← Chapters

အခန်း ၂၅၃

Vol. 15 Ch. 253

အခန်း ၂၅၃

Vol. 15 Ch. 253

အပိုင်း (၂၅၃) ကျုပ်ကို ကြယ်ငါးပွင့် အကဲဖြတ်မှုလေး ပေးခဲ့ပါ။

ချန်စီဝူသည် မျှော်လင့်ချက် အပြည့်ဖြင့် လူအုပ်ကြီးနောက်သို့ လိုက်ကာ အိမ်တော်ထိန်းဝမ် ခေါ်ဆောင်ရာသို့ လိုက်ပါသွားခဲ့သည်။

တစ်ဖန် နေရာပြောင်းရွှေ့ပြီး ခြံဝင်းတစ်ခုအတွင်းသို့ ရောက်ရှိသွားကြ၏။

ခြံဝင်းထဲတွင် လူများ ပြည့်နှက်နေပြီး အတော်များများက တန်းစီနေကြသည်။

ချန်စီဝူက ခေါင်းပြူကြည့်လိုက်ရာ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

အထဲတွင် အဝတ်အစားများ တောင်ပုံရာပုံ စုပုံနေပြီး ရှေ့တွင် တန်းစီနေသူများက ထိုအဝတ်အစားများကို ယူနေကြခြင်း ဖြစ်သည်။

ချန်စီဝူ၏ နှလုံးသားမှာ တစ်ဖန် ပြန်လည် ခုန်ပေါက်လာခဲ့ပြန်၏။

ဘာအခြေအနေလဲ။ ခုနကမှ တစ်စုံ ရထားတာ အခု နောက်တစ်စုံ ထပ်ယူလို့ ရသေးတာလား။

တွေးတောနေစဉ်မှာပင် အိမ်တော်ထိန်းဝမ်၏ အော်သံကို ကြားလိုက်ရသည်။ "အားလုံးပဲ ဒီမှာ အဝတ်အစားတွေ အကုန်လဲလိုက်ကြ။ နောက်ပိုင်းကျရင် ခင်ဗျားတို့ ကိုယ်ပေါ်က အဝတ်အစားတွေကို ထပ်ဝတ်ခွင့် မပြုတော့ဘူး။

ခင်ဗျားတို့ အခုဝတ်ထားတဲ့ အဝတ်အစားတွေကို စွန်းအိမ်တော်ကနေ မထွက်မချင်း ထပ်မဝတ်ရဘူး။"

"နေထိုင်စားသောက်တာဖြစ်ဖြစ်၊ အလုပ်ဆင်းတာဖြစ်ဖြစ် ကျုပ်တို့ စွန်းအိမ်တော်က ဝေပေးတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ရမယ်။ အားလုံး နားလည်ကြလား။"

"နားလည်ပါပြီ။" လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် အသံကျယ်ကြီး အော်ပြောလိုက်ကြ၏။

တကယ်ပါပဲ။ အလုပ်တစ်စက်မှ မလုပ်ရသေးဘဲ အဝတ်အစားသစ် နှစ်စုံတောင် ရလိုက်သေးတယ်။

ဒါက ချမ်းသာသွားတာ မဟုတ်ဘူးလား။

အားလုံးက ကပျာကယာဖြင့် အင်္ကျီနှင့် ဘောင်းဘီ အသစ်များကို လဲဝတ်လိုက်ကြသည်။ ဤအဝတ်အစား မှာလည်း မဆိုးလှပေ။ အပေါ်တွင် စာသားများ ပြည့်နှက်နေအောင် ရိုက်နှိပ်ထား၏။

သို့သော်ငြား ထိုစာသား ကြော်ငြာများအားလုံးမှာ စွန်းအိမ်တော်၏ ကြော်ငြာများ ဖြစ်သွားခဲ့သည်။

သေချာသည်မှာ ထိုအလုပ်သမားများကတော့ သိမည်မဟုတ်ပေ။

ချန်စီဝူ အဝတ်အစားလဲပြီးသောအခါ တစ်ခုခု လိုအပ်နေသေးသလို ခံစားရပြီး လုပ်အားခ ကိစ္စ မပြောရသေးကြောင်း ရုတ်တရက် သတိရသွားခဲ့၏။

