အခန်း ၂၆၅
Vol. 15 Ch. 265
အပိုင်း (၂၆၅) ဧကရာဇ်နှင့် အမတ် စကားပြောဆိုခြင်း။
ထမင်းဘူးကို စားသောက်ပြီးနောက် အရှင်မင်းကြီးသည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်ပြီး ဟန်မလုပ်ဘဲ ပြောလိုက်၏။ "ကိုယ်တော် ပန်းရှန်း သတင်းစာတိုက်ကို လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတယ်။ ကျန်းကျန်မြို့က ဒုက္ခသည်တွေက မင်းတို့ သတင်းစာတိုက်က သတင်းထောက် တွေထက် ပိုကောင်းကောင်း စားရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
သတင်းစာတိုက်က သတင်းထောက်တွေက ဆားရည်ကို သောက်ပြီး မန်ထိုကို စားရတယ်လို့ ကိုယ်တော် ကြားတယ်။ ဟင်းကြော်ရင်လည်း ဆီမထည့်ဘူး။ ဟင်းနှိုက်ရင်လည်း တစ်ဝက်ပဲ ခူးခွင့်ရတယ်ဆိုတာ ဘယ်လိုဖြစ်ရတာလဲ။
အာ... ဒါက။ မဟုတ်သေးပါဘူး မင်းကြီး။ ကျွန်တော်မျိုး သူတို့ကို ကြက်ဥဟင်းရည် သောက်ခိုင်းထားတာပါ။ ဘယ်လိုလုပ် ဆားရည် ဖြစ်သွားရတာလဲ။" ဖန်ကျန်းရီ မျက်နှာတစ်ခုလုံး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
အရှင်မင်းကြီးက သူ့ကို တစ်ချက်စောင်းကြည့်လိုက်၏။ "ကြက်ဥဟင်းရည် သောက်ရတယ် ဆိုရင်တောင် ကျန်တဲ့ဟာတွေကတော့ မှားနေမှာ မဟုတ်ဘူးမလား။ ဒါက တကယ်တော့ ဘာအခြေအနေလဲ။ မင်းက ဒုက္ခသည်တွေအပေါ် တော်တော် ရက်ရောတာကို ကိုယ်တော် မြင်တွေ့ရပေမဲ့ သတင်းထောက်တွေ အပေါ်ကျတော့ ဘာလို့ ဒီလောက် ကပ်စေးနှဲနေရတာလဲ။"
အဲဒါက ကျုပ်ရဲ့ ငွေတွေ ကုန်နေတာလေ။ သတင်းစာတိုက်က အမြတ်မရသေးဘူး။ သတင်းထောက်တွေကလည်း တောက်ယွမ်ခရိုင်ရဲ့ အိမ်ထောင်စုစာရင်းဝင်တွေမှ မဟုတ်တာ။ ဘာအချောင် လာနှိုက်ချင်နေတာလဲ။
အရှင်မင်းကြီး သိသွားလိမ့်မည်ဟု ထင်မထားခဲ့သောကြောင့် ဖန်ကျန်းရီမှာ ငိုချင်လျက် မျက်ရည်မထွက်နိုင် ဖြစ်သွားပြီး အတင်း ဆင်ခြေပေးလိုက်သည်။ "မင်းကြီး… သတင်းထောက်တွေဆိုတာ လူ့အဖွဲ့အစည်းရဲ့ တရားမျှတမှုကို ဖော်ထုတ်ဖို့ ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်နေရတာပါ။
နေ့တိုင်း ပြင်ပက ဖြားယောင်းသွေးဆောင်မှုတွေက အဆက်မပြတ် ရှိနေပါတယ်။ စဉ်းစားကြည့်ပါ။ သတင်းထောက်တွေကသာ စိတ်ဓာတ်မခိုင်မာဘဲ လာဘ်စားခဲ့မယ်ဆိုရင် သတင်းစာတိုက်ရဲ့ အခြေခံအုတ်မြစ်က တစ်ခဏအတွင်းမှာ ပျက်စီးသွားမှာ မဟုတ်ဘူးလား။
