အခန်း (၈၉၉-၉၀၀)
Vol. 90 Ch. 899-900
အခန်း (၈၉၉) လျှို့ဝှက်ဆန်းပြားသော တန်ခိုးစွမ်းအား ၊ နတ်ဘုရားနန်းတော် ၊ ချွမ်းချိုးလင်းမှ ပညာရှိများ ၊ ခရမ်းရောင် နတ်ဆေးပင်
ကျွေ့ဟွာ နှင့် ဝူမေ့နန်တို့သည် တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်ဖြင့် ကြည့်နေမိကြသည်။
ခုနတင်က ဝူမျိုးနွယ်ဘိုးဘေးသည် ထွက်သွားရာမှ ပြန်လှည့်လာခဲ့ပြီး သူထုတ်လွှတ်လိုက်သော ထိတ်လန့်ဖွယ် ကောင်းလှသည့် အေးစိမ့်စိမ့် အငွေ့အသက်များမှာ လူကို ကျောချမ်းစေခဲ့သည်။ သူသည် လက်တစ်ချက် ဝှေ့ရုံဖြင့် ကျွေ့ဟွာ နှင့် ရွှေကျီးကန်းကို ဖိနှိပ်ချုပ်ကိုင်နိုင်ခဲ့သလို၊ ဓားတစ်ချက်တည်းဖြင့် ဝူမေ့နန်၏ လက်ထဲမှ သံလှံရှည်ကို ရိုက်ချိုးပစ်ခဲ့သည်။
အကြောက်စရာအကောင်းဆုံးမှာ သူ၏ စွမ်းအားမှာ အမှန်တကယ်တော့ ကျွေ့ဟွာ နှင့် ဝူမေ့နန်တို့လောက် မပြင်းထန်တော့ခြင်းပင်။ သို့သော် သူပိုင်ဆိုင်ထားသော တန်ခိုးစွမ်းအား မှာ အလွန်တရာ သိမ်မွေ့နက်နဲလွန်းလှသဖြင့် လက်တစ်ချက် လှုပ်လိုက်သည်နှင့် လူသုံးယောက်လုံးကို ချုပ်ကိုင်နိုင်ခဲ့သည်။
သို့သော် မထင်မှတ်ထားဘဲ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော သွေးချီစွမ်းအား ထူးခြားဖြစ်စဉ်များ ဆက်တိုက်ပေါ်ပေါက်လာပြီး ထက်ရှသော ဓားအလင်းတန်းများ ဖြတ်သန်းသွားကာ ဝူမျိုးနွယ်ဘိုးဘေးကို ဆုတ်ခွာသွားအောင် တွန်းပို့နိုင်ခဲ့သည်။
လီယန်ချူသည် ရွှေရောင်ဦးဆောင်း ကို ချွတ်လိုက်ပြီး ကိုယ်ထင်ပြလိုက်သည်။
ကျွေ့ဟွာ၏ မျက်ဝန်းထဲတွင် အံ့ဩဝမ်းသာမှုများ ယှက်သန်းသွားကာ "တကယ်ပဲ နင်ဖြစ်နေတာပဲ" ဟု ရေရွတ်လိုက်သည်။
ဝူမေ့နန်လည်း အံ့အားသင့်သွားပြီး အခြေအနေကို နားလည်သွားသည်။
လီယန်ချူက
"နှမြောစရာပဲ၊ သူ့ကို နောက်တစ်ကြိမ် ထွက်ပြေးခွင့် ပေးလိုက်ရပြန်ပြီ။ ဒီလို မီးခိုးငွေ့လို ပြောင်းပြီး ထွက်ပြေးသွားတာက ဘယ်လို တန်ခိုးစွမ်းအားမျိုးလဲ မသိဘူး"
ဟု ပြောလိုက်သည်။
"တကယ်ကို ထူးဆန်းတယ်၊ ကိုယ်ဖျောက်အတတ် နဲ့လည်း မတူဘူး"
ကျွေ့ဟွာ က ခဏရပ်ကာ ဆက်ပြောသည်
"ဒါနဲ့... နင်က ဘာလို့ ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ"
လီယန်ချူက
"စောစောက ငါ တကယ်ထွက်သွားတာမဟုတ်ဘူး၊ ဘေးနားမှာ ကိုယ်ဖျောက်ပြီး ပုန်းနေတာ။ ယုန်ကိုစောင့်နေတဲ့ မုဆိုးလို သူ့ကို ချောင်းဖမ်းမလို့ပဲ၊ ဒါပေမဲ့ သူ ထွက်ပြေးသွားတာကို မတားနိုင်ခဲ့ဘူး"
ဟု ရှင်းပြသည်။
