အခန်း ၂၅၆
Vol. 15 Ch. 256
အပိုင်း (၂၅၆) ယွန်းလုမြို့၏ အဖြစ်အပျက်များ။
အရှင်မင်းကြီးသည် ဆန်ပြုတ်တဲအတွင်းသို့ ဝင်ရောက်သွားကာ ခေါင်းငုံ့၍ ကြည့်လိုက်ချိန်မှာတော့ အိုးထဲရှိ ဆန်ပြုတ်သည် တော်တော်လေး ပျစ်နှစ်နေသည်ကို တွေ့လိုက်ရ၏။
ထို့နောက် အိုးဘေးရှိ ယောက်မကြီးကို ယူကာ နှစ်ချက်ခန့် မွှေလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လျက် ပြောလိုက်သည်။ "မဆိုးဘူး။ ဒီဆန်ပြုတ် ပြုတ်ထားတာ မဆိုးဘူး။"
ဤမျှ ပျစ်နှစ်နေသည့် အနေအထားအရဆိုလျှင် တစ်နေ့ နှစ်နှပ် ကျွေးမွေးရုံဖြင့် လူများ အသက်ရှင်သန်နိုင်ရန် သိပ်ပြီး ပြဿနာ မရှိနိုင်ချေ။
တုရွှင်းသည် မျက်နှာအပြည့် အပြုံးများဖြင့် အရှင်မင်းကြီး၏ ဘေးတွင် မတ်တပ်ရပ်နေ၏။
သေချာပေါက် ကောင်းရမည်သာ။ ကျန်းကျန်မြို့သို့ ရောက်လာသော ဖန်ကျန်းရီသည် ရောက်ရောက်ချင်း မြို့ဝန်၏ ခေါင်းကို ဖြတ်ပစ်ခဲ့သည် မဟုတ်ပါလား။
ဤသည်ကို ကြည့်ရုံဖြင့် အရှင်မင်းကြီး အမိန့်ပေးထားမှန်း သိသာလှသည်။ အားလုံးက အိမ်နီးချင်းများ ဖြစ်နေကြရာ မည်သူက ပြဿနာရှာရဲမည်နည်း။
ဆန်ပြုတ်တိုက်သည့် ကိစ္စလေးကိုတောင် သေချာ မလုပ်နိုင်လျှင် ဖန်ကျန်းရီသည် ဓားကိုင်ကာ ရောက်လာပြီး သူ့ကိုပါ ခေါင်းဖြတ်သွားပေမည်။
အရှင်မင်းကြီးသည် ယောက်မကြီးကို ကိုင်ကာ ဆက်လက် မွှေနှောက်နေပြီး အောက်ခြေတွင် ဆန်မည်မျှ အနည်ထိုင်နေသည်ကို ကြည့်ရှုလိုနေ၏။
ယောက်မကို အောက်ဆုံးအထိ ထိုးမွှေပြီး ပြန်ဆွဲတင်လိုက်ချိန်မှာတော့ ချက်ချင်း မျက်နှာ ပျက်ယွင်းသွားခဲ့သည်။
ခပ်ဝါဝါ ဆန်ပြုတ်ရည်ထဲတွင် သဲနှင့် ကျောက်ခဲ အများအပြား ရောနှောနေသည်ကို အထင်းသား မြင်တွေ့လိုက်ရ၏။
အရှင်မင်းကြီးသည် ချက်ချင်း ဒေါသထွက်သွားပြီး အော်ငေါက်လိုက်သည်။ "တုရွှင်း … ဒါက ဘယ်လိုဖြစ်ရတာလဲ။ မင်းက ပြည်သူတွေကို ဒါမျိုး ကျွေးနေတာလား။
လျိုရွှန်း သေသွားတာတောင် စားနပ်ရိက္ခာတွေကို ခိုးဝှက်ရဲတဲ့သူ ရှိနေသေးတာလား။ ရိက္ခာထဲမှာ သဲနဲ့ ကျောက်ခဲတွေကိုတောင် ရောနှောရဲတယ်ပေါ့လေ။"
တုရွှင်းသည် စိတ်ထဲ လန့်ဖြန့်သွားပြီး အမြန် ရှေ့တိုးကာ ပြောလိုက်၏။ "မင်းကြီး ဒေါသမထွက်ပါနဲ့။ ဒေါသမထွက်ပါနဲ့။ ဒါက... ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာပါ။"
