အခန်း ၄၂၃
Vol. 36 Ch. 423
အပိုင်း (၄၂၃)
ထို့အချိန်တွင် လူအုပ်ကြီးထဲမှ လူတစ်ယောက်က ချက်ချင်း လှုံ့ဆော်မှုများ ပြုလုပ်လာတော့၏။ “မိဖုရားခေါင်ကြီး နဲ့ မိဖုရားကြီး တို့ဟာ နေ့တိုင်း တစ်ကြိမ်ပဲ စားကြတယ်။ ဧကရာဇ်မင်းမြတ်လည်း နေ့တိုင်း တစ်ကြိမ်ပဲ စားတယ်။ တော်ဝင်တရားရုံး အကြီးအကဲ၊ ဝေမြို့စားကြီး အိမ်တော်တို့လည်း ချွေတာပြီး လန်ကျိုးက ဒုက္ခသည်တွေကို ကယ်တင်ဖို့ ငွေတွေ ညှစ်ထုတ်ပေးနေကြတယ်။ ကျုပ်တို့တွေလည်း သွေးနဲ့ချွေးနဲ့ ရှာထားတဲ့ ငွေတွေကို လှူဒါန်းပြီး ဒုက္ခသည်တွေကို ကယ်တင်ဖို့ကြိုးစားနေကြတယ်။
ဒါပေမဲ့ အောက်ယွီ နဲ့ စုချိုင်ရန် တို့က ဘာလုပ်ခဲ့ကြလဲ။ တာ့ဖာရှန့် ဘုရားကျောင်းလို သန့်စင်တဲ့ နေရာမှာ ဒီလို ညစ်ပတ်ရွံရှာဖွယ်ကောင်းတဲ့ ကိစ္စတွေကို လုပ်ခဲ့ကြတယ်။ ဒီ ခွေးသူခိုး လင်မယားဟာ သန့်စင်တဲ့ နေရာကို စော်ကားခဲ့လို့ အရှင်လတ်လတ်ကျောက်ခဲနဲ့ ပေါက်သတ်ခံရသင့်တယ်။”
“ဟုတ်တယ်။ ကျုပ်တို့ လာလှူကြတာ အားလုံး သန့်စင်တဲ့ စိတ်နှလုံးနဲ့ လာလှူကြတာ။ ဒီလို စော်ကားခံရလို့ မဖြစ်ဘူး။”
“ကျုပ်တို့ရဲ့ စေတနာတွေကို နင်းခြေခံရလို့ မဖြစ်ဘူး။ တံခါးဖွင့်ပြီး ကျုပ်တို့ကို ရှင်းပြပါ။ အောက်ယွီ နဲ့ စုချိုင်ရန် တို့ဟာ တာ့ဖာရှန့် ဘုရားကျောင်းထဲမှာ ရှိနေပြီး ဖမ်းမိသွားပြီ။ သက်သေ အထောက်အထားတွေလည်း ခိုင်လုံနေပြီ။”
“ဟုတ်တယ်။ ကျုပ်တို့ကို ရှင်းပြပါ။ အလှူငွေ လာလှူတဲ့ လူသိန်းချီကို ရှင်းပြပါ။”
လူအများအပြားက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြသည်။
“အကယ်၍ အောက်ယွီ နဲ့ စုချိုင်ရန် တို့ တကယ်ပဲ လျှို့ဝှက် ပတ်သက်မှု ရှိတယ်ဆိုရင် လူသိရှင်ကြား သတ်ဖြတ်သင့်တယ်။”
“လူသိရှင်ကြား သတ်ဖြတ်ရမယ်။”
ဤအချိန်တွင် လူအုပ်ကြီးထဲမှ လူတစ်ယောက်က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ဟုတ်တယ်။ သတ်ဖြတ်သင့်တယ်။ တာ့ဖာရှန့် ဘုရားကျောင်းလို နေရာမျိုးမှာ လျှို့ဝှက် ပတ်သက်မှု ရှိတယ်ဆိုရင် လမ်းမပေါ်မှာ အရှက်ခွဲခံရပြီး အရှင်လတ်လတ် ကျောက်ခဲနဲ့ ပေါက်သတ်ခံရသင့်တယ်။ အားလုံးပဲ အထဲကို ဝင်ကြစို့။”
“အထဲကို ဝင်ကြစို့...” ဤလူသည် အလွန် အားပါးတရ အော်ဟစ်နေပြီး သူသည် ဝဖြိုးသူ တစ်ဦး ဖြစ်သည်။
ဘေးနားမှ လူတစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်၏။ “အစ်ကိုကြီး... အစ်ကိုကြီးကလည်း အရမ်းကို ဒေါသထွက်နေတာပဲနော်။”
ဤလူက ပြန်ပြောလိုက်သည်။ “သေချာတာပေါ့။ ဒီ တာ့ဖာရှန့် ဘုရားကျောင်းဟာ ကျုပ်တို့ တောင်ပိုင်းကျိုးရဲ့ နံပါတ်တစ် သန့်စင်တဲ့ နေရာပဲ။ တည်ထောင်သူ ဧကရာဇ်ရဲ့ နတ်ဘုရား ရှိတဲ့ နေရာပဲ။ ဘယ်လိုလုပ်ပြီး စော်ကားခံလို့ ရမှာလဲ။”
