အခန်း ၂၆၈
Vol. 15 Ch. 268
အပိုင်း (၂၆၈) ပြည်သူတစ်ရပ်လုံး၏ ချီးမွမ်းဂုဏ်ပြုခြင်း။
ခုနစ်ရက်တာ အချိန်အတွင်း ဖန်ကျန်းရီသည် ယခင်ကထက် ပို၍ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့၏။
သူ၏ တစ်ကိုယ်လုံးသည် ချာလပတ်ရမ်းနေသော ဂျင်ပေါက်လေးတစ်ရုပ်ကဲ့သို့ပင် မြို့ဝန်သစ်ကို ခေါ်ဆောင်ကာ မြို့တွင်းမြို့ပြင်ရှိ အခြေအနေများကို အဆက်မပြတ် လိုက်လံပြသပေးနေခဲ့သည်။
ရှုပ်ထွေးပွေလီလှသော ကိစ္စရပ်များ အလွန် များပြားနေခဲ့ဆိုပေမဲ့ ရှဲ့ရှန်းသည် အလုပ်လုပ်ရာတွင် အလွန် စနစ်ကျလှပေသည်။
အကြောင်းအရာ ကိစ္စရပ်တိုင်းကို သေသေချာချာ စီစဉ်ပြီး မှတ်စုစာအုပ်ထဲတွင် သေချာ မှတ်တမ်းတင်ထားခဲ့၏။
ထိုမှတ်စုစာအုပ်ကို မြို့ဝန်သစ်၏ လက်ထဲသို့ လွှဲပြောင်းပေးလိုက်ချိန်မှာတော့ တာဝန်ဝတ္တရားများကို အပြည့်အစုံ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သတ်မှတ်နိုင်ပေသည်။
သို့သော်ငြား ပုံမှန်လုပ်ထုံးလုပ်နည်းများအတိုင်း စီမံခန့်ခွဲရန် လွယ်ကူဆိုပေမဲ့ အရာရှိသစ်၏ အမြင်နှင့် အတွေးအခေါ်များကို ပြောင်းလဲပစ်ရန်ဆိုသည်မှာ အလွန် ခက်ခဲလှပေ၏။
ထို့ကြောင့် ဖန်ကျန်းရီသည် မတတ်သာဘဲ သူ၏ နားဘေးတွင် နေ့စဉ်ရက်ဆက် မနားတမ်း သွန်သင်ဆုံးမနေခဲ့ရချေသည်။
ရုံးတော်အတွင်းရှိ အရာရှိများ၊ မြို့တွင်းရှိ သူဌေးသူကြွယ်များနှင့် ကုန်သည်များကိုပါ တစ်ယောက်မကျန် မိတ်ဆက်ပေးခဲ့ပြီး လူတိုင်းနှင့် အဆင်ပြေပြေ ရင်းနှီးသွားချိန်မှာတော့ သူ စိတ်အေးသွားခဲ့၏။
နောက်ဆုံးတွင် ကိစ္စအဝဝ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
အရှင်မင်းကြီးနှင့်တကွ အခြွေအရံ အမတ်ကြီးများသည် လေပန်းချီစံအိမ်၏ အပြင်ဘက်တွင် စုဝေးရောက်ရှိနေကြပြီ ဖြစ်၏။
ဤနေ့တွင် တစ်မြို့လုံးရှိ ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို ရပ်နားထားခဲ့ပြီး မရေမတွက်နိုင်သော ပြည်သူများသည် လိုက်လံပို့ဆောင်ရန်အတွက် ရောက်ရှိလာခဲ့ကြပေသည်။
အရှင်မင်းကြီး ကိုယ်တော်တိုင် ကျန်းကျန်မြို့သို့ ရောက်ရှိလာကြောင်း သတင်းကို ဖုံးကွယ်ထား၍ မရနိုင်ခဲ့ဘဲ ရက်အနည်းငယ်အတွင်းမှာပင် ကျန်းကျန်မြို့၏ လမ်းမကြီးများနှင့် လမ်းသွယ်လေးများဆီသို့ပါ ပြန့်နှံ့သွားခဲ့ချေပြီ။
မရေမတွက်နိုင်သော ပြည်သူများသည် သက်တော်စောင့်များ၏ ကာရံထားသော စက်ဝိုင်းအပြင်ဘက်မှနေ၍ ဘုရင့်ရထားလှည်းတော်ကို သိချင်စိတ်အပြည့်ဖြင့် လှမ်းမျှော်ကြည့်ရှုနေကြ၏။
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ စံအိမ်ထဲမှ ထွက်လာချိန်မှာတော့ လူအုပ်ကြီး၏ အကြည့်များသည် ရုတ်တရက် တက်ကြွလှုပ်ရှားလာခဲ့ပြီးနောက် တီးတိုးပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။
