← Chapters

အခန်း ၂၆၁

Vol. 15 Ch. 261

အခန်း ၂၆၁

Vol. 15 Ch. 261

အပိုင်း (၂၆၁) ကျင်းဘုရင် စာသင်ကျောင်းကို ကြည့်ရှုခြင်း>

လူအုပ်ကြီးသည် အိပ်ဆောင်ထဲမှ ထွက်လာသည်နှင့် လတ်ဆတ်သော လေကို အလောသုံးဆယ် ရှူသွင်းလိုက်ကြ၏။

အိမ်ထဲရှိ အနံ့အသက်က တကယ်ကို လူနေရန် မသင့်တော်သော အခြေအနေမျိုး ဖြစ်နေသည်။

ဖန်ကျန်းရီ၏ မျက်နှာထားလည်း သိပ်မကောင်းလှဘဲ ဘေးရှိ ရှဲ့ရှန်းကို ခပ်တိုးတိုး ပြောလိုက်၏။ "စီစဉ်ထားလိုက် … နောက်ဆို အလုပ်သမားတွေအတွက် ရေချိုးလက်မှတ် စီစဉ်ပေး။ တစ်လကို အခမဲ့ ရေချိုးခွင့် အကြိမ်ရေ အတိအကျ ပေးရမယ်။

အကြိမ်ရေကိုတော့ ပြန်ရောက်ရင် ရေချိုးရုံက လူတွေနဲ့ သွားတိုင်ပင်လိုက်။ လေးကြိမ်ထက် မနည်းစေနဲ့။"

ရှဲ့ရှန်းက ခေါင်းညိတ်လိုက်ပြီး စက္ကူနှင့် စုတ်တံကို ထုတ်ကာ စတင် မှတ်သားလိုက်သည်။

အရှင်မင်းကြီးသည် ရှဲ့ရှန်းကို ဘေးတစောင်း ကြည့်လိုက်၏။ သူက သေးသွယ်ရှည်လျားသော မီးသွေးခဲတံကို ကိုင်ကာ စက္ကူပေါ်တွင် စာလုံးများ အပြည့်ရေးသားနေပြီး စာကြောင်းများကြားတွင် ပုံလေးများကိုပါ ဆွဲထည့်နေသည်ကို တွေ့လိုက်ရသည်။

သူ အလေးအနက် မှတ်သားနေသည်ကို ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်သည်။ "ဒီလူက..."

"အော်... ကျွန်တော်မျိုး အရှင်မင်းကြီးကို မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က ရှဲ့ရှန်းလို့ ခေါ်ပါတယ်။ တောက်ယွမ်ခရိုင်က ပြည်သူပါ။

ရှဲ့ရှန်းက ကျွန်တော်မျိုး လက်အောက်က အတော်ဆုံး လူပါ။ ကျွန်တော်မျိုး တစ်ယောက်တည်း မလုပ်နိုင်လို့ သူ့ကို တောက်ယွမ်ခရိုင်ကနေ ခေါ်လာခဲ့တာပါ။ သူက ကျွီးရန် အဆင့်တောင် အောင်ထားတာပါ။"

ရှဲ့ရှန်းသည် ခဲတံနှင့် စာအုပ်ကို သိမ်းကာ ချက်ချင်း အရိုအသေ ပေးလိုက်၏။ "ကျောင်းသား ရှဲ့ရှန်း .. အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"

"ရုံးတော်က အကြီးအသေး ကိစ္စရပ်တိုင်းကို ရှဲ့ရှန်းက ကျွန်တော်မျိုးအတွက် မှတ်တမ်းတင်ပေးပါတယ်။ သူသာ မရှိရင် ကျန်းကျန်မြို့က အလုပ်တွေကို စတင်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။"

အရှင်မင်းကြီးက ပြုံးလျက် ပြောလိုက်သည်။ "ကြည့်ရတာ တောက်ယွမ်ခရိုင်က အရည်အချင်းရှိတဲ့ သူတွေ အများကြီး ထွက်ပေါ်လာတာပဲ။ ဒါဆို မင်းက ကိုယ်တော့်ကို ဒီနေရာ အခြေအနေတွေ အကြောင်း ရှင်းပြပါအုံး။"

"မင်းကြီး အမိန့်အတိုင်းပါ။" ရှဲ့ရှန်းက မျက်နှာထား ပုံမှန်အတိုင်းဖြင့် မှတ်စုစာအုပ်ငယ်ကို ထုတ်လိုက်၏။

