← Chapters

အခန်း ၂၅၉

Vol. 15 Ch. 259

အခန်း ၂၅၉

Vol. 15 Ch. 259

အပိုင်း (၂၅၉) ကျုပ်က ခင်ဗျားကို မွေးစားသားအဖြစ် အသိအမှတ်ပြုချင်တယ်။

သီချင်း တစ်ပုဒ် ဆိုပြီးသွားချိန်မှာတော့ အရှင်မင်းကြီးနှင့် အနောက်မှ လူအုပ်ကြီးသည် နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားကြ၏။

သေချာပေါက် ပြောရမည်ဆိုလျှင် အစီအစဉ်က တော်တော်လေး ကောင်းမွန်လှသည်။ သို့ပေမည့် အကြောင်းပြချက် မရှိဘဲ လူကို အနည်းငယ် အနေခက်စေခဲ့၏။

ဖန်ကျန်းရီကတော့ လုံးဝ အနေခက်မနေဘဲ အရှင်မင်းကြီး၏ ဘေးတွင် ပြုံးဖြီးဖြီးဖြင့် ရပ်နေသည်။

တကယ်ပါပဲ။ အရှင်မင်းကြီးကို အမှတ်တရ ဖြစ်စေမယ်ဆိုတာ ကျုပ် သိပြီးသားပါ။

အစီအစဉ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဂရုမစိုက်ပေ။ အကျိုးသက်ရောက်မှု ရှိပြီး လူအများ၏ စိတ်ထဲ စွဲထင်သွားလျှင် အကောင်းဆုံး အစီအစဉ်ပင်။

ပန်းငုံလေးများကဲ့သို့ ဝတ်ဆင်ထားသော ကလေးများက မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရချိန်မှာတော့ အရှင်မင်းကြီးက ကလေးများကို အမြန် ထခိုင်းလိုက်၏။

ကံကောင်းသည်က အရှင်မင်းကြီးမှာ အတွေ့အကြုံ ရှိနှင့်ပြီးဖြစ်ရာ ထပ်ပြီး ဖက်ထားရန် အစီအစဉ် မရှိတော့ပေ။

နောက်ထပ် အဆင်အခြင်မဲ့ ကလေးတစ်ယောက်ကို ဖက်လိုက်လျှင် ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ထွက်လာဦးမလဲဆိုတာ မသေချာပေ။

ထိုအချိန်တွင် ဝူရှန်းသည်လည်း ညွှန်ကြားမှု ပြီးဆုံးသွားပြီး အရှင်မင်းကြီးဘက်သို့ လှည့်လိုက်၏။

အရှင်မင်းကြီးကလည်း သူ့ဘက်သို့ ကြည့်လိုက်သည်။

ဝူရှန်း ချက်ချင်း ဒူးထောက်လိုက်ပြီး ရိုသေစွာ ပြောလိုက်၏။ "သာမန်အရပ်သား ဝူရှန်း အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"

အရှင်မင်းကြီးသည် ဝူရှန်းကို မြင်ပြီးနောက် ပြုံးလိုက်သည်။ "ထပါ … ဝူရှန်း... ကြည့်ရတာ မင်း တကယ်ပဲ တောက်ယွမ်ခရိုင်ကို သွားပြီး အခြေချနေထိုင်လိုက်တာပဲ။"

ဝူရှန်းက ထလာပြီး အရှင်မင်းကြီးကို ကြည့်လိုက်ရာ သူ၏ အကြည့်များက အစောပိုင်းက အရှင်မင်းကြီးကို တွေ့ခဲ့စဉ်ကကဲ့သို့ ရှောင်လွှဲနေခြင်း မရှိတော့ဘဲ ယုံကြည်မှုများ ပြည့်ဝနေခဲ့၏။ သို့နှင့် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "မင်းကြီးကို လျှောက်တင်ပါတယ်။ သာမန်အရပ်သားက တောက်ယွမ်ခရိုင်ကို တကယ် သွားခဲ့ပြီး အဲဒီမှာပဲ အခြေချနေထိုင်လိုက်ပါပြီ။