ကျွေ့ဟွာက ခေါင်းငြိမ့်ပြသော်လည်း လီယန်ချူ စောစောက ပြောခဲ့သော ကြုံးဝါးသံကြီးများကို သတိရသွားကာ ပါးစပ်လေး တွန့်သွားသည်။
‘လှတဲ့မိန်းမတွေတင် လူညာတာမဟုတ်ဘူး၊ ရုပ်ချောတဲ့ အမျိုးသားတွေက ပိုတောင် ညာတတ်သေးတယ်’ ဟု သူမ စိတ်ထဲက ကျိတ်တွေးနေမိသည်။ သူမ အမေ မသေဆုံးခင်က သူမကို အမြဲတမ်း သတိပေးဆုံးမခဲ့သည့် စကားမှာ ဤစကားပင် ဖြစ်သည်။
လီယန်ချူ၏ စိတ်ထဲတွင်မူ အခြားတစ်ချက်ကို တွေးနေသည်။ ဓာတ်ကြီးငါးပါး ကိုယ်ဖျောက်အတတ်၊ ဝိညာဉ်အလင်းတန်းဖြင့် ပျံသန်းခြင်း၊ လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်း စသည့် တန်ခိုးစွမ်းအားအားလုံးကို သူ နားလည်ထားသော်လည်း ထိုဝူမျိုးနွယ်ဘိုးဘေး၏ အတတ်မှာမူ အလွန် ထူးခြားဆန်းပြားလွန်းနေသည်။
ဝူမေ့နန်က စိုးရိမ်တကြီးဖြင့်
"ဒီတစ်ခါ သူ့ကို လွှတ်ပေးလိုက်ရတော့ နောက်နောင် ဘာတွေ ထပ်လုပ်ဦးမလဲ မသိဘူး။ နောက်တစ်ခါ ပြန်တွေ့ရင်လည်း သူက ဒီခန္ဓာကိုယ်မှာ ရှိနေဦးမလား မသေချာဘူး"
ဟု ပြောသည်။
ဝူမျိုးနွယ် ကျင့်ကြံသူအားလုံး အရေခွံသက်သက်သာ ကျန်ရစ်ပြီး အသားနဲ့သွေးတွေ အားလုံး ဝါးမြိုခံလိုက်ရသည့် မြင်ကွင်းမှာ တကယ်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ တတိယအဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် သိမ်းပိုက်နိုင်သော ထိုယုတ်မာသည့် တည်ရှိမှုကြီး လွတ်မြောက်သွားခြင်းမှာ ကျောချမ်းစရာပင်။
လီယန်ချူက
"အခုကြည့်ရတာတော့ သူ့ရဲ့ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းအတတ် က သူအလိုရှိသလို စိတ်တိုင်းကျ လုပ်လို့ရတဲ့ ပုံစံမျိုး မဟုတ်ဘူးထင်တယ်" ဟု ဆိုသည်။
ဝူမေ့နန်က "လီတာအိုဆရာက ဘယ်လိုသိတာလဲ" ဟု မေးသည်။
လီယန်ချူက
"ဒီတစ်ခါ သူ ပြန်တိုက်ခိုက်တဲ့အခါ လူတွေရဲ့ စိတ်ဓာတ်မခိုင်မာမှုကို အသုံးချသွားပေမဲ့ သူ့ရဲ့ အရှိန်အဝါ က အများကြီး ကျဆင်းသွားပြီ။ တကယ်လို့ သူက စိတ်ကြိုက် ခန္ဓာကိုယ်လဲလို့ ရတယ်ဆိုရင် အသစ်တစ်ခါ လဲပြီးမှ ပြန်လာတာက ပိုမကောင်းဘူးလား"
သူက ဆက်ပြောသည်
"ဒါမှမဟုတ် သူက ဒီလောက် စွမ်းအားရှိရင် လုံလောက်ပြီလို့ ယူဆတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သိမ်းပိုက်ခြင်းဆိုတာ ဝိညာဉ် ကို အခြေခံတာမို့ နောက်တစ်ခါတွေ့ရင်တော့ သူ့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"
