အခန်း ၄၂၆
Vol. 36 Ch. 426
အပိုင်း (၄၂၆)
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် သည် ဓားကို ချလိုက်ပြီး ပြောလိုက်သည်။ “ဒါပေမဲ့ ဧကရာဇ်ကို ဝေမြို့စားကြီး အိမ်တော်က မျိုးနွယ်စု အားလုံးကို သတ်ဖြတ်ခိုင်းလိုက်တယ်လို့ မယ်တော် မိဖုရားခေါင်ကြီးက ပြောပြီးပြီလေ။”
အောက်မင်က ပြန်ပြောလိုက်၏။ “ဒါပေမဲ့ မယ်တော်မိဖုရားခေါင်ကြီးက နောက်ပိုင်းမှာ အနောက်ဆောင်က မိန်းမတွေ နိုင်ငံရေးမှာ ဝင်မပါရဘူးလို့ ပြောခဲ့တယ်လေ။ ဆိုလိုတာက သူမ နောင်တရသွားပြီ ဆိုတဲ့ သဘောပဲ။ တွမ်ယွီ နဲ့ တွမ်ယွင်ကို သတ်ပြီးနောက်မှာ သူမ စိတ်ပျော့သွားတာပါ။
ဒါက သာမန် မိသားစုက အဘွားကြီး တစ်ယောက်ရဲ့ သဘောသဘာဝပါပဲ။ ပွင့်လင်းပြတ်သားပေမယ့် သနားညှာတာမှုတွေ ဖုံးကွယ်နေတယ်။ ဒေါသထွက်တုန်းပဲ လုပ်တတ်ပြီး အလွယ်တကူ အနိုင်ကျင့်ခံရနိုင်တဲ့ သူမျိုးပါ။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က ပြောလိုက်သည်။ “အောက်မင်... ခင်ဗျားက တကယ်ကို စကားပြောကောင်းတာပဲ။”
အောက်မင်က ပြန်ပြောလိုက်၏။ “ကျုပ် ပြောတဲ့ စကားတိုင်းက မှန်ကန်တဲ့ စကားတွေချည်းပါပဲ။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ကျုပ်က တော်ဝင်မိသားစုဝင် လေ။ အောက်ယွီက ကျုပ်ကို သတ်ရဲလို့လား။”
တွမ်ယင်းယင်းက ပြန်ပြောလိုက်၏။ “ကျိုးလီက အိမ်ရှေ့စံ ဖြစ်လာရင်၊ ဒါမှမဟုတ် နောက်ထပ် အဆင့်တစ်ခုကို ရောက်လာရင် အရှင်ဟာ နိုင်ငံရေး အားပြိုင်မှုမှာ ရှုံးနိမ့်သူ ဖြစ်သွားပြီလေ။ အရှင်က ဒုတိယမင်းသား ကျိုးကျီကို ထောက်ခံထားတာဆိုတော့ အဲဒီအချိန်ကျရင် အရှင် အသက်ရှင်နိုင်အုံးမယ်လို့ ထင်နေလား။
ကျိုးလီက အရှင့်ကို မသတ်ရင်တောင် အရှင့်ရဲ့ ချင်ဝမ် ရာထူးကို ဆက်ထိန်းထားနိုင်ပါအုံးမလား။ အရှင်ကိုယ်တိုင် တော်ဝင်တရားရုံး အကျဉ်းထောင်ထဲကို ဝင်ရလောက်တယ်။ အဲဒီအချိန်ကျရင် အောက်ယွီက အရှင့်ကို လွှတ်ပေးမယ်လို့ ထင်နေလား။ အရှင့်ကို သေလုမျောပါး ဖြစ်အောင် လုပ်ဖို့ သူ့မှာ နည်းလမ်း တစ်ထောင်လောက် ရှိမှာ သေချာတယ်။”
