အခန်း ၂၆၂
Vol. 15 Ch. 262
အပိုင်း (၂၆၂) မြို့ဝင်အခမ်းအနား ပြီးပြီလို့ ထင်နေတာလား။
ဖန်ကျန်းရီနှင့် ရင်းနှီးသူ အနည်းငယ်မှလွဲ၍ အခြားသူများ၏ မေးစေ့များသည် မြေကြီးပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားကြ၏။
ဖန်ကျန်းရီ မင်း လူရော ဟုတ်သေးရဲ့လား။ အလုပ်လုပ်တာ နည်းလမ်း လုံးဝ မရွေးတော့ဘူး။ သူများ ဘိုးဘေး သင်္ချိုင်းဂူကိုတောင် ဖျက်ဆီးဖို့ အကြံအစည် ရှိနေသေးတာလား။
အဲဒါက သူများရဲ့ ဘိုးဘေးတွေလေ။ ဘယ်လောက်ပဲ အောက်တန်းကျကျ ဒီလိုလုပ်ရပ်မျိုးတော့ မလုပ်သင့်ဘူးလေ။
သောက်ကျိုးနည်း... မင်းလိုလူမျိုးက နန်းတွင်း အမတ် ဖြစ်ဖို့တောင် ထိုက်တန်ရဲ့လား။
လူတိုင်း၏ တုံ့ပြန်မှုက ဖန်ကျန်းရီ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သော်လည်း သူက အစောကြီးတည်းက ဖြေရှင်းချက်ကို ပြင်ဆင်ထားပြီး ဖြစ်၏။
လူတိုင်းကို ရင်ဆိုင်ကာ ပြောလိုက်သည်။ "လူကြီးမင်းတို့... ခုနက ပြောတာတွေက နောက်ပြောင်တဲ့ စကားတွေပါ။ လူတိုင်းက ယဉ်ကျေးပြီး ကိုယ်ကျင့်တရား ရှိတဲ့သူတွေ ဖြစ်ကြတဲ့အထဲ အထူးသဖြင့် ကျွန်တော်မျိုး ဖန်ကျန်းရီက ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ။"
"..."
လူတိုင်းက သံသယ မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
ယဉ်ကျေးတယ်၊ ကိုယ်ကျင့်တရား ရှိတယ်။ အဲတာတွေက မင်းနဲ့ ဘာဆိုင်လို့လဲ။
ကော်ထျန်းယန်သည် စိတ်ထဲတွင် အဆက်မပြတ် တွေးတောနေမိသည်။ ငါ ဒီအရွယ်အထိ ဘာတွေ မမြင်ဖူးတာ ရှိလို့လဲ။ ဒါပေမဲ့ မင်းလို ဖောက်ပြန်နေတဲ့ ကောင်မျိုးကတော့ ပထမဆုံး အကြိမ်ပဲ။
မင်း နန်းတော်ထဲ လုံးဝ ပြန်ဝင်မလာနဲ့...
"မင်းကြီး …. တကယ်တော့ ကျွန်တော်မျိုးက ဒီကိစ္စကို မဆုံးဖြတ်ခင် ကုန်သည်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ အားလုံးက လွယ်လွယ်ကူကူပဲ သဘောတူခဲ့ကြပါတယ်။
အကြောင်းပြချက် တခြား မရှိပါဘူး။ ဒီစာသင်ကျောင်းကနေ နောင်အနာဂတ်မှာ အရည်အချင်းရှိတဲ့ လူတွေ ဘယ်လောက်တောင် ထွက်ပေါ်လာမလဲဆိုတာ မသိနိုင်ပါဘူး။ နန်းတွင်းကို ရောက်မယ့်သူတွေ၊ ဒေသန္တရ အုပ်ချုပ်ရေးကို ရောက်မယ့်သူတွေ ရှိလာမှာပါ။"
ကုန်သည်တွေက နာမည်ခံအနေနဲ့ ပညာရေးအတွက် လုပ်တယ်ဆိုပေမဲ့ တကယ်တမ်းကျတော့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံနေကြတာပါ။"
သေချာပေါက် အတုအယောင် ဂုဏ်သတင်းကို မက်မောသည့် အပိုင်းလည်း ပါဝင်သော်လည်း ဖန်ကျန်းရီ ထုတ်မပြောခဲ့ပေ။