ထို့ကြောင့် အသံကျယ်ကြီးဖြင့် အော်မေးလိုက်သည်။ "ဆရာကြီး ... ကျုပ်တို့ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရမလဲ။"

အိမ်တော်ထိန်းဝမ်က မျက်မှောင်ကုတ်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်၏။ "ပထမလက အစမ်းခန့်ကာလပဲ။ တစ်နေ့ကို ထမင်းနှစ်နပ် အဝကျွေးမယ်။ အလုပ်ကြိုးစားရင် ဆက်နေခွင့်ရမယ်။ ဒုတိယလကျရင် ပထမလအတွက် လုပ်အားခ ပြန်ပေးမယ်။ ဘယ်လောက်ရမလဲ ဆိုတာကတော့ ခင်ဗျားတို့ ဘယ်လောက် အလုပ်လုပ်နိုင်လဲ ဆိုတာပေါ်မှာ မူတည်တယ်။"

လူတိုင်းက ရင်ထဲတွင် တွက်ချက်နေကြ၏။

ကောင်းပြီလေ။ တစ်နေ့ ထမင်းနှစ်နပ် အဝစားရရင် ရပါပြီ။ ဆန်ပြုတ်ထက်တော့ သေချာပေါက် ပိုကောင်းမှာပေါ့။

အခြားဟာတွေ မပြောနဲ့အုံး။ အဝတ်အစားသစ် နှစ်စုံတောင် ရထားသေးတာပဲလေ။

အိမ်တော်ထိန်းဝမ်က ဆက်ပြောလိုက်သည်။ "အကယ်၍ အစမ်းခန့်ကာလကို မအောင်မြင်ရင် လုပ်အားခ မရဘူး။ ပြီးတော့ အဝတ်အစားတွေလည်း ပြန်ပေးရမယ်နော်။ သေသေချာချာ တန်ဖိုးထားပြီး ဝတ်ကြ။"

"..."

အားလုံး ပြင်ဆင်ပြီးစီးသွားသောအခါ အိမ်တော်ထိန်းဝမ်က လက်ယမ်းပြလိုက်၏။ "အားလုံး ကျုပ်နောက် လိုက်ခဲ့။ အိပ်ဆောင်တွေကို ခေါ်သွားပေးမယ်။ နောက်ပိုင်းကျရင် ခင်ဗျားတို့ အဲဒီမှာ နေရမှာပဲ။"

ပြောပြီးသည်နှင့် အိမ်တော်ထိန်းဝမ်သည် ခြံဝင်းထဲမှ ထွက်ခွာသွားခဲ့သည်။

အနောက်မှ လူအုပ်ကြီးကလည်း အလုံးအရင်းဖြင့် လိုက်ပါသွားကြ၏။

ခဏကြာ လမ်းလျှောက်ပြီးနောက် လူတိုင်းသည် မြို့ပြင်သို့ ပြန်ရောက်လာကြသည်။

ချန်စီဝူ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ အပြည့်အဝ ဖြစ်တည်လာခဲ့၏။

နောက်ဆုံးတော့... နောက်ဆုံးတော့ လေဒဏ်မိုးဒဏ် ကာကွယ်ပေးမယ့် အိမ်လေးတစ်လုံး ရတော့မှာလား။

သူထင်ထားသည့်အတိုင်းပင် အိမ်တော်ထိန်းဝမ်က လူအုပ်ကြီးကို နေရောင်ခြည်ရပ်ကွက်သို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။

သို့သော် ဤရပ်ကွက်အပြင်ဘက်တွင် အာဏာပိုင်များ စောင့်ကြပ်နေပြီး အိမ်တော်ထိန်းဝမ် ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း လက်ကာပြကာ ရပ်တန့်ခိုင်းလိုက်၏။

"ဘယ်အိမ်တော်ကလဲ။ နာမည်ပြော။"

အိမ်တော်ထိန်းဝမ်က မျက်နှာတွင် အပြုံးများ ပြည့်နှက်နေလျက် ဆိုသည်။ "စွန်းအိမ်တော်ကပါ။ အရာရှိမင်း ကျေးဇူးပြုပြီး ကူညီနေရာချပေးပါ။ စကားနည်းနည်းလောက်..."

