အခန်း ၂၆၄
Vol. 15 Ch. 264
အပိုင်း (၂၆၄) ပွင့်လင်းမြင်သာသော ဖန်ကျန်းရီ။
"ဒီအပေါ်က စာလုံးတွေက တကယ်တော့ ကြော်ငြာတွေပါ။"
"ကြော်ငြာတွေ။" အရှင်မင်းကြီးက ဖန်ကျန်းရီကို သံသယဖြင့် ကြည့်လိုက်၏။
"ဆိုင်းဘုတ်တွေ၊ ဝါဒဖြန့်တာတွေပါ။"
ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်သည်။ "တကယ်တော့ မြို့တွင်းက တည်ဆောက်ရေး လုပ်ငန်း အားလုံးအတွက် ရုံးတော်က ငွေတစ်ပြားမှ မထုတ်ခဲ့ရပါဘူး။ အဲဒီအစား ကုန်သည်တွေက တက်တက်ကြွကြွ ဆောက်လုပ်ပေးခဲ့ကြတာပါ။
အပေးအယူ အနေနဲ့ လမ်းမပေါ်မှာ ကြော်ငြာခွင့် ပြုထားပြီး အနာဂတ် နှစ်ငါးဆယ်စာ ပြုပြင်ထိန်းသိမ်းမှုကိုပါ ကုန်သည်တွေဆီ လွှဲအပ်ပေးထားပါတယ်။"
အရှင်မင်းကြီးသည် အဝေးမှ ခင်းကျင်းပြီးသော လမ်းအပိုင်းကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ "ဪ .. ဒီလိုကိုး။"
လမ်းပေါ်တွင် ကြော်ငြာများ များပြားသော်လည်း ရှုပ်ယှက်ခတ်နေခြင်း မရှိချေ။
မတည်ဆောက်မီက ဖန်ကျန်းရီသည် လူများကို ခေါ်ယူကာ အစည်းအဝေး ပြုလုပ် ဆွေးနွေးခဲ့သည်။
လမ်းမပေါ်တွင် ကြော်ငြာများ လုပ်မည်ဆိုလျှင်တောင် စည်းကမ်းတကျနှင့် အလှအပကို ထိန်းသိမ်းထားနိုင်မည့် အခြေအနေအောက်တွင်သာ တည်ဆောက်ရမည်။ ထို့ပြင် မတည်ဆောက်မီ ရုံးတော်သို့ ပုံကြမ်း တင်ပြရမှာဖြစ်ပြီး ယင်းတို့ကို စိစစ်ပြီးမှ ခွင့်ပြုခဲ့ခြင်း ဖြစ်၏။
လမ်းမများက တော်တော်လေး လှပနေပြီး ငွေမကုန်ရုံသာမက အမြတ်ပင် ရလိုက်သေးသည်။
အရှင်မင်းကြီးသည် နားထောင်ရင်း အဆက်မပြတ် ခေါင်းညိတ်နေပြီး မကျေနပ်စရာ မရှိချေ။
လမ်းကို ကြည့်ရှုပြီးနောက် အရှင်မင်းကြီးသည် အဝေးမှ အလုပ်သမားများကို လှည့်ကြည့်ကာ ရှေ့သို့ လျှောက်သွားလိုက်သည်။
အလုပ်သမား တစ်ဦးကို ကျပန်းရွေးချယ်ကာ မေးလိုက်၏။ "မင်းနာမည် ဘယ်လိုခေါ်လဲ။"
ခေါင်းငုံ့ကာ အလုပ်လုပ်နေသော ချန်စစ်ဝူသည် လူတစ်ဦး မေးမြန်းသံကို ကြားသည်နှင့် ခေါင်းမော့ကြည့်လိုက်ရာ ရိုးသားဖြူစင်သော ပုံစံပေါက်နေသည်။
ရုတ်တရက် အရှင်မင်းကြီး၏ ဘေးရှိ ဖန်ကျန်းရီကို မြင်လိုက်ရ၏။
ထို့ကြောင့် အံ့သြဝမ်းသာစွာဖြင့် ပြောလိုက်သည်။ "ဖန်မြို့ဝန် … သာမန်အရပ်သား ချန်စစ်ဝူ ဖန်မြို့ဝန်ကို ဂါရဝပြုပါတယ်။"
