← Chapters

အခန်း ၂၅၅

Vol. 15 Ch. 255

အခန်း ၂၅၅

Vol. 15 Ch. 255

အပိုင်း (၂၅၅) ကျင်းဘုရင် ကိုယ်တိုင် ကြွရောက်လာခြင်း။

စာကြည့်ဆောင်အတွင်း၌။

အရှင်မင်းကြီးသည် စုတ်တံကို ကိုင်ထားလျက် ရှေ့ရှိ လျှောက်တင်လွှာကို ကြည့်နေကာ အချိန်ကြာမြင့်စွာ လှုပ်ရှားခြင်းမရှိပေ။

ခေါင်းထဲတွင် အတွေးမျိုးစုံက တလဟော စီးဆင်းနေ၏။

အတွင်းရံတပ်နှင့် တပ်မှုးနျဲ့ကျန်းဆီမှ ရရှိသော သတင်းများအရဆိုလျှင် အိမ်ရှေ့စံသည် စောစောစီးစီး ပြန်ရောက်နေသင့်ပြီ ဖြစ်သည်။

သို့သော်ငြား ယခုအချိန်အထိ အိမ်ရှေ့စံ၏ သတင်းကို မရရှိသေးချေ။

လီယွမ်ကျောက်သည် ကျန်းကျန်မြို့၌ ပုန်းအောင်းနေပြီး ဖန်ကျန်းရီနှင့် အတူရှိနေမည်ဆိုသည်ကို အရှင်မင်းကြီး ကောင်းစွာ သိရှိထား၏။

ထို့ပြင် နျဲ့ကျန်း ကိုယ်တိုင် အစောင့်အရှောက်အဖြစ် ရှိနေသောကြောင့် စိုးရိမ်စရာ မလိုပေ။

သို့ပေမည့် အချိန်ကြာလာသည်နှင့်အမျှ အရှင်မင်းကြီး၏ စိတ်ထဲ၌ သံသယများ ဝင်ရောက်လာခဲ့သည်။

စိုးရိမ်ပူပန်မှုက ပိုမို ပြင်းထန်လာ၏။

အိမ်ရှေ့စံ ထွက်သွားသည့်အချိန်သည် အလွန်ကြာမြင့်နေပြီ ဖြစ်သည်။

မည်သည့်အကြောင်းကြောင့်မှန်း မသိသော်ငြား အရှင်မင်းကြီး၏ စိတ်ထဲတွင် လီယွမ်ကျောက်၏ မျက်နှာက မကြာခဏ ပေါ်လာခဲ့၏။

ကော်ထျန်းယန်သည် အရှင်မင်းကြီး ငေးမောနေသည်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး အခြေအနေကို ရိပ်မိနေသည်။

အရှင်မင်းကြီး၏ ဘေးရှိ လက်ဖက်ရည်ခွက်ကို ကြာမြင့်စွာ ချထားသည်ကို မြင်ချိန်မှာတော့ ချက်ချင်းပင် လက်ဖက်ရည်ပူ တစ်ခွက်နှင့် လဲလှယ်ပေးလိုက်၏။

အတန်ကြာပြီးနောက် အရှင်မင်းကြီးသည် စုတ်တံကို ချကာ သက်ပြင်းချလိုက်သည်။

"ကိုယ်တော် တောင်ပိုင်းကို သွားမယ်။"

"ဗျာ။"

ကော်ထျန်းယန် မှင်တက်သွား၏။

တောင်ပိုင်းကို သွားမည်တဲ့လား။ ဤမျှဝေးကွာသော ခရီးကို ဆယ်ရက်ကျော်ကြာ သွားရမှာဖြစ်ပြီး ဘာကိစ္စကြောင့် သွားရမည်နည်း။

အိမ်ရှေ့စံ လမ်းလွဲသွားရုံမက အရှင်မင်းကြီးပါ လမ်းလွဲသွားပြီလား။

အရှင်မင်းကြီးက ကော်ထျန်းယန်ကို စိုက်ကြည့်လိုက်၏။ "ဘာ ဗျာ လဲ။ ကိုယ်တော် တောင်ပိုင်းကို သွားမယ်လို့ ပြောနေတယ်။"

