အခန်း ၂၆၉
Vol. 15 Ch. 269
အပိုင်း (၂၆၉) တောက်ယွမ်ခရိုင်သို့ ပြန်ခြင်း။
မြို့တော်သို့ ပြန်မည့် ယာဉ်တန်းသည် ခရီးစတင် ထွက်ခွာလာခဲ့ပြီ ဖြစ်၏။
လိုက်လံ ပို့ဆောင်နှုတ်ဆက်ကြသော ပြည်သူများ၏ အော်ဟစ်သံများက မိုးထိုးမတတ် ကျယ်လောင်နေပြီး လမ်းဘေးတစ်လျှောက်တွင် ပြည့်နှက်နေကာ အဝေးကြီးအထိ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသည်။
လူတော်တော်များများက ဖန်မြို့ဝန် ဂရုစိုက်သွားပါ ဆိုသည့် စကားများကို အော်ဟစ်နေကြသေး၏။
ဖန်ကျန်းရီ ထိုမြင်ကွင်းများကို မကြည့်ရက်တော့ဘဲ ရထားလုံးထဲသို့ တိုက်ရိုက် ဝင်ပုန်းနေခဲ့သည်။
အဝေးကြီးသို့ ရောက်သွားမှသာ သက်ပြင်းချနိုင်တော့၏။
ပြီးနောက် ရထားလုံးပေါ်မှ ဆင်းကာ မြင်းစီး၍ သွားလိုက်သည်။
ရထားလုံးက တကယ်ကို သက်သောင့်သက်သာ မရှိလှပေ။ မြင်းစီးနိုင်လျှင် မြင်းစီးသွားသည်က ပိုကောင်းပါသည်။
ယာဉ်တန်းကို နှစ်ဖွဲ့ ခွဲလိုက်၏။
တောက်ယွမ်ခရိုင်က တစ်ဖွဲ့ ဖြစ်ပြီး အရှင်မင်းကြီး၏ နဂါးရထားလုံးက အနောက်ဘက်တွင် ပါဝင်သည်။
ပြည်သူများ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် မျက်နှာအပြည့် နီမြန်းနေသော အိမ်ရှေ့စံသည် နဂါးရထားလုံးထဲသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရပြီး သားအဖ နှစ်ယောက် ဘာတွေ ပြောနေကြမှန်းတော့ မသိရချေ။
ဖန်ကျန်းရီဘက်တွင်တော့ ရှဲ့ရှန်းက အဖော်ပြုပေးနေပြီး ကျန်းကျန်မြို့၏ အခြေအနေများကို ဆက်လက် သတင်းပို့နေခဲ့၏။
“သခင်လေး … ကျုပ်တို့ အထွက်တုန်းက ငွေတုံး တစ်သိန်း ယူလာခဲ့တာဆိုတော့ ဒီတစ်ခေါက် တော်တော်လေး ကုန်သွားတယ်။
ရုံးတော် ဘဏ္ဍာတိုက်ထဲ ဝင်ရမယ့်ဟာတွေလည်း အကုန် ဝင်သွားပါပြီ။
သက်ကြီးရွယ်အိုတွေ၊ အားနည်းသူတွေ၊ အထီးကျန်သူတွေကို ကူညီတဲ့ စရိတ်တွေကို နုတ်လိုက်ရင် အခု စာရင်းထဲမှာ ငွေတုံး တစ်သိန်းခွဲ ရှိပါသေးတယ်။ နောက်ပြီး မြေဩဇာကောင်းတဲ့ လယ်မြေ ဧက နှစ်ထောင်၊ အပျော်စီးသင်္ဘော တစ်စီး၊ လေပန်းချီစံအိမ်နဲ့ အကောင်းစား အိမ်ရာ နှစ်လုံး ရှိပါသေးတယ်။
မထွက်လာခင်ကတည်းက စီမံခန့်ခွဲဖို့ လူတွေကို အကုန် သေချာ စီစဉ်ထားခဲ့ပါပြီ။
အဓိကကတော့ ကုန်သည်တွေဆီက အတိုင်ပင်ခံကြေးနဲ့ အလုပ်သမား တချို့ရဲ့ ပွဲစားခတွေပါ။ နောက်ပြီး ကြော်ငြာ ဒီဇိုင်းဆွဲခတွေ၊ လေပန်းချီစံအိမ်ရဲ့ အသင်းဝင်ကြေးတွေ...
