အခန်း ၄၂၅
Vol. 36 Ch. 425
အပိုင်း (၄၂၅)
ယနေ့ ဖြစ်ပျက်ခဲ့သမျှသော အဖြစ်အပျက်တို့၏ နောက်ကွယ်တွင် မသမာသော အကြံအစည်များ ရှိနေသည်မှာ ထင်ရှားလို့နေ၏။
ယွင်ကျုံးဟဲ့ အနေဖြင့်လည်း ဤကိစ္စတွင် သံသယ ကင်းရှင်းသူတစ်ဦး မဟုတ်ကြောင်းကို မယ်တော် မိဖုရားခေါင်ကြီး သိရှိနားလည်၏။ သို့သော်ငြား သူမသည် ထိုကဲ့သို့သော လှည့်စားမှုမျိုးကို အလွန်တရာ စက်ဆုပ်ရွံရှာသူဖြစ်သောကြောင့် ထပ်မံ၍ မတွေးတောလိုတော့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ဤမယ်တော်မိဖုရားခေါင်ကြီးသည် စိတ်ရင်းစေတနာ ကောင်းမွန်သူတစ်ဦး ဖြစ်သည်ဟု ဆိုရပေမည်။
“နောက်တစ်ခုက မင်းလည်း ဘာလူကောင်းမှ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်။ ဒီနေ့ကိစ္စတွေမှာ မင်းလည်း လုံးဝ ကင်းရှင်းနေမှာ မဟုတ်ဘူး။”
မယ်တော်မိဖုရားခေါင်ကြီးက အောက်ယွီကို ကြည့်ကာ ပြောလိုက်၏။ “ငါ မင်းကို စကားမပြောချင်လို့ ထွက်သွားတော့။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျောင်းသားကို ပြန်ခွင့်ပြုပါအုံး။”
မိဖုရားခေါင်ကြီး၏ အကြည့်များမှာ တွမ်ယင်းယင်း ထံသို့ ရောက်ရှိသွားသည်။ သူမသည် အောက်ယွီကို မုန်းသလို တွမ်ယင်းယင်းကိုလည်း မုန်းသည်။ နေ့တိုင်း သူများကို ဒုက္ခပေးဖို့ အကြံအစည်တွေချည်း တွေးနေတတ်သူ ဖြစ်၏။
အကယ်၍ တွမ်ယွီ နှင့် တွမ်ယွင်ကို မသတ်ရသေးပါက မယ်တော်မိဖုရားခေါင်ကြီးသည် တွမ်ယင်းယင်းကို သေချာပေါက် ဒေါသထွက်မှာဖြစ်သည်။
သို့ပေမည့် တွမ်ယွီ နှင့် တွမ်ယွင် တို့၏ သနားဖွယ်ကောင်းသော သေဆုံးမှုကို မြင်တွေ့ရချိန်မှာတော့ သူမ၏ စိတ်ထဲတွင် မခံစားရက်သလို ဖြစ်သွား၏။
“ဘထွေးတော်... ပြန်တော့။”
မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ “ပြီးတော့ ဝေမြို့စားကြီး အိမ်တော်ကိစ္စနဲ့ ပတ်သက်ပြီး ဧကရာဇ်ကို သွားပြောလိုက်။ အနောက်ဆောင်က မိန်းမတွေ နိုင်ငံရေးမှာ ဝင်မပါရဘူးလို့ ပြောလိုက်။”
စုချင်ဝမ် လည်း ယခုအချိန်တွင် တည်ငြိမ်သွားပြီ ဖြစ်သည်။ ဒေါသ အားလုံးနီးပါး ပြေပျောက်သွားပြီး တွမ်ယွင် နှင့် တွမ်ယွီ ဆိုသည့် ခွေးသူခိုး လင်မယား နှစ်ယောက်ကို လည်း သတ်ဖြတ်ပြီးသွားပြီ ဖြစ်သည်။ နောက်ဆက်တွဲ အနေဖြင့် သူ၏ အနာဂတ်ကို စဉ်းစားရတော့မှာဖြစ်၏။
သူ စုချင်ဝမ် သည် နစ်နာသူ တစ်ယောက် ဖြစ်သည်မှာ မှန်သော်လည်း ဤမျှလောက်ကြီးမားသော အရှက်တကွဲ ကိစ္စကြီး ဖြစ်ပွားပြီးနောက် တော်ဝင်တရားရုံး အကြီးအကဲအဖြစ် ဆက်လက် တာဝန်ယူရန် မျက်နှာ ရှိပါဦးမည်လား။
ထို့အပြင် ယနေ့မှစ၍ သူသည် လောက၏ လှောင်ပြောင်စရာ ဖြစ်သွားတော့မည်ဖြစ်ရာ ဤသည်ကသာ အနာကျင်ဆုံး ဖြစ်သည်။
........................