အရာတော်တော်များများကို သူ၏ ခေါင်းထဲတွင် မှတ်သားထားသော်လည်း အကူအညီဖြစ်စေမည့် ကိရိယာတစ်ခု ရှိနေခြင်းက အမှားအယွင်းများကို သေချာပေါက် လျော့နည်းသွားစေလိမ့်မည်။

အရှင်မင်းကြီးသည် လမ်းလျှောက်ရင်း မေးခွန်းများ မေးမြန်းနေခဲ့သည်။

"အိပ်ဆောင်နယ်မြေ တစ်ခုလုံးမှာ ဒုက္ခသည် စုစုပေါင်း ဘယ်လောက် ရှိလဲ။"

"မင်းကြီးကို လျှောက်တင်ပါတယ်။ စုစုပေါင်း သုံးသောင်း ခုနစ်ထောင် ရှစ်ရာ ငါးဆယ့်နှစ်ယောက် ရှိပါတယ်။ အဲဒီထဲမှာ အမျိုးသား နှစ်သောင်း ခြောက်ထောင် ငါးရာ လေးဆယ့်တစ်ယောက်၊ အမျိုးသမီး..."

"အသက် ခြောက်ဆယ်ကျော် သက်ကြီးရွယ်အိုက တစ်ထောင့် ရှစ်ရာ ကိုးဆယ် ရှိပါတယ်။"

ရိုးရှင်းသော မေးခွန်းတစ်ခုကို ရှဲ့ရှန်းက တရစပ် အသေးစိတ် ဖြေကြားပေးခဲ့၏။

အရှင်မင်းကြီး အနည်းငယ် အံ့သြသွားပြီး ဆက်မေးလိုက်သည်။ "ဒါဆို မြို့ထဲမှာ အလုပ်လုပ်နေတဲ့သူ ဘယ်လောက် ရှိလဲ။"

"မြို့တွင်းမှာ စုစုပေါင်း နှစ်သောင်း ခုနစ်ထောင် ရှစ်ရာ ကိုးဆယ့်ငါးယောက် ရှိပါတယ်။ အဲဒီထဲမှာ အလုပ်ကြမ်းသမား တစ်သောင်း ကိုးထောင် နှစ်ရာ သုံးဆယ့်ခြောက်ယောက်၊ ဝါးလက်မှုပညာရှင်..."

နောက်ထပ် အဖြေများ ဆက်တိုက် ထွက်ပေါ်လာပြီး ဂဏန်းတစ်ခုမှ မသေမချာ ဖြစ်နေခြင်းမျိုး မရှိပေ။

ထို့ပြင် အလုပ်သမား အရေအတွက် မှတ်တမ်းကို အလွန် ကျွမ်းကျင်စွာ ပြောဆိုနေပြီး ထိုမှတ်စုစာအုပ်ကို လုံးဝ မကြည့်ဘဲ ဖြေဆိုနေခြင်း ဖြစ်၏။

သူ သေချာ မှတ်သားထားကြောင်း သိသာလှသည်။

အရှင်မင်းကြီးသည် ဖန်ကျန်းရီကို ကြည့်ကာ ရှဲ့ရှန်းကို လက်ညှိုးထိုးပြပြီး အံ့အားသင့် ဝမ်းသာစွာ ပြောလိုက်သည်။ "ဒီလူ … ဒီလူက အရည်အချင်းရှိတဲ့ လူပဲ။"

"မင်း အမတ်လုပ်ချင်လား။"

ဖန်ကျန်းရီ တိတ်ဆိတ်နေခဲ့၏။

ရှဲ့ရှန်းက အမတ် လုပ်ချင်သည်။ အရင်က လူအင်အား အလွန် နည်းပါးနေသောကြောင့် သူ့ကို တိုက်ရိုက် ကြားဖြတ် ခေါ်လာခဲ့ခြင်း ဖြစ်၏။

အကြိမ်အနည်းငယ် မေးမြန်းကြည့်ရာတွင် ရှဲ့ရှန်းက မလုပ်ချင်ဘူးဟု ဖြေခဲ့သော်လည်း ဖန်ကျန်းရီက ထိုသို့ မထင်ချေ။

ယခု အခွင့်အရေးက သူ့ရှေ့သို့ ရောက်လာပြီဖြစ်ရာ သူ့ဘာသာသူ ရွေးချယ်ရန် ခွင့်ပေးရမည်။

သူ့အတွက် လျော်ကြေးပေးခြင်းဟုလည်း သတ်မှတ်၍ ရသည်။

ရှဲ့ရှန်း ခဏတာ တွန့်ဆုတ်သွားပြီးနောက် ဖြေလိုက်၏။ "မင်းကြီးကို လျှောက်တင်ပါတယ်။ ကျောင်းသားက တောက်ယွမ်ခရိုင်မှာ စာရေးအဖြစ် လုပ်ကိုင်နေပါတယ်။"

