အခန်း ၂၅၇
Vol. 15 Ch. 257
အပိုင်း (၂၅၇) ဧကရာဇ် ရောက်လာပြီလား။
ဒုက္ခသည်က သူ၏ မျက်နှာထားမှာ သဘောကောင်းပုံ ပေါက်နေသည်ကို မြင်လိုက်ရသောကြောင့် အားတင်းပြုံးပြကာ စိုးရိမ်တကြီး ပြန်ဖြေလိုက်၏။ "ကျုပ်က... ကျူးအာပါ။ မြို့ပြင်က လာတာပါ။"
စကားပြောပြီးသည်နှင့် ရုံးတော်ဝတ်စုံ ဝတ်ဆင်ထားသော တုရွှင်းကို ရုတ်တရက် လှမ်းမြင်လိုက်ရသောကြောင့် စိတ်ထဲ အလွန် ထိတ်လန့်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကာ အော်လိုက်သည်။ "ရုံးတော်သခင်ကြီးကို ဂါရဝပြုပါတယ်။"
တုရွှင်းက အမြန် နူးညံ့စွာ ပြောလိုက်၏။ "ထပါ… ထပါ။ တခြားကိစ္စ မရှိပါဘူး။ ရုံးတော်က မင်းကို စကားနည်းနည်း မေးမလို့ပါ။"
ကျူးအာ ထလာပြီး သတိထားကာ လူအုပ်ကြီးကို အဆက်မပြတ် အကဲခတ်နေခဲ့သည်။
အခြားသော ဒုက္ခသည်များသည်လည်း တစ်နေရာတည်းတွင် စုရုံးကာ ကြောက်ရွံ့တုန်လှုပ်နေကြ၏။
အရှင်မင်းကြီးက မေးလိုက်သည်။ "ကျူးအာ … မြို့တွင်းမှာ နေရတာ ဘယ်လိုရှိလဲ။"
"နေရတာကတော့... အဆင်ပြေပါတယ်။ အာ... အရမ်းကောင်းပါတယ်။ အာ မဟုတ်ဘူး... အရမ်းကို ကောင်းပါတယ်။" ကျူးအာ အလွန် စိုးရိမ်ထိတ်လန့်နေ၏။
အရှင်မင်းကြီးက မျက်နှာပေါ်တွင် မတတ်သာသည့် အမူအရာဖြင့် ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ စိုးရိမ်မနေပါနဲ့။ ရိုးရိုး စကားပြောနေသလို သဘောထားပြီး ကြိုက်တာ ပြောလို့ ရပါတယ်။"
"ကော်ထျန်းယန်။"
ကော်ထျန်းယန် အမြန် ကပ်လာခဲ့၏။ သူ၏ လက်ထဲတွင် အထုပ်ငယ်တစ်ခု ပါလာပြီး ထိုအထဲတွင် အရောင်အသွေး စုံလင်သော မုန့်များ ပါရှိသည်။
လမ်းကြားထဲရှိ ဒုက္ခသည်များကို အမြန် ဝေငှပေးလိုက်၏။
ဒုက္ခသည်များသည် သေသပ်လှပသော မုန့်များကို စားရသည်ကို မြင်လိုက်ရချိန်မှာတော့ သူတို့၏ စိတ်အခံများ တော်တော်လေး လျော့ကျသွားခဲ့သည်။
ကျူးအာလည်း သက်သာရာရသွားပြီး ပြောလိုက်၏။ "ကျုပ် မလိမ်ပါဘူး။ တကယ်ကို ကောင်းပါတယ်။
နေ့တိုင်း ဆန်ပြုတ် သောက်ရတော့ အရမ်းကြီး မဆာလောင်ပါဘူး။ မြို့ထဲမှာလည်း ကျုပ်တို့ကို ဘယ်သူမှ နှင်မထုတ်ပါဘူး။ လေဒဏ် မိုးဒဏ် ကာကွယ်နိုင်မယ့် နေရာလေးတစ်ခု မရှိတာပါပဲ။"
စကားပြောပြီးနောက် ကျူးအာသည် လက်ထဲရှိ မုန့်ကို ကြည့်ကာ မနေနိုင်ဘဲ နှုတ်ခမ်းကို သပ်လိုက်မိ၏။ ပြီးနောက် ခေါင်းမော့ကာ ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ရုံးတော်က ပြောထားပါတယ်။ ကျုပ်တို့အတွက် အိမ်လေးတွေ ဆောက်ပေးမယ်တဲ့။ ရာသီဥတု အေးလာရင် အထဲမှာ ဝင်နေလို့ ရပြီတဲ့။"