ဖန်ကျန်းရီသည် သူ့ကို မှတ်မိနေသေးသည်ကို မြင်ချိန်မှာတော့ မနေနိုင်ဘဲ ပြုံးလိုက်၏။ "ချန်စစ်ဝူ … ဒီသခင်ကြီးက ရုံးတော်ရဲ့ ဧည့်သည်တော်ပဲ။ သူဘာမေးမေး ဖြေလိုက် … ကြောက်စရာ မလိုဘူး။"
ချန်စစ်ဝူက ခေါင်းညိတ်လိုက်ပြီး မျက်လုံးများက ဟိုဒီ လှည့်ပတ်ကြည့်ကာ အရှင်မင်းကြီးကို အကဲခတ်နေခဲ့သည်။
ဤလူက အဆင့်အတန်း အလွန်မြင့်မားသူ ဖြစ်ကြောင်း သိသာလှပြီး ဖန်မြို့ဝန် ကိုယ်တိုင်တောင် အလေးထားရတဲ့သူဆိုတော့ သူ သေချာ ကြိုးစားပြမှ ဖြစ်မည်။
အရှင်မင်းကြီးသည် မေးခွန်းကို စဉ်းစားပြီးနောက် စတင် မေးမြန်းလိုက်၏။ "မင်း စိုးရိမ်စရာ မလိုပါဘူး။ မင်းတို့ရဲ့ လစဉ်လစာက ဘယ်လောက်လဲ။"
"ငွေကြေး နှစ်မူးပါ။"
ဘေးပတ်လည်ရှိ အလုပ်သမားများက ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။
အားလုံးက တစ်မူးပဲ ရတာလေ။ မင်းက ငွေကြေး နှစ်မူးရတယ်ပေါ့လေ။ မင်း မျက်နှာပြောင်တိုက်နေတာလား။
ချန်စစ်ဝူသည် လိမ်ညာပြောဆိုခြင်း မဟုတ်ပေ။ အလုပ်သမားများ အချင်းချင်း လစာအကြောင်း ပြောဆိုခွင့် မရှိပေ။
သူက တစ်လလျှင် တကယ်ကို နှစ်မူး ရရှိသည်။ အကြောင်းမှာ သူက အဆင့်မြင့် အလုပ်ကြမ်းသမား ဖြစ်သောကြောင့် လစာညှိနှိုင်းရာတွင် အခြားသူများထက် အနည်းငယ် ပိုရခြင်း ဖြစ်၏။ အလုပ်ကတော့ အတူတူပင် ဖြစ်သည်။
"ဒါဆို မင်းတို့ နေ့တိုင်း အလုပ်လုပ်ရတာ ပင်ပန်းလား။ နားချိန်ရော ဘယ်လိုနေလဲ။ အမှန်အတိုင်း ပြော။"
ချန်စစ်ဝူ တစ်ကိုယ်လုံး တုန်ယင်သွား၏။ "ပင်ပန်းတာပေါ့။ သေမတတ် ပင်ပန်းတာပဲ။"
"..." ဖန်ကျန်းရီ။
"ကျစ်... ခင်ဗျားတို့ကို အလုပ်ဆင်းချိန်၊ အလုပ်သိမ်းချိန်နဲ့ ပိတ်ရက်တွေ သတ်မှတ်ပေးထားတယ် မဟုတ်လား။ ခင်ဗျားတို့ရဲ့ သူဌေးက တိတိကျကျ မလုပ်ဘူးလား။"
ချန်စစ်ဝူက ဝမ်းနည်းစွာ ပြောလိုက်သည်။ "ဟုတ်ကဲ့။ လုပ်ပါတယ်။ ဒါပေမဲ့ သူတို့က အစားထိုး နားရက်ပေးမယ်လို့ ပြောတယ်။ အရင် လုပ်ထားခိုင်းပြီး ပိုလုပ်ထားတဲ့ အလုပ်တွေကို ပေါင်းတွက်ပြီး အားလပ်ရက် အရှည်ကြီး ပေးမယ်တဲ့။"
ဖန်ကျန်းရီက အမြန် မေးလိုက်၏။ "ဒါဆို အားလပ်ရက် အရှည်ကြီး ပေးပြီလား။"