အရှင်မင်းကြီး၏ မျက်မှောင်များ ကြုံ့သွားပြီး အသံက အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။ "ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာတဲ့လား။ မင်း သေသေချာချာ ရှင်းပြစမ်း။"
တုရွှင်းက ကြောင်တောင်တောင် ပြုံးလျက် ရှင်းပြလိုက်၏။ "စားနပ်ရိက္ခာတွေက တန်ဖိုးကြီးပါတယ်။ ရုံးတော်မှာ ရိက္ခာ အနည်းငယ် ပြတ်လပ်နေတာက အမှန်ပါပဲ။
တချို့လူတွေက တကယ်တမ်းကျတော့ ဒုက္ခသည်တွေ မဟုတ်ပါဘူး။ မြို့တွင်းက နေထိုင်သူတွေက အချောင်ရလိုတဲ့အတွက် ထွက်လာပြီး စားသောက်နေကြတာပါ။
နောက်တစ်ချက်က တချို့လူတွေက သိပ်မဆာလောင်ကြပါဘူး။ သူတို့ကို နည်းနည်းပဲ စားစေပြီး သက်ကြီးရွယ်အိုတွေ၊ အားနည်းသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ပိုပြီး ခွဲဝေပေးနိုင်ဖို့ပါ။
ဆန်ပြုတ်ထဲမှာ သဲနဲ့ ကျောက်ခဲတွေ ရောထည့်ထားလိုက်ရင် တကယ် ဆာလောင်နေတဲ့သူတွေကလွဲပြီး တခြားသူတွေက ဒီဆန်ပြုတ်ကို သောက်ချင်မှာ မဟုတ်ပါဘူး။
တကယ် မတတ်သာတဲ့ အခြေအနေ မရောက်ရင် တစ်ငုံတောင် သောက်ချင်ကြမှာ မဟုတ်ဘူးလေ။
"ဒီလိုလုပ်လိုက်တော့ ဆန်ပြုတ်ဝေတဲ့ အပိုင်းမှာ ပိုပြီး အကျိုးသက်ရောက်မှု ရှိသွားပြီး တကယ် လိုအပ်နေတဲ့သူတွေလည်း ဆန်ပြုတ် သောက်ရပါတယ်။"
ကျိန့်ချောင်နှင့် အခြားသော အခြံအရံများက အရှင်မင်းကြီး၏ အနောက်မှနေ၍ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
မဆိုးပေ။ ဤသည်က အမှန်တကယ် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်၏။ တုရွှင်းသည် အရည်အချင်းရှိသူ ဖြစ်ကြောင်း သိသာလှပြီး မြို့ပြင်ရှိ ဒုက္ခသည်များကို စနစ်တကျ စီမံထားနိုင်ပေသည်။
ဆန်ပြုတ်တိုက်ကျွေးရာတွင် နည်းစနစ်ကျပြီး ယွန်းလုမြို့ကို စီမံခန့်ခွဲမှုက အမှန်တကယ်ပင် မဆိုးလှချေ။
အရှင်မင်းကြီး၏ မျက်နှာထားသည်လည်း အနည်းငယ် ကြည်လင်သွားခဲ့သည်။ "အင်း... မဆိုးဘူး။ အကြောင်းပြချက် ခိုင်လုံတယ်။ ဒီနည်းလမ်းကို မင်း စဉ်းစားခဲ့တာလား။"
တုရွှင်းသည် ချွေးစေးများကို သုတ်လိုက်၏။