ထိုလူက ပြောလိုက်၏။ “အစ်ကိုကြီး... အစ်ကိုကြီးက တကယ်ကို ဖြောင့်မတ်တည်ကြည်တာပဲ။ နာမည် ဘယ်လို ခေါ်ပါသလဲ။”
ဤလူက ပြန်ဖြေလိုက်သည်။ “အောက် မျိုးရိုးပါ။ နာမည်က အောက်ယွီ လို့ ခေါ်ပါတယ်။”
“ဟမ်...” ဘေးနားမှလူ အံ့ဩသွားရ၏။
‘ဒါ... ဒါ မဖြစ်နိုင်ဘူးလေ။ အောက်ယွီက ဘုရားကျောင်းထဲမှာ စုချိုင်ရန် နဲ့ ဖောက်ပြန်နေလို့ အဖမ်းခံထားရတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ရောက်နေရတာလဲ။’
ထို ဝဖြိုးသော အမျိုးသားက ပြောလိုက်သည်။ “ကျုပ်က အောက်ယွီ လေ။ ဒီနေရာမှာ ကျုပ်ကို မသိတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ မယုံဘူး။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ချက်ချင်းပဲ လူအများအပြားက သူ့ကို ကြည့်လိုက်ကြ၏။
အချို့သော လူများက အမှန်တကယ်ပင် သူ့ကို မှတ်မိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် စုချင်ဝမ် အိမ်တော်၊ ဝေမြို့စားကြီး အိမ်တော်မှ လူများ ဖြစ်ကြသောကြောင့် အောက်ယွီကို သေချာပေါက် မှတ်မိကြသောကြောင့် ဖြစ်သည်။
‘ဒါ... ဒါ သရဲခြောက်တာလား။ ဒီ အောက်ယွီက အထဲက ဖမ်းမိတဲ့ နေရာမှာ ရှိနေရမှာ မဟုတ်ဘူးလား။ ကျုပ်... ကျုပ် မျက်စိ မှားသွားတာလား။ အခု လူတိုင်းက သတ်ဖို့ ဖြတ်ဖို့ အော်ဟစ်နေတဲ့ လူက လူတိုင်းရဲ့ကြားမှာ ရောက်နေတယ် ဟုတ်လား။’
ယွင်ကျုံးဟဲ့က လက်မောင်းများကို ဝှေ့ယမ်းကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ခွေးသူခိုး လင်မယားကို သတ်ပစ်။ ဒီ ခွေးသူခိုး လင်မယားကို အရှင်လတ်လတ်ကျောက်ခဲနဲ့ ပေါက်သတ်ပစ်။ အရှင်လတ်လတ် မီးရှို့သတ်ပစ်။”
ချက်ချင်းပဲ လူတိုင်း သူ့ကို ကြည့်လိုက်ကြတော့သည်။
ယွင်ကျုံးဟဲ့က တိုးတိုးလေး မေးလိုက်၏။ “ခင်... ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။ ကျုပ်ကို ဘာလို့ ဒီလို လာကြည့်နေကြတာလဲ။ ကျုပ် အော်တာ မှားနေလို့လား။”
တစ်ကွင်းလုံး ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။
ယွင်ကျုံးဟဲ့က လက်နှစ်ဖက်ကို အမြင့်သို့ မြှောက်ကာ ပြောလိုက်၏။ “ကျုပ်... ကျုပ်လည်း အလှူငွေ လာလှူတာပါ။”
လူတိုင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီ ဖြစ်၏။ သူ၏ လက်ဖဝါးထဲတွင် ငွေတုံး တစ်တုံး ရှိနေပြီး အလေးချိန်အားဖြင့် ဆယ်ကျပ်သားခန့် ရှိမှာဖြစ်သည်။
“မိဖုရားခေါင်ကြီး... အောက်ယွီက... ဘုရားကျောင်း အပြင်ဘက်မှာ ရောက်နေပါတယ်။” ရုတ်တရက် မိန်းမစိုး တစ်ဦး ဝင်ရောက်လာပြီး အစီရင်ခံလိုက်၏။