"မကြာတော့ပါဘူး။ မကြာတော့ပါဘူး။ သူဌေးက လကုန်ရင် ပိတ်ရက်ပေးမယ်လို့ ပြောတယ်။ အကယ်၍ ပိတ်ရက်မှာ အလုပ်လုပ်မယ်ဆိုရင် တစ်ရက်ကို ကြေးပြား ဆယ်ပြား ပိုရမယ်တဲ့။ အားလုံးက ကိုယ့်သဘောနဲ့ကိုယ် လုပ်ကြတာပါ။"
ဖန်ကျန်းရီ၏ မျက်နှာ အနည်းငယ် ကြည်လင်သွားခဲ့သည်။
ဒါဆိုလည်း မဆိုးပါဘူး။ ကြေးပြား ဆယ်ပြားဆိုတာ နည်းနည်း နည်းပေမဲ့ … လူတိုင်းက ကိုယ့်သဘောနဲ့ကိုယ် လုပ်ကြတာပဲ။ အလုပ်သမားတွေ အချိန်ပိုကြေး ရချင်တာကို တားလို့ရမလား။
ကိုယ့်အနေနဲ့ လုပ်ရမှာက ကုန်သည်တွေက အလုပ်သမားတွေကို လိမ်ညာခြင်း ရှိမရှိ ဆိုတာကို စောင့်ကြည့်ဖို့ပဲ။ လစာဘယ်လောက်ဆိုတာကိုတော့ အခု အတင်းအကျပ် သတ်မှတ်လို့ မရသေးဘူး။
အရှင်မင်းကြီး ဆက်မေးလိုက်၏။ "ပုံမှန်ဆို ဘယ်မှာ စားလဲ။ ဘယ်လို စားရလဲ။"
ချန်စစ်ဝူက အမြန် ဖြေလိုက်သည်။ "ပုံမှန်ဆိုရင် လုပ်ငန်းခွင်မှာပဲ စားပါတယ်။ ဒီနားနဲ့ မဝေးတဲ့နေရာမှာ အလုပ်သမားတဲ ရှိတယ်။ ထမင်းစားချိန်ရောက်ရင် ထမင်းလာပို့ပေးပါတယ်။ အရမ်းကို စားလို့ကောင်းတာပဲ။"
ထိုသို့ ပြောရင်း ဘေးဘက်သို့ ပြေးသွားကာ သစ်သား ထမင်းဘူး တစ်ဘူးကို ယူလာပြီး အဖုံးဖွင့်ကာ အရှင်မင်းကြီးကို ပြသလိုက်၏။ "သခင်ကြီး ကြည့်ပါ။ ဒါက ကျုပ်ဒီနေ့ စားရမယ့် ထမင်းဟင်းတွေပါ။"
အရှင်မင်းကြီးက တစ်ချက်ကြည့်လိုက်ရာ အထဲတွင် ရေလုံပြုတ် ဟင်းသီးဟင်းရွက် တော်တော်များများ၊ အဆီတစ်ဝက် အသားတစ်ဝက် အသားပြား နှစ်ပြားနှင့် ဆားနယ်ဟင်းသီးဟင်းရွက် အနည်းငယ် ပါဝင်သည်ကို တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ မဆိုးပေ။ စစ်တိုက်ထွက်ချိန်တွင် ဤအရာများကို စားရလျှင်တောင် ကောင်းသည်ဟု ဆိုရမည်။
အရှင်မင်းကြီးက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ချန်စစ်ဝူသည် နှုတ်ခမ်းကို သပ်ကာ ဖန်ကျန်းရီကို တိတ်တဆိတ် တစ်ချက် ကြည့်လိုက်သည်။ ခုနက စကားမှားသွားလို့ မြို့ဝန် ဒေါသထွက်သွားပုံရတယ်။ အခြေအနေကောင်းအောင် နားဝင်ချိုမယ့် စကားတချို့ တီထွင်ပြီးပြောရမယ်။
ထို့နောက် နှုတ်ခမ်းကို မဲ့ကာ ပြောလိုက်၏။ "အာ... နေ့တိုင်း အဆီတွေချည်း စားနေရလို့ အပူကန်နေပြီ။"
"…..”
