← Chapters

အခန်း ၂၆၇

Vol. 15 Ch. 267

အခန်း ၂၆၇

Vol. 15 Ch. 267

အပိုင်း (၂၆၇) ကြော်ငြာကြည့်လျှင် ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်နိုင်သည်။

ဖန်ကျန်းရီက လီယွမ်ကျောက်ကို အမြန် ဆွဲထားလိုက်၏။ "အိမ်ရှေ့စံ … ခင်ဗျား အဲဒါ မရဘူး။ သစ်သားပြားက ထူလည်းထူ၊ မာလည်းမာတယ်။ ကိုယ်ပေါ် ရိုက်လိုက်တာနဲ့ အရှင်မင်းကြီးသိသွားလိမ့်မယ်။

ကျုပ်စကား နားထောင်ပါ။ ဘာမှ ပြင်ဆင်နေစရာ မလိုဘူး။ အရှင်မင်းကြီးက ခင်ဗျား မြို့ထဲမှာ လုပ်ခဲ့တဲ့ ကိစ္စတွေကို သိပြီးပါပြီ။ အရမ်းကို ဝမ်းသာနေတာ။"

အမိန့်ကို လွန်ဆန်လို့ ဒေါသထွက်နေတာတော့ ရှိတယ်။ ဒါပေမဲ့ လွန်ဆန်ပြီးတဲ့နောက် ခင်ဗျားက အရှင်မင်းကြီးအတွက် မျက်နှာပန်းလှအောင် လုပ်ပေးနိုင်ခဲ့တယ် မဟုတ်လား။

ကျုပ်နဲ့ လေပန်းချီစံအိမ်ကို လိုက်ခဲ့။ ရိုးရိုးအေးအေးလေး နေရင် ရပါပြီ။ အရှင်မင်းကြီးက ခင်ဗျားကို ရှာမတွေ့ရင် ပိုပြီး ဒေါသထွက်သွားလိမ့်မယ်။

စိတ်ချပါ။ အလွန်ဆုံး ဆူပူကြိမ်းမောင်းရုံလေးပါပဲ။ အရှင်မင်းကြီး ခင်ဗျားကို ရှာတဲ့အချိန်ကျရင် ခင်ဗျား ငြိမ်ငြိမ်လေးသာ နေလိုက်။ ကျုပ်ကို ယုံပါ။ အမှားအယွင်း မရှိစေရဘူး။"

လီယွမ်ကျောက် မျက်လုံးများ အရောင်လက်သွားပြီး အံ့သြဝမ်းသာစွာ ပြောလိုက်၏။ "တကယ်လား။ ခင်ဗျား ကျုပ်ကို မလိမ်ဘူးမလား။"

"ကျုပ်က ဘယ်တော့မှ လိမ်မပြောဘူး။"

...

ညအချိန်သို့ ရောက်သော် အရှင်မင်းကြီးသည် နေ့လယ်ခင်း တစ်ခုလုံး အိပ်စက်ထားသောကြောင့် ညဘက် ထလာချိန်တွင် တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေ၏။

လက်ဖက်ရည် တစ်ခွက် သောက်ပြီးနောက် ဖန်ကျန်းရီကို ချက်ချင်း ခေါ်ယူလပြီး ပြောလိုက်သည်။ "ဟိုသေချင်နေတဲ့ သား ဘယ်မှာလဲ။ ကိုယ်တော့်ကို အဲဒီကို ခေါ်သွားစမ်း။"

ဖန်ကျန်းရီလည်း ရိုးရိုးအေးအေးပင် အရှင်မင်းကြီးကို လီယွမ်ကျောက်၏ အခန်းဝသို့ ခေါ်ဆောင်သွားခဲ့၏။

တံခါးပေါက်သို့ ရောက်ချိန်တွင် အရှင်မင်းကြီးသည် တံခါးကို အလျင်စလို တွန်းမဖွင့်သေးပေ။