ဆိုရိုးစကား ရှိတယ် မဟုတ်လား။ ကောင်းကင်ဘုံက ကြီးမားတဲ့ တာဝန်တွေ ချပေးတော့မယ်ဆိုရင် သူတို့ရဲ့ စိတ်ဓာတ်ကို အရင်ဆုံး ဆင်းရဲဒုက္ခ ခံစားစေရမယ်။ သူတို့ရဲ့ အရိုးအကြောတွေကို ပင်ပန်းစေရမယ်။ ခန္ဓာကိုယ်ကို ဆာလောင်စေရမယ်။ ဘာမှ မရှိအောင် လုပ်ရမယ်တဲ့။ ကျွန်တော်မျိုးက သူတို့ရဲ့ စိတ်ဓာတ်ခွန်အားကို လေ့ကျင့်ပေး နေတာပါ။
သူတို့ ရင့်ကျက်လာတဲ့ အချိန်ကျရင် ကျွန်တော်မျိုးက သူတို့ကို လစာတိုးပေးပြီး ကောင်းကောင်း စားခိုင်းမှာပါ။"
ကော်ထျန်းယန်သည် စိတ်ထဲမှ တိတ်တဆိတ် တံတွေးထွေးလိုက်မိ၏။ တကယ်ကို လူယုတ်မာပဲ။ ဒီခံစားခွင့်က အဝတ်လျှော်ဆောင်က မိန်းမစိုးတွေနဲ့တောင် သွားတူနေပြီကို မျက်နှာပြောင်တိုက်ပြီး ဆင်ခြေပေးရဲသေးတယ်။
အရှင်မင်းကြီးသည် နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ "မဆိုးဘူး … အကြောင်းပြချက်တော့ ရှိတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက နည်းနည်းတော့ လွန်ကဲနေတယ်။ သတင်းထောက်တွေက နေ့တိုင်း အရမ်း ပင်ပန်းရတယ်လို့ ကိုယ်တော် ကြားထားတယ်။ နောက်ဆိုရင် သူတို့ကို နည်းနည်း ပိုကောင်းအောင် ကျွေးလိုက်။"
ဖန်ကျန်းရီ အလျင်စလို ဖြေလိုက်၏။ "ရှိပါတယ်။ သတင်းစာတိုက်မှာ ခံစားခွင့်တွေ ရှိပါတယ်။ အရှင်မင်းကြီး မသိတာ ဖြစ်နိုင်ပါတယ်။"
"တန်ဖိုးမရှိတဲ့ ကျောက်ခဲတွေကို ဆုအဖြစ် ပေးတယ်ဆိုတာ ကိုယ်တော် သိတယ်။"
"..."
ဖန်ကျန်းရီ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားခဲ့၏။ ဘယ်လိုလုပ် တန်ဖိုးမရှိရမှာလဲ။ ရောင်းလိုက်ရင်တောင် အများကြီး မြတ်နေပြီကို။
အရှင်မင်းကြီးက သူ့ကို အထင်သေးစွာ ကြည့်လိုက်သည်။ "ဆက်ပြောနေစရာ မလိုတော့ဘူး။ နောက်ဆိုရင် သတင်းထောက်တွေရဲ့ ထမင်းဟင်းက အနည်းဆုံးတော့ ဒုက္ခသည်တွေနဲ့ တန်းတူ ဖြစ်ရမယ်။"
သတင်းထောက်နဲ့ ဒုက္ခသည် တန်းတူတဲ့လား။
ဖန်ကျန်းရီ၏ မျက်လုံးများ ကလည်ကလည် ဖြစ်သွား၏။ "ရပါတယ်။ ကျွန်တော်မျိုး ပြန်ရောက်တာနဲ့ ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်။"