တောက်ယွမ်ခရိုင်ကို ရောက်မှပဲ ကျွန်တော်မျိုးက တကယ် အမတ်လုပ်ဖို့ မသင့်တော်ဘူးဆိုတာကို သိခဲ့ရပါတယ်။ နေ့တိုင်း အရက်သောက်ပြီး ကဗျာစပ်နေရတာကသာ ကျွန်တော်မျိုး မျှော်လင့်တောင့်တတဲ့ ဘဝပါပဲ။"

အရှင်မင်းကြီးသည် အများကြီး မတွေးတော့ဘဲ ပြုံးရုံသာ ပြုံးလိုက်၏။ "ကောင်းပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင် မျှော်လင့်ချက်ဆိုတာ ရှိကြတာပဲ။

ဒီနေ့ တင်ဆက်မှုက အရမ်းကို ကောင်းမွန်တယ်။ ကိုယ်တော်တောင် မင်းကို နန်းတော်ထဲ လာပြီး ကပြဖို့ ဖိတ်ခေါ်ချင်စိတ် ပေါက်သွားပြီ။"

ဝူရှန်းက ပြုံးလျက် ခေါင်းညိတ် တုံ့ပြန်လိုက်သည်။

သူတို့နှစ်ဦး စကားပြောပြီးနောက် ဆက်လက် လျှောက်သွားကြ၏။

အရှေ့သို့ ဆက်သွားပါက ကျန်းကျန်မြို့မှ ကုန်သည်တစ်စု ဖြစ်ပြီး အရှင်မင်းကြီးကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ဘုရင်မင်းမြတ် နီးကပ်လာသည်ကို မြင်ချိန်မှာတော့ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ကြပြန်၏။

ဖန်ကျန်းရီ အမြန် အသံကျယ်ကျယ်ဖြင့် ရှင်းပြလိုက်သည်။ "မင်းကြီး … ဒီလူတွေက ကျန်းကျန်မြို့ မိသားစုအသီးသီးက ကုန်သည်တွေပါ။ ဒီတစ်ခေါက် ကယ်ဆယ်ရေးမှာ အများကြီး အားထုတ်ခဲ့ကြပါတယ်။

ဒါကြောင့် ကျွန်တော်မျိုးက ရဲရဲဝံ့ဝံ့နဲ့ သူတို့ကို အရှင်မင်းကြီးနဲ့ လာတွေ့ခွင့်ပေးခဲ့တာပါ။ဪ ... နောက်ပြီး ခုနက ကပြသွားတဲ့ ကလေးတွေကလည်း ဒီကုန်သည်တွေရဲ့ သားသမီးတွေချည်းပါပဲ။"

အရှင်မင်းကြီး၏ စိတ်အခြေအနေ အလွန် ကောင်းမွန်သွားပြီး လက်ကာပြကာ ပြောလိုက်၏။ "အားလုံး ထကြပါ။ မင်းတို့ လုပ်ခဲ့တဲ့ ကိစ္စရပ်တိုင်းကို နန်းတော်က မှတ်ထားပါလိမ့်မယ်။ ကောင်းကောင်း လုပ်နိုင်ခဲ့ရင် သဘာဝကျကျ ဆုချီးမြှင့်မှာပါ။

ဖန်အမတ်။… နောက်မှ အသေးစိတ်ကို ကိုယ်တော့်ကို ပြောပြ။"

ကုန်သည်များသည် မြေပြင်တွင် ဒူးထောက်လျက် နားထောင်နေရင်း စိတ်ထဲတွင် အလွန် စိတ်လှုပ်ရှားလာကြသည်။

အာ... သခင်လေးဖန်က တကယ်ကို မေတ္တာတရား ကြီးမားလှပေသည်။

အစကတော့ သူ၏ လှပသော စကားများက နှုတ်ကနေသာ ပြောသည်ဟု ထင်ခဲ့မိသော်လည်း ယခု သူ့နောက်သို့ လိုက်လာရာမှ ဘုရင်မင်းမြတ်ကိုပါ တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