ကော်ထျန်းယန်သည် လည်ချောင်းများ ခြောက်ကပ်သွားပြီး မေးလိုက်သည်။ "မင်းကြီး ဘာကြောင့်ပါလဲ။ မင်းကြီးသာ ထွက်သွားမယ်ဆိုရင် နန်းတွင်းမှာ ခေါင်းဆောင်မရှိဘဲ ဖြစ်သွားပါလိမ့်မယ်။"

အရှင်မင်းကြီး တိတ်ဆိတ်သွား၏။ "တိုင်းပြည်မှာ စစ်မက်ဖြစ်ပွားတာ မရှိဘူး။ တခြားကိစ္စတွေကို အမတ်အဖွဲ့ကို လွှဲအပ်ထားခဲ့မယ်။"

"ပြည်နယ် သုံးခုမှာ ကျန်းကျန်မြို့ကို ဖန်ကျန်းရီလက်ထဲ အပ်ထားတာ ကိုယ်တော် စိတ်ချတယ်။ ဒါပေမဲ့ ကျန်တဲ့ နေရာနှစ်ခုကတော့ အမှားအယွင်းခံလို့ မဖြစ်ဘူး။

ယန်ရင်းချိုက် ပြောတာ အကြောင်းပြချက် ရှိတယ်။ ဒေသတွင်း စီမံခန့်ခွဲမှု မကောင်းလို့ ပြည်သူတွေ အုံကြွလာခဲ့ရင် ဒါက ကိုယ်တော့်ရဲ့ အမှားပဲ။

အိမ်ရှေ့စံက အမိန့်ကို လွန်ဆန်တယ်။ ဒီကိစ္စက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်။ ကယ်ဆယ်ရေးနည်းလမ်းသစ်သာ မအောင်မြင်ခဲ့ရင် ကိုယ်တော် ဘိုးဘေးတွေကို ဘယ်လို မျက်နှာပြရမလဲ။"

ဒီခရီးစဉ်ကို ကိုယ်တော်ကိုယ်တိုင် မဖြစ်မနေ သွားရမယ်။ မင်း ကြိုတင် စီစဉ်ထားလိုက်။"

အလွန်ကောင်းမွန်သော အကြောင်းပြချက်ပင်။

အရှင်မင်းကြီးက ဤကဲ့သို့ ပြောနေမှတော့ သူ ဘာပြောနိုင်မည်နည်း။

ကော်ထျန်းယန် အနေဖြင့် အမှန်တကယ် အပင်ပန်းမခံလိုချေ။

အသက်ကြီးပြီဖြစ်ရာ ရထားလုံးစီးရသည်မှာလည်း သက်သောင့်သက်သာ မရှိပေ။ ခရီးတစ်ခေါက်ထွက်လိုက်လျှင် အရိုးအဆစ်များ ပြုတ်ထွက်သွားမတတ် ခံစားရ၏။

အရှင်မင်းကြီးက သားတော်ကို လွမ်းဆွတ်နေမှတော့ ဘာလုပ်နိုင်မည်နည်း။

ကော်ထျန်းယန်က ခါးညွှတ်ကာ လျှောက်တင်လိုက်သည်။ "ဒါဆို ကျွန်တော်မျိုး အမတ်အဖွဲ့ကို သွားရောက် အသိပေးဖို့ လိုအပ်ပါသလား။"

ဆုံးဖြတ်ချက်ချပြီးချိန်မှာတော့ အတွေးများ ရှင်းလင်းသွားခဲ့၏။

အရှင်မင်းကြီးသည် စုတ်တံကို ကောက်ကိုင်ကာ လျှောက်တင်လွှာများကို ဆက်လက် စစ်ဆေးနေပြီး ခေါင်းမမော့ဘဲ ပြောလိုက်သည်။ "သွားလိုက်။"