ထိုအစား ဖန်ကျန်းရီဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ဖန်အမတ် … မင်း ပြောကြည့်စမ်း။ ကိုယ်တော်က သူ့ကို ဆုချသင့်လား။ ဒါမှမဟုတ် ရိုက်သင့်လား။"

"ဒါက... အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။"

ဖန်ကျန်းရီ မနေနိုင်ဘဲ စိတ်ထဲမှ ကဲ့ရဲ့လိုက်မိ၏။

ခင်ဗျားသားပဲ။ ခင်ဗျား ဘယ်လို လုပ်ချင်လဲဆိုတာ လုပ်ပေါ့။ ဒီလိုကိစ္စမျိုးကိုတောင် ကျုပ်ကို လာမေးနေရသေးတယ်။

"ကော်ပန်ပန် … လှံရှည် သွားယူခဲ့စမ်း။"

သောက်ကျိုးနည်း။

ဖန်ကျန်းရီ တစ်ခဏအတွင်း ချွေးစေးများ ထွက်လာခဲ့ပြီး အရှင်မင်းကြီးကို အမြန် တားဆီးလိုက်၏။

ဒါက သားအရင်းလေ။ သားကို ရိုက်ဖို့ လှံရှည်ကြီး သုံးတယ်တဲ့လား...။ တော်သေးတယ်… ငါ ကြိုပြီး ပြင်ဆင်ထားမိလို့။

"မင်းကြီး … စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ဒီအခန်းက အရမ်း သေးလွန်းတော့ လှံရှည် သုံးလို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုး မင်းကြီးအတွက် ပြင်ဆင်ပေးထားပါတယ်။"

ထိုသို့ ပြောရင်း မျက်လှည့်ပြသကဲ့သို့ အင်္ကျီထဲမှ ရှည်လျားပြီး တုတ်ခိုင်သော ကြိမ်လုံး တစ်ချောင်းကို ဆွဲထုတ်လိုက်၏။

ကြိမ်လုံးဟု ခေါ်ဆိုခြင်းထက် တုတ်ချောင်းဟု ခေါ်ဆိုရမည်က ပိုမို သင့်တော်ပေလိမ့်မည်။

အရှင်မင်းကြီးသည် ကြိမ်လုံးကို လှမ်းယူလိုက်ပြီး အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ဟိုသေချင်နေတဲ့ သားက မင်းလောက် နားလည်မှု ရှိရင် ကိုယ်တော် ဒီလောက် ပူပန်နေစရာ မလိုဘူး။"

ပြောရင်းဆိုရင်း ကြိမ်လုံးကို လက်ခံယူကာ နှစ်ချက်ခန့် ဝှေ့ယမ်းကြည့်လိုက်ပြီးနောက် ကျေနပ်သွားသည့် အမူအရာဖြင့် တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်သွားခဲ့၏။

မကြာမီ အခန်းထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဖန်ကျန်းရီနှင့် ကော်ထျန်းယန်တို့သည် တံခါးဝတွင် မျက်နှာအပ်လျက် အသေအချာ နားထောင်နေကြ၏။

ကော်ထျန်းယန်သည် မနေနိုင်ဘဲ စကားစလိုက်သည်။ "ညီလေး … မင်း တကယ့်ကို တတ်နိုင်လွန်းတယ်။ အိမ်ရှေ့စံ သိသွားမှာကို မကြောက်ဘူးလား။"

ဖန်ကျန်းရီ မာယာဆန်ဆန် ပြုံးလိုက်၏။

ခင်ဗျား ဘာသိလို့လဲ။ အဲဒါက ကျုပ် ချီအဘကို ကြိုတင် မှာယူထားတဲ့ တုတ်ချောင်းပဲ။ သူ့ကို တုန်ခါမှု လျှော့ချပေးတဲ့ ဒီဇိုင်းလေး ထည့်ပေးဖို့ ပြောထားတာ။