"သခင်လေးဖန် ရောက်လာပြီ။ သခင်လေးဖန်ပဲ … သခင်လေးလီလည်း ပါတယ်ဟ။"
"သခင်လေးဖန်က အရှင်မင်းကြီးကို သွားပို့မလို့နေမယ်။ သခင်လေးလီကလည်း အရာရှိကြီးတစ်ပါး ဖြစ်နေမယ်လို့ မထင်ထားမိဘူး။"
"မင်းပြောကြည့်စမ်း။ သခင်လေးဖန်များ ထွက်သွားတော့မလို့လား။"
"မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်တာ။"
ဖန်ကျန်းရီသည် အိမ်ရှေ့စံကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူ၏ တစ်ကိုယ်လုံးသည် မည်းသဲနေပြီး စုတ်ပြဲနေသော အဝတ်အစားများသာ လဲလှယ်ဝတ်ဆင်လိုက်မည်ဆိုပါက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့ တန်းဆင်းသွား၍ ရနေပေပြီ။
သိသူများကသာ အိမ်ရှေ့စံမှန်း သိကြမည်ဖြစ်ပြီး မသိသူများကတော့ မည်သည့် လယ်သမားအိမ်မှ ထွက်ပြေးလာသူနည်းဟု အတွေးများပေလိမ့်မည်။
ကံကောင်းသည်က သူ၏ စိတ်ဓာတ်ခွန်အားများ တက်ကြွနေဆဲဖြစ်ပြီး အရှိန်အဝါများလည်း ရှိနေသေးခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ လူငယ်ပီပီ မိမိကိုယ်ကို သက်သေပြနိုင်ရန် မည်မျှပင် ပင်ပန်းဆင်းရဲသော အလုပ်ဖြစ်ပါစေ လိုလိုလားလား လုပ်ဆောင်လိုစိတ် ရှိနေခြင်းမှာ လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။
ကျန်းကျန်မြို့ရှိ ပြည်သူများအားလုံးသည် မြို့ထဲတွင် အိမ်ရှေ့စံ ရှိနေကြောင်းကို သိထားကြဆိုပေမဲ့ အိမ်ရှေ့စံက မည်သူဖြစ်ကြောင်းကိုတော့ မည်သူမှ မသိကြချေ။
အိမ်ရှေ့စံသည်လည်း ဤမျှလောက်အထိ ကြိုးစားအားထုတ်ခဲ့ပြီးပြီဖြစ်ရာ သူ့အား မျက်နှာပန်းလှအောင် လုပ်ပေးသင့်ပေသည်။ ထိုသို့မှ မဟုတ်ပါက နောင်တစ်ချိန်တွင် ဘယ်မှာလာ၍ အလုပ်များကို စိတ်အားထက်သန်စွာ လုပ်ဆောင်ပါတော့မည်နည်း။
ထိုအကြောင်းကို တွေးမိသွားချိန်မှာတော့ ဖန်ကျန်းရီသည် လူအုပ်ကြီးဘက်သို့ လှည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "မိဘပြည်သူ ညီအစ်ကို မောင်နှမတို့ … ကျုပ် ပြောတာကို နားထောင်ကြပါ။"
"အရှင်မင်းကြီးရဲ့ ပြည်သူတွေအပေါ် ချစ်ခင်ကြင်နာတဲ့ မေတ္တာတရားတွေကြောင့် အိမ်ရှေ့စံကို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စေလွှတ်ခဲ့တာပါ။ အရှင်မင်းကြီး ကိုယ်တော်တိုင်တောင်မှ ကျန်းကျန်မြို့ကို လာရောက် ကြီးကြပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ခင်ဗျားတို့ နေ့တိုင်း မြင်တွေ့နေရတဲ့ သခင်လေးလီဆိုတာက အခု လက်ရှိ အိမ်ရှေ့စံပဲ။"
လူအုပ်ကြီးသည် ချက်ချင်းပင် ဆူညံသွားခဲ့ပြီးနောက် မကြာမီမှာပင် ထပ်မံ၍ တိတ်ဆိတ်သွားခဲ့တော့သည်။