ပြောရင်း အရာရှိ၏ လက်ထဲသို့ ငွေအချို့ကို ထိုးထည့်ရန် ကြိုးစားလိုက်၏။

အရာရှိက မျက်မှောင်ကုတ်သွားပြီး ငွေကို မသိမသာ ပြန်တွန်းထုတ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ "ကျုပ်ကို ပြဿနာမရှာနဲ့။ ကျုပ်ကို သေအောင် သတ်ချင်နေတာလား။"

အိမ်တော်ထိန်းဝမ်မှာ ရှက်ရွံ့စွာဖြင့် လက်ကို ပြန်ရုပ်လိုက်ပြီး တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။ "ဒါဆိုလည်း... အရာရှိမင်းပဲ ဒုက္ခခံလိုက်ပါတော့။"

အရာရှိက အေးစက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် အိမ်တော်ထိန်းဝမ်၏ နောက်မှ လူအုပ်ကြီးကို လက်ယပ်ခေါ်လိုက်သည်။ "စွန်းအိမ်တော်က အလုပ်သမားတွေ... အားလုံး ကျုပ်နောက် လိုက်ခဲ့။"

အိမ်တော်ထိန်းဝမ်ကလည်း လူအုပ်ကြီးကို လှမ်းအော်ပြောလိုက်၏။ "အထဲရောက်ရင် အရာရှိမင်း စီစဉ်ပေးတဲ့အတိုင်း အကုန်လုပ်ကြ။ မနက်ဖြန်ကျရင် ခင်ဗျားတို့ကို အလုပ်ဆင်းဖို့ ကျုပ် ထပ်လာခေါ်မယ်။"

ပြောပြီးသည်နှင့် နောက်ပြန်လှည့်ကာ ပြန်သွားတော့သည်။

အရာရှိက လူအုပ်ကြီးကို နေရောင်ခြည်ရပ်ကွက် အတွင်းသို့ ခေါ်ဆောင်သွားပြီး သစ်သားအိမ်တစ်လုံးရှေ့တွင် ရပ်တန့်လိုက်၏။

သစ်သားအိမ်ပေါ်တွင် [စွန်းအိမ်တော် အဆောင်-ဂ နံပါတ် ၃] ဟု ရေးထားသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။

အရာရှိက တံခါးကို တွန်းဖွင့်လိုက်ရာ အထဲမှ အခြေအနေများကို မြင်တွေ့လိုက်ရ၏။

အိပ်ဆောင်ဟု ဆိုသော်လည်း တကယ်တမ်းတွင်မူ အများအိပ်ရသော အိပ်စင်ကြီးသာ ဖြစ်ပြီး အပေါ်ထပ် အောက်ထပ် ပါဝင်ကာ အိမ်တစ်လုံးတွင် လူဆယ်ဂဏန်းခန့် နေထိုင်နိုင်သည်။

ဤအိမ်မှာလည်း အလွန်ကြမ်းတမ်းစွာ ဆောက်လုပ်ထားခြင်း ဖြစ်၏။ အလုပ်ကို မြန်မြန်ပြီးစီးစေရန် ဖိအားပေးထားသဖြင့် အုတ်မြစ်များအကြောင်း ပြောစရာပင် မလိုချေ။

ယင်းကို အိမ်ဟု ခေါ်ဆိုမည့်အစား အလွန်ကြီးမားသော သစ်သားကုန်သေတ္တာကြီးတစ်ခုနှင့် ပို၍တူနေသည်။

ယင်း၌ တံခါးနှင့် ပြတင်းပေါက်များ ပါဝင်ခြင်းမျှသာ ဖြစ်၏။

ဤကဲ့သို့သော အိမ်များသည် အနည်းငယ်ကြီးမားသော သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရပါက စက္ကူပြားများနှင့် သိပ်ပြီး ကွာခြားမှုရှိမည် မဟုတ်ပေ။