လယ်မြေ ဧက နှစ်ထောင်ကိုလည်း လယ်သမားတွေကို ကန်စွန်းဥ စိုက်ပျိုးဖို့ စီစဉ်ထားပြီး ငါးနှစ်စာ သီးစားခ ကင်းလွတ်ခွင့် ပေးထားပါတယ်။
နောက်ပြီး ဒါက သခင်လေး လျိုရွှန်းဆီကနေ သိမ်းထားခိုင်းတဲ့ ရတနာတွေပါ။”
ရှဲ့ရှန်းက ပြောရင်း အနောက်တွင် လွယ်ထားသော အထုပ်ကို ယူကာ ဖွင့်ပြလိုက်ရာ အထဲတွင် လှပသော လက်ဝတ်ရတနာများ၊ ဆံထိုးများ၊ လက်ကောက်များ ကဲ့သို့သော ပစ္စည်း အများအပြား ပါဝင်နေသည်ကို မြင်လိုက်ရ၏။
ဖန်ကျန်းရီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “မဆိုးပါဘူး။ ဒီတစ်ခေါက် အလကား မဖြစ်ခဲ့ဘူးပဲ။
သတင်းစာတိုက်ကို ခံစားခွင့်တွေ လုပ်ပေးဖို့ ကျုပ်အတွက် ငွေတုံး တစ်ထောင် ချန်ထားခဲ့။ တစ်သိန်းကို ခရိုင်ထဲ ပြန်ရောက်ရင် ဘဏ္ဍာတိုက်ထဲ ပြန်ထည့်လိုက်။ ကျန်တာတွေကို ညီအစ်ကိုတွေ ဝေယူလိုက်ကြတော့။
ဒါက ခင်ဗျားတို့ရဲ့ လုပ်အားခတွေပဲ။ ဒီတစ်ခေါက် ခရီးက မလွယ်ကူခဲ့ဘူးလေ။”
ရှဲ့ရှန်း ဝမ်းသာအားရ ပြုံးလိုက်၏။ တစ်ယောက်ကို ငွေတုံး နှစ်ထောင်နီးပါးလောက် ရမှာလေ။ ဒီတစ်ခေါက် ခရီးထွက်ရတာက တကယ်ကို တန်လွန်းတယ်။
သခင်လေးက တကယ်ကို ရက်ရောတာပဲ။
“သခင်လေးအတွက် အလုပ်လုပ်ပေးရတာ ကျုပ်တို့ လုပ်သင့်လုပ်ထိုက်တာတွေချည်းပါပဲ။”
“ဒါဆို ငွေတွေ ပြန်ပေး။”
ဖန်ကျန်းရီ မျက်လုံးပြူးကြည့်လိုက်ပြီး မြင်းကို ချွန်းအုပ်ကာ အရှေ့သို့ ထွက်သွားခဲ့၏။
မိမိအရှေ့တွင် ချီအဘ ဖြစ်နေသည်ကို မြင်ချိန်မှာတော့ သအနီးသို့ ကပ်သွားကာ မေးလိုက်သည်။ “ချီအဘ… ကျုပ် သီးသန့် မှာထားတဲ့ တုန်ခါမှု လျှော့ချပေးတဲ့ တုတ်က ဘယ်လိုဖြစ်တာလဲ။ အကျိုးသက်ရောက်မှု မရှိဘူး။”
ချီအဘ အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “မဖြစ်နိုင်ပါဘူး။ ကျုပ် သေသေချာချာကို နှစ်ရက်တိတိ အချိန်ယူပြီး လုပ်ထားတာ။ စမ်းတောင် စမ်းသပ်ကြည့်ပြီးပြီ။
သေချာပေါက် တုန်ခါမှု လျှော့ကျတာပါ။”
ဖန်ကျန်းရီလည်း သံသယ ဝင်သွားခဲ့သည်။ အကြောင်းပြချက် မရှိဘူး။ ချီအဘရဲ့ လက်ရာက တကယ်ကို ပြောစရာ မလိုအောင် ကောင်းတာပဲ။