မရေမတွက်နိုင်သော ပြည်သူများသည် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အံ့သြတုန်လှုပ်နေသော အကြည့်များဖြင့် လီယွမ်ကျောက်ကို လှမ်းကြည့်လိုက်ကြ၏။
သခင်လေးလီက အိမ်ရှေ့စံတဲ့လား။
လီယွမ်ကျောက်သည် အလွန် ဂုဏ်ယူဝင့်ကြွားသွားခဲ့သည်။ သူသည် မနေနိုင်တော့ဘဲ မေးငေါ့လိုက်ကာ မောက်မာကြွားဝါစွာဖြင့် တစ်ပတ် လှည့်ပြလိုက်၏။
ထို့နောက် သူသည် တည်ငြိမ်ဟန်ဆောင်ကာ လက်ယမ်းပြ၍ နှုတ်ဆက်လိုက်သော်လည်း သူ၏ ရင်ထဲတွင်တော့ ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျုပ် ဒီလောက်တောင် ပေးဆပ်ခဲ့တာပဲ။ ဒီနေ့တော့ အကျိုးခံစားခွင့် ရပြီ မဟုတ်လား။ တကယ့်ကို အရသာရှိတာပဲ။
ဖန်ကျန်းရီသည် လူအုပ်ကြီးကို ကြည့်လိုက်ပြီး သူတို့အနေဖြင့် အမှန်တရားကို လက်ခံနိုင်သွားချိန်အထိ စောင့်ဆိုင်းပြီးနောက် ဆက်ပြောလိုက်၏။
"အခုဆိုရင် ဘေးအန္တရာယ်က အတော်လေး သက်သာသွားပြီဖြစ်လို့ အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံတို့လည်း မြို့တော်ကို ပြန်ဖို့ ခရီးထွက်ကြတော့မယ်။
ကျုပ်လည်း အရှင်မင်းကြီးနဲ့အတူ မြို့တော်ကို ပြန်လိုက်သွားရမှာပါ။ ဒါကြောင့် ဒီနေရာကနေ မိဘပြည်သူ ညီအစ်ကို မောင်နှမတွေ အားလုံး အနာဂတ်မှာ တိုးတက်ကြီးပွားကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"
ထိုစကားလည်း ထွက်ပေါ်လာရော နေရာတစ်ဝိုက်လုံးသည် ချက်ချင်းပင် အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့တော့သည်။
ခဏအကြာတွင်တော့ ပြည်သူများအားလုံးသည် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကြပြီးနောက် ဧရာမ အသံလှိုင်းလုံးကြီး ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
"သခင်လေးဖန် ... ထွက်သွားလို့ မဖြစ်ဘူးလေ။"
"အိမ်ရှေ့စံမင်းသား သက်တော်ရာကျော် ရှည်ပါစေ။"
"ခွေးကောင် ... မင်း ပါးစပ်က အဆိုးတွေ ပြောလို့ ဖြစ်ရတာ။ မင်းကို သတ်ပစ်မယ်။"
လူအုပ်ကြီး၏ စည်းကမ်းတကျရှိမှုများသည် စတင် ပြိုကွဲသွားခဲ့ပြီး မရေမတွက်နိုင်သော ပြည်သူများသည် ရှေ့ဆုံးတန်းရှိ သက်တော်စောင့်များကို အင်တိုက်အားတိုက် တွန်းထိုးနေကြချေသည်။
ထိုအခြေအနေကို မြင်လိုက်ရချိန်မှာတော့ ဖန်ကျန်းရီသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး အသံကုန် ဟစ်အော်လိုက်၏။ "အကုန်လုံး ရပ်လိုက်ကြစမ်း။"
ဟစ်အော်လိုက်သော အသံတစ်သံကြောင့် လူအုပ်ကြီးသည် ထပ်မံ၍ တိတ်ဆိတ်သွားခဲ့ပြန်သည်။
ထိုအချိန်တွင် အရှင်မင်းကြီးသည် ဧည့်ခန်းမဆောင်ထဲ၌ ထိုင်နေရင်း အပြင်ဘက်ကို ခပ်တည်တည်ဖြင့် ကြည့်နေခဲ့ပြီး ရင်ထဲတွင်တော့ အလွန် ကျေနပ်ဝမ်းမြောက်နေခဲ့၏။
