အခန်း ၄၂၄
Vol. 36 Ch. 424
အပိုင်း (၄၂၄)
မယ်တော်မိဖုရားခေါင်ကြီးသည် တွေဝေသွားပြီး အချိန်အတော်ကြာပြီးမှသာ အံကို တင်းတင်းကြိတ်ကာ အမိန့်ပေးလိုက်၏။ “အထိန်းတော်ရုံ... စုချိုင်ရန်ကို အခန်းထဲ ခေါ်သွားပြီး ခန္ဓာကိုယ် စစ်ဆေးလိုက်။ အပျိုစင် ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးလိုက်။”
“အမိန့်တော်အတိုင်းပါ။” အထိန်းတော်ရုံက ပြန်ဖြေလိုက်သည်။
မယ်တော်မိဖုရားခေါင်ကြီးက မေးလိုက်၏။ “သေချာပေါက် မိန်းမတွေ အသက်ကြီးလာရင် တချို့ အရာတွေက ထိန်းသိမ်းထားဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ယောက်ျား မိန်းမကိစ္စတွေ ရှိခဲ့လား၊ မရှိခဲ့ဘူးလား၊ အထူးသဖြင့် မနေ့ညကကိစ္စတွေ ရှိခဲ့လား၊ မရှိခဲ့ဘူးလား ဆိုတာကိုတော့ သေချာပေါက် စစ်ဆေးလို့ ရတယ် မဟုတ်လား။”
အထိန်းတော်ရုံက ပြန်ဖြေလိုက်သည်။ “လုံးဝ ဖြူစင်သန့်ရှင်းတဲ့ မိန်းကလေး ဆိုရင် သေချာပေါက် စစ်ဆေးလို့ ရပါတယ်။”
မိဖုရားခေါင်ကြီးက အမိန့်ပေးလိုက်၏။ “သွား စစ်ဆေးချေ။”
အထိန်းတော်ရုံသည် စုတိုက်ကို ကြည့်ကာ ပြောလိုက်သည်။ “စုချိုင်ရန်...ကြွပါ။”
စုချင်ဝမ်ကတော် တွမ်ယွင်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “အောက်ယွီ... ရှင့်ရဲ့ မျက်နှာက ဘာလို့ အဲဒီလောက်တောင် ဆိုးရွားနေတာလဲ။ ရှင့်ရဲ့ မျက်နှာက ဘာလို့ အဲဒီလောက်တောင် ဖြူရော်နေတာလဲ။ ကြောက်သွားလို့လား။
ဟီး… ဟီး... ရှင် သေချာပေါက် သေပြီ... သေချာပေါက် သေပြီ။ စုတိုက်က ဘာပဲဖြစ်ဖြစ် ဧကရာဇ်မင်းမြတ် ခန့်အပ်ထားတဲ့ ချိုင်ရန်လေ။ ဧကရာဇ်ရဲ့ အမျိုးသမီး နဲ့ ဖောက်ပြန်တာဆိုတော့ ရှင် သေချာပေါက် သေပြီ။”
ယွင်ကျုံးဟဲ့၏ မျက်နှာမှာ ဖြူရော်နေပြီး တစ်ကိုယ်လုံး တုန်ယင်လျက် ပြောလိုက်သည်။ “ခင်ဗျား.. ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။”
တွမ်ယင်းယင်း သည်လည်း အလွန် မလိုမုန်းထားမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ယွင်ကျုံးဟဲ့ကို ကြည့်နေသည်။ သူမ၏ အကြည့်များက အောက်ယွီ... အခု ရှင့်တစ်မိသားစုလုံးကို မသတ်နိုင်တော့ပေမယ့် ရှင့်ကိုတော့ သေချာပေါက် သတ်နိုင်သေးတယ်။ ပြီးတော့ ရှင်နဲ့ စုတိုက်တို့ရဲ့ လျှို့ဝှက် ပတ်သက်မှုကို သေချာသွားပြီဆိုရင် ကျွန်မတို့ တွမ် မိသားစုလည်း အသက်ရှင်ဖို့ လမ်းစလေး တစ်ခု ရသွားနိုင်တယ် ဟု ပြောနေသကဲ့သို့ပင်။
“မယ်တော်မိဖုရားခေါင်ကြီး... စုတိုက်ကို ခန္ဓာကိုယ် စစ်ဆေးပြီးလို့ မဖြူစင်တော့ဘူးဆိုတာ သေချာသွားရင် နောက်ဆက်တွဲ အနေနဲ့ အောက်ယွီကိုပါ ခန္ဓာကိုယ် စစ်ဆေးလို့ ရပါတယ်။ သူတို့နှစ်ယောက် ဖောက်ပြန်ခဲ့တယ်ဆိုရင် ခန္ဓာကိုယ်ပေါ်မှာ သေချာပေါက် အမှတ်အသားတွေကျန်ခဲ့မှာပါ။”