ထိုကုန်သည်ကြီးများသည် သူတို့၏ ဘိုးဘေး နတ်စင်များကို စာသင်ကျောင်းတွင် ထားရှိပြီး စာတတ်ပေတတ်များ က နေ့တိုင်း လာရောက် ဂါရဝပြုမည်ဟု ကြားသိရချိန်မှာတော့ ကောင်းကင်ပေါ်သို့ ပျံတက်လုမတတ် ဝမ်းသာသွားကြသည်။
ဤနေရာလေး ရဖို့အတွက်တောင် အလုအယက် ဖြစ်နေကြသေး၏။
နတ်စင်တွေကို လုယူခြင်းလား။ ဖန်ကျန်းရီက သေချာပေါက် မလုယူနိုင်ပေ။
ဆန္ဒပြင်းပြမှု ပြီးသွားချိန်မှာတော့ သေချာပေါက် ထိုင်ပြီး ဆက်ဆွေးနွေးရမည်။ ဂုဏ်ထူးဆောင် ကျောင်းအုပ်ကြီး နေရာ လေးခုကို နောက်ဆုံးတွင် ငွေတုံး လေးထောင်ဖြင့် ရောင်းချနိုင်ခဲ့၏။
ထိုငွေများသည် စာသင်ကျောင်း၏ စားစရိတ် ဖြစ်သွားခဲ့သည်။
လက်ရှိလူများ၏ တုံ့ပြန်မှုကိုတော့ ဖန်ကျန်းရီ ရင်ထဲမှ အထင်သေးမိသည်။
အားလုံးက လောကဓံကို ကျော်ဖြတ်လာတဲ့ သူတွေချည်းပဲ။ စာအုပ် နှစ်အုပ်လောက် ပိုဖတ်ရုံနဲ့ ဖြူစင်တဲ့ သိုးလေးတွေလို ဟန်ဆောင်မနေကြနဲ့။
အခြေခံ အကျိုးစီးပွား ထိခိုက်လာပြီဆိုရင် နန်းတွင်းက ဒီလူတွေရဲ့ စိတ်က ဘယ်သူ့ထက်မဆို ပိုမည်းကြတယ်။
အာကာသကြည့် မှန်ပြောင်းနဲ့ ကြည့်ရင်တောင် အောက်ခြေက ဘယ်မှာလဲဆိုတာ မြင်ရမှာ မဟုတ်ဘူး။
ငါ့လို ကိုယ်ကျင့်တရား ရှိတဲ့ လူကြီးလူကောင်းကိုတောင် အထင်သေးရဲသေးတယ်ပေါ့။
ငါက တိုက်ရိုက် အိမ်ရာ သိမ်းဆည်းပစ်လို့ ရပေမဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး အကျိုးတူ ခံစားဖို့ ထိုင်ဆွေးနွေးခဲ့တယ်... အားလုံးက ဘယ်လောက်တောင် ပျော်ရွှင်ပြီး ကျေနပ်နေကြလဲ သူတို့ မသိကြဘူး။
"သေချာတာပေါ့။ ဒါအပြင် တခြား အကြောင်းပြချက်တွေလည်း ရှိပါသေးတယ်။
ဒီတစ်ခေါက် ကယ်ဆယ်ရေးမှာ ကုန်သည်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ မြို့တွင်းက ကုန်သည်တွေကလည်း ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ရဲ့ အသံတချို့ကို ထုတ်ဖော်ချင်ကြပါတယ်။ နန်းတွင်းကို သိစေချင်ကြပါတယ်။
သူတို့ကလည်း ကျင်းတိုင်းပြည်ကြီးရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး တိုင်းပြည်နဲ့ မိသားစုအတွက် အကျိုးပြုခဲ့ကြပါတယ်။"
ဒါကြောင့်... ကျွန်တော်မျိုး ထင်တာက နောင်တစ်ချိန်မှာ ဒီမိသားစုလေးခုက ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းသွားရင်တောင် နောက်ထပ် ကုန်သည်တွေ ဝင်ရောက်လာဖို့ ဆန္ဒရှိကြမှာပါ။
အဲဒီအချိန်က တာဝန်ကျ အရာရှိတွေက ကုန်သည်တွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။"
အရှင်မင်းကြီးသည် နားထောင်ပြီးနောက် မနေနိုင်ဘဲ ချီးကျူးစကား ဆိုလိုက်၏။ "ဖန်အမတ်က အမြော်အမြင် ကြီးမားလှတယ်။ မင်း ထွက်သွားပြီးနောက်ပိုင်း ကိစ္စတွေကိုတောင် ကြိုတွေးထားလိမ့်မယ်လို့ ကိုယ်တော် ထင်မထားခဲ့ဘူး။"