မိဖုရားခေါင်ကြီးက မေးလိုက်သည်။ “ဘုရားကျောင်း အပြင်ဘက်မှာ ဟုတ်လား။ သူ ဘာလာလုပ်တာလဲ။”
မိန်းမစိုးက ပြန်ဖြေလိုက်၏။ “သူက အလှူငွေ လာလှူတာလို့ ပြောပါတယ်။”
တွမ်ယင်းယင်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “မိဖုရားခေါင်ကြီး... သူက စုချင်ဝမ်ကတော်ကို ချောက်ချပြီးနောက် အဝေးကို မထွက်ပြေးနိုင်သေးတာ သေချာပါတယ်။ သူ့ကို ဖမ်းပြီး သေချာ စစ်ဆေးမေးမြန်းလိုက်ရင် အမှန်တရား ပေါ်လာမှာ သေချာပါတယ်။”
မိဖုရားခေါင်ကြီးက အမိန့်ပေးလိုက်၏။ “အောက်ယွီကို ဝင်လာခိုင်းလိုက်။”
ခဏအကြာတွင် ယွင်ကျုံးဟဲ့ သည် မယ်တော်မိဖုရားခေါင်ကြီး၏ အရှေ့သို့ ရောက်ရှိလာတော့သည်။
“အောက်ယွီ... ရှင် ကျွန်မကို ဒုက္ခပေးရဲတယ်။ ကျွန်မ သရဲဖြစ်သွားရင်တောင် ရှင့်ကို အလွတ်မပေးဘူး။” စုချင်ဝမ်ကတော် တွမ်ယွင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး သရဲတစ္ဆေ တစ်ကောင်ကဲ့သို့ အောက်ယွီ ထံသို့ ပြေးဝင်လာတော့၏။
မနေ့ညက သူမနှင့် တွမ်ယင်းယင်း၊ တွမ်ယွီ တို့သည် မျက်မြင်ကိုယ်တွေ့ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည။် အောက်ယွီ သည် ဤနေရာသို့ အဖမ်းခံရပြီးနောက် စုတိုက် နှင့်အတူ ခြောက်သွေ့နေသော ထင်းပုံပေါ် မီးကျသွားသကဲ့သို့ ဖြစ်နေခဲ့သည် မဟုတ်ပါလား။
တွမ်ယွင်က ဆက်လက် အော်ဟစ်လိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီး... မနေ့ညက ကျွန်မတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာပါ။ အောက်ယွီ နဲ့ စုတိုက် တို့ နှစ်ယောက်ဟာ ဒီ ထျန်းဖူထူ စေတီတော်ကြီးရဲ့ ဝမ်းဗိုက် အလယ်ဗဟို ကျောက်ခန်းထဲမှာ ဖောက်ပြန်နေခဲ့ကြတာကို ကျွန်မတို့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာပါ။”
မယ်တော်မိဖုရားခေါင်ကြီးက ချက်ချင်း အေးစက်စက်ဖြင့် မေးလိုက်သည်။ “နင် ဘာလို့ မြင်ခဲ့ရတာလဲ။ မြင်ခဲ့ရရင် ဘာလို့ အဲဒီအချိန်တည်းက မပြောခဲ့တာလဲ။”
တွမ်ယွင်က အေးစက်စက်ဖြင့် ပြန်ဖြေလိုက်၏။ “သေခါနီးနေပြီဆိုတော့ ကျွန်မလည်း ဘာမှ ဖုံးကွယ်စရာ မရှိတော့ပါဘူး။ ကျွန်မ ဘာလို့ မပြောခဲ့တာလဲဆိုတော့ ဒီနေ့ မယ်တော်မိဖုရားခေါင်ကြီးနဲ့ လူတိုင်း အတူတူ လာဖမ်းမိအောင်လို့ပါ။
ကျွန်မကတော့ သေချာပေါက် သေရတော့မှာပါ။ ဒါပေမဲ့ အောက်ယွီ နဲ့ စုတိုက် တို့ရဲ့ လျှို့ဝှက် ပတ်သက်မှုကို ဘယ်လိုမှ ဖုံးကွယ်လို့ မရပါဘူး။ စုတိုက် ပျောက်ဆုံးသွားတာ အမှန်တရားပဲ။ ပြီးတော့ သူတို့နှစ်ယောက် ဖောက်ပြန်ခဲ့တယ်ဆိုရင် စစ်ဆေးကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။ စုတိုက်ကို ခန္ဓာကိုယ် စစ်ဆေးခိုင်းလိုက်ပါ။ ခန္ဓာကိုယ် စစ်ဆေးခိုင်းလိုက်ပါ။”