တွမ်ယင်းယင်းက ပြောလိုက်၏။ “သူတို့နှစ်ယောက် လျှို့ဝှက် ပတ်သက်မှု ရှိတယ်ဆိုတာကို စစ်ဆေး တွေ့ရှိရပြီဆိုရင် ကျွန်မရဲ့ အဒေါ် တွမ်ယွင် ပြောတဲ့ စကားတွေက အမှန်ပဲဆိုတာ သက်သေပြလိုက်တာပါပဲ။ သူမနဲ့ တွမ်ယွီဟာ တကယ်ပဲ အောက်ယွီရဲ့ ချောက်ချတာကို ခံရပြီး တာ့ဖာရှန့်ကျွင်းရဲ့ စေတီတော်ကြီး ဗိုက်ထဲကို ပြောင်းရွှေ့ခံလိုက်ရတာပါ။ တည်ထောင်သူ ဧကရာဇ်ရဲ့ နတ်ဘုရားကို စော်ကားခဲ့တာက အောက်ယွီ ပါ။ ကျွန်မရဲ့ အဒေါ် တွမ်ယွင် မဟုတ်ပါဘူး။”
ယခုအခါ တွမ်ယွင် နှင့် တွမ်ယွီ တို့ကို သေချာပေါက်ကယ်တင်၍ မရနိုင်တော့သော်လည်း အောက်ယွီ တစ်မိသားစုလုံးကို အတူတကွ သေဆုံးစေနိုင်မည် ဆိုပါကလည်း တန်သည်ဟု ဆိုရမှာဖြစ်သည်။
တွမ်ယွင် သည် မလိုမုန်းထားမှုများ ပြည့်နှက်နေသော မျက်နှာထားဖြင့်ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးကာ ပြောလိုက်၏။ “အောက်ယွီ... ရှင် သေဖို့သာ စောင့်နေလိုက်တော့။ ကျွန်မတို့ အတူတူ သေကြတာပေါ့။ အတူတူ သေကြမယ်။ မနေ့ညက ရှင်းနဲ့ စုတိုက် တို့ ဖောက်ပြန်နေတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတယ်။ နတ်ဘုရားတွေတောင် ရှင့်ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။
စုတိုက်ကို ခန္ဓာကိုယ် စစ်ဆေးပြီးသွားတာနဲ့ ရှင် သေချာပေါက် သေပြီ... သေချာပေါက် သေပြီ။ ဒီ လန်အန်းက ရှင်တို့ကို လွတ်မြောက်အောင်ကူညီပေးနိုင်ရင်တောင် စုတိုက်ရဲ့ ခန္ဓာကိုယ်ကိုတော့ အစားထိုးပေးလို့ မရနိုင်ပါဘူး။ ဟား... ဟား.... ဟား... ဟား... ရှင်တို့ သေချာပေါက် သေပြီ။”
သို့ပေမည့် ထိုအချိန်တွင် အထိန်းတော်ရုံ နှင့် အခြား အမျိုးသမီး အစေခံ အချို့ ထွက်လာကြတော့၏။ လူတိုင်း သူမကို ကြည့်လိုက်ကြသည်။
မယ်တော်မိဖုရားခေါင်ကြီးက မေးလိုက်၏။ “ခန္ဓာကိုယ် စစ်ဆေးတဲ့ ရလဒ်က ဘယ်လိုလဲ။”
အထိန်းတော်ရုံက ပြန်ဖြေလိုက်သည်။ “ရလဒ် ထွက်လာပါပြီ။ စုချိုင်ရန် ဟာ ဖြူစင်သန့်ရှင်းပြီး အခုထိ အပျိုစင် ဖြစ်နေဆဲပါ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ တွမ်ယင်းယင်း နှင့် တွမ်ယွင် တို့ လုံးဝ မှင်သက်သွားကြတော့၏။ ‘ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မနေ့ညက သူတို့ကိုယ်တိုင် အောက်ယွီ နဲ့ စုတိုက် တို့ကို အပြင်းထန်ဆုံး ကာမဆန္ဒကြွဆေး တိုက်ခဲ့တာလေ။ သူတို့နှစ်ယောက်က အရမ်းကို ပြင်းထန်နေခဲ့ပြီး အပြင်ကနေတောင် ကြားနေရတာ။ ဒီ စုတိုက်က ဘယ်လိုလုပ် အပျိုစင် ဖြစ်နေနိုင်မှာလဲ။’
“မယုံဘူး... ကျွန်မ မယုံဘူး...”