“ခင်ဗျား ဘယ်လို စမ်းသပ်ခဲ့တာလဲ။”
“လုပ်ပြီးတာနဲ့ နံရံကို ရိုက်ကြည့်တာလေ။ တစ်နေကုန် ရိုက်တာတောင် လက်က နည်းနည်းလေးမှ မထုံဘူး။ ကျုပ်က လက်ကိုင်နေရာမှာတောင် မချော်အောင် ပန်းခက်လေးတွေ ထွင်းပေးထားသေးတာ။ ကိုင်ရတဲ့ အရသာက အရမ်း ကောင်းတာပဲ။ သခင်လေး.. ကျုပ်ရဲ့ လက်ရာကို မယုံကြည်ဘူးလား။”
“…...”
...
ဆယ်ရက်ကျော် ဆက်တိုက် ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် မြို့တော်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။
အရှင်မင်းကြီးကို နှုတ်ဆက်ပြီးနောက် ဖန်ကျန်းရီသည် မရပ်မနားဘဲ တောက်ယွမ်ခရိုင်သို့ အလျင်စလို ခရီးဆက်ခဲ့သည်။
လမ်းတစ်လျှောက်တွင် ဖန်ကျန်းရီက အိမ်ရှေ့စံအပေါ် အလွန်အမင်း အလိုလိုက် အကြိုက်ဆောင်ခဲ့သောကြောင့် အိမ်ရှေ့စံမှာ မျက်ရည်ကျလုမတတ် ဖြစ်သွားခဲ့၏။
ယခုတစ်ခေါက် ခရိုင်သို့ ပြန်ရာတွင် တောက်ယွမ်ခရိုင်မှ လူများအပြင် လီယွမ်ကျောက်ကိုပါ ခေါ်ဆောင်လာခဲ့သည်။
ကျန်းကျန်မြို့မှ ပြန်ရောက်ပြီးနောက်ပိုင်း အရှင်မင်းကြီးသည်လည်း အိမ်ရှေ့စံအပေါ် ထူးထူးခြားခြား ရက်ရောနေခဲ့၏။
ခွင့်တောင်းသည်ကို စဉ်းစားမနေဘဲ ချက်ချင်း သဘောတူလိုက်ရာ လီယွမ်ကျောက်လည်း သဘာဝကျကျ ဝမ်းသာအားရ လိုက်ပါလာခဲ့တော့သည်။
မြို့တံခါးမှ ထွက်ပြီး မကြာမီ တောက်ယွမ်ခရိုင်က ဖောက်လုပ်ထားသော လမ်းကို မြင်တွေ့လိုက်ရ၏။
ဖြောင့်တန်းနေသော လမ်းမကြီးက လူကို မျက်စိကျိန်းမတတ် ဖြစ်စေသည်။
နောက်ထပ် အပိုင်းလေးတစ်ခု ဖောက်လုပ်လိုက်လျှင် ရုံးတော်လမ်းမကြီးနှင့် ဆက်သွားပြီ ဖြစ်သော်လည်း ဖန်ကျန်းရီက မြို့တော်နှင့် အရမ်းမနီးကပ်စေရန် ကြိုတင် စီစဉ်ထားခဲ့သောကြောင့် ဤနေရာအထိသာ ဖောက်လုပ်ပြီးစီးခြင်း ဖြစ်၏။
အသစ်ဖောက်လုပ်ထားသော လမ်းမကြီးပေါ်သို့ ရောက်ချိန်မှာတော့ မြင်းများ၏ ခြေလှမ်းများပင် အနည်းငယ် သွက်လက်လာခဲ့သည်။
လမ်းတစ်လျှောက် ပင်ပန်းနွမ်းနယ်မှုများပင် တော်တော်လေး ပျောက်ကွယ်သွားခဲ့၏။