ဤ စုချင်ဝမ်ကတော်၏ မျက်လုံးများမှာ အလွန် မလိုမုန်းထားမှုများ ပြည့်နှက်နေပြီး သူမ သေရမည် ဆိုလျှင်တောင်မှ အောက်ယွီ နှင့် စုတိုက် တို့ကိုပါ ဆွဲသွင်းကာ အတူတကွ သေဆုံးစေမည်ဟု ရည်ရွယ်ထားပုံ ရသည်။
တွမ်ယွင်က ဆက်ပြောလိုက်၏။ “ပြီးတော့ စုတိုက်ရဲ့ အခန်းထဲမှာ လျှို့ဝှက်စာ တစ်စောင် ရှိနေသေးတယ်။ အဲဒါ သေချာပေါက် အောက်ယွီ သူမဆီ ရေးပေးထားတဲ့ ချစ်စာပဲ။ လျှို့ဝှက် ချိန်းဆိုထားတဲ့ စာပဲ။
အောက်ယွီ... ရှင်က တကယ်ကို တော်တာပဲ။ ဘယ်သူမှ မသိအောင် ထွက်ပြေးနိုင်ခဲ့ရုံတင် မကဘူး၊ ကျွန်မတို့ကိုပါ ဒီကျောက်ခန်း ထဲမှာ ပိတ်လှောင်ထားခဲ့နိုင်သေးတယ်။ ရှင် တကယ် တော်ပါတယ်။ ဒါပေမဲ့ ရှင်နဲ့ စုတိုက် တို့ ဖောက်ပြန်ခဲ့ပြီးပြီလေ။ စုတိုက် ပျောက်ဆုံးသွားတာကို ရှင် ဘယ်လို ရှင်းပြမလဲ။ သူမကို ခန္ဓာကိုယ် စစ်ဆေးလိုက်တာနဲ့ ရှင် သေချာပေါက် သေရတော့မှာပဲ။ သေချာပေါက် သေရတော့မှာပဲ...”
မိဖုရားခေါင်ကြီးက အေးစက်စက်ဖြင့် မေးလိုက်သည်။ “စုချိုင်ရန်ရဲ့ အခန်းကို ရှာပြီးပြီလား။”
“ရှာနေတုန်းပါပဲ။”
ထိုအချိန်တွင်ပင် ရုတ်တရက် အပြင်ဘက်မှ မိန်းမစိုး တစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီး... စုချိုင်ရန်ကို တွေ့ပါပြီ။”
မယ်တော်မိဖုရားခေါင်ကြီးက မေးလိုက်သည်။ “ဘယ်မှာလဲ။”
“တာ့ဖာရှန့် ဘုရားကျောင်းရဲ့ကျောင်းထိုင် ဆရာမ လန်အန်းရဲ့ အခန်းထဲမှာပါ။” မိန်းမစိုးက ပြန်ဖြေလိုက်၏။
မယ်တော်မိဖုရားခေါင်ကြီး အံ့ဩသွားသလို မိဖုရားကြီးလည်း အံ့ဩသွားရသည်။ ဆရာမ လန်အန်း ပါ ပါဝင်ပတ်သက်လာပြီ မဟုတ်ပါလား။
ဆရာမ လန်အန်း ဆိုသည်မှာ မည်သူနည်း။ လက်ရှိ ဧကရာဇ်၏ အစ်မ၊ ထျန်းယန် ဧကရာဇ်ရဲ့ သမီးတော် ဖြစ်သည်။
ငယ်စဉ်က ထူးဆန်းတဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး မျက်နှာက အရုပ်ဆိုး အကျည်းတန်သွားသောကြောင့် သီလရှင် ဝတ်ပြီး တာ့ဖာရှန့် ဘုရားကျောင်းရဲ့ကျောင်းထိုင် ဖြစ်လာခဲ့သူလည်း ဖြစ်၏။
သူမက အရမ်းကို အထီးကျန်ဆန်ပြီး ပြင်ပလူတွေကို ဘယ်တော့မှ တွေ့လေ့မရှိပေ။ အချိန်အများစုကို ခူနန်ကျောင်းဆောင် ထဲမှာပဲ တရားကျင့်နေပြီး မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီးတို့ လာရင်တောင်မှ တွေ့သည့်သူ မဟုတ်ပေ။
“သွား... ခူနန်ကျောင်းဆောင်ကို သွားမယ်။” မယ်တော်မိဖုရားခေါင်ကြီးက အမိန့်ပေးလိုက်၏။
တာ့ဖာရှန့် ဘုရားကျောင်း၊ ခူနန်ကျောင်းဆောင်...