"ဟား... စာရေးဆိုတာ ဘာအရေးပါလို့လဲ။ မင်းလို အရည်အချင်းမျိုးနဲ့ဆို ခရိုင်ဝန် လုပ်ဖို့တောင် ပြဿနာ မရှိဘူးလို့ ကိုယ်တော် ထင်တယ်။"

ရှဲ့ရှန်းက ရိုသေစွာ ပြောလိုက်သည်။ "အရှင်မင်းကြီးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သာမန်အရပ်သားက စာရေးလုပ်ရတာတောင် အတော်လေး ခက်ခဲနေပါပြီ။"

အရှင်မင်းကြီး အနည်းငယ် အံ့သြသွား၏။ ဤကဲ့သို့သော အခွင့်အရေးမျိုး သူ၏ ရှေ့သို့ ရောက်လာသည်ကိုပင် ငြင်းပယ်လိုက်သည်။

တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။

သူက ရှဲ့ရှန်းကို စိုက်ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်၏။ "ကြည့်ရတာ... တောက်ယွမ်ခရိုင်မှာ နေရတာက ကိုယ်တော့်ဆီမှာ အမှုထမ်းရတာထက် အများကြီး ပိုကောင်းနေပုံပဲ။"

"မဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူး။" ဖန်ကျန်းရီက အလျင်စလို ရှေ့ထွက်လာခဲ့သည်။

"မင်းကြီး …. မဟုတ်ပါဘူး။ ရှဲ့ရှန်းက မလုပ်ချင်တာ မဟုတ်ပါဘူး။ သူ တကယ် မလုပ်နိုင်လို့ပါ။ သူက ကျောက်ကပ် အားနည်းတယ်။ ခဏလောက် ရပ်နေရင်ကို ပင်ပန်းလွန်းလို့ မခံနိုင်တော့ဘူး။ ခရိုင်ဝန် အလုပ်ကို မလုပ်နိုင်ပါဘူး။"

ရှဲ့ရှန်း နေရာတွင်ပင် မှင်တက်သွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားတော့၏။

လူတွေ ဒီလောက်များတာကို သခင်လေးက မျက်နှာ လုံးဝ မထောက်ဘူး။ ဘယ်သူက ကျောက်ကပ် အားနည်းနေလို့လဲ။

အရှင်မင်းကြီးက ပြုံးလျက် ပြောလိုက်သည်။ "ကောင်းပါပြီ။ ရှင်းပြနေစရာ မလိုပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင် မျှော်လင့်ချက် ရှိကြတာပဲ။ ကိုယ်တော် အတင်းအကျပ် မလုပ်ပါဘူး။

ခုနက မင်း စာသင်ကျောင်း အကြောင်း ပြောနေတယ်မလား။ အိမ်ရာဝင်းထဲမှာ စာသင်ကျောင်း ရှိလို့လား။"

"ရှိပါတယ်။ ဒါပေမဲ့ အိမ်ရာဝင်းထဲမှာ မဟုတ်ပါဘူး။ အားလုံးကို စာသင်ကျောင်းဆီ ခေါ်သွားပေးပါ့မယ်။" ဖန်ကျန်းရီက တက်ကြွစွာ တာဝန်ယူလိုက်၏။

ဒါက အမှတ်တိုးမယ့် အစီအစဉ်ပဲ။

အမတ်ကြီးတွေ အားလုံးက ဘာကို အလေးထားဆုံးလဲ။ ပညာရေး မဟုတ်လား။ ငါ့့ဆီမှာ ပညာရေး ရှိနေပြီ မဟုတ်လား။

အာဟာရပြည့်ဝတဲ့ အစားအစာတွေတောင် ကျွေးသေးတယ်။ အတွေးအခေါ်ပညာရှင်ကြီးတွေ သင်္ချိုင်းထဲကနေ ခုန်ထွက်လာရင်တောင် အပြစ်ရှာလို့ ရမှာ မဟုတ်ဘူး။

လူအုပ်ကြီးသည် စာသင်ကျောင်းဘက်သို့ အမြန် လှည့်ထွက်သွားကြပြီး အဝေးမှပင် အခန်းထဲရှိ ကလေးများ လည်ချောင်းကွဲမတတ် အော်ဟစ် စာအံနေသံများကို ကြားနေရသည်။

စာသင်ကျောင်းသို့ ရောက်ချိန်တွင် စီစဉ်ထားသည့်အတိုင်း စာဖတ်သံများက မိုးထိုးမတတ် ကျယ်လောင်နေ၏။