သို့သော်လည်း ချန်စီဝူကတော့ အလွန်ပျော်ရွှင်နေဆဲ ဖြစ်သည်။

ယခုမှစ၍... ဤနေရာသည် သူ၏ ယာယီ အိမ်လေး ဖြစ်လာတော့မည် မဟုတ်ပါလား။

တောရိုင်းလူတစ်ယောက်လိုမျိုး အပြင်မှာ စား၊ အပြင်မှာ အိပ်စရာ မလိုတော့ပေ။

အရာရှိက စကားစပြောလိုက်၏။ "ကဲ ရပြီ … ဒီနေ့ကစပြီး ခင်ဗျားတို့ ဒီမှာပဲ နေရမယ်။ ခဏနေရင် စာရင်းလာကောက်ပြီး သစ်သားပြားအသစ်တွေ လုပ်ပေးမယ့်သူ လာလိမ့်မယ်။

သစ်သားပြားက ခင်ဗျားတို့ရဲ့ တစ်ခုတည်းသော သက်သေခံကတ်ပြားပဲ။ သေသေချာချာ သိမ်းထားကြ။

ကုတင်ပေါ်က စောင်တွေက တစ်ယောက်တစ်စုံစီ ရမယ်။ ကုတင်အောက်မှာ မျက်နှာသစ်ဇလုံ၊ ဆပ်ပြာနဲ့ ပဝါတွေ ရှိတယ်။ ကိုယ့်ဟာကိုယ် ခွဲယူကြ။

ပြီးတော့ နံရံပေါ်က အကန့်လေးတွေက ခင်ဗျားတို့ ပစ္စည်းတွေ ထားဖို့ လုပ်ပေးထားတာ။ ကိုယ့်ပစ္စည်းတွေကို သေချာထားကြ။"

ချန်စီဝူက ဘေးသို့ လှည့်ကြည့်လိုက်ရာ ကုတင်နှင့် မျက်နှာချင်းဆိုင် နံရံပေါ်တွင် ရေချိုးကန်ထဲကကဲ့သို့ သစ်သားစင်များ ရှိနေပြီး အသေးစား တံခါးလေးများ ပါဝင်သည်ကို တွေ့လိုက်ရ၏။

"ခင်ဗျားတို့ အလုပ်ဆင်းပြီး ပိုက်ဆံရလာရင် ကိုယ့်ဟာကိုယ် သော့တွေဘာတွေ သွားဝယ်ပြီး ပစ္စည်းတွေကို သော့ခတ်ထားလို့ ရတယ်။"

အရာရှိက နံရံဘေးသို့ လျှောက်သွားပြီး နံရံပေါ်ရှိ ဆိုင်းဘုတ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ ဆိုင်းဘုတ်ပေါ်တွင် အရောင်အသွေးစုံလင်သော ပုံအမျိုးမျိုးကို ထွင်းထုထား၏။

"ရပ်ကွက်ထဲမှာ အကုန်ပြည့်စုံတယ်။ သီးသန့် ဈေးဆိုင်တွေ ရှိတယ်။ ပစ္စည်းတွေက အပြင်ထက် ပိုသက်သာတယ်။ ခင်ဗျားတို့ ပိုက်ဆံရရင် ဒီမှာပဲ သုံးတာ အကောင်းဆုံးပဲ။

ဒီဆိုင်းဘုတ်က မြေပုံပဲ။ ဒီအပြုံးမျက်နှာလေးက ဖြေရှင်းရေးရုံးခန်း။ ရပ်ကွက်ထဲမှာ လုံးဝ ရန်မဖြစ်ရဘူးနော်။ ဖြစ်ရင် နှင်ထုတ်ခံရမယ်။