ဖန်ကျန်းရီက အမြန် ပြန်ဖြေလိုက်သည်။ "မင်းကြီး … ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ ဒုက္ခသည် အများစုက စောစောဖြစ်ဖြစ် နောက်ကျဖြစ်ဖြစ် အိမ်ပြန်ကြရမှာပါ။
"ကျွန်တော်မျိုး စိတ်ထဲမှာ အကြံအစည် တစ်ခု ရှိပါတယ်။ ဒါပေမဲ့ ကိစ္စက ကြီးမားလွန်းလို့ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို လိုအပ်ပါတယ်။"
"ဟားဟား.. ကောင်းပြီ။ အရင် မလောနဲ့အုံး။ ဒီနေရာမှာ ကြည့်ရတာ စုံသလောက် ရှိပြီဆိုတော့ မြို့ထဲကို အရင် ဝင်ကြရအောင်။"
တုရွှင်းသည် ခါးသီးသော သွားရည်များကို မြိုချလိုက်ပြီး စိတ်ထဲတွင် သေမတတ် ခံစားနေရ၏။
ကွာဟချက်ပဲ... လူသားတွေကြား ကွာဟချက်က ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ။
ဒီကောင်က လူသားဆန်တဲ့ အလုပ် တစ်ခုမှ မလုပ်ဘဲ အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေတာ။
ကုန်သည်တွေနဲ့ ပူးပေါင်းကြံစည်တာ ကောင်းတဲ့ ရလဒ် ထွက်လာနိုင်ပါ့မလား။ လောလောဆယ် ခဏတဖြုတ် လှည့်စားလို့ ရသွားပေမဲ့ နောင်ကျရင် ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူက ပြောနိုင်မှာလဲ။
မင်း ပါးစပ်ကနေ ပြောတာကတော့ အရမ်းကောင်းတယ်။ ဒါပေမဲ့ အရာအားလုံးက ခန့်မှန်းချက်တွေချည်းပဲ။
စာသင်ကျောင်းဆိုတဲ့ ကြီးမားတဲ့ ကိစ္စရပ်ကြီးမှာ နောင်ကျရင် ကျန်းကျန်မြို့ကနေ သင်ကြားပေးလိုက်တဲ့ ပညာတတ်တွေက ငွေကြေးနံ့တွေ နံစော်နေပြီး ကုန်သည်တွေအတွက်ပဲ စကားပြောပေးကြတော့မှာ မဟုတ်ဘူးလား။
ဒေါသထွက်စရာ အကောင်းဆုံးက အရှင်မင်းကြီးက ဒီလို လှည့်စားတာကို ခံလိုက်ရတာပဲ။
ဒါမှမဟုတ်... ငါ လူမလုပ်တော့ဘဲ နေလိုက်ရမလား။
တုရွှင်း၏ ခေါင်းထဲတွင် အတွေးများ တလဟော စီးဆင်းနေပြီး မသိမသာဖြင့် လူအုပ်ကြီးနှင့်အတူ မြို့တံခါးအနီးသို့ ရောက်ရှိသွားကြ၏။
ဖန်ကျန်းရီက နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။
ပြီးနောက် ကောင်းကင်သို့ လက်တစ်ချက် ဝှေ့ယမ်းပြလိုက်၏။
ဒုန်းခနဲ အသံနှင့်အတူ မြို့တံခါးမျှော်စင်ပေါ်တွင် စီစဉ်ထားသော တီးဝိုင်းက စတင် တီးမှုတ်လိုက်ကြသည်။
ရောင်စုံဖဲကြိုးများ၊ ပန်းပွင့်များက ဂီတသံနှင့်အတူ မြို့တံခါးမျှော်စင်ပေါ်မှ လွင့်ပျံကျလာပြီး ပန်းပွင့်ဖဲကြိုး မိုးရွာကျလာသကဲ့သို့ ဖြစ်သွားခဲ့၏။
လူတိုင်း အံ့အားသင့်သွားကြသည်။