တွမ်ယွင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “သေချာပေါက် အထိန်းတော်ရုံက သူမကို ဖုံးကွယ်ပေးနေတာပဲ။ ကျွန်မကိုယ်တိုင် စစ်ဆေးမယ်...ကိုယ်တိုင် စစ်ဆေးမယ်...”
အထိန်းတော်ရုံက အေးစက်စက်ဖြင့် မေးလိုက်၏။ “ကျွန်မက ဖုံးကွယ်ပေးတယ် ဆိုရင်တောင် ငါ့ဘေးနားမှာ အထိန်းတော်ကျန်း ရော၊ အထိန်းတော်ရွှီ ရော တခြားလူတွေ အများကြီး ရှိနေသေးတာပဲ။ သူတို့ကရော ဖုံးကွယ်ပေးကြမှာလား။”
ဤ အမျိုးသမီး အစေခံ အချို့ထဲတွင် မိဖုရားကြီး၏ လူများလည်း ပါဝင်နေသောကြောင့် သေချာပေါက် စုတိုက်ကို ဖုံးကွယ်ပေးမည် မဟုတ်ချေ။
မိဖုရားကြီးက ကြည့်လိုက်ချိန်မှာတော့ ဤ အမျိုးသမီး အစေခံ အချို့သည်လည်း ခေါင်းခါပြလိုက်ကြပြီး ခန္ဓာကိုယ် စစ်ဆေးမှု ရလဒ်မှာ လုံးဝ လိမ်လည်ထားခြင်း မရှိကြောင်း၊ ဤ စုတိုက် သည် အမှန်တကယ်ပင် အပျိုစင် ဖြစ်ကြောင်း အတည်ပြုပေးလိုက်ကြသည်။
“မယုံဘူး... လုံးဝ မယုံဘူး...”
တွမ်ယွင်က အော်ဟစ်လိုက်၏။ “ကျွန်မ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာပါ။ စုတိုက် နဲ့ အောက်ယွီ တို့ ဖောက်ပြန်ခဲ့တာ။ ဘယ်လိုလုပ် အပျိုစင် ဖြစ်နိုင်မှာလဲ။ သူမကို ဆွဲထုတ်လာခဲ့။ ကျွန်မတို့ အားလုံး ရှင်းရှင်းလင်းလင်း မြင်ရအောင်...”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဆရာမ လန်အန်း ရုတ်တရက် လှုပ်ရှားလိုက်တော့၏။ သူမသည် စုချင်ဝမ်ကတော် တွမ်ယွင်၏ လည်ပင်းကို ရုတ်တရက် ညှစ်ထားလိုက်ပြီး ဖယောင်းတိုင်ခုံကို ယူကာ တစ်ဖက်လူ၏ မျက်လုံးများထံသို့ ပြင်းထန်စွာ ထိုးသွင်းလိုက်တော့သည်။
“ရွှစ်.. ရွှစ်..”