ချန်စစ်ဝူ ရုတ်တရက် ဤသို့ ပြောလိုက်သောကြောင့် အရှင်မင်းကြီးနှင့် ကော်ထျန်းယန်တို့ နှစ်ဦးစလုံး မှင်တက်သွားကြသည်။
ကျန်းကျန်မြို့က ဒုက္ခသည်တွေ အားလုံး ဒီလိုဖြစ်နေကြပြီလား။ စားလွန်းလို့ အပူကန်နေပြီလား။
ဘေးရှိ အလုပ်သမားများသည် ချန်စစ်ဝူ၏ စကားကို ကြားသည်နှင့် ထပ်မံ၍ ဒေါသတကြီး စိုက်ကြည့် လိုက်ကြပြန်၏။
သောက်ကျိုးနည်း... လူအုပ်ထဲမှာ အလုပ်သမား သစ္စာဖောက် ရှိနေတာပဲ။ အဆီအဆိမ့် စားရတာ နှစ်ရက်ပဲ ရှိသေးတယ်။ အရာရှိကြီးကို မြင်တာနဲ့ မင်းက လေလုံးထွားနေပြီလား။
ချန်စစ်ဝူဆိုတဲ့ ဒီခွေးကောင်ကို အိပ်ဆောင်ပြန်ရောက်ရင် အားလုံး ဝိုင်းရိုက်ကြမယ်။
ဤအခြေအနေ အားလုံးသည် အရှင်မင်းကြီး၏ မျက်စိအောက်တွင် ရှိနေသော်လည်း မျက်နှာထားကတော့ တည်ငြိမ်နေဆဲ ဖြစ်၏။
ဖန်ကျန်းရီကတော့ သဘောကျလွန်း၍ လက်မထောင်ပြလိုက်မိသည်။
အရည်အချင်းပဲ။ သေးငယ်တဲ့ လုပ်ငန်းခွင်ထဲမှာတောင် ဉာဏ်ကြီးရှင်တွေ ပုန်းအောင်းနေတာပဲ။
ရှားပါတယ်။ ရှားပါတယ်။ ဇာတ်ညွှန်း မပေးထားဘဲနဲ့တောင် ကိုယ့်ဘာသာကိုယ် ကောင်းကောင်း ဖန်တီးနိုင်တာပဲ။
အခြေအနေ ကောင်းသည်ကို မြင်ချိန်မှာတော့ ချန်စစ်ဝူသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားခဲ့၏။
အရှင်မင်းကြီးက ချက်ချင်း ထပ်မေးလိုက်သည်။ "ဒီထမင်းဘူးက အခမဲ့ ပေးတာလား။"
"ဟုတ်ကဲ့။ အခမဲ့ ပေးတာပါ။ တစ်နေ့ နှစ်နှပ်ပါ။"
အရှင်မင်းကြီးသည် ဖန်ကျန်းရီဘက်သို့ လှည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ "ကိုယ်တော့်အတွက် တစ်ပွဲလောက် ပြင်ဆင်ပေးပါ။ ဟဲဟဲ... လူကို အပူကန်စေတဲ့ ထမင်းဘူးကို ကိုယ်တော် မြည်းစမ်းကြည့်ချင်တယ်။"
ဖန်ကျန်းရီ အနေခက်စွာ ပြုံးလိုက်သည်။
ချန်စစ်ဝူ၏ ထမင်းဘူးကို ယူရန် ခေါင်းငုံ့ကာ မေးလိုက်၏။ "အလုပ်သမားတဲမှာ ထမင်း ရှိသေးလား။"
"ရှိတယ်။ ဒါပေမဲ့... ဒုတိယ တစ်ပွဲဆိုရင်တော့ ငွေပေးရလိမ့်မယ်။"
ချန်စစ်ဝူက ပြောပြီးနောက် မသင့်တော်ဘူးဟု ခံစားရသဖြင့် အမြန် ထပ်ဖြည့်ပြောလိုက်သည်။ "ဒါပေမဲ့ မဈေးကြီးပါဘူး။ မြို့ဝန် လိုချင်ရင် ယူသွားလိုက်ပါ။ ကျွန်တော်မျိုး ထပ်သွားဝယ်လိုက်မယ်။"