အရှင်မင်းကြီး ဆက်ပြောလိုက်သည်။ "ကဲ... အဲဒီ ဒုက္ခသည်တွေကို မင်း ဘယ်လို နေရာချထားဖို့ စီစဉ်ထားလဲဆိုတာ ကိုယ်တော့်ကို ပြောပြစမ်းပါ။"
ဖန်ကျန်းရီက အတွေးများကို စီစဉ်ပြီး တည်ငြိမ်စွာ လျှောက်တင်လိုက်၏။ "မင်းကြီးကို လျှောက်တင်ပါတယ်။ မြို့တွင်းက တည်ဆောက်ရေး စီမံကိန်း အားလုံးရဲ့ အများစုက တစ်နှစ်အတွင်း အသီးသီး ပြီးစီးသွားမယ်လို့ ကျွန်တော်မျိုး ခန့်မှန်းထားပါတယ်။
ခန့်မှန်းခြေ တစ်နှစ်ကြာပြီးရင် ဒီအထဲက လူတော်တော်များများက ကိုယ့်နေရပ်ကို အသီးသီး ပြန်ကြပါလိမ့်မယ်။
ကြီးမားတဲ့ ဘေးအန္တရာယ်ကြီးအတွင်း မြေရှင် တော်တော်များများလည်း ကြီးမားတဲ့ ထိခိုက်မှုတွေ ရခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြတဲ့အတွက် လယ်မြေ တော်တော်များများ လွတ်သွားမှာ သေချာပါတယ်။
အရင်က မြေတိုင်းတာမှုတွေမှာ အမှားအယွင်းတွေ ရှိနိုင်တဲ့အတွက် ဒီအချိန်မှာ လူအင်အား တိုးချဲ့ပြီး လယ်မြေတွေကို ပြန်လည် တိုင်းတာသင့်တယ်လို့ ကျွန်တော်မျိုး အကြံပြုချင်ပါတယ်။
ပြီးမှ ပိုင်ရှင်မဲ့ မြေတွေကို ဒုက္ခသည်တွေဆီ ခွဲဝေပေးပြီး သုံးနှစ်စာ သီးစားခ ကင်းလွတ်ခွင့် ပေးသင့်ပါတယ်။ ဒါပေမဲ့ လယ်မြေ ဧက နှစ်ဆယ်လောက်မှ မိသားစု လေးယောက်ကို လုပ်ကျွေးနိုင်မှာမို့ လယ်မြေက မလုံလောက်တာမျိုး ဖြစ်နိုင်ပါတယ်။
ဒီကိစ္စအတွက်ကတော့ ဘဏ္ဍာရေးဝန်ကြီးဌာနကို ငွေချပေးဖို့ တောင်းဆိုပြီး ဒုက္ခသည်တွေ အခက်အခဲကို ကျော်ဖြတ်နိုင်အောင် ကူညီပေးရမှာပါ။
ကန်စွန်းဥတွေကို အပြည့်အဝ စိုက်ပျိုးနိုင်တဲ့ အချိန်ရောက်ရင်တော့ ဘာမှ ပူပန်စရာ မလိုတော့ပါဘူး။"
အရှင်မင်းကြီးသည် နားထောင်ပြီးနောက် မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး ပေါ်လာခဲ့၏။ "ကောင်းတယ်။ ကိုယ်တော့်ရဲ့ အတွေးနဲ့ အတိအကျ တူညီနေတာပဲ။ ဒီကိစ္စအတွက် မင်း ပူပန်နေစရာ မလိုတော့ဘူး။ ကိုယ်တော် လူလွှတ်ပြီး လုပ်ခိုင်းလိုက်မယ်။"
ထို့နောက် သက်ပြင်းချလိုက်ပြန်သည်။ "မင်းက စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး အလုပ်လုပ်ရင် ဘာကိုမှ ဂရုမစိုက်တဲ့အတွက် အိမ်ရှေ့စံကို လမ်းမှားရောက်သွားစေမှို ကိုယ်တော် တကယ် စိုးရိမ်ခဲ့တာ။