တုရွှင်းက ကျူးအာကို အလွန် ချီးကျူးချင်သော မျက်လုံးများဖြင့် ကြည့်ကာ အမြန် ဝင်ပြောလိုက်၏။ "ဟုတ်တယ် .. ဟုတ်တယ် … တကယ်ပါ။"
သူ ဝမ်းသာ၍ မဆုံးမီမှာပင် ကျူးအာက ထပ်ပြောလိုက်ပြန်သည်။
"ဒါပေမဲ့... ကျုပ်က စားနပ်ရိက္ခာ နည်းနည်း စုပြီး ကျန်းကျန်မြို့ကို သွားမလို့ ပြင်ဆင်နေတာပါ။ အဲဒီဘက်မှာတော့ အိမ်တွေထဲတောင် နေနေရပြီလို့ ကြားပါတယ်။"
ပါးစပ်ဖွာလိုက်တာ။
တုရွှင်း၏ မျက်နှာသည် ရှုံ့မဲ့သွားခဲ့၏။
အရှင်မင်းကြီးက ပြုံးလျက် ပြောလိုက်သည်။ "ကောင်းပြီ။ ခင်ဗျားတို့ စိတ်ရှည်ရှည်နဲ့ စောင့်နေကြပါ။ နန်းတော်က သေချာပေါက် ကောင်းမွန်တဲ့ ဘဝတစ်ခု ရအောင် ကြိုးစားပေးပါလိမ့်မယ်။"
ဒုက္ခသည်များသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း မြေပြင်ပေါ်သို့ ဒူးထောက်ချကာ ကျေးဇူးတင်စကား ဆိုလိုက်ကြပြီး အမြန် ဦးညွှတ်လိုက်ကြ၏။
အရှင်မင်းကြီးသည် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားပြီး နောက်လှည့်ကာ ထွက်သွားခဲ့သည်။
တုရွှင်းသည် တိတ်တဆိတ် ဘေးမှ ကပ်ပါလာခဲ့ပြီး စိတ်ထဲမှ ကံကောင်းသည်ဟု အော်ဟစ်နေမိ၏။
တော်သေးသည်။ အရာအားလုံး လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး အရှင်မင်းကြီး မကျေနပ်စရာ နေရာမျိုး မရှိခဲ့ပေ။
လျိုရွှန်း စောစောစီးစီး သေသွားသည်ကိုပင် ကျေးဇူးတင်ရမည်။ သို့မဟုတ်လျှင် အရှင်မင်းကြီး၏ အလေးထားမှု အတိုင်းအတာအရဆိုလျှင် မိမိလည်း ဒုက္ခလှလှ တွေ့ပေလိမ့်မည်။
"တုရွှင်း … မင်း လုပ်ထားတာ မဆိုးဘူး။ ကိုယ်တော် အရမ်းကို ကျေနပ်တယ်။
ရာသီဥတု မအေးခင် ဒုက္ခသည်တွေအတွက် အိမ်တွေကို သေချာပေါက် အပြီးတည်ဆောက်ပေးရမယ်။ နောက်ပြီး အလုပ်အကိုင် ဖန်တီးပေးတဲ့ ကယ်ဆယ်ရေး ကိစ္စကိုလည်း မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ရမယ်။"
အရှင်မင်းကြီးသည် ပတ်ဝန်းကျင် မြင်ကွင်းကို ကြည့်ကာ စိတ်ထဲတွင် ကျေနပ်ဝမ်းသာမှုများ ဖြစ်ပေါ်လာခဲ့၏။
ဘေးအန္တရာယ်များကို သူ အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့သော်လည်း ဤမျှ ကြီးမားသော ဘေးအန္တရာယ်ကို ဤကဲ့သို့ ဖြေရှင်းနိုင်ခြင်းက အလွန် ကောင်းမွန်သည်ဟု ယူဆ၍ ရပေသည်။
အမတ်ကြီးများ အားလုံးကလည်း ခေါင်းညိတ် သဘောတူလိုက်ကြ၏။