သို့ပေမည့် ဤလမ်းပေါ်တွင် လူတစ်ယောက်မှ မရှိသေးသည်က ဖန်ကျန်းရီ၏ စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်လာစေခဲ့သည်။
ဒီလမ်း ဖောက်ပြီး ဗြောင်ကျကျ ချထားတာတောင် အသုံးပြုမယ့်သူ မရှိဘူးလား။
သို့သော်ငြား ခရိုင်ထဲသို့ ရောက်ခါနီးပြီ ဖြစ်သောကြောင့် ဖန်ကျန်းရီလည်း အများကြီး ဆက်မတွေးတော့ပေ။
မြင်းစီးရင်း လေညင်းခံကာ အထုပ်ထဲမှ ကျန်နေသော သွားရည်စာလေးများကို ထုတ်ယူကာ လီယွမ်ကျောက်ကို ကမ်းပေးလိုက်၏။
“အိမ်ရှေ့စံ .. စားလိုက်။ နောက်ဆုံး ကျန်တဲ့ အမဲသားခြောက်လေးပဲ။”
လီယွမ်ကျောက်သည် မြင်းပေါ်တွင် စီးရင်း မြေပြင်ကို အဆက်မပြတ် ငေးကြည့်နေကာ ဘာတွေ တွေးနေမှန်း မသိရချေ။
ဖန်ကျန်းရီ ခေါ်သံကို ကြားမှ သတိပြန်ဝင်လာပြီး အမဲသားခြောက်ကို လှမ်းယူကာ ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဖန်ကြီး .. ခင်ဗျား ကျုပ်အပေါ် အရမ်း ကောင်းတာပဲ။
ကျုပ်တို့ နှစ်ယောက် အရင်ဘဝက သေချာပေါက် ညီအစ်ကို အရင်းတွေ ဖြစ်မှာပဲ။”
“သေချာတာပေါ့။”
လီယွမ်ကျောက် မျက်နှာတစ်ခုလုံး ကြီးမားသော နာကြည်းမှုများ ပြည့်နှက်နေ၏။
“ဟူး... ဖန်ကြီး ခင်ဗျား မသိပါဘူး။ ဒီလမ်းတစ်လျှောက်လုံး ကျုပ် ခင်ဗျားကို အားနာလို့ မပြောရဲခဲ့ဘူး။ ပြီးခဲ့တဲ့ အခေါက်က ခမည်းတော် ဘယ်ကနေ သွားယူလာမှန်းမသိတဲ့ တုတ်အစုတ်ကြီးနဲ့ ကျုပ်ကို ရိုက်ခဲ့တာ။ ပြီးတော့ အဲဒါကို ရတနာ တစ်ခုလို သဘောထားပြီး လမ်းတစ်လျှောက်လုံး သယ်လာသေးတယ်။
အဲဒီ တုတ်ကြီးက လူကို ရိုက်ရင် ဘယ်လောက် နာလဲဆိုတာ ခင်ဗျား မသိဘူး။ ရထားလုံးထဲမှာ အဲဒါကို မြင်တာနဲ့တင် ကျုပ် လန့်နေပြီ။
ကျစ်... တကယ်ကို ယုတ်မာလွန်းတယ်။ အရှင်မင်းကြီးရဲ့ ဘေးမှာ လူတစ်ယောက် နှစ်ယောက်ပဲ ရှိတာ။ ဘယ်သူကများ အရှင်မင်းကြီးအတွက် တုတ်ရှာပေးပြီး ဒီလောက် ယုတ်မာတဲ့ ကိစ္စမျိုးကို လုပ်နိုင်မှာလဲ။”
ဖန်ကျန်းရီ ပြုံးဖြီးဖြီး လုပ်ကာ အကြောင်းအရာကို အမြန် ပြောင်းလိုက်၏။