နန်းတော် အတွင်း၌...
“ဘာ....”
“ဘာပြောတယ်...”
ဧကရာဇ် ဝမ်ယွင် သည် သူ၏ နားကို ပင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားပြီး အကြိမ်ကြိမ် မေးနေမိသည်။ ထို့နောက် လျှို့ဝှက် စာချွန်လွှာကို အကြိမ်ကြိမ် ဖတ်ရှုပြီးနောက် လုံးဝ ဒေါသထွက်သွားကာ လက်ထဲရှိ အဖိုးတန်ကျောက်စိမ်း ပန်းကန်လုံးကို အမှုန့်ဖြစ်သွားသည်အထိ ရိုက်ခွဲပစ်လိုက်တော့၏။
‘အရမ်းကို အံ့ဩစရာကောင်းတဲ့ အရှက်တကွဲ ကိစ္စကြီးပဲ။ လုံးဝ အရှက်မရှိတဲ့ ကိစ္စကြီးပဲ။ ဝေမြို့စားကြီး အိမ်တော်က အမျိုးသမီးဟာ သူ့ယောက်ျားကို ဒီလို ဦးထုပ်စိမ်းမျိုး ဆောင်းပေးရဲတယ်။ ပြီးတော့ ကိုယ့်တူနဲ့။ ပြီးတော့... တာ့ဖာရှန့်ကျွင်းရဲ့ ထျန်းဖူထူ စေတီတော်ကြီးထဲမှာ ဖောက်ပြန်တဲ့ အလုပ်ကို လုပ်ရဲသေးတယ်။
ဒါက သန့်စင်တဲ့ နေရာကို စော်ကားတာ၊ ပြည်သူတွေကို စော်ကားတာ၊ တောင်ပိုင်းကျိုးအင်ပါယာကို စော်ကားတာပဲ။ အောက်ယွီရဲ့ အရှေ့ဆောင်မှတ်တမ်း စာအုပ်ထဲမှာ ချွေ့ကော်ကွန်း အိမ်တော်ကို အဲဒီလောက်တောင် အောက်တန်းကျအောင် ရေးထားတာ အလကားတော့ မဟုတ်ဘူးပဲ။ ဒီ ဝေမြို့စားကြီး အိမ်တော်က တကယ်ပဲ ညစ်ပတ်ပြီးကျင့်ဝတ်တွေ ဖောက်ဖျက်နေတာပဲ။’
“သေသင့်တယ်... သေသင့်တယ်... သေသင့်တယ်။”
“ဒီ တွမ်ပိကို အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်တယ်။”
“ဒီ ဝေမြို့စားကြီး အိမ်တော်ကို မျိုးနွယ်စု အားလုံး သတ်ဖြတ်ပစ်သင့်တယ်။” ဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သေချာပေါက် ဧကရာဇ်ကို အမှန်တကယ် ဒေါသထွက်စေသည့် အရာမှာ တွမ်ယွင် နှင့် တွမ်ယွီ တို့၏ အရှက်တကွဲ ကိစ္စကြောင့် မဟုတ်ဘဲ အခြား အကြောင်းရင်း ရှိနေ၏။
လူအများအပြားသည် ဧကရာဇ်ဟောင်း၏ နိုင်ငံရေးကိုယ်စားလှယ်ကို တရားဝင် ဖယ်ရှားပစ်ရန်အတွက် ဤမျှလောက် ကြီးမားသော အားထုတ်မှုများကို ပြုလုပ်ခဲ့ကြပြီး ဝူဝေ့ ဧကရာဇ်ဟောင်းကို ဖိနှိပ်နိုင်မည့် တာ့ဖာရှန့်ကျွင်း ဟူသော ပိုမိုကြီးမားသည့် နတ်ဘုရား တစ်ပါးကို ပင် ခက်ခက်ခဲခဲ ရှာဖွေခဲ့ကြသည်။