အခုလို ကိုယ်တိုင် လာကြည့်ပြီးတဲ့နောက်မှာတော့ မင်းကို အသစ်တစ်ဖန် ပြန်လည် သိကျွမ်းလိုက်ရသလိုပဲ။ အိမ်ရှေ့စံက မင်းအနားမှာ ရှိနေတာကို ကိုယ်တော် သိပ်ပြီး စိုးရိမ်နေစရာ မလိုတော့ဘူး။"
ဖန်ကျန်းရီ ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။
ဒီစကားကို ကြားရတာက …။
ကျုပ် လုပ်သမျှ ကိစ္စတိုင်းမှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိတယ်လေ။ ဘာကိုမှ ဂရုမစိုက်ဘူး ဆိုတာက ဘာစကားလဲ။
အရှင်မင်းကြီး ဆက်ပြောလိုက်သည်။ "ကိုယ်တော် ကျန်းကျန်မြို့ နယ်နိမိတ်ထဲ ခြေချလိုက်တာနဲ့ နျဲ့ကျန်းက အိမ်ရှေ့စံရဲ့ သတင်းတွေကို လျှောက်တင်ခဲ့ပြီးပြီ။
အိမ်ရှေ့စံ လုပ်ခဲ့တဲ့ ကိစ္စရပ်တိုင်းကို ကိုယ်တော် စိတ်ထဲမှာ မှတ်ထားပါတယ်။
အစပိုင်းတုန်းက ကိုယ်တော် သူ့ကို အမြဲတမ်း စိုးရိမ်နေခဲ့တာ။ အိမ်ရှေ့စံရဲ့ စရိုက်က ဧကရာဇ်ဟောင်း ငယ်ငယ်တုန်းကနဲ့ နည်းနည်း ဆင်တူတယ်။ လှုပ်ရှားရတာကို ကြိုက်တယ်၊ သိုင်းပညာကို ဝါသနာပါတယ်၊ ပြီးတော့ တာအိုကျင့်စဉ်တွေကိုလည်း ယုံကြည်တယ်။
သူ့ရဲ့ အကျင့်စရိုက်တွေကို ပြင်ဆင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ကိုယ်တော်က အကောင်းဆုံး ဆရာတွေ၊ အကောင်းဆုံး ပတ်ဝန်းကျင်ကို ရှာပေးခဲ့တာပါ။ ဧကရာဇ်ဟောင်းရဲ့ လမ်းဟောင်းကို မလိုက်မိစေဖို့ တိုင်းပြည်ကို စောင့်ရှောက်နိုင်မယ့် ဘုရင်ကောင်း တစ်ပါး ဖြစ်လာရင်ပဲ လုံလောက်ပါပြီ။
မင်းနဲ့ တွေ့ဆုံပြီးတဲ့နောက် ဒီနေ့လို အခြေအနေမျိုး ပြောင်းလဲသွားလိမ့်မယ်လို့ ကိုယ်တော် ထင်မထားခဲ့ဘူး။"
စကားပြောရင်းနှင့် အရှင်မင်းကြီး ထပ်ရယ်လိုက်ပြန်၏။
"ဖန်အမတ် .. အိမ်ရှေ့စံက မင်းနဲ့ တွေ့ပြီးတာနဲ့ ဒီလောက်ကြီးတဲ့ အပြောင်းအလဲမျိုး ရုတ်တရက် ဖြစ်သွားတယ်။ မင်းမှာ လူရိုက်တာအပြင် ကိုယ်တော့်ကို မပြောပြထားတဲ့ တခြား နည်းလမ်းတွေများ ရှိနေသေးတာလား။"
ဖန်ကျန်းရီ အလွန် အနေခက်သွားခဲ့သည်။
ကျုပ် ဘာတွေ သင်ပေးလိုက်လို့လဲ။ ကျုပ်က လွှတ်ထားပြီးမှ သင်ကြားတဲ့ ပညာရေးစနစ်ကို သုံးတာလေ။ အိမ်ရှေ့စံက ကျုပ် သင်ပေးလို့ ဖြစ်လာတာမှ မဟုတ်တာ။ ဒါက လုံးဝကို မွေးရာပါ ဗီဇတွေ ပေါက်ကွဲထွက်လာတာပဲ။