လူအုပ်ကြီးသည် စာသင်ခန်း အသီးသီးကို အဆက်မပြတ် လှည့်လည် ကြည့်ရှုနေကြပြီး ဖန်ကျန်းရီက အရှေ့ဆုံးမှ ပြေးလွှားနေကာ ကျောင်းသားများ စာမဖတ်ဘဲ နေမည်ကို အလွန် စိုးရိမ်နေခဲ့သည်။

စာသင်ခန်း တစ်ခန်းခန်းမှ အသံတိုးနေသည်ကို ကြားသည်နှင့် ချက်ချင်း အနောက်ပေါက်သို့ ပြေးသွားပြီး ခေါင်းကို အနောက်ပေါက် ပြတင်းပေါက်မှ ဝင်ကြည့်လိုက်၏။

ကလေးများကို သေမတတ်အကြည့်ဖြင့် စိုက်ကြည့်လိုက်ချိန်မှာတော့ အသံများ ချက်ချင်း ကျယ်လောင်လာသည်။

အမတ်ကြီးများ အားလုံး စိတ်အားထက်သန်စွာ နားထောင်နေကြပြီး အလွန် ဝမ်းသာပျော်ရွှင်နေကြ၏။

ကောင်းလိုက်တာ။ အရမ်းကို ကောင်းလွန်းတယ်။ ဒီလို သင်ယူမှု ပတ်ဝန်းကျင်မျိုး မြို့တော်မှာတောင် မရှိဘူး။

အရှင်မင်းကြီး၏ မျက်နှာသည်လည်း နီရဲလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဖန်အမတ်… ဒီစာသင်ကျောင်းကိုလည်း ကုန်သည်တွေ ငွေထုတ်ပြီး ဆောက်ထားတာလား။"

"ဟုတ်ပါတယ်။ အဆောက်အအုံတွေကို သူတို့ ဆောက်တယ်။ ဆရာတွေကိုလည်း သူတို့ ငှားတယ်။ ထမင်းဟင်းကအစ သူတို့ တာဝန်ယူတယ်။

နေ့တိုင်း ထမင်းကြမ်းတွေ၊ ဟင်းရည်တွေ ကျွေးတယ်။ ရက်ခြားဆိုရင် ကြက်ဥ တစ်လုံး စားရတယ်။ ကျောင်းလခ၊ စားစရိတ် အကုန် အခမဲ့ပဲ။"

အရှင်မင်းကြီး လေအေးတစ်ချက် ရှူသွင်းလိုက်မိ၏။ "ဒီလောက်များတဲ့ ကျောင်းသားတွေအတွက် ငွေဘယ်လောက်တောင် ကုန်ကျမလဲ။"

"အစပိုင်း တည်ဆောက်စရိတ် နည်းနည်း ကြီးတာ အမှန်ပါပဲ။ အားလုံး အကောင်းဆုံး စံနှုန်းတွေနဲ့ လုပ်ထားတာ ဆိုတော့ ခန့်မှန်းခြေ ငွေတုံး နှစ်သောင်းအောက်တော့ ရှိပါမယ်။"

"ဘာ။" လူတိုင်း အံ့သြသွားကြသည်။

ငွေတုံး နှစ်သောင်း။ ကုန်သည်တွေက ဒီကျောင်းသား တစ်အုပ်ကို နှစ်စဉ် ငွေတုံး နှစ်သောင်း အကုန်ခံပြီး ကျွေးမွေးထားဖို့ ဒီလောက် သဘောကောင်းနေတာလား။

အရှင်မင်းကြီး၏ မျက်နှာထားလည်း တည်ကြည်သွားပြီး ဖန်ကျန်းရီကို ပြောလိုက်၏။

"မင်းက ပြည်သူတွေကို အခမဲ့လို့ ကတိပေးထားပြီးပြီ။ တကယ်လို့ ကုန်သည်တွေက ငွေမထုတ်ချင်တော့ဘူးဆိုရင် ဒီငွေကို ရုံးတော်က ကျခံရလိမ့်မယ်။ နှစ်စဉ် ငွေတုံး နှစ်သောင်း ကုန်ကျစရိတ်က အရမ်း ကြီးမားလွန်းတယ်။

မင်း ထွက်သွားတဲ့အခါ ဒီရှုပ်ထွေးနေတဲ့ ပြဿနာကြီးကို နောက်လာမယ့် မြို့ဝန်ဆီ လွှဲထားခဲ့မလို့လား။"

