ ငွေအများကြီး ကုန်မှာပဲနော်။"

"ဟင့်အင်း... ကျုပ် အဝတ်အစားသစ် မဝတ်ရတာ နှစ်အတော်ကြာပြီပဲ။"

ဘေးနားမှ တတွတ်တွတ် ပြောဆိုနေသံများကို ကြားရသောအခါ ချန်စီဝူ၏ မျက်လုံးများမှာ နီရဲလာပြီး မျက်လုံးများကို မပွတ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။

မကြာမီမှာပင် ဖိနပ်များ ရောက်ရှိလာခဲ့ပြီး အဝတ်အစားများကဲ့သို့ပင် အပေါ်တွင် အရောင်အသွေးစုံလင်စွာ ရိုက်နှိပ်ထားသည်။

ထို့အပြင် အပေါ်တွင် စာသားများလည်း ပါဝင်သေး၏။

ပြည်သူများ၏ ရိုးရှင်းသော အတွေးထဲတွင် စာလုံးပါသော မည်သည့်အရာမဆို အကောင်းဆုံး အရာများသာ ဖြစ်ရမည်မှာ သေချာလှသည်။

အားလုံး ဝတ်ဆင်ပြီးစီးသွားသောအခါ လူအချို့က အဝတ်ဟောင်းများကို မယူတော့ကြောင်း ပြောလာကြ၏။

အမတ်ကြီးဖန်သည် သူပြောသည့်အတိုင်း တကယ်လုပ်ဆောင်ပေးခဲ့သည်။ အားလုံးကို ချမ်းသာစေရမည်ဟု ပြောခဲ့ပြီး မစတင်ရသေးမီမှာပင် ဤမျှကောင်းမွန်သော အဝတ်အစားများကို ရရှိနေပြီ မဟုတ်ပါလား။

ယခင်က စုတ်ပြဲနေသော အဝတ်အစားများ ဆိုသည်မှာ ခွေးအဝတ်သာသာပဲရှိသည်။

သို့သော်ငြား လူအများစုကမူ ထိုအဝတ်ဟောင်းများကို နှမြောနေဆဲဖြစ်သဖြင့် ပိုက်ကာ ထွက်သွားကြသည်။

အရာရှိငယ်၏ ဦးဆောင်မှုအောက်တွင် ရေချိုးကန်တံခါးမှ ထွက်လာခဲ့ပြီး အခြားနေရာတစ်ခုဆီသို့ ဦးတည်သွားကြ၏။

ဤနေရာသစ်တွင်တော့ စားပွဲအချို့နှင့် စာရေးအချို့မှလွဲ၍ ဘာမှမရှိချေ။

နောက်ကျောဘက်တွင်တော့ သစ်သားပြားများ တောင်ပုံရာပုံ စုပုံနေသည်။

ချန်စီဝူသည် စူးစမ်းလိုစိတ် အပြည့်ဖြင့် တန်းပြန်စီနေမိ၏။

သူ့အလှည့်ရောက်သောအခါ အရာရှိငယ်က သူ၏သစ်သားပြားလေးကို လှမ်းဆွဲ၍ ကြည့်လိုက်ပြီးနောက် အနောက်ဘက်မှ သစ်သားပြားတစ်ခုကို ဆွဲထုတ်လိုက်သည်။

စုတ်တံကြီးတစ်ချောင်းဖြင့် မှင်ကိုတို့ကာ စာလုံးကြီးနှစ်လုံးကို ရေးချလိုက်၏။

[အကြမ်းထည် အလုပ်သမား]

ထို့နောက် သစ်သားပြားကို ချန်စီဝူအား ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "ကဲ... ရပြီ။"

"ဒီသစ်သားပြားကို ကိုင်ပြီး မြို့ထဲ သွားတော့။ သွားချင်တဲ့နေရာ သွားပြီး နံရံထောင့်တစ်နေရာမှာ ထိုင်နေ။ ချမ်းသာမယ့် အချိန်ကို စောင့်နေလိုက်တော့။"

ချန်စီဝူသည် သစ်သားပြားကို ကိုင်ကာ အပေါ်မှ စာလုံးကြီးနှစ်လုံးကို ကြည့်ရင်း တွေးတောနေမိ၏။

ဒါမှမဟုတ်... ဒီစာလုံးနှစ်လုံးက ငါ့ကို ချမ်းသာအောင် လုပ်ပေးမှာလား။

ကောင်းကင်ပေါ်ကနေ ပေါက်စီ ကျလာတာမျိုးများလား။

သို့နှင့် ရဲတင်းစွာဖြင့် မေးလိုက်သည်။ "အာ... သခင်... ဒီစာလုံးနှစ်လုံးက ဘာအဓိပ္ပာယ်လဲဆိုတာ ကျုပ်ကို ပြောပြလို့ ရမလား။"