“အင်း ….. အိမ်ရှေ့စံ ခုနက ဘာတွေ တွေးနေတာလဲ။”
ထိုစကားကို ကြားသည်နှင့် လီယွမ်ကျောက်သည် ခေါင်းငုံ့ကာ လမ်းမကို ဆက်ကြည့်လိုက်သည်။ နှုတ်ခမ်းကို သပ်ပြီး တွန့်ဆုတ်စွာ ပြောလိုက်၏။ “ကျုပ် ပြောရင် ခင်ဗျား ကျုပ်ကို မလှောင်နဲ့နော်။”
“လုံးဝ မလှောင်ပါဘူး။” ဖန်ကျန်းရီ ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်သည်။
“ခင်ဗျား စဉ်းစားကြည့်။ ဒီလမ်းက ဒီလောက် ပြန့်ပြူးနေတာ ဖိနပ်ပေါ်မှာ ဘီးလေးတွေ နည်းနည်း တပ်လိုက်ရင် အရမ်း မြန်မြန် ပြေးလို့ ရမှာ မဟုတ်ဘူးလား။”
“...”
လီယွမ်ကျောက်သည် ဖန်ကျန်းရီ စကားပြန်မပြောသည်ကို ကြားချိန်မှာတော့ ခေါင်းလှည့်ကာ မေးလိုက်၏။ “ခင်ဗျား ပြောကြည့်လေ… ဟုတ်တယ် မဟုတ်လား ဖန်ကြီး။”
ဖန်ကျန်းရီက ပြုံးလျက် သူ့ကို ကြည့်ကာ ပြောလိုက်သည်ကို မြင်လိုက်ရသည်။ “နန်းတွင်း ကျောက်စိမ်း အရက်။”
“……” လီယွမ်ကျောက် ခေါင်းတစ်ခုလုံး ရှုပ်ထွေးသွားခဲ့၏။
“ဖန်ကြီး ခင်ဗျား ဘာတွေ ပြောနေတာလဲ။ နန်းတွင်းမှာ ဒီလို အရက်မျိုး ရှိလို့လား။ အဲဒါ အရင် မပြောနဲ့အုံး။ ဖိနပ်ပေါ်မှာ ဘီးတပ်ရင် မြန်မြန် ပြေးလို့ ရမလား ၊ မရဘူးလား ဆိုတာကို ပြော။”
ဖန်ကျန်းရီ နှလုံးသားတစ်ခုလုံး ကြေမွသွားခဲ့သည်။
လီယွမ်ကျောက်ကို ဂရုမစိုက်တော့ဘဲ သူ့ဘာသာသူ ပြောလိုက်၏။ “အိမ်ရှေ့စံ … ပြန်ရောက်ရင် သမိုင်းမှတ်တမ်း အရာရှိကို ဖုန်းဆိုတာ ဖန်ကျန်းရီ တီထွင်ခဲ့တာလို့ သွားပြောဖို့ သေချာ မှတ်ထားနော်။
ရေးမှတ်ထားတဲ့ ငွေစက္ကူကို ခင်ဗျား ကိုင်ထားသေးလား။ ပြန်ရောက်ရင် ကျုပ် ခင်ဗျားကို နောက်ထပ် အများကြီး ထပ်ဆွဲပေးမယ်။”
လီယွမ်ကျောက် စိတ်တိုသွားပြီး အလျှော့မပေးဘဲ ပြောလိုက်သည်။ “ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ကျုပ် ခင်ဗျားကို ဖိနပ်ပေါ်မှာ ဘီးတပ်ရင် မြန်မြန် ပြေးလို့ ရမလားလို့ မေးနေတာလေ။”
“ရတယ်။ ရတယ် .. ရတယ် …အိမ်ရှေ့စံ ထပ်မမေးပါနဲ့တော့။”