ခဏတာ တွေဝေသွားပြီးနောက် ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး။ ဒီနည်းလမ်းက ကျန်းကျန်မြို့ဘက်ကနေ ပျံ့နှံ့လာတာပါ။
မြို့ထဲမှာ ကျန်းကျန်မြို့ကနေ ရောက်လာတဲ့ လူတော်တော်များများ ရှိနေပြီး ကျန်းကျန်ပုံစံ ဆိုတာကို အဆက်မပြတ် ဝါဒဖြန့်နေကြပါတယ်။ ကျွန်တော်မျိုးက အဲဒီလူတွေကို ရုံးတော်ကို ခေါ်ပြီး မေးမြန်းကြည့်မှပဲ ဒီနည်းလမ်းကို သိခဲ့ရတာပါ။"
ဤကိစ္စကို လိမ်ညာ၍ မရနိုင်ချေ။ ယနေ့ အရှင်မင်းကြီးသည် ယွန်းလုမြို့သို့ ရောက်ရှိနေပြီး စစ်ဆေးမှုများ ပြီးဆုံးသွားလျှင် ကျန်းကျန်မြို့သို့ သွားရောက်မည်မှာ အသေအချာပင်။
ဤရလဒ်ကို သူ ပြုလုပ်သည်ဟု နာမည်ကောင်း ဝင်ယူ၍မဖြစ်ပေ။
ဖန်ကျန်းရီ။
လူတိုင်း၏ စိတ်ထဲတွင် မြင်ရုံဖြင့် ရွံရှာဖွယ်ကောင်းသော နာမည်တစ်ခု တပြိုင်နက် ပေါ်ထွက်လာခဲ့၏။
ထိုခွေးကောင်ကသာ ဤကဲ့သို့သော ဉာဏ်နီဉာဏ်နက်များကို သုံးတတ်ပေလိမ့်မည်။
အရှင်မင်းကြီးက အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။ "မဆိုးဘူး။ အခု စပါးဈေး ဘယ်လိုရှိလဲ။"
"မကြာသေးခင်က စပါးဈေး အများကြီး ကျဆင်းသွားခဲ့ပါတယ်။ ကျန်းကျန်မြို့က စားနပ်ရိက္ခာ ဈေးနှုန်း ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်တဲ့အတွက် တခြားနယ်က စပါးကုန်သည် တော်တော်များများ ကျန်းကျန်မြို့ကို အလုံးအရင်း ဝင်ရောက်လာကြပါတယ်။ ယွန်းလုမြို့ရဲ့ စပါးတွေကိုလည်း ကျန်းကျန်မြို့ကနေပဲ ဝယ်ယူရတာပါ။
ယွန်းလုမြို့မှာ ဒုက္ခသည်တွေ အရမ်းများလွန်းတဲ့အတွက် ပြည်သူတွေ မကျေမနပ်ဖြစ်ပြီး အုံကြွလာမှာကို စိုးရိမ်လို့ စပါးဈေးကို ထိန်းချုပ်ထားတုန်းပါပဲ။"
အရှင်မင်းကြီးက ခေါင်းညိတ်လိုက်ပြီး စကားအများကြီး မပြောတော့ဘဲ ခပ်တိုးတိုး ပြောလိုက်၏။ "အင်း... မြို့ထဲ ဝင်ကြည့်ကြတာပေါ့။"
တုရွှင်းသည် သက်ပြင်းချကာ အရှင်မင်းကြီးကို မြို့တွင်းသို့ အမြန် ဖိတ်ခေါ်လိုက်သည်။
လူအုပ်ကြီးသည် အနောက်မှ ကပ်ပါလျက် မြို့တွင်းသို့ ဝင်ရောက်သွားကြ၏။
မြို့မှာ ထူးထူးခြားခြား မရှိသော်ငြား ဒုက္ခသည် အများအပြားကို မြို့တွင်းသို့ ဝင်ရောက်ခွင့် ပြုထားသည်ကို တွေ့ရသည်။
အရှင်မင်းကြီးက လမ်းလျှောက်ရင်း မေးမြန်းလိုက်၏။ "အလုပ်အကိုင် ဖန်တီးပေးတဲ့ ကယ်ဆယ်ရေးလုပ်ငန်းက အခု ဒုက္ခသည် ဘယ်လောက်ကို ကူညီ ဖြေရှင်းပေးနိုင်ပြီလဲ။"