အမှန်တကယ်ကို အလွန် ကောင်းမွန်လှပြီး အပြစ်ဆိုစရာ မရှိတော့ချေ။
ယခုထက်ပိုပြီး ဘယ်လောက်တောင် ကောင်းနိုင်ပါဦးမည်နည်း။
အိမ်ဆောက်တာ အနည်းငယ် မြန်ဆန်ရုံမျှသာ။ ဒုက္ခသည်များကို ဘယ်လောက်ကောင်းသော အိမ်များ ဆောက်ပေးနိုင်မည်နည်း။ ဤအပိုင်းတွင် ကျန်းကျန်မြို့ထက် အနည်းငယ် နှေးကွေးသော်လည်း အပြစ်အနာအဆာများ က အကောင်းဆုံးအရာကို မဖုံးကွယ်နိုင်ပေ။
နောက်ထပ် နေ့ဝက်ခန့် လှည့်လည်ကြည့်ရှုပြီးနောက် အရှင်မင်းကြီးသည် နေရာအနှံ့ အသေအချာ ကြည့်ရှုခဲ့သော်လည်း ကြီးမားသော အမှားအယွင်းများကို မရှာဖွေနိုင်ခဲ့ချေ။
တုရွှင်းကို ကြည့်ကာ နောက်ဆုံးတွင် ပြုံးလိုက်၏။ "ကောင်းတယ်။ ဒုက္ခသည်တွေကို စီမံခန့်ခွဲတာ သင့်တင့်လျောက်ပတ်တယ်။ နန်းတော်က မင်းကို သေချာပေါက် ဆုချီးမြှင့်ပါလိမ့်မယ်။
ကိုယ်တော် ကျန်းကျန်မြို့ကို သွားပြီး သူတို့ပြောနေတဲ့ ကျန်းကျန်ပုံစံ ဆိုတာကို သွားကြည့်ဖို့ ပြင်ဆင်ထားတယ်။ မင်း ကြိုတင် စီစဉ်ထားလိုက်။ မနက်ဖြန် ကိုယ်တော်နဲ့ အတူ ခရီးထွက်ရမယ်။"
အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ပြီ။
တုရွှင်းသည် ရူးသွပ်မတတ် ဝမ်းသာသွားပြီး အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်၏။ "မင်းကြီးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးနဲ့ မထိုက်တန်ပါဘူး။"
တစ်ခဏအတွင်း မင်းနှင့် အမတ်များ အားလုံး မျက်နှာ ပြုံးရွှင်သွားကြသည်။
မြို့တွင်းရှိ အခြား တစ်နေရာတွင် ရှန်ရီနှင့် အဖွဲ့သည် သတင်းရယူရန် ရောက်ရှိနေကြ၏။
မြို့တွင်းတွင် အဆက်မပြတ် သွားလာနေပြီး ကျန်းကျန်ပုံစံ အကြောင်းကို လူများနှင့် စကားပြောရန် အခွင့်ကောင်း ယူနေကြသည်။
ရုတ်တရက် အဖော်တစ်ယောက်က ချွေးသံတရွဲရွဲဖြင့် ပြေးလာခဲ့၏။
ပြီးနောက် အဆက်မပြတ် အော်ဟစ်လိုက်သည်။ "ပြဿနာကြီး တက်ပြီ။ ပြဿနာကြီး တက်ပြီ။"
ရှန်ရီက ထိုမြင်ကွင်းကို မြင်သည်နှင့် လန့်သွား၏။ "မလောနဲ့။ အသက်ရှူပြီးမှ ပြော။ ဘာ ပြဿနာကြီး တက်တာလဲ။"
"နဂါး... နဂါးရထားလုံး။ မြို့ပြင်မှာ နဂါးရထားလုံးကို မြင်လိုက်ရတယ်။"
"နဂါးရထားလုံးတဲ့လား။" သတင်းထောက်များ အားလုံး အံ့သြသွားကြသည်။
ရှန်ရီ နေရာတွင်ပင် မှင်တက်သွား၏။ မြို့ပြင်တွင် နဂါးရထားလုံး ရှိနေသည်ဆိုပါက အကြောင်းအရာ တစ်ခုတည်းကိုသာ ရှင်းပြနိုင်ပေသည်။
ဘုရင်မင်းမြတ် ယွန်းလုမြို့သို့ ရောက်နေပြီ ဖြစ်၏။