ကြည့်ရတာ တုတ်ခိုင်နေပေမဲ့ လူကို ရိုက်ရင် နာမှာ မဟုတ်ပါဘူး။

အိမ်ရှေ့စံ အော်နေတာက တော်တော်လေး သနားစရာ ကောင်းနေတာပဲ။ ကျစ် ကျစ်... သရုပ်ဆောင်တာ တကယ်ကို ပီပြင်တာပဲ။

နောက်တစ်နေ့ မနက်စောစောတွင် အမတ်ကြီးများသည် အရှင်မင်းကြီးနှင့်အတူ ဧည့်ခန်းမဆောင်ထဲတွင် ထိုင်ကာ မနက်စာ သုံးဆောင်နေကြ၏။

စားပွဲပေါ်တွင် သာမန် ထမင်းဟင်းတချို့နှင့် ဆန်ပြုတ်ကြည်ကြည်၊ ဟင်းရံအနည်းငယ်သာ ရှိသည်။ အကောင်းဆုံးဆိုလျှင်တောင် ပေါင်းထားသည့် သိုးသားပေါက်စီ အနည်းငယ်သာ ပါဝင်သည်။

ဇိမ်ခံစားသောက်စရာ တိရစ္ဆာန်အသားများကတော့ သဘာဝကျကျပင် ပျောက်ကွယ်သွားခဲ့၏။

ဘာပဲဖြစ်ဖြစ် ဧကရာဇ် ကိုယ်တိုင် ကြွရောက်လာခြင်း ဖြစ်ရာ အစားအသောက်ကောင်းများ ကျွေးမွေး၍ မဖြစ်ပေ။

လီယွမ်ကျောက်သည် အပေါ်ထပ်မှ ထော့နင်းထော့နင်းဖြင့် ဆင်းလာခဲ့သည်။

အမတ်များ အရိုအသေ ပေးပြီးနောက် လီယွမ်ကျောက်သည် ဖန်ကျန်းရီ၏ ဘေးသို့ ကပ်လာကာ ခပ်တိုးတိုး ပြောလိုက်၏။ "ကျုပ်ကို မရိုက်ဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား။

ဒါပေမဲ့ တော်ပါသေးတယ်။ တစ်ကြိမ်ပဲ အရိုက်ခံလိုက်ရတာဆိုတော့ ခမည်းတော်လည်း ဒေါသပြေသွားလောက်ပါပြီ။"

ဖန်ကျန်းရီ ပခုံးတွန့်လိုက်သည်။

လွယ်လွယ်ကူကူနဲ့ အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့တာက ကျုပ် ရှိနေလို့ မဟုတ်ဘူးလား။

"အိမ်ရှေ့စံ ထိုင်ပါ။ အရင် တစ်ခုခု စားလိုက်ဦး။"

"မရသေးဘူး။ ထိုင်လို့ မရသေးဘူး။"

" …"

ဖန်ကျန်းရီသည် လီယွမ်ကျောက်ကို သံသယဖြင့် ကြည့်လိုက်၏။

လီယွမ်ကျောက် မျက်နှာ အနည်းငယ် နီမြန်းနေပြီး ရှက်ကိုးရှက်ကန်း ပြုံးကာ ပြောလိုက်သည်ကို မြင်လိုက်ရသည်။ "တင်ပါး နာနေလို့။ တင်ပါးကိုပဲ အကုန် ရိုက်ခံလိုက်ရတယ်။"

ဟမ် …. သီးသန့် လုပ်ထားတဲ့ တုတ်နဲ့တောင် ဒီလို အခြေအနေအထိ ရိုက်ခံလိုက်ရတာလား။

ဖန်ကျန်းရီ စိတ်ထဲတွင် သံသယ အပြည့်ဖြင့် အသားပေါက်စီ အကြီးကြီး နှစ်ခုကို ရွေးကာ လီယွမ်ကျောက်ကို ကမ်းပေးလိုက်၏။