အိမ်ရှေ့စံအပေါ် ပြည်သူများ၏ ကြည်ညိုလေးစားမှု ရှိလာခြင်းသည် ဝမ်းသာစရာ ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။
ဖန်ကျန်းရီသည် တံခါးပေါက်ဝတွင် ရပ်လျက် အတွင်းဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ အကြည့်များသည် အရှင်မင်းကြီးနှင့် ဆုံတွေ့သွားခဲ့သည်။
အရှင်မင်းကြီး ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ရသဖြင့် အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်၏။ "အရှင်မင်းကြီးကို ကြိုဆိုပါတယ်။"
ကော်ထျန်းယန်သည် ငိုချင်လာလောက်သည်အထိ ဝမ်းနည်းသွားခဲ့ချေသည်။
ခွေးကောင် ဖန်ကျန်းရီက နန်းတော်ထဲတောင် မဝင်ရသေးဘဲ ငါ့့ရဲ့ အလုပ်တွေကို စလုနေပြီလား။
အရှင်မင်းကြီးသည် မတ်တပ်ထရပ်လိုက်ပြီးနောက် တံခါးအပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
နဂါးဝတ်စုံကို ဝတ်ဆင်ထားကာ တံခါးအပြင်ဘက်သို့ ထွက်လာချိန်မှာတော့ မူလကတည်းက မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော ပြည်သူများသည် ချက်ချင်းပင် ထပ်မံ စိတ်လှုပ်ရှားလာခဲ့ကြပြန်၏။
အားလုံး စုပေါင်း၍ ဦးညွှတ်ခစားလိုက်ကြသည်။
ဆက်တိုက်ဆိုသလိုပင် ဆူညံကျယ်လောင်လွန်းသော ဟစ်အော်သံများ ထွက်ပေါ်လာခဲ့၏။ "အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။"
ပြည်သူ အများအပြားသည်လည်း မျက်ရည်များ ကျဆင်းလာခဲ့ကြသည်။
အရှင်မင်းကြီး၊ ကောင်းကင်ဘုံ၏သားတော် စသည့် ဂုဏ်ပုဒ်များကို အမြဲလိုလို ကြားနေရပေမဲ့ ထိုသူသည် မည်မျှလောက်အထိ အလှမ်းဝေးကွာလွန်းသော လူတစ်ယောက် ဖြစ်နေခဲ့သနည်း။
နေမင်းကြီးလို၊ လမင်းကြီးလိုပင်။ ထိုနေရာ၌ အလင်းရောင်များ ဖြာထွက်နေကြောင်းကို အသေအချာ သိထားဆိုပေမဲ့လည်း ဘယ်တော့မှတော့ ထိတွေ့၍ ရနိုင်မည် မဟုတ်ချေ။
သို့သော်လည်း ယခုအချိန်တွင်တော့ ကယ်တင်ခံလိုက်ရသော ထိုဘေးဒုက္ခသည်များသည် နေမင်းကြီးကို အစစ်အမှန်ကြီး ထိတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရချေသည်။
များပြားလှသော ကယ်ဆယ်ရေး လှုပ်ရှားမှုများကြောင့် ရက်အနည်းငယ်ဆိုသော အချိန်တိုလေးအတွင်းမှာပင် သူတို့၏ ဘဝများသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
ဤအရာထက် ပို၍ နက်ရှိုင်းပြီး ပို၍ တိုက်ရိုက်ကျသော ခံစားမှုမျိုးဆိုသည်မှာ မရှိနိုင်တော့ပေ။
အသံလှိုင်းလုံးကြီးသည် ဟိန်းထွက်နေဆဲဖြစ်ပြီး ရပ်တန့်သွားမည့် အရိပ်အယောင် အနည်းငယ်မှ မရှိချေ။
အရှင်မင်းကြီးသည် ထိုအသံလှိုင်းလုံးကြီးကြောင့် ရုတ်တရက် တုန်လှုပ်သွားခဲ့ရသည်။