ထိုအရာကို တွေးမိချိန်မှာတော့ ဖန်ကျန်းရီသည် မတတ်သာဘဲ မျက်နှာပြောင်တိုက်ကာ လျှောက်တင်လိုက်၏။ "မင်းကြီး … တချို့ ငှက်လေးတွေက မွေးရာပါကိုက ချောင်ပိတ်ဖမ်းထားလို့ မရပါဘူး။
အိမ်ရှေ့စံကလည်း အဲဒီလို လူမျိုးပါပဲ။ လွတ်လပ်မှုကို တောင့်တတဲ့သူ တစ်ယောက်ကို နေ့တိုင်း နန်းတွင်းထဲမှာ ပိတ်လှောင်ထားမယ်ဆိုရင် သဘာဝကျကျ ကျန်းမာရေးနဲ့ ညီညွတ်စွာ ကြီးပြင်းလာနိုင်မှာ မဟုတ်ပါဘူး။
သူက စစ်တပ်ကို ဦးဆောင်ပြီး စစ်မတိုက်နိုင်သလို သင်ယူထားတဲ့ ကျမ်းစာတွေကိုလည်း အသုံးချစရာ နေရာမရှိတဲ့အတွက် အပျော်အပါးတွေထဲမှာပဲ နစ်မွန်းရတာ သဘာဝပါပဲ။
သိုင်းပညာကို ဝါသနာပါတာက လူငယ်တွေရဲ့ သဘာဝပါ။ ကျွန်တော်မျိုး ငယ်ငယ်တုန်းကလည်း သိုင်းပညာကို ဝါသနာပါခဲ့တာမို့ ဒါကလည်း သဘာဝတရားပါပဲ။"
ဖန်ကျန်းရီ ခဏတာ ရပ်တန့်သွားပြီး အတွေးများကို ပြန်လည် စီစဉ်ကာ ပြောလိုက်၏။ "အိမ်ရှေ့စံက မူလစိတ်သဘောထား ဖြူစင်ပြီး ကိုယ်ချင်းစာတရား ရှိပါတယ်။
ဒါတင်မကသေးဘဲ တာဝန်ယူရဲတဲ့ သတ္တိလည်း ရှိပါတယ်။ ကျွန်တော်မျိုးက အိမ်ရှေ့စံကို သင်ပေးလိုက်တယ်လို့ မဆိုနိုင်ပါဘူး။ အိမ်ရှေ့စံကသာ ကျွန်တော်မျိုးကို အများကြီး အကျိုးရှိစေခဲ့တာပါ။
အိမ်ရှေ့စံက ဘာလို့ ဒီလောက် ပြောင်းလဲသွားရလဲဆိုတာကို အရှင်မင်းကြီး မေးပါတယ်။ အိမ်ရှေ့စံက နန်းတော်ထဲမှာ ကြာရှည်စွာ အကျဉ်းကျနေသလို ဖြစ်နေပြီး အရည်အချင်းတွေကို ပြသခွင့် လုံးဝ မရခဲ့လို့ ဖြစ်နိုင်ပါတယ်။
အခုမှ အိမ်ရှေ့စံက သူ့ရဲ့ မူလစိတ်သဘောထားကို ထုတ်ဖော်ပြသလိုက်တာပါ။
ဒါကြောင့် ကျွန်တော်မျိုး ပြောချင်တာက ကျွန်တော်မျိုးမှာ အံ့ဖွယ် နည်းလမ်းတွေ ရှိနေလို့ မဟုတ်ဘဲ အိမ်ရှေ့စံက မွေးရာပါ မေတ္တာတရားကြီးမားတဲ့ ဘုရင်လောင်းတစ်ပါး ဖြစ်နေလို့ပါ။"
ဤစကားများကို ကြားပြီးနောက် အရှင်မင်းကြီးသည် သူ၏အမြဲတမ်း တည်ကြည်သော မျက်နှာထားကို ထိန်းသိမ်းထားချင်သော်လည်း တွန့်ကွေးတက်သွားသော နှုတ်ခမ်းထောင့်များကို မထိန်းချုပ်နိုင်ခဲ့ချေ။
ဟုတ်တာပေါ့။ ငါ့ရဲ့ သားတော်က မွေးရာပါ ဘုရင်လောင်းတစ်ပါး မဟုတ်လို့ ဘာလဲ။