တောင်ဘက်ကို ဆက်သွားလျှင် ကျန်းကျန်မြို့ မဟုတ်ပါလော။
"မြန်မြန် … မြင်းကို အမြန်စီးပြီး ပြန်သွား။ သခင်လေးဖန်ကို အသိပေးလိုက်။"
ရုံးခန်းအတွင်း၌ ဖုန်အလိမ်းလိမ်း ပေကျံနေသော သတင်းထောက် တစ်စုသည် ဖန်ကျန်းရီအား အခြေအနေကို ရှင်းပြနေကြသည်။
ဖန်ကျန်းရီသည် နားထောင်ပြီးနောက် ထူးထူးခြားခြား တုံ့ပြန်မှု မရှိချေ။
လက်ဖက်ရည်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။ "ဒါဆို အရှင်မင်းကြီးက ရက်အနည်းငယ်လောက်နေရင် ရောက်လာနိုင်တယ်ပေါ့လေ။"
ရှန်ရီက အလွန် ပင်ပန်းနွမ်းနယ်နေပုံရပြီး အားနည်းစွာ ပြောလိုက်သည်။ "မသိပါဘူး။ ကျုပ်တို့ ခန့်မှန်းရသလောက်ဆိုရင်တော့ ရောက်လာနိုင်ပါတယ်။"
ဖန်ကျန်းရီက လက်ဖက်ရည်ခွက်ကို ချကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ "ကောင်းတယ်။ ကျုပ် ခင်ဗျားတို့ကို ကျေးဇူးတင်ရမယ်။
ဆုချကို ချရမယ်။ မြို့တော်ကို ပြန်ရောက်ရင် ခင်ဗျားတို့ တစ်ယောက်ချင်းစီကို လစာပြည့်နဲ့ နေ့ဝက် ခွင့်ပေးမယ်။"
လူတိုင်း ထိုစကားကို ကြားပြီးနောက် စိတ်ပျက်သွားကြသည်။ လစာပြည့် နေ့ဝက်ခွင့်ဆိုသည်မှာ အလွန် နှမြောတွန့်တိုလွန်းလှသည်။
ဖန်ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ ဘာဖြစ်သွားတာလဲ။ ဝန်ထမ်းတွေရဲ့ လောဘက ပိုပိုကြီးလာတာလား။
"အဟမ်း.. ကျုပ် ခင်ဗျားတို့ကို မှတ်ထားလိုက်ပြီ။ နောက်ဆိုရင် ရာထူးတိုးဖို့၊ လစာတိုးဖို့ ခင်ဗျားတို့ အားလုံးက မျှော်လင့်ချက် အရှိဆုံးပဲ။ အားလုံးက အရည်အချင်းရှိတဲ့ သူတွေချည်းပဲ။ သေချာ ကြိုးစားကြ။ ခင်ဗျားတို့က သတင်းစာတိုက်ရဲ့ သူရဲကောင်းတွေပဲ။ သေချာပေါက် အကောင်းဆုံး ဆုပေးမယ်။"
“သခင်လေးဖန်ကို ကျေးဇူးတင်ပါတယ်။"
ကတိစကားများကို နားထောင်ပြီးနောက် သတင်းထောက်များသည် တက်ကြွစွာ ထွက်သွားကြသည်။
မကြာမီ ရှဲ့ရှန်းသည် ရုံးခန်းအတွင်းသို့ ရောက်ရှိလာခဲ့၏။
ဖန်ကျန်းရီ စတင် စီစဉ်ညွှန်ကြားလိုက်သည်။
အထက်လူကြီး ကိုယ်တိုင် အလုပ်စစ်ဆေးရန် ရောက်လာမည်ဖြစ်ရာ သေချာပေါက် ဧည့်ခံရမည်။
"ရှဲ့ရှန်းရေ... အရှင်မင်းကြီး ရောက်လာနိုင်တယ်။ ကျုပ်တို့ ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်။"
ရှဲ့ရှန်း၏ မျက်လုံးများက အနည်းငယ် စိတ်လှုပ်ရှားနေ၏။ "အရှင်မင်းကြီး ရောက်လာတော့မလို့လား။"