ကော်ထျန်းယန်သည် အမတ်အဖွဲ့ထံသို့ သွားရောက် အသိပေးပြီးချိန်မှာတော့ မျှော်လင့်မထားသည်က အမတ်ကြီးများသည် လုံးဝ ငြင်းခုံခြင်း မရှိခဲ့ချေ။

အားလုံးက နားလည်မှု ရှိစွာဖြင့် ခေါင်းညိတ် သဘောတူလိုက်ကြ၏။

လီယန်စုန်က သက်ပြင်းချလျက် မေးလိုက်သည်။ "အရှင်မင်းကြီးရဲ့ စိတ်အခြေအနေ ကောင်းရဲ့လား။"

ကော်ထျန်းယန်က နှုတ်ခမ်းကို သပ်ကာ စဉ်းစားလိုက်၏။ "သာမန်ပါပဲ။"

ထို့နောက် လီယန်စုန်က ထပ်မေးလိုက်သည်။ "အိမ်ရှေ့စံကို မတွေ့ရတာ ကြာပြီ။ ဘယ်မှာရှိနေတာလဲ။"

ကော်ထျန်းယန်က ပြုံးလျက် ပြန်ဖြေလိုက်၏။ "အိမ်ရှေ့စံ မြို့တော်ထဲမှာ မရှိပါဘူး။"

အမတ်ကြီးများ အားလုံး သက်ပြင်းချကာ ခေါင်းခါလိုက်ကြသည်။

သေချာပေါက် ဖန်ကျန်းရီနှင့် အတူ ရှိနေမည်ဖြစ်ပြီး ပြန်ခေါ်၍ ရမည်မဟုတ်ချေ။

သို့ဆိုလျှင် အရှင်မင်းကြီးသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ကိုယ်တိုင် ကြီးကြပ်ရန်အပြင် အိမ်ရှေ့စံကို သွားရောက် ရှာဖွေခြင်းသာ ဖြစ်ပေမည်။

လီယန်စုန်က သတိထားကာ မေးလိုက်၏။ "ဖန်ကျန်းရီနဲ့ အတူတူ ရှိနေတာလား။"

စကားစပ်မိသွားချိန်မှာတော့ ကော်ထျန်းယန်လည်း ဖုံးကွယ်မထားတော့ချေ။

"ကျွန်တော်မျိုးလည်း မသိပါဘူး။ ဒါပေမဲ့ အမတ်ကြီးရဲ့ တူတော်မောင်နဲ့ အတူတူ မရှိရင် ဘယ်မှာ ရှိနေနိုင်မှာလဲ။ မြို့တော်ထဲမှာတုန်းကလည်း အိမ်ရှေ့စံက သူနဲ့ နေ့တိုင်း အတူတူ ရှိနေတာပဲလေ။"

ထို့နောက် လီယန်စုန်၏ နားနားသို့ ကပ်ကာ ပြောလိုက်သည်။ "အမတ်ကြီးလီ … ခင်ဗျားရဲ့ တူတော်မောင်က သိပ်ကို ရဲတင်းလွန်းတယ်။ နောက်ဆိုရင် သူ့ကို သေချာ ထိန်းကွပ်ထားပါအုံး။ ဒီလို အထိန်းအကွပ်မဲ့တဲ့ အကျင့်စရိုက်တွေက အိမ်ရှေ့စံကို အကျင့်ပျက်စေလိမ့်မယ်။"

"ကျုပ်..."