တုရွှင်းက ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ထစ်အထစ်အဖြင့် ဖြေလိုက်သည်။ "ဒါက... ရာဂဏန်း... ထောင်ဂဏန်းလောက်တော့ ရှိနိုင်ပါတယ်။"
"အရမ်းနည်းလွန်းတယ်။ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲမှာ အလုပ်အကိုင် ဖန်တီးပေးတဲ့ အစီအစဉ်က ဒီလောက်လူကိုပဲ လက်ခံနိုင်မယ်ဆိုရင် မလုပ်တာကမှ ပိုကောင်းလိမ့်မယ်။
အရပ်ဘက်က အင်အားကို အသုံးချနိုင်ဖို့ နည်းလမ်းရှာပါ။ အရပ်ဘက်က သူဌေးတွေရဲ့ အကူအညီနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ဖို့ ကြိုးစားပါ။
ရုံးတော်ကချည်းပဲ အသေးစား တည်ဆောက်ရေးတွေပဲ လုပ်နေမယ်ဆိုရင် ပြည်သူတွေကို ပင်ပန်းစေပြီး ဘဏ္ဍာငွေတွေ ပြုန်းတီးတာပဲ အဖတ်တင်လိမ့်မယ်။"
တုရွှင်းက ခါးသီးစွာ ပြုံးလျက် လျှောက်တင်လိုက်၏။ "မင်းကြီး … ဒါကလည်း မတတ်သာတဲ့ ကိစ္စပါ။ ရုံးတော် ဘဏ္ဍာတိုက်ထဲက ငွေတွေက ကန့်သတ်ချက် ရှိပါတယ်။ ငွေသုံးရမယ့် တခြား နေရာတွေ အများကြီး ရှိနေပါသေးတယ်။
စပါးဝယ်ဖို့ ငွေတွေ အများကြီး ကုန်ကျသွားပြီဖြစ်တဲ့အတွက် တည်ဆောက်ရေး လုပ်ငန်းတွေကို နည်းနည်းပဲ လုပ်နိုင်ပါတော့တယ်။
အရပ်ဘက် သူဌေးတွေကလည်း တည်ဆောက်ရေး လုပ်ငန်းတွေ မလုပ်ချင်ကြပါဘူး။ ဒီအချိန်မှာ ဘယ်သူမှ ငွေမကုန်ချင်ကြပါဘူး။ ကျွန်တော်မျိုးလည်း ဒေသခံ သူဌေးတွေကို အကြိမ်အတော်များများ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
သူတို့က သဘောတူခဲ့ပေမဲ့လည်း အသေးအမွှား ပြုပြင် တည်ဆောက်တာတွေပဲ ဖြစ်ပြီး ငွေအများကြီး သုံးချင်တဲ့သူ တကယ် မရှိပါဘူး။
ကျွန်တော်မျိုးလည်း... သွားပြီး လုယူလို့တော့ မရဘူးလေ။"
အရှင်မင်းကြီးက တိတ်ဆိတ်သွား၏။ တုရွှင်း ပြောသည်ကလည်း အကြောင်းပြချက် ရှိပေသည်။
နန်းတွင်းသည် နတ်ဘုရား မဟုတ်ပေ။ ပြည်သူများကို လုပ်ခိုင်းတိုင်း လုပ်စေရန် မဖြစ်နိုင်ချေ။
အတင်းအကျပ် ဖိအားပေးလွန်းလျှင် အစိုးရက ဖိနှိပ်သဖြင့် ပြည်သူများ အုံကြွခြင်းမျိုး သေချာပေါက် ဖြစ်လာပေလိမ့်မည်။ ပြည်သူလူထု၏ ယုံကြည်မှုကို ဆုံးရှုံးသွားလျှင် ပြဿနာ ပိုကြီးသွားနိုင်၏။