အောက်မင်က ပြောလိုက်သည်။ “အရှင်... အခု တွမ်မိသားစုကို သတ်ပစ်လိုက်ရင်တော့ ကျေနပ်သွားမှာ ဖြစ်ပေမယ့် ဒီနေ့ တွမ်မိသားစုကို သတ်လိုက်တာဟာ မနက်ဖြန် အရှင့်ရဲ့ကိုယ်ပိုင် သင်္ချိုင်းဂူပေါ်မှာ အုတ်တစ်ချပ် တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။”
စုချင်ဝမ်က ပြောလိုက်၏။ “ဒါပေမဲ့ ဒီအချိန်မှာ ဘယ်သူမှ တွမ်မိသားစုကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး။ အောက်ယွီက ဒီအခွင့်အရေးကို လက်လွတ်ခံမယ်လို့ ခင်ဗျား ထင်နေလား။ တာ့ဖာရှန့် ဘုရားကျောင်းမှာ ဖြစ်ခဲ့တဲ့ အရှက်တကွဲကိစ္စက မကြာခင်မှာ လောကတစ်ခုလုံးကို ပျံ့နှံ့သွားပြီး ကောင်းကင်ကို တုန်လှုပ်စေမယ့် အရှက်တကွဲ ကိစ္စကြီး ဖြစ်လာမှာပဲ။
တည်ထောင်သူ ဧကရာဇ်ရဲ့ နတ်ဘုရားကို စော်ကားတာ ဘယ်လောက်ကြီးမားတဲ့ ပြစ်မှုလဲ။ ပြီးတော့ အခုချိန်မှာ လန်ကျိုးမှာ ဘေးအန္တရာယ်တွေ ဖြစ်နေလို့ မယ်တော်မိဖုရားခေါင်ကြီးနဲ့ မိဖုရားကြီးတို့ သီလရှင် ဝတ်ပြီး ဆုတောင်းပေးနေချိန်မှာ တွမ်ယွင် နဲ့ တွမ်ယွီ တို့က ဒီလို အရှက်တကွဲကိစ္စမျိုးကို လုပ်ခဲ့တာဆိုတော့ လောကက ပြည်သူတွေကို ဒေါသထွက်စေမှာ မဟုတ်ဘူးလား။”
တွမ်ယင်းယင်းက ပြောလိုက်သည်။ “မြို့တော်က ပြည်သူတွေ ဒေါသထွက်နေကြပြီ။ မကြာခင်မှာ ဒီကိစ္စရဲ့ အနံ့ဆိုးတွေဟာ လောကတစ်ခုလုံးကို ပျံ့နှံ့သွားပြီး မရေမတွက်နိုင်တဲ့ လူတွေက ကျွန်မတို့ မိသားစုကို သတ်ဖို့ အော်ဟစ်လာကြလိမ့်မယ်။”
စုချင်ဝမ်က ပြောလိုက်၏။ “ဒါပဲပေါ့။ ဒါကြောင့် ဘယ်သူကမှ ခင်ဗျားတို့ တွမ်မိသားစုကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး။ ဧကရာဇ်မင်းမြတ်က မသတ်ချင်ရင်တောင် လောကက ပြည်သူတွေရဲ့ ဆန္ဒအရ ခင်ဗျားတို့ တွမ်မိသားစုကို မျိုးနွယ်စု အားလုံး သတ်ဖြတ်ရမှာပဲ။”
အောက်မင်က ပြန်ပြောလိုက်သည်။ “မဟုတ်ဘူး။ အသက်ရှင်ဖို့ လမ်းစ တစ်ခုကျန်သေးတယ်။”
စုချင်ဝမ်က မေးလိုက်၏။ “ဘာလမ်းစလဲ။ ခင်ဗျား ပြောကြည့်။”
အောက်မင်က ရှင်းပြလိုက်သည်။ “အခု ဝေမြို့စားကြီး အိမ်တော် အသက်ရှင်ဖို့ဆိုရင် ဧကရာဇ်မင်းမြတ်ရဲ့ ဒေါသကို ပြေပျောက်အောင် လုပ်ဖို့ မလိုဘူး။ ဘာလို့လဲဆိုတော့ သူက မူလတည်းက တွမ်မိသားစုကို မသတ်ချင်လို့ပဲ။ ကျုပ်တို့က လောကက ပြည်သူတွေရဲ့ ဒေါသကို ပြေပျောက်အောင် လုပ်ရမယ်။ လောကက လူတွေရဲ့ ဒေါသကို ပြေပျောက်အောင် လုပ်ဖို့က အခက်ဆုံး ဖြစ်သလို အလွယ်ဆုံးလည်း ဖြစ်တယ်။”