မူလနေရာတွင် မိန်းမောစွာ ရပ်နေရင်း ရင်ထဲတွင် လှိုင်းထန်လာခဲ့ပြီး သွေးပူများ တစ်ဟုန်ထိုး တက်လာခဲ့၏။
ဟုတ်ပေသည်။ ဤကဲ့သို့သော ခံစားမှုမျိုးသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ပြန်လည် ပေါ်ပေါက်လာရန် အလွန် ရှားပါးသွားခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင်တော့ ကျေးဇူးတင်လွန်းလှသော ပြည်သူများကို ရင်ဆိုင်လိုက်ရချိန်၌ အရှင်မင်းကြီးသည် ယခင်က မကြုံဖူးသော ခံစားမှုမျိုးကို ခံစားလိုက်ရ၏။
သို့ပေမည့် နောက်တစ်စက္ကန့်တွင်တော့ သူသည် တစ်စုံတစ်ခုကို သတိထားမိသွားသကဲ့သို့ ဖြစ်သွားခဲ့၏။
အဓိပ္ပာယ်ပါပါဖြင့် ဖန်ကျန်းရီကို လှမ်းကြည့်လိုက်သည်။
ဖန်ကျန်းရီသည်လည်း အရှင်မင်းကြီးကို လှမ်းကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးပြလိုက်၏။
အရှင်မင်းကြီးသည် ခေါင်းပြန်လှည့်လာပြီးနောက် လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ "မတ်တပ်ရပ်ကြပါ။"
သူ၏ လေသံသည် တည်ငြိမ်နေသော်လည်း ခွန်အားတွေ ပါဝင်နေ၏။
ကော်ထျန်းယန်သည် အနောက်မှနေ၍ ကပ်လျက် အော်ဟစ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ ပြည်သူများသည် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်လိုက်ကြပြီး ခေါင်းများ ဆန့်ထုတ်ကာ အရှင်မင်းကြီးကို လှမ်းကြည့်လိုက်ကြ၏။
အရှင်မင်းကြီး၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း နူးညံ့သွားခဲ့သည်ကို မြင်လိုက်ရပြီးနောက် သနားကြင်နာမှုအပြည့်ဖြင့် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "ကိုယ်တော် ... နောက်ကျသွားခဲ့ပြီ။"
ဟင် …။ ဖန်ကျန်းရီ၏ ရင်ထဲတွင် လန့်ဖျပ်သွားခဲ့ပြီး အရှင်မင်းကြီးကို အလျင်အမြန် လှမ်းကြည့်လိုက်၏။
ဘာဖြစ်သွားတာလဲ။ ဘာလို့ ရင်းနှီးနေတဲ့ ခံစားမှုမျိုး ဖြစ်နေရတာလဲ။
"တောင်ပိုင်းက ဘေးအန္တရာယ် အခြေအနေတွေ ဒီလောက်ထိ ဆိုးရွားနေလိမ့်မယ်လို့ ကိုယ်တော် မထင်ထားခဲ့မိဘူး။ မရေမတွက်နိုင်တဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာက ကိုယ်တော်ရဲ့ အမှားတွေပါပဲ။"
"ကိုယ်တော် တိုင်းပြည်အပေါ်မှာရော ပြည်သူတွေအပေါ်မှာပါ မျက်နှာပူမိပါတယ်။"
အရှင်မင်းကြီး၏ မျက်နှာပေါ်တွင် သနားကြင်နာမှုများ ပြည့်နှက်နေဆဲဖြစ်ပြီး စကားပြောနှုန်းသည်လည်း မြန်လွန်းခြင်း မရှိသလို နှေးလွန်းခြင်းလည်း မရှိပေ။ သူ၏ စည်းချက်ကိုင်တွယ်မှုသည် ပြီးပြည့်စုံလုနီးပါးပင် ဖြစ်နေခဲ့ချေပြီ။