ရလဒ်အနေဖြင့် ဧကရာဇ်ဟောင်း၏ နိုင်ငံရေးကိုယ်စားလှယ်ကို ဖယ်ရှားပစ်နိုင်ခဲ့သလား။ မဖယ်ရှားနိုင်ခဲ့ချေ။ ဆန့်ကျင်ဘက် အနေနှင့် ကိုယ့်လူကိုတောင် ပြန်ပြီး ဒုက္ခပေးလိုက်သလို ဖြစ်သွား၏။
စုချင်ဝမ် အိမ်တော် အတွင်း၌ တော်ဝင်တရားရုံး အကြီးအကဲသည် ရူးသွပ်မတတ် ဒေါသထွက်နေပြီး အိမ်ထဲရှိ ပစ္စည်းများကို အကုန်လုံး ရိုက်ခွဲပစ်နေသည်။
“တွမ်ပိက ကျုပ်ကို စော်ကားတယ်။ နန်းတွင်းမှာ ကျုပ်သာ တိတ်တဆိတ် မကာကွယ်ပေးခဲ့ရင် တွမ်ပိက အခုထိ အောင်မြင်နေပါ့မလား။ ကျုပ်သာ တိတ်တဆိတ် မကာကွယ်ပေးခဲ့ရင် အရင်က ကိစ္စတွေကို သူ ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်ခဲ့ပါ့မလဲ။
အခု တွမ်မိသားစုက ကျုပ်ကို ဒီလိုမျိုး စော်ကားရဲတယ်။ သူ့ကို သေချာပေါက် အပိုင်းပိုင်း ခုတ်ထစ်ပစ်ရမယ်။ အပိုင်းပိုင်း ခုတ်ထစ်ပစ်ရမယ်။” တော်ဝင်တရားရုံး အကြီးအကဲက ရူးသွပ်မတတ် အော်ဟစ်နေ၏။
ထိုအချိန်တွင် မိန်းမစိုး တစ်ဦးက တုန်ယင်စွာဖြင့် လျှောက်တင်လိုက်သည် “အရှင်... သခင်လေး အောက်မင် နဲ့ သခင်မလေး တွမ်ယင်းယင်းတို့ လာရောက် တွေ့ဆုံခွင့် တောင်းပါတယ်။”
တော်ဝင်တရားရုံး အကြီးအကဲက အော်ဟစ်လိုက်၏။ “သူတို့ လာရဲသေးတယ်။ သူတို့ လာရဲသေးတယ်။ သေချင်နေတာလား။ ကျုပ် သူတို့ကို သတ်ပစ်မယ်။”
ထို့နောက် သူသည် ဓားကို ကိုင်ဆောင်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။ “ကျုပ် ခင်ဗျားတို့ကို သတ်ပစ်မယ်... သတ်ပစ်မယ်...”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် သည် ဓားကို ဝှေ့ယမ်းကာ အောက်မင်ထံသို့ ခုတ်ချလိုက်တော့၏။
အောက်မင် သည် လက်ဆန့်ထုတ်ပြီး ဓားသွားကို ကိုင်ထားလိုက်ရာ သွေးများ ချက်ချင်း ထွက်လာတော့သည်။
“အရှင်... ဒေါသကို ထိန်းပါ။”
အောက်မင်က ပြောလိုက်၏။ “အရှင် အခုလို ဒေါသထွက်နေတာက ကိုယ့်လူတွေကို နာကျင်စေပြီး ရန်သူတွေကို ဝမ်းသာစေတာ မဟုတ်ဘူးလား။”
စုချင်ဝမ်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “ကျုပ် သိတာ တစ်ခုပဲ ရှိတယ်။ အခုချိန်မှာ ခင်ဗျားတို့ကို သတ်ပစ်လိုက်ရင် ကျုပ် ကျေနပ်မယ် ဆိုတာကိုပဲ။”