တွမ်ယွင်၏ မျက်လုံးနှစ်လုံး ကန်းသွားပြီး အလွန် သနားဖွယ်ကောင်းသော အော်ဟစ်သံကြီးကို နောက်တစ်ကြိမ် ထုတ်လွှင့်လိုက်တော့၏။
ဤတစ်ကြိမ်တွင်မူ မယ်တော်မိဖုရားခေါင်ကြီးပင်လျှင် အံ့ဩသွားရသည်။ လန်အန်း သည် အသက်ကြီးနေပြီ ဖြစ်သော်လည်း ဤမျှလောက် အစွန်းရောက်ပြီး ရက်စက်ကြမ်းကြုတ်နေဆဲ ဖြစ်သည်။
ဆရာမ လန်အန်းက အေးစက်စက်ဖြင့် ပြောလိုက်၏။ “တွမ်ယွင်ကိုယ်တိုင် ပြောခဲ့တာလေ။ အကယ်၍ စုတိုက်က ဖြူစင်သန့်ရှင်းတယ် ဆိုရင် သူမ မျက်စိကန်းသွားတာလို့ မှတ်ယူလိုက်ပါတဲ့။”
“အား... အား... အား...” တွမ်ယွင် သည် သူ၏ မျက်လုံးများကို အုပ်ကာ မြေပြင်ပေါ်တွင် ရူးသွပ်မတတ် လူးလှိမ့်နေပြီး သနားဖွယ်ကောင်းအောင် အော်ဟစ်နေတော့သည်။
ဤအချိန်တွင် အပြင်ဘက်မှ မိန်းမစိုး တစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး ပြောလိုက်၏။ “မိဖုရားခေါင်ကြီး... စုချိုင်ရန်ရဲ့ အခန်းထဲမှာ လျှို့ဝှက်စာ တစ်စောင် တကယ်ပဲ ရှာတွေ့ခဲ့ပါတယ်။”
မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ “ယူလာခဲ့။”
လျှို့ဝှက်စာကို ယူဆောင်လာပြီး ဖွင့်ကြည့်လိုက်ချိန်မှာတော့ ဤလက်ရေးမှာ ရင်းနှီးသလို စိမ်းသက်သလို ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ အချိန်အတော်ကြာမှသာ ဤသည်မှာ တာ့ဖာရှန့် ဘုရားကျောင်း၏ ဆရာမ လန်အန်း၏ လက်ရေး ဖြစ်ကြောင်း သူမ သတိရသွားတော့၏။
ကျောင်းထိုင် လန်အန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ကျွန်မက စုတိုက်ရဲ့ ဘဝက အရမ်း သနားစရာကောင်းတယ်လို့ ထင်တယ်။ သူတစ်ပါးရဲ့ အသုံးချတာကို ခံရပြီး လွတ်လပ်ခွင့် ပိတ်ပင်ခံထားရတယ်လို့ ထင်လို့ သူမကို တကယ် သီလရှင် ဝတ်ဖို့၊ နောက်တစ်ဆက် တာ့ဖာရှန့် ဘုရားကျောင်းရဲ့ကျောင်းထိုင် ဖြစ်လာဖို့ ဖျောင်းဖျချင်တာ။ သိပြီးလား။ ကျွန်မက ရှင်တို့နဲ့ မတွေ့ချင်လို့ ညသန်းခေါင် အချိန်ကျမှ သူမကို ခူနန်ကျောင်းဆောင်ထဲ ခေါ်ပြီး ဖျောင်းဖျခဲ့တာ။ ရလား။ မယ်တော်မိဖုရားခေါင်ကြီး...”
ဤတစ်ကြိမ်တွင်တော့ အရာအားလုံးကိုက်ညီသွားခဲ့ပြီ ဖြစ်သည်။ စုချိုင်ရန် အမြဲတမ်း အိပ်ချင်နေရသည့် အကြောင်းရင်းမှာလည်း လုံးဝကိုက်ညီသွားပြီ ဖြစ်၏။
‘အကြံအစည် ဆိုတာ လုံးဝ အပြစ်အနာအဆာ မရှိအောင် တိကျသေသပ်ဖို့ လိုအပ်တယ်လေ။’
အောက်ယွီက အေးစက်စက်ဖြင့် မေးလိုက်သည်။ “သခင်မလေး တွမ်ယင်းယင်း... ခင်ဗျား ကျုပ်ကို မုန်းတာက နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို ချောက်ချဖို့အတွက် ကျုပ်နဲ့ စုချိုင်ရန် တို့ လျှို့ဝှက် ပတ်သက်မှု ရှိတယ်လို့ စွပ်စွဲခဲ့တာကတော့ ဒါက ဧကရာဇ်မင်းမြတ် အပေါ် ဘယ်လောက်တောင် ရိုသေမှု မရှိတာလဲ။