ဖန်ကျန်းရီသည် ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိ၏။ ဤတိုတောင်းလှသော စကားအနည်းငယ်ကပင် ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦး၏ နက်ရှိုင်းလှသော စွမ်းရည်များကို သူ့အား မြင်တွေ့သွားစေခဲ့သည်။
ငါလခွမ်း ... ငါတော်တော် နုနယ်သေးတာပဲ။ အရှင်မင်းကြီး … ခင်ဗျားကမှ သရုပ်ဆောင်လောကရဲ့ ဆရာတစ်ဆူ ဖြစ်နေခဲ့တာကိုး။
စကားနှစ်ခွန်း ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများသည် ထပ်မံ၍ မျက်ရည်သုတ်နေကြပြန်၏။
တခဏကြာတိုင်း အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ဟူသော အသံနှစ်သံခန့် ထွက်ပေါ်လာ တတ်သည်။
"ဒါကြောင့် ဒီနေ့ကစပြီး ဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ ဒေသတွေကနေ အခွန်အခတွေကို သုံးနှစ်တိတိ ကင်းလွတ်ခွင့် ပေးဖို့ ကိုယ်တော် ဆုံးဖြတ်လိုက်တယ်။
အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့သူတွေကို မြေနေရာတွေ ခွဲဝေပေးပြီး ကိုယ်တိုင် စိုက်ပျိုးနိုင်အောင် စီစဉ်ပေးမယ်။"
ကော်ထျန်းယန်သည် အရှေ့သို့ တိုးလာခဲ့ပြီးနောက် ဧကရာဇ်အမိန့်ပြန်တမ်းကို ဖြန့်ကာ မြေနေရာ ခွဲဝေပေးခြင်းနှင့် အခွန် ကင်းလွတ်ခွင့်ဆိုင်ရာ အသေးစိတ် အချက်အလက်များကို ဖတ်ပြလိုက်သည်။
ပြည်သူများသည် နားထောင်ရင်း မျက်လုံးများတွင် မျက်ရည်များ ရစ်သိုင်းလာခဲ့၏။
ဧကရာဇ်အမိန့်ပြန်တမ်းကို ဖတ်ပြပြီးနောက် အရှင်မင်းကြီးသည် မြို့ဝန်သစ်ကို ခေါ်ကာ မှာကြားလိုက်သည်။
"ကိုယ်တော် ထွက်သွားပြီးတဲ့နောက်မှာ ပြည်သူတွေကို ဒုက္ခမပေးဖို့ သေချာ မှတ်ထားပါ။ သဘာဝအတိုင်းပဲ အုပ်ချုပ်ပါ။
အောက်ခြေက ပြည်သူတွေကို အနိုင်ကျင့်ဖို့ လွယ်ပေမဲ့ ကောင်းကင်ဘုံကိုတော့ လှည့်စားဖို့ ခက်ခဲလိမ့်မယ်။ ကိုယ်တော် ဒီနေရာကို အမြဲတမ်း စောင့်ကြည့်နေမှာပဲ။"
အရှင်မင်းကြီးဘက်တွင် တစ်စုံတစ်ခုကို ပြောဆိုနေဆဲရှိရာ ဖန်ကျန်းရီသည် လူအုပ်ကြီးထဲ၌ မျက်မှန်းတန်း မိနေသော ကုန်သည်အများအပြား စုဝေးနေကြသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
သူသည် မနေနိုင်တော့ဘဲ ထိုနေရာသို့ လျှောက်သွားလိုက်၏။
သူသည် ပြုံးကာ ပြောလိုက်သည်။ "အားလုံးပဲ မင်္ဂလာပါ။ ကျုပ် ထွက်သွားရတော့မယ်။"
"သခင်လေးဖန် ... သခင်လေးဖန်။"
စွန်းကျားချန်နှင့် ဝမ်ချီရွှန်းတို့သည် လူအုပ်ကြီးထဲတွင် တိုးဝှေ့နေကြပြီး ဖန်ကျန်းရီကို ကြည့်လာသော သူတို့၏ အကြည့်များတွင် စိုးရိမ်ပူပန်မှု အချို့ ပါဝင်နေခဲ့သည်။
အရှင်မင်းကြီး ကိုယ်တော်တိုင် လာရောက်ခဲ့ပြီး သူတို့ကိုယ်တိုင်ကလည်း ဤမျှလောက် ကြီးမားသော ပြဿနာကို ကျူးလွန်ထားခဲ့ရာ ဤရက်ပိုင်းအတွင်း ကောင်းကောင်းပင် အိပ်မပျော်ခဲ့ကြချေ။