အောက်မင်က ပြောလိုက်၏။ “တွမ်ယွင် နဲ့ တွမ်ယွီတို့ ဖောက်ပြန်ခဲ့တာ မှန်ပေမယ့် ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ အောက်ယွီရဲ့ လက်ချက်တွေချည်းပါပဲ။ သူ့ရဲ့ ရည်ရွယ်ချက်က တွမ်မိသားစု တစ်စုလုံးကို သတ်ပစ်ဖို့ပါပဲ။
ဘာလို့လဲဆိုတော့ ကျုပ်တို့က သူ့ရဲ့ အိမ်နှစ်လုံးကို မီးရှို့ပြီး အစောင့် ငါးယောက်ကို သတ်ပစ်ခဲ့လို့လေ။ သူက တွမ်မိသားစုကို မျိုးနွယ်စု အားလုံး သတ်ဖြတ်ပြီးတာနဲ့ နောက်ထပ်က ကျုပ်တို့ အောက်မိသားစု၊ ပြီးရင် ဖူမိသားစု... အရှင်ကိုရော သူက လွှတ်ပေးမယ်လို့ ထင်နေတာလား။”
စုချင်ဝမ်က ပြန်ပြောလိုက်သည်။ “ကျုပ်က တော်ဝင်မိသားစုဝင်လေ။ သူ ကျုပ်ကို ဘာလုပ်နိုင်မှာလဲ။”
အောက်မင်က ပြန်ပြောလိုက်၏။ “တော်ဝင်တရားရုံး အကြီးအကဲဟာ ဧကရာဇ်မင်းမြတ်နဲ့ ယှဉ်လို့ရလား။ သူက ဧကရာဇ်မင်းမြတ်ကိုတောင် ဆန့်ကျင်ရဲတာ၊ အရှင့်ကို မထိရဲဘူးလို့ ထင်နေတာလား။”
တွမ်ယင်းယင်းက ဝင်ပြောလိုက်၏။ “တော်ဝင်တရားရုံး အကြီးအကဲ... အခုချိန်မှာ အောက်ယွီ အမုန်းဆုံး လူက ဘယ်သူလဲ။ တွမ်မိသားစု၊ အောက်မိသားစု၊ ဖူမိသားစု... နောက်ထပ်က အရှင်ပဲ။ ကျွန်မ အရှင့်ကို မေးချင်ပါတယ်။ ဒီတစ်ကြိမ် အောက်ယွီကို လုပ်ကြံဖို့ အစီအစဉ်ရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲ။”
တော်ဝင်တရားရုံး အကြီးအကဲက ပြန်ဖြေလိုက်သည်။ “သေချာပေါက် ကျုပ်ပဲပေါ့။”
တွမ်ယင်းယင်းက ပြောလိုက်၏။ “ဟုတ်ပါတယ်။ အရှင်ပါပဲ။ ဒီတစ်ကြိမ် အောက်ယွီကို လုပ်ကြံဖို့ အကြံအစည်ကို ကျွန်မနဲ့ အောက်မင်တို့က တွေးတောခဲ့တာ ဖြစ်ပေမယ့် အကောင်အထည် ဖော်ခဲ့တာက အရှင်ပါ။ မယ်တော် မိဖုရားခေါင်ကြီးနဲ့ မိဖုရားကြီးတို့ကို တာ့ဖာရှန့် ဘုရားကျောင်းမှာ သီလရှင် ဝတ်ပြီး ဆုတောင်းပေးဖို့ တောင်းဆိုခဲ့တာ အရှင်ပါ။
ဧကရာဇ်မင်းမြတ်ကို စုတိုက်ကို ချိုင်ရန်အဖြစ် ခန့်အပ်ဖို့ တောင်းဆိုခဲ့တာလည်း အရှင်ပါပဲ။ အရှင့်ရဲ့ တောင်းဆိုချက်တွေ အားလုံးဟာ လူတစ်ယောက်ရဲ့ သဘောတူညီမှု လိုအပ်တယ် ဆိုတာကို သတိ မထားမိဘူးလား။ အဲဒီလူက ဘာမှ မပြောခဲ့ပေမယ့် စိတ်ထဲမှာတော့ အားလုံးကို သိနေပါတယ်။ ဒါကြောင့် သူကမှ တကယ့် နောက်ကွယ်က ကြိုးကိုင်သူ အစစ်ပါ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် သည် ချက်ချင်း တည်ငြိမ် သွားတော့သည်။