ဖန်ကျန်းရီကတော့ ပါးစပ်ကြီး ဖြဲကာ ပြုံးလိုက်၏။
ခင်ဗျားရဲ့ သားကို ကျုပ် ချီးကျူးလိုက်တော့ ခင်ဗျား ဝမ်းမသာဘဲ နေမလား ကြည့်လိုက်။
ကော်ထျန်းယန်သည် သင်ယူလိုစိတ်ကို စွန့်လွှတ်လိုက်ပြီး ဆက်လက်၍ ဘာမှ မလုပ်ချင် ၊ မကိုင်ချင် ဖြစ်နေတော့၏။
စားပွဲထိုးလေး လာချပေးသော ဖရဲစေ့များကို မျက်နှာသေဖြင့် ဝါးစားနေပြီး အခွံကိုတောင် မထွေးထုတ်တော့ပေ။
ဖန်ကျန်းရီသည် ခေါင်းမော့ကာ အရှင်မင်းကြီးကို ကြည့်ပြီး စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ "အရှင်မင်းကြီး …ခုနက ပြောတော့ အိမ်ရှေ့စံက ဧကရာဇ်ဟောင်းနဲ့ တူပြီး တာအိုကျင့်စဉ်ကို ယုံကြည်တယ်ဆို။ ဒါဆို ဘာလို့ ကျွန်တော်မျိုး နန်းတော်ထဲမှာ တာအိုဆရာ တစ်ယောက်မှ မတွေ့ဖူးရတာလဲ။"
အရှင်မင်းကြီး ထိုစကားကို ကြားချိန်မှာတော့ အတန်ကြာ တိတ်ဆိတ်သွားပြီး လေသံတွင် ခံစားချက်များ ပါဝင်နေ၏။ "ဟုတ်တယ်။ ဧကရာဇ်ဟောင်း ငယ်ငယ်တုန်းက စစ်တိုက်ရတာကို အရမ်း ဝါသနာပါတယ်။ စစ်အင်အား တိုးချဲ့ဖို့အတွက် နည်းလမ်းပေါင်းစုံ သုံးခဲ့တယ်လို့တောင် ပြောလို့ရတယ်။
အသက်အရွယ်ရလာတဲ့ အချိန်မှာတော့ မအိုမသေ ထာဝရအသက်ရှင်ခြင်းနဲ့ တာအိုကျင့်စဉ်တွေမှာ နစ်မွန်း လာခဲ့တယ်။ တိုင်းပြည်အနှံ့က တာအိုဆရာတွေကို ရှာဖွေပြီး သူ့အတွက် နတ်ဆေးတွေ ဖော်စပ်ခိုင်းခဲ့တယ်။"
အရှင်မင်းကြီးသည် မျက်လုံးများကို မှိတ်လိုက်ပြီး အလွန် မတတ်သာသည့် အမူအရာဖြင့် ပြောလိုက်သည်။
"အဲဒီတုန်းက ကိုယ်တော်က ဆေးဖော်စပ်တာကို စွန့်လွှတ်ဖို့ ဧကရာဇ်ဟောင်းကို အဆက်မပြတ် အကြံပေး တားမြစ်ခဲ့ပေမဲ့ ဧကရာဇ်ဟောင်းရဲ့ အမျက်ဒေါသကိုပဲ ရခဲ့တယ်။
နောက်ပိုင်းကျတော့ ဝူမင်းသားက ဧကရာဇ်ဟောင်းအတွက် တာအိုဆရာ တော်တော်များများကို ရှာပေးခဲ့တယ်။ သူတို့ ဖော်စပ်တဲ့ နတ်ဆေးက တော်တော်လေး အစွမ်းထက်ပြီး စားပြီးတာနဲ့ စိတ်ရောကိုယ်ပါ လန်းဆန်းလာကာ ချွေးတွေ သံတွေ တရဲရဲ ထွက်လာတတ်တယ်။
ကိုယ်တော်လည်း ဒီလို ထူးခြားတဲ့ အစွမ်းရှိတာကို မြင်တော့ အများကြီး မတားဆီးတော့ဘူး။ နှမြောစရာ ကောင်းတာက ကောင်းကင်ဘုံက ရက်စက်လွန်းတယ်။
ဧကရာဇ်ဟောင်းက မကြာခင်မှာပဲ နတ်ရွာစံသွားခဲ့တယ်။"