အတန်ကြာပြီးနောက် အရှင်မင်းကြီးက စတင် မေးမြန်းလိုက်သည်။ "မင်းပြောတဲ့ ကျန်းကျန်ပုံစံဆိုတာ... ကျန်းကျန်မြို့မှာ တခြားနည်းလမ်းတွေ ရှိသေးလား။"
တုရွှင်းက ခေါင်းညိတ်လိုက်၏။ "ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးလည်း အကြမ်းဖျင်းလောက်ပဲ ကြားဖူးတာပါ။ အန္တရာယ် အရမ်းများတယ်လို့ ထင်ပါတယ်။
ကျန်းကျန်မြို့မှာလည်း သူဌေးတွေကို စုစည်းပြီး လမ်းဖောက်၊ ရေကာတာ တည်ဆောက်တဲ့ လုပ်ပိုင်ခွင့်ကို ရုံးတော်ကနေ ကုန်သည်တွေဆီ လွှဲအပ်ပေးထားတယ်လို့ ကြားပါတယ်။
အသေးစိတ် အခြေအနေကိုတော့ ကျွန်တော်မျိုး ထပ်ပြီး စုံစမ်းမထားပါဘူး။"
ဒါက... ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ သက်ဆိုင်နေတဲ့အတွက် ကျွန်တော်မျိုးကတော့ ဒီလို လှုပ်ရှားမှုမျိုး လုံးဝ မလုပ်ရဲပါဘူး။"
အခြံအရံ အမတ်များ အားလုံးကလည်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။
လမ်းဖောက်၊ ရေကာတာ တည်ဆောက်ခွင့်ကို ကုန်သည်များထံ လုံးဝ မလွှဲအပ်သင့်ချေ။
ကုန်သည်များဆိုသည်မှာ အသပြာကိုသာ တွက်ချက်တတ်သူများ ဖြစ်ပြီး ကုန်ကျစရိတ် သက်သာစေရန် မည်သည့်အရာကိုမဆို လုပ်ရဲကြသည်။
လမ်းကို ဖောက်လုပ်ပြီး မကြာမီ ပျက်စီးသွားခြင်းက သိပ်ပြီး ကြီးမားသော သက်ရောက်မှု မရှိနိုင်ပေ။
သို့သော်ငြား ရေကာတာကဲ့သို့သော အရာကို အပြင်လူထံ လွှဲအပ်ရဲသည်ဆိုလျှင် ထိုသူသည် အသက်ရှည်ရှည် နေရမည်ကို ငြီးငွေ့၍ အဆိပ်စားသတ်သေသည့် သက်ကြီးရွယ်အိုနှင့် တူပေလိမ့်မည်။
အကယ်၍ တစ်နေ့နေ့ တစ်ခုခု ဖြစ်သွားခဲ့လျှင် ခေါင်းရှိပါ့ဦးမည်လား။
သို့သော်ငြား ဤကိစ္စကို ဖန်ကျန်းရီနှင့် ယှဉ်ကြည့်လိုက်ပါက အလွန် သဘာဝကျနေသည်။
ထိုကောင်က သတ္တိ ရှိသူဖြစ်ပြီး မလုပ်ရဲသောအရာ မရှိသလောက်ပင်။
အရှင်မင်းကြီးသည်လည်း မတတ်သာစွာ ခေါင်းညိတ်လိုက်၏။ "မဆိုးဘူး။ ဒီကိစ္စက တည်ငြိမ်မှု ရှိဖို့ လိုအပ်သေးတယ်။ မင်း ဆက်ပြီးတော့ ဒေသခံ သူဌေးတွေကို သွားတွေ့ပြီး ဆွေးနွေးလိုက်။
ဘုန်းကြီးကျောင်းပဲ ဆောက်ဆောက်၊ ပန်းခြံပဲ တည်ဆောက်တည်ဆောက်... ဒုက္ခသည်တွေကို လက်ခံနိုင်မယ်ဆိုရင် လုပ်သာလုပ်လိုက်။"