ခင်ဗျားက ဧကရာဇ်မင်းမြတ်ကို ပါးစပ်နဲ့တင် ဦးထုပ်စိမ်း ဆောင်းပေးလိုက်တာလား။ အကယ်၍ ဒါသာ အပြင်ကို သတင်းထွက်သွားရင် ဘယ်လောက်တောင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာမလဲ။ လောကက လူတွေ ဧကရာဇ်မင်းမြတ်ကို ဘယ်လို မြင်ကြမလဲ။
တွမ်ယင်းယင်း... ခင်ဗျားက ကျုပ်ကို ဒုက္ခပေးဖို့အတွက် ဒီလောက်တောင် နည်းလမ်းမရွေး လုပ်ရဲတာပဲ။ ဧကရာဇ်မင်းမြတ်ကို တောင် အသုံးချရဲတယ်။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က အရမ်းကို ဆိုးရွားလွန်းတယ်။”
အောက်ယွီ၏ မေးခွန်းများကို ကြားလိုက်ရချိန်မှာတော့ တွမ်ယင်းယင်း၏ ဦးနှောက်များ မူးဝေလာပြီး သူမက ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးကာ တုန်ယင်စွာဖြင့် ပြောလိုက်၏။ “အောက်ယွီ... ရှင်... ရှင်က အရမ်း ရက်စက်တာပဲ။”
မိဖုရားခေါင်ကြီးက အေးစက်စက်ဖြင့် အမိန့်ပေးလိုက်သည်။ “လာကြစမ်း... ဝေမြို့စားကြီး သခင်လေး တွမ်ယွီကို ဆွဲထုတ်သွားပြီး အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်။ တွမ်ယွင်ရဲ့ မိဖုရား ဘွဲ့ကို ရုပ်သိမ်းပြီး အရှင်လတ်လတ် ကျောက်ခဲတွေနဲ့ ပေါက်သတ်ပစ်စမ်း။
ပြီးတော့ ဧကရာဇ် ဆီ သွားပြီး အကြောင်းကြားလိုက်။ ငါ ပြောတယ်လို့ ပြောလိုက်။ ဝေမြို့စားကြီး တွမ် မိသားစု တစ်စုလုံးဟာ ယောက်ျားခိုး၊ မိန်းမခိုး လုပ်ပြီးကျင့်ဝတ်တွေကို ဖောက်ဖျက်ကာ တည်ထောင်သူ ဧကရာဇ်ရဲ့ နတ်ဘုရားကို စော်ကားတဲ့အတွက် ဒီလောကမှာ နေထိုင်ဖို့ မျက်နှာ မရှိတော့ဘူး။ အိမ်ကို သိမ်းပြီး မျိုးနွယ်စု အားလုံးကို သတ်ပစ်ရမယ်။”
………………….
ဤမယ်တော်မိဖုရားခေါင်ကြီးသည် အမှန်တကယ်ပင် စိတ်မြန်လက်မြန်ရှိလှပြီး ပွင့်လင်း ပြတ်သားလွန်းသူတစ်ဦး ဖြစ်၏။
ထိုသို့ ပြတ်သားလွန်းခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် စုချင်ဝမ်၏ဇနီး တွမ်ယွင်သည် ခြံဝင်းအတွင်းသို့ အတင်းအဓမ္မ ဆွဲထုတ်ခြင်း ခံခဲ့ရကာ မိန်းမစိုးများနှင့် အစေခံများ၏ ကျောက်ခဲဖြင့် ဝိုင်းဝန်းပေါက်သတ်ခြင်းကို အရှင်လတ်လတ် ခံစားခဲ့ရလေသည်။
တစ်ဖက်တွင်လည်း ဝေမြို့စားကြီး၏ သခင်လေး တွမ်ယွီမှာမူ ကျွမ်းကျင်သော ခေါင်းဖြတ်သမား မရှိသည့် အတွက် ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သည်အထိ အစီရင် မခံခဲ့ရသော်လည်း၊ ကြမ်းတမ်းသော ဓားချက် အနည်းငယ်အောက်တွင် သနားစဖွယ် အသက်ပျောက်ခဲ့ရ၏။