အရှင်မင်းကြီး အရှေ့မှာတောင် ငါတို့အတွက် ကောင်းကောင်း ပြောပေးသေးတယ်။ အသေးစိတ်တောင် ရှင်းပြအုံးမယ်တဲ့... တကယ်ကို ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူကနေ အခိုးအငွေ့တွေ ထွက်လာသလို ကံကောင်းတာပဲ။

လူတစ်စုသည် ဖန်ကျန်းရီကို မနေနိုင်ဘဲ ကျေးဇူးတင်စွာ ကြည့်လိုက်ကြ၏။

ဖန်ကျန်းရီက ပြုံးလျက် ခေါင်းညိတ် တုံ့ပြန်လိုက်သည်။

ဤရက်ပိုင်းအတွင်း အလုပ်သမားများ၏ ခံစားခွင့်တွေကို တိုးမြှင့်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဖို့ တွေ့ဆုံ ဆွေးနွေးတာတွေ အကြိမ်မနည်း လုပ်ခဲ့ရသည်။

ဘုရင်မင်းမြတ်၏ အလံကြီးကို ဆွဲဆန့်ကာ လူတော်တော်များများကို လှည့်စားခဲ့သော်လည်း ယခု အရှင်မင်းကြီး တကယ် ရောက်လာပြီ ဖြစ်သောကြောင့် လှည့်စားခြင်းဟု မသတ်မှတ်နိုင်တော့ပေ။

ကျုပ်က လူကောင်းလူမြတ် ဖန်ကျန်းရီပဲ။ ပြောတဲ့အတိုင်း သေချာပေါက် လုပ်တယ်။

လူအုပ်ကြီး ဆက်လက် လျှောက်သွားကြပြီး မကြာမီ ကျန်းကျန်မြို့ အနီးသို့ ရောက်ရှိသွားကြ၏။

မော့ကြည့်လိုက်ချိန်မှာတော့ မြို့တံခါးနှင့် ခပ်လှမ်းလှမ်းတွင် သစ်သားအိမ် အများအပြား ရှိနေသည်ကို မြင်တွေ့လိုက်ရပြီး သစ်သားခြံစည်းရိုးများဖြင့် နယ်မြေ သုံးခု ခွဲခြားထားသည်ကို ဝိုးတဝါး မြင်တွေ့နိုင်ကာ နေရာတော်တော်များများတွင် သစ်သားပြားများ ချထားဆဲ ဖြစ်သောကြောင့် တည်ဆောက်ရေး လုပ်ငန်းခွင် အခြေအနေတွင် ရှိနေသေးကြောင်း သိသာလှပေသည်။

မြင်ကွင်းက ယွန်းလုမြို့နှင့် လုံးဝ ကွာခြားနေပြီး ရှုပ်ယှက်ခတ်နေသော ဒုက္ခသည်များ မရှိချေ။

ထိုအစား စနစ်တကျ ရှိနေပြီး တစ်ပြင်လုံး သန့်ရှင်းသပ်ရပ်နေ၏။

အခြံအရံ အားလုံး အံ့သြမှင်တက်သွားကြပြီး အထူးသဖြင့် တုရွှင်းပင် ဖြစ်သည်။

အမလေး... ဒီလောက်များတဲ့ သစ်သားအိမ်တွေကို ဆောက်ဖို့ လူအင်အား၊ ငွေကြေးအင်အား ဘယ်လောက်တောင် ကုန်ကျလိုက်မလဲ။

အရှင်မင်းကြီးက ဖန်ကျန်းရီအပေါ် ထားရှိတဲ့ သဘောထားကို ကြည့်ရရင် နန်းတော်က သူ့အတွက် သီးသန့် ငွေချထားပေးခဲ့တာများလား။

အရှင်မင်းကြီးသည် ငေးမောကြည့်နေပြီး အတန်ကြာ စဉ်းစားပြီးမှ မေးလိုက်သည်။ "ဖန်အမတ် … ဒုက္ခသည်တွေရော ဘယ်မှာလဲ။"