အရှင်မင်းကြီးသည် သူတို့နှစ်ဦး စကားပြောနေသည်ကို တိတ်ဆိတ်စွာ ကြည့်နေပြီး ရုတ်တရက် ပါးစပ်ဟကာ ပြောလိုက်သည်။ "ဖန်အမတ်။ ..ဒီမှာ တခြားကိစ္စတွေ မရှိလောက်တော့ဘူး မလား။"

"မင်းကြီးကို လျှောက်တင်ပါတယ်။ အသေးစိတ် အချက်အလက်လေးတွေ တချို့လောက်ပဲ ဖြေရှင်းဖို့ ကျန်တော့တာပါ။ ကြီးမားတဲ့ ကိစ္စတွေတော့ မရှိတော့ပါဘူး။"

အရှင်မင်းကြီး ခေါင်းညိတ်လိုက်၏။ "ဒါဆိုလည်း ကောင်းတာပေါ့။ ကိုယ်တော် ဒီတစ်ခေါက် မင်းနေရာကို အစားထိုးဖို့ လူခေါ်လာခဲ့ပြီးပြီ။

ဒါပေမဲ့... ကိုယ်တော် မနေ့ညက စဉ်းစားကြည့်တာ မင်းက ဒီလောက် အရည်အချင်းရှိမှတော့ ဒီမှာ ဆက်နေရင်လည်း မရတာတော့ မဟုတ်ဘူး။"

"မရဘူး။"

"ကျွန်တော်မျိုး မလုပ်နိုင်ပါဘူး။"

အသံနှစ်သံ တပြိုင်နက် ထွက်ပေါ်လာပြီး အရှင်မင်းကြီးသည် လီယွမ်ကျောက်ကို ဒေါသတကြီး စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ကောင်းပြီ။ မင်း ဆန္ဒမရှိမှတော့ ကိုယ်တော်နဲ့အတူ မြို့တော်ကို ပြန်လိုက်ခဲ့။"

ဖန်ကျန်းရီ ထိုစကားကို ကြားချိန်မှာတော့ အလွန် ဝမ်းသာသွား၏။

အရှင်မင်းကြီး ဆက်ပြောလိုက်သည်။ "မူလကတော့ မင်းကို ဒေသန္တရ အုပ်ချုပ်ရေးမှာ နှစ်အနည်းငယ်လောက် ပိုနေခိုင်းသင့်တာ။

မင်းက သတင်းစာကို အသုံးချပြီး ကိုယ်တော့်ရဲ့ နန်းတွင်းကို ရှုပ်ယှက်ခတ်အောင် လုပ်ခဲ့လို့ အမတ်တွေအားလုံး စိတ်ထဲမှာ မကျေမနပ် ဖြစ်နေကြတယ်။

ဒါပေမဲ့ မင်းက ကယ်ဆယ်ရေးမှာ ရလဒ် ရှိခဲ့တာကို ထောက်ထားပြီး အပြစ်နဲ့ ရလဒ်ကို ချေပလိုက်တယ်လို့ပဲ သတ်မှတ်မယ်။ မူလရာထူးကို ပြန်ပေးလိုက်မယ်။"

အရှင်မင်းကြီး ခဏတာ ရပ်တန့်သွား၏။ "ကိုယ်တော် မျှော်လင့်မထားတာက မင်းက နန်းတော်ဆီကနေ ငွေတစ်ပြားမှ မတောင်းခဲ့တာပဲ။

ကြော်ငြာဆိုတဲ့ နည်းလမ်းက ကိုယ်တော့်ကို တကယ် မျက်စိပွင့် နားပွင့် ဖြစ်စေခဲ့တယ်။ ဒီကြော်ငြာရဲ့ အကျိုးသက်ရောက်မှုက အဲဒီလောက်တောင် ကြီးမားလို့လား။"

"မင်းကြီးကို လျှောက်တင်ပါတယ်။ ကုန်သည်တွေအတွက်တော့ နာမည်ဂုဏ်သတင်းထက် ပိုအရေးကြီးတာ ဘာမှ မရှိပါဘူး။