သူက ဤမျှ ပြီးစလွယ် လုပ်နေသည်ကို မြင်ချိန်မှာတော့ လီယွမ်ကျောက် မျက်နှာပေါ်တွင် အထင်သေးမှုများ ပေါ်လာ၏။ “ခင်ဗျား မယုံရင်လည်း နေပေါ့။ ပြန်ရောက်ရင် ကျုပ်ဘာသာ လူရှာပြီး လုပ်ခိုင်းမယ်။ သေချာပေါက် ရရမယ်။”
ဖန်ကျန်းရီ လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားသည်။
ကူးပြောင်းလာသူတွေရဲ့ မျက်နှာကို အိုးမဲသုတ်တာပဲ။ ဘီးတပ် ဖိနပ်တဲ့လား။ ငါ့အရှေ့ကနေ မူပိုင်ခွင့်ကို အရင်ဦးအောင် မှတ်ပုံတင်မယ့်လူ ရှိနေပြန်ပြီလား။
ဤလမ်းတစ်လျှောက်လုံး မြို့တံခါးပေါက်သို့ ရောက်သည်အထိ အဆက်မပြတ် ရှုပ်ထွေးနေခဲ့၏။
မြို့တံခါး အစောင့်သည် ဖန်ကျန်းရီမှန်း မြင်သည်နှင့် ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားပြီး မြို့တွင်းသို့ ပြေးဝင်ရန် ပြင်လိုက်စဉ် ဖန်ကျန်းရီက အမြန် လှမ်းခေါ်လိုက်သည်။
“ကျုပ် မင်းကို မေးမယ်။ ဒီလမ်း ဖောက်လုပ်ပြီးသွားပြီကို ဘာလို့ သွားလာတဲ့လူ မရှိတာလဲ။ တခြားနယ်က လူတွေ တောက်ယွမ်ခရိုင်ကို မလာကြတော့ဘူးလား။”
အစောင့်က စဉ်းစားကြည့်လိုက်၏။ “အာ... သခင်လေး မသိလို့ပါ။ အရင်တုန်းကတော့ ကျုပ်တို့ဆီကို ရံဖန်ရံခါ လူတချို့ လာတတ်ပါတယ်။
လမ်းဖောက်ပြီးသွားတော့ လာမယ့်လူတွေ အရမ်းများမှာ ကြောက်လို့ ဘယ်သူ့ကိုမှ မြို့ထဲ အဝင်မခံတော့တာလေ။ အချိန်နည်းနည်း ကြာသွားတော့ ဘယ်သူမှ မလာကြတော့ဘူး။”
ဪ... ဒီလိုကိုး။
ဖန်ကျန်းရီ ခေါင်းညိတ်လိုက်ပြီး မြင်းကို ချွန်းအုပ်ကာ မြို့တွင်းသို့ ဝင်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ဖန်ကျန်းရီကို အဆက်မပြတ် နှုတ်ဆက်နေကြသူများ ရှိပြီး လူတော်တော်များများက အနောက်မှပင် လိုက်ပါလာကြသေး၏။
တောက်ယွမ်ခရိုင် ပြည်သူများက ရူးသွပ်နေသော ပရိသတ်များက ကြယ်ပွင့်ကို အသည်းအသန် လိုက်လံအားပေးနေသည့် ပုံစံမျိုး ပေါက်နေသည်။
ဖန်ကျန်းရီလည်း သဘာဝကျကျ အပြုံးများဖြင့် တစ်ယောက်ပြီး တစ်ယောက်ကို ပြန်လည် နှုတ်ဆက်နေခဲ့၏။
အိမ်ပြန်ရတာ တကယ် ကောင်းတာပဲ။ တစ်ကိုယ်လုံးတောင် ယုံကြည်မှုတွေ ပြည့်ဝသွားပြီ။