"မင်းကြီး … အဲဒီ သစ်သားအိမ်တွေကို မြင်လား။ အဲဒါက ဒုက္ခသည်တွေရဲ့ အိပ်ဆောင်နယ်မြေပါ။ တချို့က အထဲမှာ နားနေကြပြီး တချို့က မြို့ထဲမှာ အလုပ်လုပ်နေကြပါတယ်။

ဒီအိမ်တွေကလည်း ကျန်းကျန်မြို့က ပြည်သူတွေ ငွေကြေးစိုက်ထုတ်ပြီး ဆောက်ပေးထားတာပါ။"

"အို..." အရှင်မင်းကြီး ရုတ်တရက် စိတ်ဝင်စားသွား၏။

"ကောင်းတယ်။ အရမ်း ကောင်းတယ်။ ဖန်အမတ်... မင်း ဒီအဆင့်အထိ လုပ်နိုင်လိမ့်မယ်လို့ ကိုယ်တော် ထင်မထားခဲ့ဘူး။ ဒုက္ခသည် အားလုံးအတွက် နေစရာ နေရာပါ စီစဉ်ပေးခဲ့တာပဲ။ သွားမယ်။ အိပ်ဆောင်နယ်မြေ အတွင်းထဲမှာ ဘယ်လိုပုံစံ ဖြစ်နေလဲဆိုတာ သွားကြည့်ကြရအောင်။"

ပြောပြီးသည်နှင့် ခြေလှမ်းလှမ်းကာ အရှေ့သို့ လျှောက်သွားခဲ့သည်။

အနောက်တွင် ကျန်ရစ်သော တုရွှင်းသည် ချွေးစေးများ တစ်ပေါက်ပြီး တစ်ပေါက် ကျဆင်းလာခဲ့၏။

သွားပါပြီ သွားပါပြီ... ဒါက ဘာကြီးလဲ။ သူများ လုပ်ထားတာနဲ့ ယှဉ်ကြည့်လိုက်တော့ ကိုယ်လုပ်ထားတာက ဘာမှန်းကို မသိတော့ဘူး။

အရှင်မင်းကြီးက ငါ့ကို ဘယ်လို မြင်သွားမလဲ။ ဆုချီးမြှင့်တာတွေရော ရနိုင်ပါ့မလား။

အရှင်မင်းကြီး၏ စိတ်ထဲတွင် စိတ်လှုပ်ရှားနေပြီး ခြေလှမ်းများကလည်း ထူးထူးခြားခြား သွက်လက်နေ၏။

လူအုပ်ကြီးသည် သူ့နောက်မှ အမြန် လိုက်သွားကြသည်။

ဖန်ကျန်းရီသည် အနောက်တွင် ကျန်ရစ်ခဲ့ပြီး ကျိန့်ချောင်အနီးသို့ ကပ်ကာ ခပ်တိုးတိုး မေးလိုက်၏။ "ဦးလေးလတ်... ဘာလို့ ခင်ဗျား တစ်ယောက်တည်းလဲ။ ဦးလေးကြီးနဲ့ ဦးလေးငယ်ရော။"

"ပုံမှန်ဆိုရင် ခင်ဗျားတို့ သုံးယောက် အတူတူ လှုပ်ရှားနေကြ မဟုတ်ဘူးလား။"

ယီးကို လှုပ်ရှားပါလား။

ကျိန့်ချောင် ချက်ချင်းပင် ဒေါသထွက်လွန်း၍ မျက်ခုံးများ ထောင်တက်သွားခဲ့၏။

ခွေးကောင်... အမတ်ကြီးလီကို နှောင့်ယှက်လို့ အားမရသေးဘဲ အခု ငါ့ဆီ လာပြီး နှောင့်ယှက်နေပြန်ပြီလား။

ရွံရှာမှုကို အတင်းအကြိတ် တောင့်ခံထားကာ ခပ်တိုးတိုး ဒေါသသံဖြင့် ပြောလိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း။ ဒီလောက် လူအများကြီး ရှေ့မှာ ဘာလို့ ဦးလေးလတ်လို့ လာခေါ်နေတာလဲ။ တခြားလူတွေ ကြားသွားရင် ဘယ်လိုလုပ်မလဲ။