စကားများတာပဲဖြစ်ဖြစ်၊ ရန်ဖြစ်တာပဲဖြစ်ဖြစ် ဒီနေရာကို လာခဲ့။ ခင်ဗျားတို့ကို ဖြေရှင်းပေးမယ့်သူ ရှိတယ်။ ဖြေရှင်းရေးရုံးခန်း ဘေးမှာက လူနေမှုအထောက်အကူပြု ရုံးခန်းပဲ။ နားမလည်တဲ့ ပြဿနာတွေ ရှိရင် အဲဒီမှာ သွားမေး။"

ပြောရင်းနှင့် အခြားပုံတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ "ဒီနေရာက ရေတွင်း။ အဲဒီမှာ ရေသွားခပ်လို့ရတယ်။ ဘေးကဟာက ဆေးခန်း။ ရပ်ကွက်တစ်ခုမှာ ဆေးခန်းသုံးခုစီ ရှိတယ်။ အကုန် အခမဲ့ပဲ။ နေမကောင်းဖြစ်ရင် အချိန်မီ သွားပြကြ။

ပြီးတော့ ရပ်ကွက်ထဲမှာ နေ့တိုင်း အာဏာပိုင်တွေ လှည့်ကင်းလှည့်တယ်။

"ညဘက်တွေ အပြင်မထွက်တာ အကောင်းဆုံးပဲ။ မြေပုံပေါ်က အနီရောင်ခြယ်ထားတဲ့ နေရာက မိန်းမတွေ နေတဲ့နေရာပဲ။ ဆွေမျိုးမရှိဘဲ ဝင်ခွင့် လုံးဝ မပြုဘူးနော်။

"မိန်းမ လိုချင်ရင် ရပ်ကွက်ထဲမှာ လစဉ် ဖျော်ဖြေပွဲတွေ ရှိတယ်။ အားလုံး သွားကြည့်လို့ရတယ်။ အဲဒီအချိန်ကျရင် ခင်ဗျားတို့ စွမ်းဆောင်ရည်ကို ကြည့်ရမှာပေါ့။

ပြီးတော့ သားသမီး ပါလာတဲ့သူတွေက အဆင်မပြေရင် စာသင်ကျောင်းကို ချက်ချင်းပို့လိုက်။ ခြောက်လအတွင်းမှာ အသက်ဆယ့်ခြောက်နှစ် အောက်ကလေးတွေ အခမဲ့ ပညာသင်ခွင့် ရမယ်။ စားစရိတ်ပါ ငြိမ်းတယ်။ ဆယ့်နှစ်နှစ် အရွယ်တွေကတော့ အမြဲတမ်း အခမဲ့ပဲ။

ရပ်ကွက်ထဲမှာ နေရာတကာ အပေါ့အလေး မသွားရဘူး။ အိမ်သာက..."

အရာရှိက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြနေပြီး အခန်းထဲရှိ လူအားလုံး၏ ရင်ထဲတွင်တော့ နွေးထွေးမှုများ ခံစားနေကြရ၏။

ဤနေရာသည် မိမိတို့ ဇာတိရွာထက်ပင် ပိုမိုနေထိုင်လို့ ကောင်းနေသည် မဟုတ်ပါလား။

"ဒီအိပ်ဆောင်က စွန်းအိမ်တော်က ဆောက်ထားတာ။ ရပ်ကွက်ထဲက အိပ်ဆောင်တွေကို မြို့ထဲက မတူညီတဲ့ ကုန်သည်တွေက ငွေထုတ်ပြီး ဆောက်ထားပေးတာမို့လို့ အကြောင်းမရှိဘဲ ဟိုဟိုဒီဒီ မသွားတာ အကောင်းဆုံးပဲ။

အခြားအိပ်ဆောင်တွေကနေ ဆွေမျိုးတွေ သူငယ်ချင်းတွေ အလည်လာရင် အရာရှိဆီမှာ စာရင်းသွားပေးဖို့ မမေ့နဲ့နော်။"

အရာရှိက မှတ်စုစာအုပ်ကို ကိုင်ထားပြီး နောက်ဆုံးစာမျက်နှာကို လှန်လိုက်သည်။

"နောက်ဆုံး … အရေးကြီးဆုံး တစ်ချက်။"