ဘုန်းကြီးကျောင်းအကြောင်း ပြောလာချိန်မှာတော့ တုရွှင်းက တစ်စုံတစ်ရာကို သတိရသွားပုံပေါ်၏။ "မင်းကြီး… တခြားဟာတွေကို မပြောရဲပေမဲ့ ဘုန်းကြီးကျောင်းကိုတော့ တည်ဆောက်လို့ ရနိုင်ပါတယ်။
မကြာသေးခင်က မြို့ထဲကို ဘုန်းကြီးတစ်ပါး ရောက်လာပါတယ်။ နာမည်က ဟွေ့ကျောက်ဆရာတော်လို့ ခေါ်ပြီး လူတော်တော်များများက သူ့ကို ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် ကိုးကွယ်နေကြပါတယ်။
သူဌေး တော်တော်များများက သူ့ကို အလွန် ယုံကြည် ကိုးကွယ်ကြတယ်လို့ ကြားပါတယ်။ အခုဆိုရင် မိသားစု တော်တော်များများ စုပေါင်းပြီး ဘုန်းကြီးကျောင်း ဆောက်ဖို့ ရန်ပုံငွေ ရှာနေကြပါတယ်။ မကြာခင် အချိန်အတွင်းမှာပဲ ဖြစ်နိုင်ပါတယ်။"
အရှင်မင်းကြီး ခေါင်းညိတ်လိုက်၏။
ရဟန်းသံဃာများအပေါ် သူ သဘောကျ နှစ်သက်မှု မရှိချေ။
သို့သော်လည်း ယခုလို အရေးကြီးသည့် အချိန်ကာလတွင် ဒုက္ခသည်များကို ပိုမို လက်ခံနိုင်မည်ဆိုလျှင် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်သည်။
လူအုပ်ကြီး လမ်းမပေါ်တွင် လျှောက်သွားနေစဉ် လမ်းဘေး ထောင့်ချိုးတစ်ခုတွင် လမ်းကြားလေးတစ်ခု ပေါ်လာခဲ့၏။
ဒုက္ခသည်ပုံစံ ပေါက်နေသော လူအများအပြားသည် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ကာ ရင်ဘတ်ဟင်းလင်းနှင့် နံရံထောင့်တွင် ထိုင်ကာ အပန်းဖြေနေကြသည်။
အရှင်မင်းကြီးသည် ထိုမြင်ကွင်းကို မြင်သည်နှင့် ချက်ချင်း လျှောက်သွားလိုက်သည်။
ကော်ထျန်းယန်သည် သူ၏အနောက်မှနေ၍ လက်ဟန်ခြေဟန် ပြလိုက်ရာ တိတ်တဆိတ် အစောင့်များက အနောက်မှ ကပ်ပါလာကြ၏။
ဒုက္ခသည်များသည် အနားယူရင်း ဟိုစကားဒီစကား ပြောနေကြသည်။
ရုတ်တရက် မိမိတို့၏ အရှေ့တွင် အလွန် သေသပ်လှပစွာ ဝတ်ဆင်ထားသော လူရိပ်တစ်ခု ရပ်လာသည်ကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားကြ၏။
"သခင်ကြီး... ကိစ္စရှိလို့လား။" သူတို့က မေးလိုက်သည်။
အရှင်မင်းကြီးသည် အမြဲတမ်း မျက်နှာထား တင်းမာနေတတ်သော်ငြား ဒုက္ခသည်များကို ရင်ဆိုင်ရချိန်တွင် သူ၏ မျက်နှာကို အတတ်နိုင်ဆုံး ပြင်ဆင်လိုက်ပြီး နူးညံ့စွာမေးလိုက်၏။ "ခင်ဗျားတို့က မြို့ပြင်ကနေ လာတဲ့ ဒုက္ခသည်တွေလား။ နာမည် ဘယ်လိုခေါ်လဲ။"