“ဆက်ပြော။”
အောက်မင်က ဆက်ပြောလိုက်၏။ “ပြည်သူတွေက အကြင်နာဆုံး ဖြစ်သလို အယုတ်မာဆုံးလည်း ဖြစ်တယ်။ သူတို့ရဲ့ မုန်းတီးမှုတွေက အရမ်း မြန်မြန် ရောက်လာပြီး အရမ်းကို အကြောင်းပြချက် မရှိဘူး။ ဒါပေမဲ့ ပျောက်သွားတာလည်း အရမ်း မြန်တယ်။
သူတို့ မုန်းတီးနေချိန်မှာ သတ်ဖို့ ဖြတ်ဖို့ အော်ဟစ်ပြီး အပိုင်းပိုင်း ခုတ်ထစ်ချင်နေကြတယ်။ ဒါပေမဲ့ သူတို့ စိတ်လှုပ်ရှားသွားတဲ့ အချိန်မှာတော့ ဘာပြစ်မှုကို မဆို ခွင့်လွှတ်နိုင်သလို ဖြစ်သွားတယ်။ သူတို့ရဲ့ မှတ်ဉာဏ်က အရမ်း... အရမ်း တိုတောင်းတယ်။”
စုချင်ဝမ်က မေးလိုက်သည်။ “ခင်ဗျားက ပြည်သူတွေကို မိုက်မဲတယ်လို့ တိုက်ရိုက် ပြောလိုက်ရင် ပြီးရော မဟုတ်ဘူးလား။”
“ဟုတ်တယ်။”
အောက်မင်က ပြောလိုက်၏။ “မိုက်မဲတယ်။ ဒါပေမဲ့ အရမ်းကြောက်စရာလည်းကောင်းတယ်။ ဒီအင်အားကမှ တကယ်ကို ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးနိုင်စွမ်း ရှိတာ။”
စုချင်ဝမ်က မေးလိုက်သည်။ “ခင်ဗျားရဲ့ နည်းလမ်းကို ပြောစမ်း။”
အောက်မင်က ပြန်ဖြေလိုက်၏။ “ပြည်သူတွေကို အံ့ဩတုန်လှုပ်သွားစေမယ့် အရာက ဘာလဲ။ အနစ်နာခံမှု၊ ကြီးကျယ်ခမ်းနားတဲ့ အနစ်နာခံမှုပဲ။”
စုချင်ဝမ်၏ မျက်ခုံးများ ကျုံ့သွားတော့သည်။
အောက်မင်က ဆက်ပြောလိုက်၏။ “ကျုပ်က ဝေမြို့စားကြီးဆီကို စာပို့လိုက်ပါပြီ။ သူ့ကို အမြန်ဆုံး အချိန် အတွင်းမှာ ဆွေမျိုးတွေကို ခေါ်ဆောင်ပြီး လန်ကျိုး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကို သွားဖို့၊ ပြည်သူ သန်းချီကို ကယ်တင်ဖို့ ပြောထားပါတယ်။
အရေးအကြီးဆုံး အချိန်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ မတော်တဆမှု တစ်ခု ဖြစ်လာလိမ့်မယ်။ ဝေမြို့စားကြီး တွမ်ပိနဲ့ မိသားစုဝင် ဆယ်ယောက်ကျော်ဟာ ကယ်ဆယ်ရေး လုပ်ငန်းခွင်မှာ သနားဖွယ် ကောင်းအောင် သေဆုံးသွားပြီး ကြီးကျယ်ခမ်းနားစွာ အနစ်နာခံသွားလိမ့်မယ်။”