ထိုသူနှစ်ဦး၏ သေဆုံးပုံမှာ အလွန်ပင် ရင်နာစဖွယ်ကောင်းလှသောကြောင့် ကြည့်ရက်စရာပင် မရှိတော့ပေ။
ထိုသူတို့ကို သုတ်သင်ပြီးသည့်နောက်တွင်မှ မယ်တော်မိဖုရားခေါင်ကြီး၏ အမျက်ဒေါသတို့သည် အတန်ငယ် ပြေလျော့သွားပုံရသည်။ သို့သော်ငြား သူကိုယ်တိုင်လည်း ရက်စက်ရာ ရောက်သွားသည်ဟု ခံစားမိသွားပုံ ရသွားသောကြောင့် အနားတွင်ရှိနေသော အောက်ယွီကို ကြည့်ရသည်မှာလည်း အမြင်မကြည်မလင် ဖြစ်လာတော့သည်။
စင်စစ်၌ မယ်တော်မိဖုရားခေါင်ကြီးသည် အောက်ယွီကို အစောပိုင်းတည်းက သဘောမကျခဲ့ခြင်း ဖြစ်သည်။ ပထမအချက်အနေဖြင့် သူ၏ဆိုးဝါးလှသော ကျော်ဇောမှုနှင့် အရုပ်ဆိုးလှသော ရုပ်ရည်ကြောင့် ဖြစ်သလို၊ အဓိက အကြောင်းရင်းမှာမူ ဤလူက သူမ၏ အချစ်တော် မင်းသမီး ရှန်ရှန်းကို လက်ထပ်ရန် ကြံစည်နေသောကြောင့်ပင် ဖြစ်၏။
ထို့အပြင် အောက်ယွီနှင့် ဧကရာဇ်ဟောင်းတို့၏ အလွန်အမင်း ရင်းနှီးကျွမ်းဝင်မှုမှာလည်း သူမကို အမြင် မကြည်မလင် ဖြစ်စေသော နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
မယ်တော်မိဖုရားခေါင်ကြီး၏ စရိုက်လက္ခဏာမှာ ပွင့်လင်းပြတ်သားပြီး သနားညှာတာမှုများ ရှိနေသော်လည်း သာမန် အမျိုးသမီးများနှင့် သိပ်မကွာခြားလှချေ။
သူမနှင့် ခင်ပွန်းဖြစ်သူ ထျန်းယန် ဧကရာဇ်တို့၏ ဆက်ဆံရေးမှာ မကောင်းမွန်သောကြောင့် သားအရင်း ဖြစ်သော ဧကရာဇ် ဝမ်ယွင် ဘက်သို့သာ ယိမ်းယိုင်နေခြင်းမှာ သဘာဝပင် ဖြစ်သည်။
“နင်လည်း ထွက်သွားတော့။ ငါ နင့်ကို ကြည့်ရတာ မသက်မသာ ဖြစ်တယ်။” မယ်တော်မိဖုရားခေါင်ကြီး သည် ယွင်ကျုံးဟဲ့ကို လက်ဝှေ့ယမ်းပြကာ ရွံရှာသော မျက်နှာထားဖြင့် ပြောလိုက်၏။
“အမိန့်တော်အတိုင်းပါ။” ယွင်ကျုံးဟဲ့ သည် ဦးညွတ်၍ အရိုအသေပေးလိုက်သည်။
ယွင်ကျုံးဟဲ့သည် ဤမယ်တော်မိဖုရားခေါင်ကြီးအပေါ် မည်သို့မှ အငြိုးအတေး မထားနိုင်ပေ။ အကြောင်းမှာ လူအများက အောက်ရှင်း တစ်မိသားစုလုံးကို သုတ်သင်ပယ်ရှင်းရန် ကြံစည်နေကြချိန်တွင် ဤမယ်တော် မိဖုရားခေါင်ကြီးတစ်ဦးတည်းကသာ ဧကရာဇ်မင်းမြတ်၏ ရှေ့မှောက်သို့ ဝင်ရောက်ကာ အောက်ရှင်းနှင့် အောက်ယွီတို့အား အသက်ဘေးမှ ချမ်းသာခွင့်ပေးရန် အသနားခံပေးခဲ့သောကြောင့် ဖြစ်၏။
ထို့အပြင် အခြားသူများက စုချိုင်ရန်ကို ဒုက္ခပေးရန် ကြိုးပမ်းနေချိန်၌လည်း ဤမယ်တော်မိဖုရားခေါင်ကြီးကပင် စေတနာအမှန်ဖြင့် ကာကွယ်စောင့်ရှောက်ပေးခဲ့သည် မဟုတ်ပါလား။
……………….