ကြော်ငြာ၊ ကြော်ငြာ ဆိုတာက ကျယ်ကျယ်ပြန့်ပြန့် သိအောင် အသိပေးတာပါ။

တူညီတဲ့ ကုန်ပစ္စည်း တစ်ခုတည်းကို အားလုံးက ရောင်းနေကြတာဆိုတော့ သဘာဝကျကျ ဘယ်သူက နာမည်ပိုကြီးလဲ၊ သူက ပိုရောင်းရမှာပါပဲ။

လမ်းမကြီးတွေ၊ လမ်းကြားတွေ အကုန်လုံးမှာ မိသားစု တစ်ခုခုရဲ့ ကြော်ငြာတွေချည်း ပြည့်နှက်နေမယ်ဆိုရင် အဲဒီ ကုန်သည်က သဘာဝကျကျ ဈေးကွက်ရဲ့ အခွင့်အရေးကို အရင် ဦးဆောင်နိုင်မှာပါ။"

ဖန်ကျန်းရီ စကားပြောရင်း ပိုပိုပြီး စိတ်အားထက်သန်လာခဲ့၏။ မျက်ခုံးများ ပင့်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။ "ကြော်ငြာပုံစံတွေက အများကြီး ရှိပြီး အသုံးပြုနိုင်တဲ့ နယ်ပယ်ကလည်း ကျယ်ပြန့်ပါတယ်။

ကောင်းကောင်းသာ အသုံးချနိုင်မယ်ဆိုရင် ပြည်သူ့အင်အားကို အများကြီး လှုံ့ဆော်ပေးနိုင်ပါတယ်။ မင်းကြီး စဉ်းစားကြည့်ပါ။ ဆိုင်းဘုတ်တွေ၊ အလံတွေလို ပုံမှန် ဝါဒဖြန့်တဲ့ နည်းလမ်းတွေအပြင် ကုန်ပစ္စည်းတ ွေပေါ်မှာလည်း ပုံနှိပ်နိုင်ပါသေးတယ်။

ကုန်ပစ္စည်းတွေပေါ် ပုံနှိပ်နိုင်ရုံတင်မကဘူး။ စဉ်းစားလို့ရတဲ့ နေရာတိုင်းနီးပါးမှာ ကြော်ငြာတွေ ထည့်ထားလို့ ရပါတယ်။ စာအုပ်တွေထဲမှာတောင် ပုံနှိပ်ထည့်လို့ ရသေးတယ်။

မင်းကြီး စဉ်းစားကြည့်ပါ။ တစ်လောကလုံးမှာ စာအုပ် ဘယ်နှစ်အုပ်လောက် ပုံနှိပ်ရမလဲ။

အဲဒီ စာဖတ်တဲ့သူတွေ စာဖတ်လို့ ပင်ပန်းလာရင် ကြော်ငြာလေးတွေ ဖတ်ပြီး အမောဖြေလို့ ရနိုင်တာဆိုတော့ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိတာ မဟုတ်ဘူးလား။"

စားပွဲဝိုင်းတစ်ခုတည်း ထိုင်နေသော အမတ်ကြီးများ ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။

မင်းက လူရော ဟုတ်သေးရဲ့လား။ အဲဒါက စာအုပ်လေ။ မင်းက အဲဒီအထဲမှာ ကုန်သည်တွေရဲ့ ကြော်ငြာကို ညှပ်ထည့်ချင်နေတာလား။

ပညာရှိ သူတော်စင်တွေရဲ့ စကားတွေနဲ့ ကုန်သည်တွေရဲ့ ကြေးနံ့တွေ ရောနှောသွားရင် ဘယ်လိုလုပ် သင့်တော်တော့မလဲ။