တွမ်ယင်းယင်းက ဝင်ပြောလိုက်သည်။ “ဂုဏ်သရေရှိတဲ့ ဝေမြို့စားကြီး တစ်ယောက်က သဘာဝဘေးအန္တရာယ် ကယ်ဆယ်ဖို့အတွက် သေဆုံးသွားတာ၊ ပြည်သူ သန်းချီကို ကယ်တင်ဖို့အတွက် သေဆုံးသွားတာ ဒါက အံ့ဩစရာ မကောင်းဘူးလား။ လောကက ပြည်သူတွေကို ခွင့်လွှတ်ဖို့ မလုံလောက်သေးဘူးလား။”
အောက်မင်က ပြောလိုက်၏။ “ပြီးတော့ လောကရဲ့ ပြည်သူ့အသံက ကျုပ်တို့ရဲ့ လက်ထဲမှာ ရှိတယ်။ အဲဒီအချိန်ကျရင် ဝေမြို့စားကြီး အိမ်တော်ဟာ သေပြီးမှ ပြန်လည် ရှင်သန်လာတာ မဟုတ်ဘူးလား။”
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် သည် အောက်မင်ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “အောက်မိသားစုက ခင်ဗျားတို့လို လူရည်ချွန် နှစ်ယောက် ထွက်ပေါ်လာတာ တကယ်ကို အံ့ဩစရာကောင်းတာပဲ။”
အောက်မင်က ဦးညွတ်၍ ပြန်ပြောလိုက်၏။ “တော်ဝင်တရားရုံး အကြီးအကဲရဲ့ ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်။”
စုချင်ဝမ် သည် အမှန်တကယ်ပင် အံ့ဩမှင်သက်သွားရ၏။ ဤ အောက်မင်သည် အမှန်တကယ်ပင် အလွန် တော်လွန်းလှသည်။
ဝေမြို့စားကြီး အိမ်တော်သည် ဤမျှလောက် ကြီးမားသော ပြစ်မှုကို ကျူးလွန်ခဲ့ပြီးနောက် အောက်မင်သည် တွမ်ယင်းယင်း နှင့် အလျင်အမြန် လမ်းခွဲလိမ့်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း သူသည် ဇွဲရှိပြီး ဤကဲ့သို့ စိတ်ပျက်အားငယ်ရမည့် အချိန်တွင်ပင် အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အကြံအစည်ကို စဉ်းစားနိုင်ခဲ့၏။
ထို့အပြင် ဤအကြံအစည်မှာ လုံးဝ ဖြစ်နိုင်ခြေ ရှိသည်။
စုချင်ဝမ်က ချီးကျူးလိုက်၏။ “အောက်မင်... ခင်ဗျားရဲ့ ဆရာ အမတ်ချုပ်ကြီးလင်ရဲ့ နိုင်ငံရေး နည်းဗျူဟာ တွေက အရမ်းကို ထူးချွန်တယ်။ ခင်ဗျားကတော့ ဆရာထက်တောင် သာလွန်အုံးမှာပဲ။ အသက် လေးဆယ်တောင် မပြည့်ခင်မှာ ခင်ဗျာဟာ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဝန်ကြီးချုပ် ဖြစ်လာနိုင်ပြီး နှစ်ရာချီ အတွင်း တောင်ပိုင်းကျိုးရဲ့ နံပါတ်တစ် အာဏာရှိတဲ့ အမတ် ဖြစ်လာမှာပဲ။”
အောက်မင်က ပြန်ပြောလိုက်သည်။ “ကျောင်းသား အနေနဲ့ အဲဒီလောက် မရည်မှန်းဝံ့ပါဘူး။ စေ့စပ်ထားတဲ့ အမျိုးသမီးရဲ့ မိသားစုကို ကယ်တင်ဖို့လောက်ပဲ ရည်ရွယ်ပါတယ်။”