ဖန်ကျန်းရီက ယုံကြည်မှု အပြည့်ဖြင့် ပြုံးလိုက်သည်။ "မင်းကြီး စိတ်ချပါ။ ဒီစာသင်ကျောင်းက အရွယ်အစား အရမ်း ကြီးမားပါတယ်။ ဒုက္ခသည်တွေ ပြန်သွားတဲ့အခါ စာသင်ကျောင်း တစ်ကျောင်းတည်းနဲ့တင် ကျန်းကျန်မြို့က ကျောင်းနေအရွယ် ကလေးအားလုံးရဲ့ ပညာရေးကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

ဒါပေမဲ့ ကျွန်တော်မျိုးက ဒီကိစ္စကို ဖြေရှင်းဖို့ စာသင်ကျောင်း နှစ်ကျောင်း ဆောက်ခဲ့တာပါ။"

"ခုနက ကျောင်းပေါက်ဝကို ဝင်လာတုန်းက အရှင်မင်းကြီး သတိထားမိလား မသိဘူး။ အပေါ်မှာ စွန်းမိသားစုနဲ့ လျိုမိသားစုဆိုတဲ့ ဆိုင်းဘုတ် နှစ်ခု ချိတ်ထားပါတယ်။"

အရှင်မင်းကြီး မျက်မှောင်ကြုတ်သွား၏။ "မြင်တယ်။ ဘာဖြစ်လို့လဲ။"

"နောက်ထပ် စာသင်ကျောင်း တစ်ကျောင်းမှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်က ဝမ်မိသားစုနဲ့ ကျိုးမိသားစုပါ။

ဒီမိသားစု လေးခုက တစ်မြို့လုံးမှာ အင်အားအကြီးဆုံး မိသားစုတွေ ဖြစ်ပြီး အဓိက စီးပွားရေးက အထည်အလိပ် လုပ်ငန်းပါ။ ဒီစာသင်ကျောင်းကို ကျွန်တော်မျိုး တည်ဆောက်ပြီးတဲ့နောက် သူတို့ကို အစုရှယ်ယာ ထည့်ဝင်ဖို့ စည်းရုံးခဲ့တာပါ။ နှစ်မိသားစုကို တစ်ဖွဲ့ ဖွဲ့ပေးထားပါတယ်။ နောင်ကျရင် ဒီကျောင်းကနေ ထွက်သွားမယ့် ကလေးတွေက သူတို့ရဲ့ ကျေးဇူးကို မှတ်မိနေကြမှာပါ။

ဘယ်မိသားစုကပဲ ဖြစ်ဖြစ် ကျောင်းသားတွေအပေါ် မကောင်းတာ လုပ်ခဲ့ရင် သူတို့ မိသားစုရဲ့ စီးပွားရေးကို ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေပါလိမ့်မယ်။"

အားလုံး သဘောပေါက်သွားကြ၏။

ထိန်းညှိရေး ဗျူဟာပဲ။ သိပ်ပြီး ထက်မြက်တဲ့ နည်းလမ်းတော့ မဟုတ်ဘူး။ အလုပ်ဖြစ်ချင်မှလည်း ဖြစ်မှာ။ အန္တရာယ်ကတော့ ကြီးမားနေတုန်းပဲ။

ထို့နောက် ဖန်ကျန်းရီ ဆက်ပြောသည်ကို ကြားလိုက်ရသည်။ "ဒါ့အပြင် ဒါလေးနဲ့ မလုံလောက်သေးပါဘူး။

ကျွန်တော်မျိုးက မိသားစု လေးခုရဲ့ ဘိုးဘေးနတ်စင်တွေကို စာသင်ကျောင်းဆီ အတင်း... ဖိတ်ခေါ်လာခဲ့ပါတယ်။ စာသင်ကျောင်း တစ်ကျောင်းစီမှာ ဂုဏ်ထူးဆောင် ကျောင်းအုပ်ကြီး နှစ်ယောက်စီ ရှိပါတယ်။ ကျောင်းသားတွေ နေ့တိုင်း မနက်ပိုင်း စာမသင်ခင် ကျောင်းအုပ်ကြီးတွေကို ဂါရဝပြုရပါတယ်။"

ဒီလိုဆိုတော့... ကျောင်းအတွက် သူတို့က အစွမ်းကုန် မကြိုးစားဘဲ မနေရဲတော့ပါဘူး။

"ဘယ်သူကမှ စာသင်ကျောင်းမှာ လုပ်ချင်တာ လုပ်တာမျိုး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းတာမျိုး လုပ်ရဲတော့မှာ မဟုတ်ပါဘူး။”

“……”

All Chapters