ဖန်ကျန်းရီသည် သရဲတစ္ဆေကဲ့သို့ မြန်ဆန်သော လှုပ်ရှားမှုဖြင့် အင်္ကျီလက်ထဲမှ တန်ဖိုးကြီး ငွေစက္ကူ တစ်ရွက်ကို ထုတ်ကာ ချန်စစ်ဝူ၏ အင်္ကျီလက်ထဲသို့ ထိုးထည့်ပေးလိုက်၏။
ပြီးနောက် နားနားသို့ ကပ်ကာ ပြောလိုက်သည်။ "ငွေစက္ကူကို ယူထား။ …. အသံမထွက်နဲ့။"
ပြောပြီးသည်နှင့် ထရပ်ကာ အရှင်မင်းကြီး၏ ဘေးသို့ လျှောက်သွားခဲ့၏။
ချန်စစ်ဝူသည် အင်္ကျီလက်ထဲရှိ ငွေစက္ကူကို စမ်းကြည့်လိုက်ပြီး တစ်ခဏမျှ မှင်တက်သွားကာ စိတ်ထဲတွင် အတွေးများ တလဟော စီးဆင်းနေတော့သည်။
အရှင်မင်းကြီးသည် ဖန်ကျန်းရီက ချန်စစ်ဝူ၏ ထမင်းဘူးကို ယူလာသည်ကို မြင်ချိန်မှာတော့ မျက်မှောင်ကြုတ်သွား၏။ "မင်းက သူ့ဟာကို ယူလာတော့ သူက ဘာစားမလဲ။ ပြန်ပေးလိုက်။"
"စိတ်ချပါ မင်းကြီး။ ကျွန်တော်မျိုး သူ့ကို ငွေပေးခဲ့ပြီးပါပြီ။ အလုပ်သမားတဲမှာ ထမင်း ရှိပါသေးတယ်။"
ထိုစကားကို ကြားသည်နှင့် အရှင်မင်းကြီး ခေါင်းညိတ်လိုက်ပြီးနောက် လုပ်ငန်းခွင်မှ ထွက်ခွာသွားခဲ့သည်။
သူတို့သုံးဦးသည် မြို့တွင်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို တိုက်ရိုက် ရှာဖွေလိုက်ကြ၏။
အရှင်မင်းကြီးသည် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ ထမင်းဘူးကို ဖွင့်လိုက်ပြီး ဖန်ကျန်းရီကို ပြုံးလျက် ပြောလိုက်သည်။ "ကိုယ်တော် ဒီနေ့ မနက်စာ မစားရသေးဘူး။ အခု တော်တော် ဆာနေပြီ။ အတော်ပဲ ဒီတစ်နပ်ကို စားလိုက်တော့မယ်။"
"မင်းတို့ နှစ်ယောက်ရော ဆာနေပြီလား။"
ဖန်ကျန်းရီနှင့် ကော်ထျန်းယန်တို့က ခေါင်းခါပြလိုက်ပြီးနောက် လက်ဖက်ရည် တစ်အိုး မှာယူကာ အရှင်မင်းကြီး ထမင်းစားသည်ကို စောင့်နေကြ၏။
အရှင်မင်းကြီးသည် ရွံရှာသော အရိပ်အယောင် လုံးဝ မပြဘဲ တူကို ကိုင်ကာ စတင် စားသောက်လိုက်ပြီး ဟင်းတစ်မျိုးစီကို တစ်ချက်စီ မြည်းစမ်းကြည့်လိုက်သည်။
အဆီကို ညှပ်ကာ မျက်စိရှေ့သို့ မြှောက်ပြရင်း သက်ပြင်းချလိုက်၏။ "ကိုယ်တော် အရင်က စစ်တိုက်ထွက်ပြီး အခက်အခဲ တွေ့ချိန်တုန်းက လက်အောက်က စစ်သည်တွေတောင် ဒီလို ထမင်းဟင်းမျိုး စားရဖို့ မလွယ်ဘူး။