တွမ်ယင်းယင်း ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ ဤတစ်ကြိမ် အောက်ယွီကို လုပ်ကြံရန် အစီအစဉ်မှာ အပေါ်ယံတွင် သူ စုချင်ဝမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ကိစ္စရပ်တိုင်းသည် ဧကရာဇ်မင်းမြတ်ကို ကျော်လွန်၍ မရနိုင်ချေ။
ဤဧကရာဇ်သည် ဘာမှ မပြောခဲ့သော်လည်း သူသာလျှင် အစစ်အမှန် နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်သည်။
ယခုအခါ အစီအစဉ်ကျရှုံးသွားပြီး အောက်ယွီ၏ တစ်မိသားစုလုံးကို အမည်ခံဖြင့် မသတ်ဖြတ်နိုင်ခဲ့ရုံသာမက တွမ်ယွင် နှင့် တွမ်ယွီ တို့ကိုပါ ဆုံးရှုံးလိုက်ရ၏။
အောက်မင်က ပြောလိုက်သည်။ “အရှင်... အရှင်က တွမ်မိသားစုကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေတယ် ဆိုတာကို ကျုပ် သိပါတယ်။ ဒါပေမဲ့... ကျုပ် မေးပါရစေ။ ဒီအချိန်မှာ ဧကရာဇ်မင်းမြတ် ဒေါသ အထွက်ဆုံးကိစ္စက ဘာလဲ။ ပြီးတော့ လူသိရှင်ကြား မပြောနိုင်တဲ့ကိစ္စကရော ဘာလဲ။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ပြန်ဖြေလိုက်၏။ “ကျုပ်တို့ရဲ့ အစီအစဉ် ကျရှုံးသွားပြီး အောက်ယွီကို မသတ်နိုင်ခဲ့ရုံတင် မကဘူး၊ သူ့ရဲ့ ချောက်ချတာကိုပါ ခံလိုက်ရတယ်။”
“ဟုတ်ပါတယ်။”
အောက်မင်က ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်ဟာ အစီအစဉ် မအောင်မြင်တဲ့အတွက် ဝမ်းနည်းနေတာပါ။ ဒါဆို ကျုပ် မေးပါရစေ။ ဧကရာဇ်မင်းမြတ်က တွမ်မိသားစုရဲ့ မျိုးနွယ်စု အားလုံးကို သတ်ဖြတ်ချင်ပါ့မလား။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် သည် သူ၏ နေရာတွင် ထိုင်လိုက်သည်။ ယခု သူ လုံးဝ တည်ငြိမ်သွားပြီ ဖြစ်၏။
အောက်ယွီ၏ အကြံအစည် အောင်မြင်သွားသောကြောင့် ဒေါသ အထွက်ဆုံးသူမှာ သေချာပေါက် ဧကရာဇ်မင်းမြတ် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အောက်ယွီက ဧကရာဇ်ကို ဝေမြို့စားကြီး အိမ်တော်အား မျိုးနွယ်စု အားလုံး သတ်ဖြတ်စေရန် ဖိအားပေးနေသောကြောင့်ပင်။