တွမ်ယင်းယင်း သည် အောက်မင်ကို ဦးညွတ်ကာ ချစ်ခင်ယုယသော အကြည့်များဖြင့် ပြောလိုက်၏။ “အစ်ကို အောက်မင်... ညီမလေး ဘဝဆက်တိုင်း နွားလို မြင်းလို အလုပ်အကျွေးပြုရင်တောင် အစ်ကိုရဲ့ကျေးဇူးကို ဆပ်နိုင်မှာ မဟုတ်ပါဘူး။ အစ်ကိုလို ချစ်သူကို ရတာဟာ တွမ်ယင်းယင်းရဲ့ တစ်သက်တာ ကံကောင်းမှုပါပဲ။”
တော်ဝင်တရားရုံး အကြီးအကဲက ဤကဲ့သို့သော အချစ်ပြယုဂ်ကို မကြည့်ချင်တော့သောကြောင့် စကားစ ဖြတ်ကာ ပြောလိုက်သည်။ “ကျုပ် အခုပဲ နန်းတော်ကို သွားပြီး ဧကရာဇ်မင်းမြတ်ကို သွားတွေ့မယ်။”
........................
နန်းတော် အတွင်း၌...
တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ် နှင့် ဧကရာဇ် တို့သည် တစ်နာရီခန့် လျှို့ဝှက် ဆွေးနွေးနေခဲ့ကြပြီး သူက အောက်မင်၏ အစီအစဉ်ကို ပြောပြနေစဉ် ဝန်ကြီးချုပ် လင်ကုန်းမှာမူ နားထောင်ရုံသာ နားထောင်ပြီး စကားတစ်ခွန်းမှ မဆိုခဲ့ချေ။
“အရှင်မင်းမြတ်... ကျုပ်ရဲ့ စိတ်ထဲမှာ တွမ်မိသားစုကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေပေမယ့် ကျုပ် မလုပ်နိုင်ပါဘူး။”
စုချင်ဝမ်က ပြောလိုက်၏။ “အကယ်၍ တွမ်မိသားစုသာ မျိုးနွယ်စု အားလုံး သတ်ဖြတ်ခံလိုက်ရရင် လောကက မှူးမတ်တွေက ဘယ်လို မြင်ကြမလဲ။ အောက်ယွီ အောင်မြင်သွားတာ မဟုတ်ဘူးလား။ နောက်ပိုင်း ဘယ်သူက သူ့ကို ဒေါသထွက်အောင် လုပ်ရဲတော့မှာလဲ။ ပြီးတော့ အောက်ယွီက သူ့ရဲ့ အကြီးမားဆုံး လက်နက်ကိုတောင် မထုတ်ရသေးဘူးလေ။”
ဧကရာဇ်၏ မျက်ခုံးများ ကျုံ့သွားတော့၏။ ဤစကားက သူ၏ အနာကျင်ဆုံး နေရာကို ထိမှန်သွားစေသည်။
ဟုတ်ပေသည်။ အောက်ယွီသည် သူ၏ အကြီးမားဆုံး လက်နက်ဖြစ်သည့် ဧကရာဇ်ဟောင်း၏ အိပ်မက်ပေးခြင်းကို မထုတ်ရသေးချေ။
အဘယ်ကြောင့်ဆိုသော် တွမ်ယွင် နှင့် တွမ်ယွီ တို့သည် တာ့ဖာရှန့်ကျွင်း၏ ဝမ်းဗိုက်အတွင်း၌ ဖောက်ပြန်ခဲ့ကြ သောကြောင့် တည်ထောင်သူ ဧကရာဇ်၏ နတ်ဘုရားကို စော်ကားခဲ့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် အောက်ယွီ သည် ဧကရာဇ်ဟောင်း၏ အိပ်မက်ပေးခြင်းကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုနိုင်မည့် အခြေအနေမှာ အလွန် ယုတ္တိရှိ၏။