နန်းတွင်းမှာ အရှင်မင်းကြီး မရှိတဲ့အတွက် အမတ်ကြီးလီတို့ လုပ်စရာ ကိစ္စတွေ အများကြီး ရှိသေးတယ်။

သွား သွား။ ငါ့အနားကနေ ဝေးဝေးသွား။ မင်းကို မြင်တာနဲ့တင် စိတ်ရှုပ်တယ်။"

ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ဘဲ အရှက်မရှိစွာဖြင့် နန်းမြို့တော်တွင်းမှ သတင်းများကို မေးမြန်းနေခဲ့၏။

ကော်ထျန်းယန်သည် ဝိညာဉ်လွင့်သွားသကဲ့သို့ ဖြစ်သွားပြီး ကျိန့်ချောင်ကို တစ်လှည့် ဖန်ကျန်းရီကို တစ်လှည့် ထိတ်လန့်တကြား ကြည့်နေမိသည်။

ဦးလေးလတ်တဲ့လား...

အို ကောင်းကင်ဘုံ ... မဖြစ်နိုင်ဘူး။ လုံးဝကို မဖြစ်နိုင်ဘူး။

ဒီကမ္ဘာပေါ်မှာ ဒီလောက် ရှုပ်ထွေးတဲ့ ဆက်ဆံရေးမျိုး ဘယ်မှာ ရှိနိုင်မှာလဲ။ ဒါပေမဲ့ အမတ်ကြီးကျိန့်ရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ... သူ ငြင်းဆန်မနေဘူး။

တကယ်ကို ဘာတွေများ ဖြစ်နေတာလဲ။

ဖန်ကျန်းရီသည် ထိုဘက်တွင် မေးမြန်းပြီးနောက် ကော်ထျန်းယန်၏ ဘေးသို့ ထပ်ကပ်သွားပြန်၏။

သူ၏ ဝိညာဉ်လွင့်နေသော ပုံစံကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။ "အစ်ကိုကြီးကော် ဘာတွေ တွေးနေတာလဲ။"

"ငါ မင်းကို မွေးစားသားအဖြစ် အသိအမှတ်ပြုချင်လို့။"

"..."

တစ်ခဏအတွင်းမှာပဒ ဖန်ကျန်းရီ၏ မျက်နှာသည် ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်သွားခဲ့၏။

ကျုပ်က ခင်ဗျားကို အစ်ကိုကြီးလို့ ခေါ်နေတာကို ခင်ဗျားက ခေါင်းပေါ်တက်နင်းပြီး ကျုပ်ကို အဖေလို့ ခေါ်ခိုင်းချင်နေတာလား။

ကော်ထျန်းယန်လည်း သတိပြန်ဝင်လာပြီး သူ စကားမှားသွားမှန်း သိလိုက်သည်။

ဖန်ကျန်းရီကို ကြည့်ကာ အလွန် အနေခက်စွာ ပြောလိုက်၏။ "ဒါက... ဒါက ညီလေး... နောက်နေတာပါ။ နောက်နေတာပါ။ ငါ မနေ့ညက ကောင်းကောင်း အိပ်မပျော်လို့ ခေါင်းမူးနေလို့ပါ။"

ဖန်ကျန်းရီက အေးစက်စက်ပြုံးလျက် ပြောလိုက်သည်။ "အစ်ကိုကြီးကော်က ဘယ်လိုလုပ်ပြီး ရင်ထဲက စကားတွေကို ထုတ်ပြောလိုက်ရတာလဲ။"

"ဒါက... ဒါက..." ကော်ထျန်းယန်သည် ရှက်လွန်း၍ သေချင်စိတ် ပေါက်သွား၏။

ရှက်စရာ ကောင်းလိုက်တာ။ အရမ်းကို ရှက်ဖို့ ကောင်းလွန်းတယ်။ ဟုတ်တာပေါ့။ ငါ ဘယ်လိုလုပ်ပြီး ရင်ထဲက စကားတွေကို ထုတ်ပြောလိုက်မိတာလဲ။