"အမတ်ကြီးဖန်က ပြောထားတယ်။ ခင်ဗျားတို့ရဲ့ လုပ်အားခ ဘယ်လောက်ရမလဲ ဆိုတာကို ကိုယ့်ဟာကိုယ် ဆွေးနွေးရမယ်တဲ့။

လုံးဝ နှုတ်ပိတ်မနေနဲ့နော်။ ရဲရဲဝံ့ဝံ့ ပြောရမယ်။ အဝစားရမယ်။ ပျော်ရွှင်စရာ ဘဝလေးကို ရဖို့ဆိုတာ ကိုယ့်ဟာကိုယ် ကြိုးစားအားထုတ်ရမှာပဲ။ စည်းလုံးညီညွတ်ရမယ်။ အနိုင်ကျင့်တာကို ငုံ့မခံနဲ့။

ဘယ်အိပ်ဆောင်မှာ နေနေ၊ အဲဒီအိမ်တော်ဆီ ရောင်းစားခံလိုက်ရတာ မဟုတ်ဘူးလို့ မှတ်ထား။ အလုပ်လုပ်ရတာ အဆင်မပြေရင် အချိန်မရွေး ထွက်သွားလို့ရတယ်။ အခြားအိမ်တော် ပြောင်းလို့ရတယ်။

ဘယ်သူပဲဖြစ်ဖြစ် မတရားခံရတာ ရှိရင် ရုံးတော်ကို ချက်ချင်း သွားတိုင်လို့ရတယ်။ အိမ်ရှေ့စံနဲ့ အမတ်ကြီးဖန်က ခင်ဗျားတို့အတွက် ဖြေရှင်းပေးလိမ့်မယ်။"

ထိုနေရာအရောက်တွင်တော့ လူအတော်များများမှာ ရှိုက်ငင်ငိုကြွေးနေကြပြီ ဖြစ်၏။ ခေါင်းငုံ့ကာ မျက်ရည်များ ဝဲလျက် ရင်ထဲတွင် အလိုလို ဝမ်းနည်းနေကြသည်။

အရာရှိက မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး လူတိုင်းကို ပြုံးရွှင်စွာ ကြည့်လိုက်၏။

"အဟမ်း... ပြောစရာရှိတာတွေ အကုန်ပြောပြီးပြီ။"

"ကျုပ်နာမည်က ကျောက်တုန်းပါ။ နောက်ကျရင် စစ်ဆေးရေးလာတဲ့လူ ရှိရင် ကျုပ်ကို ကြယ်ငါးပွင့် အကဲဖြတ်မှုလေး ပေးခဲ့ဖို့ မမေ့နဲ့နော်။ အားလုံး နားလည်ကြလား။"

ချန်စီဝူက နီရဲရောင်ရမ်းနေသော မျက်လုံးများကို ပွတ်သပ်ရင်း မေးလိုက်သည်။ "အရာရှိမင်း... ကြယ်ငါးပွင့် အကဲဖြတ်မှုဆိုတာ ဘာလဲ။"

ကျောက်တုန်းက ရယ်မောလိုက်၏။ "အဲဒါကို ခင်ဗျားတို့ သိပ်ပြီး မေးမနေပါနဲ့။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကျရင် ခင်ဗျားတို့ကို လာမေးမယ့်သူ ရှိလိမ့်မယ်။

ခင်ဗျားတို့အားလုံး ကျုပ်ကို ကြယ်ငါးပွင့် အကဲဖြတ်မှုလေး ပေးလို့ရတယ်။ ဒါမှ ကျုပ်လည်း ဒီကို လာရကျိုးနပ်မှာ။ ကျေးဇူးပါပဲ။ ဘာမှမရှိရင် ကျုပ် သွားတော့မယ်။"

ပြောပြီးသည်နှင့် ကျောက်တုန်းသည် လှည့်ထွက်သွားခဲ့ပြီး အခန်းထဲရှိ အလုပ်သမားများမှာမူ ကြယ်ငါးပွင့် အကဲဖြတ်မှုဆိုသည်မှာ ဘာလဲဟူ၍ တွေးတောကျန်ရစ်ခဲ့ကြသည်။

All Chapters