တည်ထောင်သူ ဧကရာဇ်၏ နတ်ဘုရား အနှောင့်အယှက် ခံလိုက်ရသောကြောင့် ဧကရာဇ်ဟောင်းကို အပြစ်တင်ခဲ့ပြီး ဧကရာဇ်ဟောင်းက အောက်ယွီကို အိပ်မက်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အောက်ယွီ သည် ဧကရာဇ်ဟောင်း၏ အမိန့်ကို အသုံးပြုကာ တွမ်မိသားစု တစ်စုလုံးကို သတ်ဖြတ်နိုင်၏။
“တကယ်လို့ အောက်ယွီက ဧကရာဇ်ဟောင်းရဲ့ အိပ်မက်ပေးခြင်းကို အသုံးပြုလာရင်ရော။”
ဧကရာဇ်က ပြောလိုက်သည်။ “အဲဒါဆိုရင် ဘယ်သူမှ တွမ်မိသားစုကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး။”
ဝန်ကြီးချုပ် လင်ကုန်းက ပြောလိုက်၏။ “အရှင်မင်းမြတ်... အကယ်၍ အောက်ယွီက တကယ်ပဲ အဲဒီ လက်နက်ကြီးကို ထုတ်သုံးပြီး ဧကရာဇ်ဟောင်းရဲ့ အိပ်မက်ပေးခြင်းကို အသုံးပြုမယ်ဆိုရင်တော့ ပိုကောင်းသွားတာပေါ့။”
ဧကရာဇ် ဝမ်ယွင် လည်း လျင်မြန်စွာ နားလည်သွားတော့၏။ ဟုတ်ပေသည်။ တည်ထောင်သူ ဧကရာဇ်က တာ့ဖာရှန့်ကျွင်း ဖြစ်ပြီး ဧကရာဇ်ဟောင်းက ဝူဝေ့ ဧကရာဇ်ဟောင်း ဖြစ်ကာ တစ်ယောက်က ဗုဒ္ဓဘာသာ၊ တစ်ယောက်က တာအိုဘာသာ ဖြစ်သည်။
အမှန်တကယ်တွင် သူတို့နှစ်ယောက်၏ ဘာသာရေး အယူအဆများမှာ သင့်မြတ်ခြင်း မရှိလှချေ။
ယခုတစ်ကြိမ် တွမ်ယွင် နှင့် တွမ်ယွီ တို့ ဖောက်ပြန်ခဲ့ပြီး တည်ထောင်သူ ဧကရာဇ်၏ နတ်ဘုရားကို စော်ကားမိသောကြောင့် တည်ထောင်သူ ဧကရာဇ်က ဒေါသထွက်ပြီး ဧကရာဇ်ဟောင်းကို အပြစ်တင်ခဲ့ကာ ဧကရာဇ်ဟောင်းက အောက်ယွီကို အိပ်မက်ပေးပြီး တွမ်မိသားစုကို မျိုးနွယ်စု အားလုံး သတ်ဖြတ်ခိုင်းသည် ဆိုပါစို့။
ထိုအရာက ဘာကို ပြသနေသနည်း။ တာ့ဖာရှန့်ကျွင်းက ဝူဝေ့ ဧကရာဇ်ဟောင်းထက် ပိုတန်ခိုးကြီးသည် ဆိုခြင်းကို ပြသနေခြင်းဖြစ်သည်။
ဧကရာဇ်ဟောင်းက ဧကရာဇ်ကို တစ်ဝက်လောက် ဖိနှိပ်ထားသည်ဆိုလျှင် တည်ထောင်သူ ဧကရာဇ်က ဧကရာဇ်ဟောင်းကို တစ်ဝက်လောက် ဖိနှိပ်ထားသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
ထိုသို့ဆိုလျှင် အနာဂတ်တွင် တည်ထောင်သူ ဧကရာဇ်၏ အိပ်မက်ပေးခြင်း ခံရသည့်သူ ပေါ်လာလျှင်ကော။ သေချာပေါက် တည်ထောင်သူ ဧကရာဇ်က ကွယ်လွန်သွားသည်မှာ နှစ်ရာချီ ရှိပြီဖြစ်သောကြောင့် တစ်ယောက်ယောက်က တည်ထောင်သူ ဧကရာဇ်က အိပ်မက်လာပေးသည်ဟု ပြောလျှင်တောင်မှ ယုတ္တိရှိမည် မဟုတ်ပေ။