တွမ်ယင်းယင်းက ပြောလိုက်၏။ “အရှင်... ကျွန်မတို့ ဝေမြို့စားကြီး ဆိုတာ ဘာလဲ။ တောင်ပိုင်းကျိုး အင်ပါယာရဲ့ တည်ထောင်သူ အကျိုးဆောင်တွေလေ။ တည်ထောင်သူ မြို့စားကိုးယောက်ထဲမှာ ကျွန်မတို့ တွမ်မိသားစုလည်း တစ်ခု အပါအဝင်ပဲ။
သွေးသား မြင့်မြတ်မှုကို ပြောရရင် ကျွန်မတို့က ကျိုးတော်ဝင်မိသားစုပြီးရင် ဒုတိယ နေရာမှာ ရှိတာ။ အကယ်၍ ကျွန်မတို့ တွမ်မိသားစုသာ မျိုးနွယ်စု အားလုံး သတ်ဖြတ်ခံလိုက်ရရင် အောက်ယွီရဲ့ ဩဇာတိက္ကမကို ပိုပြီး ပြသလိုက်သလို ဖြစ်မသွားဘူးလား။”
အောက်မင်က ဆက်ပြောလိုက်သည်။ “အောက်ယွီဘက်က အာဏာ သံတြိဂံ အဖွဲ့က တရားဝင် ပုံမပေါ်သေးခင်မှာတင် ဒီလောက် အစွမ်းထက်နေပြီ။ တည်ထောင်သူ မြို့စားကိုးယောက်ထဲက တစ်ယောက်ကိုတောင် ဖျက်ဆီးပစ်နိုင်ပြီ။ အကယ်၍ သူ့ရဲ့ သံတြိဂံ အဖွဲ့သာ တရားဝင် ပုံပေါ်လာရင်ရော။ ကျုပ်တို့ တွမ်မိသားစု တစ်စုလုံး ပျက်စီးသွားတာ အရေးမကြီးပါဘူး။
ဒါပေမဲ့ ဒါက လောကက မှူးမတ်တွေ ဘယ်လို မြင်ကြမလဲ။ အင်ပါယာ တစ်ခုလုံးက အမတ်တွေ ဘယ်လို မြင်ကြမလဲ။ ဒီနေ့ တွမ်မိသားစုကို ဖျက်ဆီးနိုင်ရင် မနက်ဖြန် ဖူမိသားစုကို ဖျက်ဆီးနိုင်မှာပဲ။ အဲဒီလိုဆိုရင် လောကက မှူးမတ်တွေ အားလုံးက ဘက်ပြောင်းသွားကြမှာ မဟုတ်ဘူးလား။”
တွမ်ယင်းယင်းက ပြောလိုက်၏။ “အရှင်... ဒါဟာ အသေအကြေ တိုက်ခိုက်ရမယ့် တိုက်ပွဲပါ။ ကျွန်မတို့ အားလုံးက အဖွဲ့တစ်ဖွဲ့တည်းဖြစ်ပြီး အရှင်က ခေါင်းဆောင်ပါ။ အကယ်၍ အရှင်က တွမ်မိသားစုကို ဓားနဲ့ ခုတ်မယ်ဆိုရင် စိတ်ထဲမှာတော့ ကျေနပ်သွားမှာ ဖြစ်ပေမယ့် အဲဒါက ကိုယ့်လူအချင်းချင်း သတ်ဖြတ်နေတာ မဟုတ်ဘူးလား။”
အောက်မင်က မေးလိုက်သည်။ “အရှင်... ကျုပ်တို့ ဆန့်ကျင်နေတာက ဘယ်သူလဲ။ ကျုပ်တို့ တိုက်ခိုက်ချင်တဲ့သူက ဘယ်သူလဲ။ အောက်ယွီ တစ်ယောက်တည်းလား။ အောက်ယွီ တစ်ယောက်တည်းပဲလား။”
တွမ်ယင်းယင်းက ပြောလိုက်၏။ “ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ရန်သူက ရှန်ချင်းနန်းဆောင်ထဲက ဝူဝေ့ ဧကရာဇ်ဟောင်းပါ။ အကယ်၍ တစ်ဖက်က သံတြိဂံ အဖွဲ့သာ အောင်မြင်သွားရင် ကျုပ်တို့အဖွဲ့ အားလုံး သေလုမျောပါး ဖြစ်သွားမှာပဲ။ အဲဒီအခါကျရင် အရှင် မသေဘူးလို့ ထင်နေလား။ မျိုးနွယ်စု အားလုံး သတ်ဖြတ်မခံရဘူးလို့ ထင်နေလား။”