သူတို့၏ အားနည်းချက်များက သူတစ်ပါး၏ လက်ထဲတွင် ရှိနေသေးသည် မဟုတ်ပါလား။
ဖန်ကျန်းရီသည်လည်း စွန်းကျားချန်ကို မြင်လိုက်ရပြီး အကြည့်ချင်း ဆုံသွားပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အားလုံးပဲ စိတ်အေးချမ်းသာစွာနဲ့ စီးပွားရေး လုပ်ကြပါ။ နောင်ကျရင် သေချာပေါက် ကြီးပွားချမ်းသာလာပြီး အေးအေးချမ်းချမ်း ရှိကြမှာပါ။
နောက်ပိုင်း ပြဿနာ တစ်ခုခု ရှိလာခဲ့ရင် ကျုပ်ဆီ အချိန်မရွေး စာရေးပြီး ပို့လို့ ရပါတယ်။ သင်တန်းကို အလကား တက်ခိုင်းထားတာမျိုး မဖြစ်စေရပါဘူး။ ခင်ဗျားတို့ရဲ့ ကလေးတွေကော အခု ဘယ်လို အခြေအနေ ရှိနေကြပြီလဲ။"
ဖန်ကျန်းရီ ပြောလိုက်သော စကားကို ကြားလိုက်ရချိန်တွင်။
ကုန်သည် အများအပြားသည် ချက်ချင်း မကျေမနပ် ဖြစ်လာခဲ့ကြပြီး ဖန်ကျန်းရီကို ကြည့်လာသော အကြည့်များတွင်လည်း ထူးဆန်းသော အငွေ့အသက် အနည်းငယ် ပိုလာခဲ့သည်။
မူလက သင်တန်းအပ်သူ ထိပ်ဆုံး သုံးယောက်ကိုသာ အချိန်ပို သင်ကြားပေးမည်ဖြစ်သော်လည်း လူတိုင်း၏ သဘောထားများက ကြီးမားလွန်းနေသဖြင့် ဖန်ကျန်းရီသည် မတတ်သာဘဲ သူတို့အားလုံးကို တစ်နေရာတည်း တွင် စုစည်း၍ သင်ကြားပေးခဲ့ရခြင်း ဖြစ်၏။
အချိန်ပို သင်ကြားခြင်းဆိုသည်မှာ ယဉ်ကျေးမှု သင်ခန်းစာများကို သင်ကြားပေးခြင်း မဟုတ်သည်မှာ သဘာဝပင်။ သူကိုယ်တိုင်ပင် ယဉ်ကျေးမှု အသိပညာ မရှိဘဲနှင့် သွားသင်ပေး၍ ရပါမည်လား။
သေချာပေါက် လူဖြစ်အောင် သွန်သင်ဆုံးမပေးခဲ့ခြင်းပင်။
သူဌေးသားပေါက်စ တစ်စုကို တစ်နေရာတည်းတွင် စုစည်းလိုက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲသို့ တိုက်ရိုက် ပို့ဆောင်ပေးခဲ့သည်။
တောက်ယွမ်ခရိုင်မှ လူများကို အလုပ်ကြပ်အဖြစ် အထူးတလည် ရှာဖွေခန့်အပ်ခဲ့၏။
အခက်အခဲများကို ရင်ဆိုင်စေသော ပညာရေးဖြစ်ပြီး အရာအားလုံးက အခက်အခဲများချည်းသာဖြစ်ကာ ရေသာခိုခွင့် အနည်းငယ်မှ မရှိခဲ့ချေ။
ထိုကလေးတစ်စုသည် တစ်လတိတိ အုတ်များကို အခမဲ့ သယ်ပေးခဲ့ရသည်။
အိမ်ပြန်ရောက်လာပြီးနောက် ဩဇာပေးချင်သော အမူအကျင့်များ ပျောက်ကွယ်သွားခဲ့ရုံသာမက ဆန့်ကျင်ဘက် အနေဖြင့် တုံးတိတိ ငိုင်တိုင်တိုင်ပုံစံ အနည်းငယ်ပင် ပိုလာခဲ့သေး၏။
အချုပ်အားဖြင့်ဆိုရလျှင် အိမ်ပြန်ရောက်လာပြီးနောက် တစ်ယောက်ချင်းစီတိုင်းသည် စကား နားထောင်လာခဲ့ကြသည်ပင်။
"ဘာလို့ ဘာမှ မပြောကြတာလဲ။ ကျုပ်က ခင်ဗျားတို့ရဲ့ ကလေးတွေကို သေချာ မသွန်သင်ပေးလိုက်လို့များလား။"
ကုန်သည်တစ်စုသည် ကျချင်လာသည့် မျက်ရည်များကို အတင်းအကြပ် အောင့်ထားရင်း ဟစ်အော်လိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် သခင်လေးဖန် … အရမ်း ကောင်းမွန်လှပါတယ်။"