ဤနေရာမှာ အမှန်တကယ်ပင် အေးစက်လေသည်။ အရာအားလုံးကို ကြမ်းတမ်းသောကျောက်တုံးများဖြင့် ထုဆစ်ထားပြီး သစ်သား ပရိဘောဂ တစ်ခုမျှပင် မရှိချေ။ ခူနန်ကျောင်းဆောင် ဟူသော အမည်နှင့် အမှန်တကယ်ပင် ကိုက်ညီလေသည်။
ဤ တာ့ဖာရှန့် ဘုရားကျောင်း၏ကျောင်းထိုင်၊ ယခင် မင်းသမီး လန်အန်းသည် အနက်ရောင် သီလရှင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတစ်ခုလုံး အရုပ်ဆိုး အကျည်းတန်နေကာ မျက်လုံးများမှာလည်း အေးစက်နေ၏။
“ရှောင်အန်း...” မယ်တော်မိဖုရားခေါင်ကြီးသည် မျက်ရည်များပင် ကျလာတော့သည်။
ဤ မင်းသမီး လန်အန်းသည် သူမ၏ သမီးအရင်း မဟုတ်သော်လည်း နာမည်ခံအားဖြင့် သူမ၏ သမီး ဖြစ်နေဆဲဖြစ်ပြီး အမြဲတမ်း မရင်းနှီးခဲ့သော်လည်း ဤအရုပ်ဆိုး အကျည်းတန်နေသော မျက်နှာကို မြင်တွေ့ရချိန်မှာတော့ အမှန်တကယ်ပင် စိတ်နာကျင်ရ၏။
“တော်ဝင်အစ်မ... မနေ့ညက ဒီ စုချိုင်ရန်ဟာ အစ်မရဲ့ ခူနန်ကျောင်းဆောင်မှာ တစ်ချိန်လုံး ရှိနေခဲ့တာလား။” မိဖုရားကြီးက မေးလိုက်သည်။
သူမ အမှန်တကယ် မယုံကြည်နိုင်ချေ။ ဤ မင်းသမီး လန်အန်းသည် အလွန် အထီးကျန်ဆန်ပြီး မည်သည့်အရာကိုမှ စိတ်မဝင်စားသလို မည်သူကမှလည်း သူမကို လာဘ်ထိုး၍ မရနိုင်ချေ။
“ဟုတ်တယ်ဆိုရင်ကော ဘာဖြစ်လဲ။”
ဆရာမ လန်အန်းက အေးစက်စက်ဖြင့် ပြန်ဖြေလိုက်၏။ “ဒီရက်ပိုင်း ညတိုင်း ကျွန်မ သူမကို ခူနန်ကျောင်းဆောင်ဆီ ခေါ်တွေ့ခဲ့တာပဲ။”
“ရှင် လိမ်နေတာ... ရှင် လိမ်နေတာ...”