ဖန်ကျန်းရီက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ "ရာထူးမက်တဲ့လူ … ဒီတလော ခင်ဗျား ဟိုပြေးဒီလွှားနဲ့ အများကြီး ပင်ပန်းခဲ့တယ်။ ကျုပ်က အရှင်မင်းကြီးရှေ့မှာ ခင်ဗျားအတွက် ရာထူးတစ်ခု တောင်းပေးဖို့ဆိုတာ မခက်ခဲပါဘူး။ စိတ်ဝင်စားလား။"
ရှဲ့ရှန်းက အမြန် ခေါင်းခါလိုက်၏။ "မလိုပါဘူး။ ကျုပ်က စာအကြာကြီး သင်ခဲ့ပေမဲ့ အရှင်မင်းကြီးကို မမြင်ဖူးဘူး။ တစ်ချက်လောက် မြင်လိုက်ရရင်ပဲ အိပ်မက်ပြည့်ပြီ။ ဒီအလုပ်ပြီးရင် ခရိုင်ကို ပြန်ပြီး နားတော့မယ်။"
ဖန်ကျန်းရီက မျက်လုံးပြူးကြည့်လိုက်သည်။ "ဒီအလုပ်ဆိုတာ ဘာလဲ။ စကားပြောတာ သတိထားစမ်းပါ။
အရင်ဆုံး လမ်းမကြီးပေါ်မှာ အစောင့်အကြပ် နည်းနည်းလောက် စီစဉ်ပေးစမ်းပါ။ တစ်ရက်ကြိုပြီး သတင်းပို့ခိုင်း။ ကျုပ်တို့ လူတွေတော့ မသွားနဲ့တော့။ ရုံးတော်ဝတ်စုံ မဝတ်ထားရင် အဲဒီကိုရောက်တဲ့အခါ လုပ်ကြံသူလို့ ထင်ပြီး အသတ်ခံရလိမ့်မယ်။
မြို့ပြင်က အိပ်ဆောင်တွေမှာ မြန်မြန် သစ်သားပြားတွေနဲ့ အခန်းကန့်လိုက်စမ်းပါ။ တစ်ခန်းကို ရှစ်ယောက်ထား။ အခုက တစ်ခန်းတည်းမှာ လူရှစ်ဆယ်လောက် ရှိနေတာ ဝက်မွေးနေတာလား။"
ရှဲ့ရှန်းက နားမလည်နိုင်စွာ ပြောလိုက်၏။ "သခင်လေးရယ်.. ကောင်းနေတာပါပဲ။ အဲဒီ အလုပ်သမားတွေ ဘယ်လောက်တောင် ပျော်နေကြလဲဆိုတာ မသိဘူး။ အခန်းကန့်လိုက်ရင် တချို့လူတွေ သဘောထား ကွဲလွဲကြလိမ့်မယ်။"
"ကျုပ် ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် အခန်းကန့်ပေး။ အဲဒီခွေးကောင်တွေ ဆောက်ထားတဲ့ အိပ်ဆောင်ကို ကျုပ် အစောကြီးကတည်းက မကျေနပ်တာ။
နောက်ပြီး မြို့တွင်းက ရာဇဝတ်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် နှိမ်နင်းရမယ်။ ကင်းလှည့်တာကို ပိုတိုးလုပ်။ ကျိုးထျဲ့တို့ နေကောင်းသွားပြီလား။ ရုံးတော်ကို လာပြီး အဝတ်အစား ယူ၊ ပြီးရင် လမ်းပေါ်ထွက်ပြီး ကင်းလှည့်ခိုင်းလိုက်။
အလုပ်သမားတွေရဲ့ စားသောက်ရေးကို အဲဒီ သူဌေးတွေကို သေချာ လုပ်ခိုင်းလိုက်။ အလုပ်သမားတွေကို ရေကျဲကျဲ ဟင်းရည်တွေ၊ ထမင်းကြမ်းတွေ မကျွေးခိုင်းနဲ့တော့။ အဆီအသားလေးတွေ နည်းနည်း ထည့်ကျွေး။ နေ့တိုင်း အသားစိမ်းတွေနဲ့ လူကို လာမလိမ်ခိုင်းနဲ့။ ဒီအခွင့်အရေးကို အသုံးချပြီး မြန်မြန် ပြင်ဆင်ခိုင်းလိုက်။
ကျုပ်ကို ချစ်စရာကောင်းတဲ့ ကလေးလေးတွေ တစ်စု ရှာပေးဦး။ တစ်ယောက်ကို အဝတ်တစ်စုံစီ ချုပ်ပေး။ အဲဒီ အဝတ်အစားက ဒီလို ပုံစံမျိုး..."