အရာရှိငယ်က မျက်နှာပူသွားပြီး သစ်သားပြားကို ကြည့်ကာ မတင်မကျ ပြန်ဖြေလိုက်၏။ "အင်း... ခင်ဗျား အဲဒါတွေ ဂရုစိုက်မနေနဲ့။ ဒါက အသုံးဝင်တယ်ဆိုတာ သိရင် ရပြီ။ အထက်က လူတွေပြောတာတော့ ဒါက ခင်ဗျားကို ချမ်းသာအောင် လုပ်ပေးလိမ့်မယ်တဲ့။"

စကားပြောနေစဉ်မှာပင် နောက်တစ်ယောက်၏ သစ်သားပြားကို ရေးပြီးသွားပြီ ဖြစ်သည်။

'ပန်းရံသမား' ဟူသော စာလုံးသုံးလုံးကို ရေးထား၏။

ချန်စီဝူ မြင်လိုက်သောအခါ မျက်မှောင်ကို အပြင်းအထန် ကုတ်လိုက်မိသည်။

ငါ့ဆီမှာ စာလုံးနှစ်လုံးပဲ ရှိပြီး သူ့ဆီမှာ သုံးလုံးဆိုတော့ သူက ငါ့ထက် ပိုချမ်းသာမှာပေါ့။

ထို့ကြောင့် ဆက်လက်မေးလိုက်၏။ "ဒါဆို... သခင်... ဘာလို့ သူ့ဆီမှာ စာလုံးသုံးလုံး ဖြစ်နေပြီး ကျုပ်ဆီမှာ နှစ်လုံးတည်း ဖြစ်နေရတာလဲ။ ကျုပ်ကို နောက်ထပ် စာလုံးနှစ်လုံးလောက် ထပ်ရေးပေးလို့ ရမလား။"

အရာရှိငယ်က ချန်စီဝူကို တစ်ချက်ကြည့်ပြီး ရယ်မောလိုက်သည်။ "ဟေ့... ခင်ဗျားက တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ။ မေးခွန်းတွေက ဘာလို့ ဒီလောက်များနေရတာလဲ။"

ချန်စီဝူက သူ၏ သဘောထားကောင်းမွန်သည်ကို မြင်သောအခါ ဆက်လက်မေးလိုက်၏။ "သခင်... ရေးပေးလို့ ရမလား။ ရမလား။"

အရာရှိငယ်က ပြုံးလျက် လက်ယပ်ခေါ်လိုက်သည်။ "ကောင်းပြီ... လာ လာ လာ... ကျုပ် ခင်ဗျားကို စာလုံးနှစ်လုံး ထပ်ဖြည့်ပေးမယ်။"

ချန်စီဝူက မျက်နှာပွင့်လန်းစွာဖြင့် သစ်သားပြားကို ကမ်းပေးလိုက်၏။

အရာရှိငယ်က ရွှစ်ခနဲ စာလုံးနှစ်လုံးကို ထပ်ဖြည့်ပေးလိုက်သည်။ [အဆင့်မြင့် အကြမ်းထည် အလုပ်သမား]!

သစ်သားပြားပေါ်ရှိ စာလုံးလေးလုံးကို ကြည့်ပြီး ချန်စီဝူ၏ ရင်ထဲတွင် ပန်းများ ပွင့်လန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

"ကျေးဇူးတင်ပါတယ် သခင် … ကျေးဇူးတင်ပါတယ် သခင်။"

ပြောပြီးသည်နှင့် သစ်သားပြားကို ရတနာတစ်ပါးကဲ့သို့ ပိုက်ကာ ထွက်သွားတော့သည်။

မြို့ထဲတွင် လှည့်လည်သွားလာရင်း မိမိကဲ့သို့ သစ်သားပြားကိုင်ကာ လမ်းဘေးတွင် ထိုင်နေသူ အတော်များများကို တွေ့လိုက်ရပြီး သူတို့၏ အဝတ်အစားများမှာလည်း အသစ်လဲထားခြင်း ဖြစ်သည်ကို တွေ့ရ၏။

ချန်စီဝူသည်လည်း သူတို့လုပ်သလို အတုခိုးကာ လူများသော နေရာတစ်ခုကို ရှာ၍ နံရံထောင့်တွင် ထိုင်လိုက်သည်။

သစ်သားပြားကို ကိုင်ကာ ချမ်းသာမည့်အချိန်ကို စောင့်နေလိုက်၏။

မကြာမီမှာပင် အဝတ်အစားသေသပ်စွာ ဝတ်ဆင်ထားသော လူတစ်ဦးသည် လမ်းထောင့်တွင် ပေါ်လာပြီး အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။ "စွန်းအိမ်တော်က လမ်းတွေ ညှိဖို့ လူတစ်စု လိုနေတယ်။ သင့်တော်တဲ့သူ ရှိလား။"