နည်းနည်းပေါ့ပေမဲ့ ဗိုက်ဝဖို့တော့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ တကယ်ပဲ နေ့တိုင်း ဒီလို စားနိုင်ကြလို့လား။"
ဟဲဟဲ... အရှင်မင်းကြီးက ကျုပ်ကို သတိပေးနေတာပဲ။
ဖန်ကျန်းရီက ခပ်ဖွဖွ ပြုံးလိုက်သည်။ "သေချာပေါက် မစားနိုင်ပါဘူး။"
"ဒါတွေ အားလုံးက အရှင်မင်းကြီး ရောက်လာလို့ ကျွန်တော်မျိုးက လူရှာပြီး အပိုဆောင်း ကျွေးမွေးခိုင်း ထားတာပါ။
ပုံမှန်ဆိုရင် သူတို့က ထမင်းထဲမှာ အသားမွလေးတွေ ရံဖန်ရံခါလောက်ပဲ စားရတာပါ။ ဘယ်လိုလုပ် အဆီတွေ စားနိုင်ပါ့မလဲ။
ခုနက ချန်စစ်ဝူက တော်တော် လည်ပါတယ်။ ကျွန်တော်မျိုးအတွက် ဟန်ဆောင်ပေးချင်နေတာပါ။"
“…….”
အရှင်မင်းကြီးနှင့် ကော်ထျန်းယန်တို့သည် မျက်လုံးပြူးကာ ဖန်ကျန်းရီကို ကြည့်လိုက်ကြပြီး ဤကောင်လေးက ဤမျှ ရိုးသားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။ အကုန် ဝန်ခံလိုက်သည်လား။
ခဏတာ မှင်တက်သွားပြီးနောက် အရှင်မင်းကြီး ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ရာ လမ်းမပေါ်ရှိ လူတိုင်းက လှည့်ကြည့်လာကြတော့၏။
"ဟားဟား … ဖန်အမတ် မင်းက တကယ်ကို ရိုးသားပြီး ဘာမှ မဖုံးကွယ်တတ်သူဖြစ်မယ်လို့ ကိုယ်တော် ထင်မထားခဲ့ဘူး။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "ကျွန်တော်မျိုးက အမြဲတမ်း ပွင့်လင်းပါတယ်။ ရှိတာကို ရှိတဲ့အတိုင်း ပြောတာပါ။ အရှင်မင်းကြီးကို သေချာပေါက် လိမ်ညာမှာ မဟုတ်ပါဘူး။"
စကားဆုံးသည်နှင့် အရှင်မင်းကြီး ထပ်မံ၍ အားရပါးရ ရယ်မောလိုက်ပြန်၏။
ရုတ်တရက် ကြီးမားသော မကျေနပ်မှုနှင့် မနာလိုစိတ် တစ်ခုက ဖန်ကျန်းရီကို လွှမ်းခြုံသွားခဲ့သည်။
ကော်ထျန်းယန်သည် ခေါင်းငုံ့ထားပြီး မကျေနပ်မှုများ ပြည့်နှက်နေကာ အံကြိတ်ထားမိလုမတတ် ဖြစ်သွား၏။
သောက်ကျိုးနည်း... သူ အလုပ်လုပ်တာကို မင်းကြီးက သဘောကျတယ်ဆိုတာ ထားလိုက်တော့။ တကယ်လည်း လုပ်နိုင်လို့လေ။
သူ ဟန်ဆောင်တာ၊ လိမ်ပြောတာကိုပါ မင်းကြီးက သဘောကျနေသေးတာလား။ မင်းကြီးက ဘာလို့ ဒီလောက်တောင် ပေါက်ပန်းလေးဆယ်တွေ ကြိုက်နေရတာလဲ။
ငါ တကယ်ကို စိတ်ဓာတ်ကျတယ်။