ရှဲ့ရှန်းသည် မျက်နှာပေါ်တွင် ပြောစရာ စကားမဲ့သွားသည်။ သို့ပေမည့် သေချာ မှတ်သားပြီးနောက် ခေါင်းမော့ကာ ပြောလိုက်၏။ "သခင်လေး... ဒီလှည့်ကွက်ကို ကျုပ်တို့ သုံးဖူးပြီးပြီလေ။"
ဖန်ကျန်းရီက လက်ကာပြလိုက်သည်။ "ကိစ္စမရှိဘူး။ အဟောင်းကို အသစ်ပြန်လုပ်တာပဲ။ ခိုတစ်အုပ်လောက် ထပ်ရှာပေးဦး။ မြို့ထဲမှာ ကဗျာစာကြောင်းတွေ ဘာတွေ အများကြီး ကပ်ထားလိုက်။ နှစ်သစ်ကူးလိုပဲ ပျော်စရာကောင်းအောင် လုပ်ထား။
ကျစ်... ဒီတစ်ခေါက် တီးဝိုင်းတစ်ခု ပါအောင် လုပ်မယ်။ ဆရာဝူကို သွားပြီး တိုင်ပင်လိုက်အုံးမယ်။
ခင်ဗျား ချီအဘဆီသွားပြီး ကျုပ်အတွက် တစ်ခုလောက် သွားမှာလိုက်အုံး...။
လမ်းပေါ်က အလုပ်မရှိ အကိုင်မရှိ လေလွင့်နေတဲ့သူတွေကို မျက်စိနောက်မခံဘဲ မမြင်ရတဲ့နေရာမှာ သွားပုန်းခိုင်းထား။ လမ်းမကြီးပေါ်မှာ လျှောက်မသွားခိုင်းနဲ့။ မရိုးသားတဲ့ ကောင်တွေကို အရင်ဆုံး ထောင်ထဲ ထည့်ထားလိုက်။
နောက်ပြီး စာသင်ကျောင်းက အရေးအကြီးဆုံးပဲ။ စာသင်ရင် စာသင်တဲ့ပုံစံ ပေါက်ရမယ်။ အားလုံး လည်ချောင်းကွဲမတတ် အော်ဆိုခိုင်းလိုက်။
စာသင်ကျောင်းက အစားအသောက်တွေကိုလည်း ဒီအခွင့်အရေးကို အသုံးချပြီး အမြဲတမ်း ကောင်းမွန်အောင် ပြင်ဆင်ပေးလိုက်။ ခန္ဓာကိုယ် ကြီးထွားဖို့ အချိန်ရောက်နေပြီမို့ ကြက်ဥ နည်းနည်းလောက် ပိုယူခဲ့။"
ဤနေရာသို့ ရောက်ချိန်မှာတော့ ဖန်ကျန်းရီ ရပ်တန့်သွား၏။
ရှဲ့ရှန်းသည် ခေါင်းငုံ့ကာ အမြန် မှတ်သားနေပြီး အားလုံး မှတ်သားပြီးနောက် ခေါင်းမော့ကာ မေးလိုက်သည်။ "အကုန် မှတ်ထားလိုက်ပြီ။ ကျန်သေးလား သခင်လေး။"
ဖန်ကျန်းရီသည် ခဏမျှ တွေးတောပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်၏။ "ရှိတယ်။ နောက်ဆုံး အချက်… အရေးအကြီးဆုံး အချက်ပဲ။
ကျုပ်တို့က ကယ်ဆယ်ရေးလုပ်ဖို့ လာခဲ့တာ။ ဒုက္ခသည်တွေကို အစီအစဉ် တော်တော်များများ လုပ်ပေးပြီးပြီဆိုပေမဲ့လည်း ဝအောင် မစားရတဲ့သူတွေ ရှိနေသေးတယ်။"
ဝအောင် မစားရတာ ပြဿနာမရှိဘူး။ ဒါပေမဲ့ ငတ်သေသွားတဲ့သူ လုံးဝ မရှိစေရဘူး။
ဒီလို အရေးကြီးတဲ့အချိန်မှာ သူ ဘယ်လို သေသေ ကျုပ် ဂရုမစိုက်ဘူး။ တိုက်ပေါ်က ခုန်ချပြီး သေတာပဲဖြစ်ဖြစ်၊ ရထားလုံး တိုက်ခံရလို့ သေတာပဲဖြစ်ဖြစ်၊ ရောဂါကြောင့် သေတာပဲဖြစ်ဖြစ်။ ဘယ်လိုသေသေ ရတယ်။ အချုပ်အားဖြင့် ငတ်တော့ မသေစေနဲ့။ နားလည်လား။"
"နားလည်ပါပြီ။"