လီယန်စုန်သည် ပါးစပ်အဟောင်းသားဖြင့် ကော်ထျန်းယန်ကို အံ့သြစွာ ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။ "ဘာလဲ … ဒီကိစ္စက မပြီးသေးဘူးလား။ ကျုပ် ဘယ်နှစ်ခါ ပြောရမလဲ။ ကျုပ်က သူ့ရဲ့ ဦးလေး မဟုတ်ဘူးလို့။"

မျှော်လင့်မထားစွာပင် ကော်ထျန်းယန်သည် စကားဆုံးအောင် နားမထောင်ဘဲ ထွက်သွားခဲ့သည်။ ထွက်မသွားခင် နောက်လှည့်ကာ မျက်စိတစ်ဖက်မှိတ်ပြပြီး မာယာပါပါ ပြုံးလျက် ပြောလိုက်၏။ "ကျုပ် နားလည်ပါတယ်။"

"ဒုန်း။" လီယန်စုန်၏ ခေါင်းသည် စားပွဲပေါ်သို့ ပြင်းထန်စွာ ဆောင့်မိသွားခဲ့သည်။

"ချီးတဲ့မှ …. ကျက်သရေကို မရှိဘူး။"

"ဟေ့... အမတ်ကြီးလီ၊ စိတ်မလွတ်သွားနဲ့။ ဘာကိစ္စပဲရှိရှိ ကောင်းကောင်းပြောလို့ ရပါတယ်။" ကျိန့်ချောင်က ထိုင်ခုံမှ အမြန်ထကာ လီယန်စုန်ကို ဆွဲထားလိုက်၏။

လီယန်စုန်က ခေါင်းမော့ကာ ကျန်းတုန်ရှန်းနှင့် ကျိန့်ချောင်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။ "ခင်ဗျားတို့က သူ့ရဲ့ ဦးလေးလတ်နဲ့ ဦးလေးငယ်လေ။ ဘာလို့ ကျုပ် နာမည် တစ်ခုတည်းကိုပဲ ပြောနေရတာလဲ။"

"အာ... အမတ်ကြီးလီ … ခင်ဗျား ခေါင်းမူးနေပြီထင်တယ်။ မြန်မြန် နားလိုက်ပါအုံး။"

လီယန်စုန်က နဖူးကို ပွတ်ကာ သက်ပြင်းချလိုက်၏။ "ကျုပ် ခေါင်းမမူးဘူး။ အဓိကကိစ္စကို ပြောရရင် အရှင်မင်းကြီး ဒီတစ်ခေါက် ထွက်သွားရင် ပြန်လာဖို့ အနည်းဆုံး တစ်လလောက် ကြာလိမ့်မယ်။ ကျုပ်တို့ထဲက တစ်ယောက်ယောက်က အခြံအရံအဖြစ် လိုက်သွားရလိမ့်မယ်။"

"ကျုပ်တော့ မသွားဘူး။ ဖန်ကျန်းရီကို မြင်တာနဲ့တင် ရွံလွန်းလို့။ ထွီ။"

ကျိန့်ချောင်က စိုးရိမ်တကြီး မေးလိုက်သည်။ "အရှင်မင်းကြီး တစ်လလောက် ထွက်သွားရင် အဆင်ပြေပါ့မလား။"

လီယန်စုန်က လက်ကာပြလိုက်၏။ "ကိစ္စမရှိပါဘူး။ အခုချိန်မှာ ကြီးကြီးမားမား ကိစ္စရပ်တွေ မရှိဘူး။ ကောင်းကင်ကြီး ပြိုကျမတတ် ကိစ္စဖြစ်နေရင်တောင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာထက် မကြီးမားဘူး။

အလုပ်အကိုင် ဖန်တီးပေးပြီး ကယ်ဆယ်ရေးလုပ်တဲ့ အစီအစဉ်သာ တကယ် ကျရှုံးသွားခဲ့ရင် အရှင်မင်းကြီး ဘယ်လို လုပ်မလဲ။ နန်းတွင်း အမတ်တွေကို ဘယ်လို မျက်နှာပြမလဲ။"

ကျိန့်ချောင်က စဉ်းစားလိုက်သည်။ "ဒါဆို ကျုပ်ပဲ အရှင်မင်းကြီးနဲ့ အတူ လိုက်သွားလိုက်ပါ့မယ်။"

"ကောင်းတာပေါ့ ဦးလေးလတ်ကြီးရယ်။"