စာဖတ်လို့ ပင်ပန်းလာရင် အမောဖြေဖို့ ပြည့်တန်ဆာရုံကို သွားတာက ပိုမကောင်းဘူးလား။ ဘာလို့ စာအုပ်ကို ဆက်ကြည့်နေအုံးမှာလဲ။

အရှင်မင်းကြီးသည်လည်း အထင်သေးစွာဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ "တော်လိုက်တော့ … ဒီကိစ္စကို ရေရှည်အတွက် သေချာ ဆွေးနွေးရမယ်။

ကုန်သည်တွေက မင်းပြောသလိုမျိုး ကြော်ငြာတွေကို နေရာအနှံ့ အကုန် လုပ်ထားမယ်ဆိုရင် ဘယ်လိုလုပ် သင့်တော်တော့မလဲ။

ကျန်းကျန်မြို့ရဲ့ လမ်းမတွေပေါ်မှာ နေရာအနှံ့ ကြော်ငြာတွေ ရှိနေတာကို အခုလောလောဆယ် အရေးပေါ် ဖြေရှင်းတဲ့ နည်းလမ်းလို့ သတ်မှတ်ပြီး ကိုယ်တော် ခဏ ထည့်မပြောတော့ဘူး။ နောက်ဆိုရင် ကိုယ်တော် စာအုပ်ထဲမှာ ကြော်ငြာတွေကို မမြင်ချင်ဘူး။"

ဖန်ကျန်းရီ နှုတ်ခမ်းမဲ့လိုက်ပြီး စကားမပြောတော့ပေ။

ကြော်ငြာဆိုတာ လောကမှာ အကောင်းဆုံး အရာပဲ။ ကြီးကျယ်ခမ်းနားတဲ့ ကုမ္ပဏီတွေနဲ့ တီထွင်ဖန်တီးမှုတွေက ကြော်ငြာထဲကနေ မွေးဖွားလာခဲ့ရတာပဲ။

နောက်ပြီးတော့ ကြော်ငြာ လက်မခံရင် ဘယ်လိုလုပ် ငွေရနိုင်မှာလဲ။

အခုချိန်မှာ ပုံနှိပ်နည်းပညာ မတိုးတက်သေးလို့ပဲ။

နည်းပညာတွေ ရှိလာရင် ကျုပ် မဂ္ဂဇင်းတွေ ထုတ်ပစ်မယ်။ တစ်အုပ်ကို စာမျက်နှာ ရာဂဏန်းလောက် လုပ်ပြီး ကြော်ငြာတွေ အပြည့်ရိုက်နှိပ်မယ်။ အထဲမှာ ဖော်ပြလို့ မကောင်းတဲ့ ပုံလေးတွေပါ ထည့်လိုက်အုံးမယ်။

ရောင်းအားက အများကြီး တက်လာမှာ မဟုတ်ဘူးလား။

"မင်းကြီး … ကျွန်တော်မျိုး ကျန်းကျန်မြို့မှာ အတော်လေး ပင်ပန်းနေပါပြီ။ မြို့တော် ပြန်ရောက်ရင် အချိန်အတိုင်းအတာ တစ်ခုလောက် ခွင့်ယူပြီး နားချင်ပါတယ်။ မင်းကြီး သဘောတူမလားတော့ မသိဘူး..."

"ခွင့်ပြုတယ်။"

အရှင်မင်းကြီးသည် ဖန်ကျန်းရီကို လွယ်လွယ်ကူကူပင် ခွင့်ပေးလိုက်ပြီးနောက် ဆက်ပြောလိုက်၏။ "ကိုယ်တော် ဒီမှာ ရက်အနည်းငယ်လောက် ဆက်နေအုံးမယ်။

မင်း တတ်နိုင်သမျှ စောစော တာဝန်လွှဲပြောင်းပေးခဲ့။ ပြီးရင် ကိုယ်တော်နဲ့အတူ မြို့တော်ကို ပြန်လိုက်ခဲ့။"

"မင်းကြီး အမိန့်အတိုင်းပါ။"

All Chapters