တွမ်ယွင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ရှင်က အောက်ယွီနဲ့ စုတိုက် တို့ရဲ့ ပြစ်မှုတွေကို ဖုံးကွယ်ပေးနေတာ။ မနေ့ညက အောက်ယွီ နဲ့ စုတိုက် တို့ဟာ ထျန်းဖူထူ စေတီတော်ကြီးရဲ့ ဝမ်းဗိုက် အလယ်ဗဟို ကျောက်ခန်းထဲမှာ ဖောက်ပြန်နေခဲ့ကြတာကို ကျွန်မ သေချာပေါက် မြင်ခဲ့ရတယ်။”
“အဲဒါဆိုရင် ရှင့်မျက်စိကန်းနေလို့ပဲ ဖြစ်ရမယ်။” ဆရာမ လန်အန်းက အေးစက်စက်ဖြင့် ပြောလိုက်၏။
မိဖုရားကြီးက မေးလိုက်သည်။ “တော်ဝင်အစ်မ... အစ်မနဲ့ စုတိုက် တို့က တစ်ယောက်နဲ့တစ်ယောက် မသိကြဘဲနဲ့ ဘာလို့ သူမကို ခေါ်တွေ့ရတာလဲ။”
ဆရာမ လန်အန်းက ပြန်ဖြေလိုက်၏။ “ကျွန်မနဲ့ သူ မသိဘူးလို့ ဘယ်သူပြောလဲ။ ကျွန်မတို့က သီလရှင် မဝတ်ခင်တည်းက သိကြတာ။ အဲဒီတုန်းက ကျွန်မနဲ့ စုတိုက်၊ ပြီးတော့ လန်ရှီး တို့ဟာ အမြဲတမ်း အတူတူ ကစားခဲ့ကြတာ။ ရှင် မြို့တော်ကို ရောက်လာတာ နှစ်အနည်းငယ်ပဲ ရှိသေးတာကို။ ရှင်နဲ့ ဘာဆိုင်လို့လဲ။”
ဤသည်မှာ မင်းသမီး လန်အန်း ပင် ဖြစ်၏။ စကားပြောတိုင်း အမြဲတမ်း ဆူးများ ပါဝင်နေပြီး အမြဲတမ်း ရန်တွေ့တတ်သည်။
ဤအချိန်တွင် တွမ်ယင်းယင်းက ဝင်ပြောလိုက်၏။ “ဆရာမ လန်အန်း နဲ့ စုချိုင်ရန် တို့က ရင်းနှီးနေလို့ သူမအတွက် လိမ်ပြောပေးပြီး မယ်တော်မိဖုရားခေါင်ကြီးကို လှည့်စားနေတာများလား။”
ဤစကားမှာ အလွန် ရည်ရွယ်ချက် ဆိုးရွားလေသည်။
စုချင်ဝမ်ကတော်က ပြောလိုက်၏။ “ခန္ဓာကိုယ် စစ်ဆေးပါ။ ခန္ဓာကိုယ် စစ်ဆေးပါ။ ဧကရာဇ်မင်းမြတ်က စုတိုက်ကို တစ်ခါမှ မထိတွေ့ဖူးပါဘူး။ အကယ်၍ သူမနဲ့ အောက်ယွီတို့ လျှို့ဝှက် ပတ်သက်မှု မရှိဘူးဆိုရင် သူမက သေချာပေါက် အပျိုစင် ဖြစ်ရပါမယ်။ အကယ်၍ အပျိုစင် မဟုတ်တော့ဘူးဆိုရင်တော့ လျှို့ဝှက် ပတ်သက်မှု ရှိတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။”
“ဘယ်သူရဲလဲ။”
ဆရာမ လန်အန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဒါက ကျွန်မရဲ့ တာ့ဖာရှန့် ဘုရားကျောင်းပါ။ ရှင်တို့ ရိုင်းစိုင်းခွင့် မရှိဘူး။”
စုချင်ဝမ်ကတော် တွမ်ယွင်က ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီး... မနေ့ညက အောက်ယွီ နဲ့ စုတိုက်တို့ ဖောက်ပြန်နေတာကို ကျွန်မကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာပါ။ သူမကို ခန္ဓာကိုယ် စစ်ဆေးခိုင်းပါ။ အကယ်၍ သူမက အပျိုစင် ဖြစ်နေသေးတယ်ဆိုရင် ကျွန်မ မျက်စိကန်းသွားတာလို့ မှတ်ယူလိုက်ပါ။”
မိဖုရားကြီးက ပြောလိုက်သည်။ “မယ်တော်... ဒါက တော်ဝင်မိသားစုရဲ့ နာမည်ဂုဏ်သတင်းနဲ့ သက်ဆိုင်နေလို့ ခန္ဓာကိုယ် စစ်ဆေးတာ ကောင်းပါတယ်။ အကယ်၍ စုချိုင်ရန်က ဖြူစင်တယ်ဆိုရင်လည်း ခန္ဓာကိုယ် စစ်ဆေးတာကို ကြောက်စရာ မလိုပါဘူး။”
…………….