ကျိန့်ချောင်၏ မျက်နှာသည် ချက်ချင်းပင် ရှုံ့မဲ့သွားခဲ့၏။ ဘေးဘက်သို့ စောင်းငဲ့ကြည့်လိုက်ချိန်မှာတော့ ကျန်းတုန်ရှန်းက ဘေးနားတွင် တဟားဟားနှင့် ရယ်မောနေကြောင်း မြင်လိုက်ရသည်။

ကျိန့်ချောင်က သူ့ကို အညှိုးတကြီး စိုက်ကြည့်လိုက်၏။ "လျှောက်မပြောစမ်းနဲ့။"

ဧကရာဇ် တောင်ပိုင်းသို့ ကြွချီခြင်းသည် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်၏။ ကံကောင်းစွာဖြင့် လူအများစုသည် နားလည်မှု ရှိကြသောကြောင့် ဤခရီးစဉ်သည် အလွန် ချောမွေ့ခဲ့သည်။

ရက်အနည်းငယ်မျှသာ ပြင်ဆင်ပြီးနောက် ကြီးကျယ်ခမ်းနားစွာဖြင့် ခရီးထွက်လာခဲ့ကြ၏။

အခြံအရံ အမတ်များအပြင် ရေတွက်၍မရနိုင်သော အစောင့်အရှောက်များသည် ကြိုတင် လမ်းရှင်းရန် ထွက်ခွာသွားကြသည်။

ပြင်ဆင်မှုများက အလွန် ပြည့်စုံလှသော်ငြား များပြားလှသော လူအုပ်ကြီးကြောင့် ခရီးစဉ်ကို နှောင့်နှေးစေခဲ့သည်မှာ သေချာ၏။

ရက်ပေါင်း နှစ်ဆယ်တိတိ ကြာမြင့်ပြီးနောက် ဧကရာဇ်သည် ယွန်းလုမြို့သို့ ကိုယ်တိုင် ကြွရောက်လာခဲ့၏။

ယွန်းလုမြို့သည် ကျန်းကျန်မြို့နှင့် ကပ်လျက် တည်ရှိသည်။ အရှင်မင်းကြီးနှင့် အဖွဲ့သည် မြို့တွင်းသို့ မရောက်မီ အကွာအဝေးတစ်ခုတွင် ရှိနေချိန်မှာပင် ယွန်းလုမြို့ဝန်သည် လူအုပ်ကြီးကို ခေါ်ဆောင်ကာ မြို့ပြင်သို့ ထွက်၍ ကြိုဆိုနေခဲ့သည်။

အခြေအနေက အရေးပေါ်ဖြစ်ကြောင်း သိသာလှပြီး ယွန်းလုမြို့ဝန်နှင့် လက်ထောက်မြို့ဝန်တို့သည် အမောတကောဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကြ၏။

"ကျွန်တော်မျိုး ယွန်းလုမြို့ဝန် တုရွှင်း အရှင်မင်းကြီးကို အရိုအသေ ပေးပါတယ်။"

အရှင်မင်းကြီးက ခံစားချက်ကင်းမဲ့စွာဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ "ထကြပါ။"

လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသော ဒုက္ခသည်များ၏ မြင်ကွင်းက လူကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး အရှင်မင်းကြီး၏ စိတ်ထဲ၌ ဒေါသများ ကိန်းအောင်းနေခဲ့၏။

အရှင်မင်းကြီးက ရထားလုံးပေါ်မှ ဆင်းလာကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဒီနေရာက မြို့တွင်းနဲ့ မဝေးတော့ဘူးမလား။"

တုရွှင်းသည် ချွေးစေးများ ပျံလာခဲ့သည်။

ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ အရှင်မင်းကြီးက မည်သို့လုပ်၍ ရုတ်တရက် ရုပ်ဖျက် ကြွလာရသနည်းဟု စိတ်ထဲမှ ညည်းတွားနေမိ၏။ အောက်ခြေလူများသာ မမြင်ခဲ့လျှင် ယနေ့ မည်သို့သော အမှားမျိုး ဖြစ်သွားမည်ကို မသိနိုင်တော့ချေ။