ချန်စီဝူအနားရှိ အလုပ်ဖော်များသည် ချက်ချင်းပင် ပြုံတိုးသွားကြ၏။

"ဆရာကြီး... ကျုပ်ကို ကြည့်ပါအုံး။ ရမလား။"

"ကျုပ် ရတယ်။ ကျုပ် ရတယ်။ ကျုပ်က အစားနည်းပြီး အလုပ်ပိုလုပ်နိုင်တယ်။"

အိမ်တော်ထိန်းဝမ်သည် လူအုပ်ကြားတွင် အမေးအဖြေလုပ်နေစဉ် နံရံထောင့်တွင် ထိုင်နေသော ချန်စီဝူကို ရုတ်တရက် တွေ့လိုက်ရပြီး သစ်သားပြားပေါ်ရှိ အဆင့်မြင့် အကြမ်းထည် အလုပ်သမား ဟူသော စာသားကို မြင်သောအခါ မျက်လုံးများ တောက်ပသွားခဲ့သည်။

ချန်စီဝူအနားသို့ လျှောက်သွားပြီး မေးလိုက်၏။ "ဟင်... အဆင့်မြင့် အကြမ်းထည် အလုပ်သမားတဲ့။ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ ခင်ဗျားက ဘယ်လောက်တောင် အဆင့်မြင့်တာလဲ။"

ချန်စီဝူ ခေါင်းမော့လာပြီး အိမ်တော်ထိန်းဝမ်ကို ကြောက်ရွံ့စွာဖြင့် ပြန်ကြည့်လိုက်သည်။ "အဆင့်မြင့်တယ်ဆိုတာ ဘာကို ပြောတာလဲ။"

"ခင်ဗျား ဘယ်လောက်တောင် အလုပ်လုပ်နိုင်လဲလို့ မေးတာ။"

အိမ်တော်ထိန်းဝမ်၏ ဘေးရှိ လူအုပ်ကြီးက သူ့အား မနာလိုစွာဖြင့် ကြည့်နေကြသည်ကို မြင်သောအခါ ချန်စီဝူ၏ ရင်ထဲတွင် နွေးထွေးသွားခဲ့၏။ ချမ်းသာမည့် အခွင့်အရေး ရောက်လာပြီလား။

"ကျုပ်... ကျုပ်က ထမင်းမစားရရင် နွားတစ်ကောင်စာလောက် အလုပ်လုပ်နိုင်ပြီး ထမင်းစားပြီးရင် နွားသုံးကောင်စာ လောက် အလုပ်လုပ်နိုင်တယ်။"

အိမ်တော်ထိန်းဝမ်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ "အိုးဟိုး... မထင်ရဘူးနော်။ ခင်ဗျားရဲ့ ခန္ဓာကိုယ်သေးသေးလေးနဲ့ ဒီလောက်အသက်အရွယ်ကြီးကို ဒီလောက် အလုပ်လုပ်နိုင်တယ်ပေါ့လေ။"

"ဒါဆို ကျုပ်နောက် လိုက်ခဲ့။"

ထို့နောက် အနောက်ဘက်ရှိ လူအုပ်ကြီးကို လှည့်ပြောလိုက်၏။ "ခင်ဗျားတို့ ဆူညံမနေကြနဲ့။ ဒီတစ်ခေါက် လူအများကြီး ခေါ်မှာ။ ကျုပ်တို့ စွန်းအိမ်တော်က အကုန်ယူမယ်။"

ချန်စီဝူ နှုတ်ခမ်းကို သပ်လိုက်ပြီး မျှော်လင့်ချက် အပြည့်ဖြင့် မေးလိုက်သည်။ "ဒါဆို... စွန်းအိမ်တော်ထဲ ဝင်ပြီး အလုပ်လုပ်ရင် ချမ်းသာနိုင်မလား။"

ဤကဲ့သို့သော မေးခွန်းမျိုးကို အိမ်တော်ထိန်းဝမ်မှာ ကြားရဖန်များလွန်းလှပြီ ဖြစ်၏။

ထို့ကြောင့် ပြုံးလျက် ပြန်ဖြေလိုက်သည်။ "အခုတော့ မရသေးဘူး။ ကြည့်လေ... အခု ဘယ်သူ့ဆီမှာ ပိုက်ဆံရှိလို့လဲ။ နောက်ပိုင်းကျရင်တော့ သေချာပေါက် ချမ်းသာလာမှာပေါ့။”

"အာ... ဟုတ်ကဲ့။"

All Chapters