အရှင်မင်းကြီးသည် အိပ်ဆောင်နယ်မြေနှင့် စာသင်ကျောင်းကို ကြည့်ရှုပြီးနောက် စိတ်အခြေအနေ အလွန် ကောင်းမွန်နေ၏။ နောက်လှည့်ကာ ဖန်ကျန်းရီကို ပြုံးစစဖြင့် ကြည့်လိုက်သည်။
ဒီကောင်လေးမှာ လှည့်ကွက် အသစ်တွေ ရှိသေးတယ်ပေါ့လေ။
ပန်းပွင့်မိုးများ အဆက်မပြတ် ရွာကျလာသည်နှင့်အမျှ ရောင်စုံ ခြယ်သထားသော ခိုတစ်အုပ်က မြို့တံခါးထဲမှ တဖျတ်ဖျတ် ပျံသန်းထွက်လာကြ၏။
ခိုလေးများ၏ ခြေတံသွယ်သွယ်လေးများပေါ်တွင် အနီရောင် စာတမ်းငယ် နှစ်ခုစီ ချည်နှောင်ထားသည်။
[အသက်ရာကျော် ရှည်ပါစေ]၊ [တိုင်းပြည်ကြီး အဓွန့်ရှည် တည်တံ့ပါစေ] စသည့် စာတမ်းများ ရေးသားထား၏။
သောက်ကျိုးနည်း။
လူတိုင်း ယခုအချိန်တွင် လုံးဝ မှင်တက်သွားကြသည်။
ကျိန့်ချောင်သည် ဖန်ကျန်းရီကို ကြည့်ကာ ရုတ်တရက် ရင်ဘတ်တစ်ခုလုံး ဆို့နင့်သွားသလို ခံစားလိုက်ရ၏။
နတ်ဆိုးကောင်... မင်း တကယ်ရော အမတ် ဟုတ်သေးရဲ့လား။
မင်း ဒီမှာ မျက်လှည့်ပြနေတာလား။ ဖားတဲ့နေရာမှာ ဒီလောက်တောင် နည်းလမ်းမရွေးတော့ဘူးလား။
အိမ်ရှေ့စံ၊ အိမ်ရှေ့စံက သူ့နောက်လိုက်နေတော့ ဘယ်လိုလုပ်မလဲ။
ကော်ထျန်းယန်သည် စာတမ်းငယ်များ ချိတ်ဆွဲကာ ကောင်းကင်ယံတွင် ပျံသန်းနေသော ရောင်စုံ ခိုများကို ကြည့်ရင်း ရုတ်တရက် ခါးသီးစွာ ပြုံးလိုက်မိ၏။
အရှင်မင်းကြီး၏ အမူအရာကို ကြည့်ရသည်မှာ ထပ်ပြီး ခံစားသွားရပုံပင်။
ငါ တစ်သက်လုံး ကြိုးစားခဲ့ပေမဲ့ အောင်မြင်တာ အကြိမ်ရေ အနည်းငယ်ပဲ ရှိတယ်။
ဒီလောက်ပါပဲ။
ဒီတစ်ဘဝတော့ မှီတော့မှာ မဟုတ်ပါဘူး။
ဖန်ကျန်းရီသည်လည်း ဤအကျိုးသက်ရောက်မှုကို တော်တော်လေး ကျေနပ်နေမိသည်။
သို့သော်ငြား စိတ်ထဲတွင် အနည်းငယ် နှမြောတသ ဖြစ်သွား၏။
ချီးတဲ့မှ ... ဒီလှည့်ကွက်တွေကို အစောကြီး ထုတ်သုံးလိုက်ရပြီ။ နောက်ဆိုရင် တခြားနေရာတွေကို တာဝန်ပေးတာမျိုး မလုပ်ပါစေနဲ့။
အစီအစဉ်အသစ်တွေ လုပ်ဖို့ ခက်တယ်။
ထို့နောက် ဖန်ကျန်းရီက အရှင်မင်းကြီး၏ ဘေးသို့ ကပ်သွား၏။ "မင်းကြီး .. မြို့ထဲ ဝင်တော်မူပါ။"
အရှင်မင်းကြီး၏ မျက်နှာ အနည်းငယ် နီမြန်းသွားပြီး အနေခက်စွာ ချောင်းနှစ်ချက် ဟန့်လိုက်သည်။ "အဟမ်း.. လျှောက်လုပ်ပြန်ပြီ။ မင်း ပိုပြီး တည်ငြိမ်လာပြီလို့ ကိုယ်တော် ခုနလေးတင် ပြောထားတာ။ နောက်ဆိုရင် မလုပ်နဲ့တော့။"
ဖန်ကျန်းရီ နှုတ်ခမ်းများ တွန့်ကွေးသွားအောင် ပြုံးလိုက်၏။
နားလည်ပြီ။ နောက်လည်း ဆက်လုပ်မယ်။
မြို့တွင်းသို့ ဝင်ရောက်လာချိန်တွင် တန်းစီရပ်နေသော ကုန်သည် နှစ်တန်းက ချက်ချင်း ဒူးထောက်လိုက်ကြသည်။
အားလုံးက စိတ်လှုပ်ရှားမှုများဖြင့် ညီညာစွာ အော်ဟစ်လိုက်ကြ၏။ "သာမန်အရပ်သားတွေ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"