ထို့ကြောင့် ခပ်တိုးတိုးဖြင့် လျှောက်တင်လိုက်သည်။ "မင်းကြီးကို လျှောက်တင်ပါတယ်။ မဝေးတော့ပါဘူး။ လက်ဖက်ရည် နှစ်ခွက်စာ သောက်ချိန်လောက် လမ်းလျှောက်ရုံပါပဲ။"

"အင်း.. ကောင်းပြီ။ ဒါဆိုရင် ကိုယ်တော် လမ်းလျှောက်လိုက်မယ်။ မင်းတို့ အသံတိတ်တိတ်နေကြ။ အကုန်လုံး လူစုခွဲလိုက်။ ပြည်သူတွေကို သွားမနှောင့်ယှက်ကြနဲ့။"

အရှင်မင်းကြီးသည် တုရွှင်း၏ အရှေ့မှနေ၍ ယွန်းလုမြို့ရှိရာဘက်သို့ လျှောက်သွားခဲ့၏။

လမ်းတစ်လျှောက် ပတ်ဝန်းကျင် အခြေအနေကို အဆက်မပြတ် အကဲခတ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် စတင် မေးမြန်းလိုက်၏။ "ယွန်းလုမြို့ရဲ့ ဘေးဒုက္ခ ကယ်ဆယ်ရေး အခြေအနေ ဘယ်လိုရှိလဲ။"

တုရွှင်းက လျှောက်တင်လိုက်သည်။ "မင်းကြီးကို လျှောက်တင်ပါတယ်။ အခုချိန်မှာ အရာအားလုံး အခြေအနေ ကောင်းမွန်နေပြီး စနစ်တကျ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ယွန်းလုမြို့ဆီကို စုရုံးလာတဲ့ ဒုက္ခသည်တွေလည်း စောစောစီးစီး ရပ်တန့်သွားခဲ့ပြီး ထပ်တိုးမလာတော့ပါဘူး။

မြို့တွင်းမှာ ကယ်ဆယ်ရေး ဆန်ပြုတ်တဲ လေးဆယ့်ရှစ်ခုကို တည်ဆောက်ထားပြီး တစ်နေ့ကို နှစ်နှပ် ကျွေးမွေးတာကြောင့် ပြည်သူတွေ ဗိုက်ဝအောင် စားနိုင်ကြပါတယ်။

"အာ... စပါးကျီ... စပါးကျီကိုတော့ ကျွန်တော်မျိုး အစောင့်အကြပ်တွေ ချထားဖို့ အမိန့်ပေးထားပါတယ်။ စားနပ်ရိက္ခာတွေကို ခိုးဝှက်ရဲတဲ့သူတွေကို ခေါင်းဖြတ်သတ်ဖို့ အမိန့်ပေးထားတဲ့အတွက် ပြဿနာ လုံးဝ မရှိနိုင်ပါဘူး။

အလုပ်အကိုင် ဖန်တီးပေးတဲ့ ကယ်ဆယ်ရေး အစီအစဉ်အနေနဲ့ အခုဆိုရင် ငွေတချို့ကို ထုတ်ပေးပြီး ရုံးတော်ကို ပြန်လည်မွမ်းမံဖို့ စတင်နေပါပြီ။ လမ်းတွေ၊ ရေကာတာတွေကိုလည်း တည်ဆောက်ဖို့ စီမံခိုင်းထားပါတယ်။"

အရှင်မင်းကြီးသည် စကားမပြောဘဲ မျက်နှာပေါ်တွင်လည်း မည်သည့် ခံစားချက်ကိုမှ မမြင်ရသောကြောင့် တုရွှင်းမှာ ပို၍ပင် စိုးရိမ်လာခဲ့၏။

မသိမသာဖြင့်ပင် လူအုပ်ကြီးသည် မြို့ပြင်ရှိ ဆန်ပြုတ်တဲအနီးသို့ ရောက်ရှိလာခဲ့ကြသည်။

All Chapters