ဖန်ကျန်းရီဆိုတဲ့ ဒီခွေးကောင်က အခု နေမွန်းတည့်သလို အရှိန်အဝါ ကြီးမားနေတာ။ သားအဖြစ် အသိအမှတ်ပြုဖို့ အခွင့်အရေးကို အစောကြီးကတည်းက လွတ်သွားခဲ့ပြီပဲ။

ဒါပေမဲ့ အမတ်ကြီးကျိန့်က သူ့ရဲ့ ဦးလေးလတ်တဲ့လား။ ဒါကလည်း အရမ်းကို လန့်စရာ ကောင်းလွန်းတယ်။

တကယ် မဟုတ်ဘူးဆိုရင်တောင် ဒီလူနှစ်ယောက်ရဲ့ ဆက်ဆံရေးက လုံးဝ သာမန် မဟုတ်ဘူးဆိုတာ သေချာတယ်။

ရိုးရိုး လုပ်ဖော်ကိုင်ဖက်တွေက ဒီလို လျှောက်ခေါ်လို့ ရနိုင်ပါ့မလား။

ကော်ထျန်းယန်က အားတင်း ပြုံးပြကာ အနေခက်မှုကို အမြန် ဖြိုခွင်းလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။ "ညီလေး... ငါ အသက်ကြီးပြီး ခေါင်းမကြည်တော့ပါဘူး။ စကားမှားသွားတာပါ။ စကားမှားသွားတာပါ။

ညီလေးရာ... ငါက မင်းကို ပထမဆုံး မြင်ကတည်းက လူကောင်းတစ်ယောက်မှန်း သိပြီးသားပါ။

ငါ လူအများကြီးကို ကြည့်ရှု အကဲခတ်ဖူးပါတယ်။ နန်းတော်ထဲက အဲဒီ အမတ်တွေက အပြင်ပန်းမှာတော့ ငါ့အပေါ် ရိုရိုသေသေ ဆက်ဆံကြပေမဲ့ သူတို့ရဲ့ အကြည့်တွေကို ငါ ကောင်းကောင်း သိပါတယ်။"

မင်းက မတူဘူးလေ။ မင်းက ငါတို့လို လူတွေကို တစ်ခါမှ ခွဲခြားဆက်ဆံတာမျိုး မလုပ်ခဲ့ဖူးဘူးဆိုတာကို သိပါတယ်။ ဒါကြောင့် မင်းကို အရမ်း သဘောကျလွန်းလို့ တစ်ခဏ စကားမှားသွားတာပါ။

ညီလေးရာ ခွင့်လွှတ်ပေးပါ။"

ဖန်ကျန်းရီ၏ မျက်နှာထား အနည်းငယ် ကြည်လင်သွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ "အစ်ကိုကြီးကော် .. မရှင်းပြပါနဲ့တော့။ စိတ်ကူးယဉ်တာကို စွန့်လွှတ်လိုက်ပါ။"

ခင်ဗျားကသာ ကျုပ်ကို မွေးစားအဖေအဖြစ် အသိအမှတ်ပြုမယ်ဆိုရင် ကျုပ် စဉ်းစားပေးလို့ ရသေးတယ်။

ခင်ဗျားက ကျုပ်ရဲ့ မွေးစားအဖေ လာလုပ်ချင်တာလား။ ကျုပ်က ခင်ဗျားရဲ့ အပေါ်ပိုင်းကိုပါ သင်းကွပ် ပစ်လိုက်မယ်။

"ခင်ဗျားကသာ နန်းတွင်းက သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီး ပြိုင်စံရှား သိုင်းပညာ တစ်ခုခုလောက် တတ်ထားမယ်ဆိုရင် ခင်ဗျားကို ဆရာအဖြစ် အသိအမှတ်ပြုဖို့ဆိုတာ နည်းနည်း ဖြစ်နိုင်သေးတယ်။"

"ပြိုင်စံရှား သိုင်းပညာတဲ့လား။"

All Chapters