ထို့နောက် သေသေသပ်သပ် ဦးညွှတ်လိုက်ကြသည်။
ဤအစီအစဉ်ကို မူလက ဖန်ကျန်းရီ စီစဉ်ရန် မရည်ရွယ်ခဲ့ချေ။ တချို့ကိစ္စများက လွန်ကဲသွားပါက ကစားလွန်းလျှင် အရသာပျက်သွားတတ်ပြီး အတိုင်းအတာကို ထိန်းချုပ်ရန် ခက်ခဲသည်။
သို့သော်ငြား အလုပ်သမားများ၏ အစားအသောက်ကို တိုးမြှင့်ပေးရန် ကုန်သည်ငယ် တချို့ကို ခေါ်ယူကာ အစည်းအဝေး တစ်ခု အထူး ပြုလုပ်ခဲ့ရ၏။
အပေးအယူ သတ်မှတ်ချက်က တခြား မဟုတ်ဘဲ အရှင်မင်းကြီးကို တွေ့မြင်ခွင့်ရမည့် တရားဝင် အခွင့်အရေး တစ်ခု ပေးရန်ပင်။
ဘုရင်မင်းမြတ်ကို တွေ့ရခြင်းမှာ ဖန်ကျန်းရီ အနေဖြင့် သိပ်ပြီး ထူးခြားသည်ဟု မခံစားရပေ။ အဘယ်ကြောင့်ဆိုသော် အချိန်မရွေး တွေ့နိုင်ပြီး အရှင်မင်းကြီး ကိုယ်တိုင်ပင် သူ့ကို အကြိမ်အနည်းငယ် ထမင်းစား ဖိတ်ဖူးသည်။
သို့သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးက သာမန် ပြည်သူများ၏ စိတ်ထဲတွင် အဓိပ္ပာယ် လုံးဝ ကွာခြားသွား၏။
ယနေ့ဘုရင်မင်းမြတ်ကို မြင်တွေ့ခွင့်ရခြင်းက တစ်သက်တာလုံး ကြွားလုံးထုတ်စရာ အရင်းအနှီး ဖြစ်သွားပေ လိမ့်မည်။
အပြင်မှာ ပြောပြလိုက်လျှင် မိသားစု မျက်နှာပွင့်မှာပင်။ ငွေနည်းနည်း ပိုကုန်ရတာ ထိုက်တန်ပါသည်။
သူ မျှော်လင့်ထားသည့်အတိုင်း အရှင်မင်းကြီးက ဤအစီအစဉ်ကို သိပ်ပြီး သဘောမကျကြောင်း သိသာလှ၏။ ထကြရန် ခပ်တိုးတိုး ပြောလိုက်ပြီးနောက် ကုန်သည်များကို လူစုခွဲခိုင်းလိုက်သည်။
ထို့နောက် နောက်လှည့်ကာ အခြံအရံ အမတ်များကို ပြောလိုက်၏။ "မင်းတို့အားလုံး လူစုခွဲလိုက်ကြ။ မြို့ထဲက နေရာအနှံ့ကို သွားကြည့်ပြီး လေ့လာကြ။ ကိုယ်တော် ဖန်အမတ်နဲ့ စကားနည်းနည်း ပြောစရာ ရှိတယ်။"
လူတိုင်း ထိုစကားကို ကြားသည်နှင့် ချက်ချင်း လူစုခွဲသွားကြ၏။ အထူးသဖြင့် လီယွမ်ကျောက်သည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး ကော်ထျန်းယန် တစ်ယောက်သာ နေရာတွင် ကျန်ရစ်ကာ အဖော်ပြုပေးနေသည်။
လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိ၏။ ဒီဖားတတ်တဲ့ ကောင်အနားကနေ မြန်မြန် ထွက်သွားမှ။ အကြာကြီး ကြည့်နေရင် မျက်စိစပါးမွှေးစူးမှာကို စိုးရိမ်တယ်။
အရှင်မင်းကြီး ဤသို့ ပြောလိုက်သည်ကို ကြားရချိန်မှာတော့ ဖန်ကျန်းရီ တော်တော်လေး အံ့သြသွားခဲ့သည်။
ငါ့ကို သီးသန့် စကားပြောမလို့လား။ ဘာအရေးကြီး ကိစ္စများ ပြောစရာ ရှိလို့လဲ။
ဒါမှမဟုတ်... ငါနဲ့ မင်းသမီးလေးရဲ့ ကိစ္စကို အရှင်မင်းကြီး သိသွားလို့များလား။