သို့သော်ငြား ဧကရာဇ်ဟောင်းက အသက်ရှင်နေသေးပြီး အောက်ယွီကို သူ၏ အိပ်မက်ပေးခြင်း ခံရသူအဖြစ် လက်ခံထား၏။
သို့ရာတွင် ယခုတစ်ကြိမ်၌မူ အောက်ယွီအနေဖြင့် ဝေမြို့စားကြီး တစ်မိသားစုလုံးကို အဆုံးစီရင်ရန်အတွက် ဧကရာဇ်ဟောင်းထံမှ အိပ်မက်ပေးခြင်းကို အကြောင်းပြမည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။
တည်ထောင်သူ ဧကရာဇ်က ဧကရာဇ်ဟောင်းအပေါ် အပြစ်တင်စကားဆိုသည်ဟု အကြောင်းပြချက် ပေးခြင်းသည် တည်ထောင်သူ ဧကရာဇ်၏ ဘုန်းတန်ခိုးနှင့် နတ်ဘုရားသဖွယ် တည်ရှိနေမှုကို ကိုယ်တိုင် ဝန်ခံပြီး သက်သေပြလိုက်ရာ ရောက်သည်။
ဤအပြုအမူသည် မိမိခြေထောက်ကို မိမိပြန်လည်ရိုက်ချိုးသည့် လုပ်ရပ်နှင့်သာ တူညီနေတော့သည်။ သူတို့ဘက်မှ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အောက်ယွီနှင့် ဧကရာဇ်ဟောင်းတို့ ကိုယ်တိုင်က တည်ထောင်သူဧကရာဇ်၏ နတ်ဘုရားသဖွယ် တည်ရှိမှုကို ဝန်ခံအတည်ပြုလိုက်မည်ဆိုလျှင် နောင်တစ်ချိန်တွင် တည်ထောင်သူဧကရာဇ်၏ အိပ်မက်ပေးခြင်းကို ခံရသူတစ်ဦးတစ်ယောက် ပေါ်ပေါက်လာပါကလည်း အပြစ်ဆိုဖွယ်ရာ ရှိတော့မည် မဟုတ်ပေ။
ဝန်ကြီးချုပ် လင်ကုန်း၏ အဓိပ္ပာယ်မှာ အကယ်၍ အောက်ယွီသည် ဝေမြို့စားကြီး တစ်မိသားစုလုံးကို သတ်ရန်အတွက် ဧကရာဇ်ဟောင်း၏ အိပ်မက်ပေးခြင်း ဟူသော လက်နက်ကြီးကို အမှန်တကယ် အသုံးပြုလာပါက ထိုအရာသည် လုံးဝ မိုက်မဲသော လုပ်ရပ်ဖြစ်ပြီး သူနှင့် ဧကရာဇ်ဟောင်း တို့၏ အခြေခံအုတ်မြစ်ကို ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းပင်။
ဧကရာဇ် ဝမ်ယွင်က အမိန့်ပေးလိုက်၏။ “ကောင်းပြီ။ အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့။”
သူ၏ အသံမှာ အလွန် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ အလွန် ဒေါသထွက်နေသည်။ ‘ဧကရာဇ်ဟောင်းရဲ့ အိပ်မက်ပေးခြင်းကို ခံရသူ... ခင်ဗျားက ကျုပ်ကို ဝေမြို့စားကြီး တစ်မိသားစုလုံး သတ်ခိုင်းချင်နေတာလား။ ခင်ဗျားရဲ့ ဆန္ဒပြည့်ဝမှာ မဟုတ်ဘူး။’
...................