လီယန်ချူ၏ နောက်ဆုံးစကားကြောင့် ဝူမေ့နန် စိတ်အနည်းငယ် အေးသွားသည်။ ထိုမိစ္ဆာအပေါ် ကြောက်ရွံ့နေဆဲဖြစ်သော်လည်း လီယန်ချူ၏ စကားများက သူမကို လုံခြုံမှုအပြည့် ပေးစွမ်းနိုင်သည်။
လီယန်ချူက ဝူမေ့နန်ကို ကြည့်ကာ လေသံတိုးတိုးဖြင့်
"သူ ပြန်လှည့်လာတာက ကလဲ့စားချေဖို့တင် မဟုတ်ဘူး၊ နင့်ကို လာဖမ်းတာထင်တယ်" ဟု ပြောလိုက်သည်။
ဝူမေ့နန် ထိတ်လန့်သွားကာ "ကျွန်မကို"
ထိုအခါမှ စောစောက ဝူမျိုးနွယ်ဘိုးဘေး ပြောသွားသည့် 'သူမနှင့်အတူ နှစ်ကိုယ်တူကျင့်စဉ် ကျင့်ကြံမည်' ဟူသော စကားကို သတိရသွားသည်။
လီယန်ချူက ခေါင်းငြိမ့်ကာ
"သူ နင့်အပေါ်မှာ တစ်ခုခု အမှတ်အသား လုပ်ထားတာလည်း ဖြစ်နိုင်တယ်" ဟု ဆိုလိုက်ရာ ဝူမေ့နန် ပို၍ပင် ကြောက်ရွံ့သွားတော့သည်။
ဟော့ထုံတောင် ဂူနန်းတွင်း၌
မြင့်မြတ်သော တောင်ထိပ်တစ်ခုပေါ်တွင် နှင်းများ ဖုံးလွှမ်းနေပြီး အရိုးခိုက်မတတ် အေးစိမ့်သော လေများ တိုက်ခတ်နေသည်။ ဟော့ထုံတောင် ဂူနန်းတစ်ခုလုံး၏ အေးစိမ့်မှုနှင့် နှိုင်းယှဉ်လျှင် တောင်ထိပ်မှ လေပြင်းမှာ အနည်းငယ် အားပျော့သော်လည်း ခံနိုင်ရည်ရှိရန် ခဲယဉ်းဆဲပင်။ အဆင့်နိမ့် ကျင့်ကြံသူများသာ ဤနေရာတွင် ရှိနေပါက ခဏအတွင်း သွေးကြောများ ထိခိုက်ပျက်စီးသွားနိုင်သည်။ အထူးပြုလုပ်ထားသော ရတနာများ သို့မဟုတ် ကျင့်ကြံမှုအဆင့် အလွန်မြင့်မားမှသာ နေနိုင်မည်ဖြစ်သည်။
ထိုနှင်းထုထဲတွင် ကျင့်ကြံသူတစ်ဦးသည် ရှေးဟောင်းအဆောက်အအုံ တစ်ခုကို တွေ့ရှိခဲ့သည်။ နှင်းများအကြားမှ ထွက်ပေါ်နေသော အစွန်းတစ်ဖက်မှာ နန်းတော်တစ်ခုနှင့် တူနေသည်။ ထိုကျင့်ကြံသူမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ ဤကဲ့သို့ လူသူမနီးသော နေရာမျိုးတွင် ရှေးဟောင်းအဆောက်အအုံကို ရှာဖွေတွေ့ရှိပြီး ရတနာများ ရရှိခဲ့လျှင် သူတစ်ဦးတည်း ပိုင်ဆိုင်ရမည် မဟုတ်ပါလား။
သူသည် နှင်းများကို ဆက်လက် တူးဖော်လေလေ၊ နန်းတော်၏ ပုံသဏ္ဌာန်မှာ ပိုမို ထင်ရှားလာလေလေ ဖြစ်သည်။ ရုတ်တရက် နန်းတော်တစ်ခုလုံး တုန်ခါသွားပြီး မြင့်မြတ်သော အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ ဟော့ထုံတောင်အတွင်းရှိ ကျင့်ကြံသူများ အားလုံး ရှေးဟောင်း အသိစိတ်တစ်ခု တဖြည်းဖြည်း ပြန့်လွင့်လာသည်ကို ခံစားလိုက်ရသည်။
ခဏအကြာတွင် ကောင်းကင်ယံ၌ ကြီးကျယ်ခမ်းနားလှသော နတ်ဘုရားနန်းတော် ကြီး ပေါ်ထွက်လာသည်။ ကျောက်စိမ်းဆောင်များနှင့် ရွှေရောင် တဖိတ်ဖိတ်တောက်နေသော နန်းဆောင်များမှာ ရင်သပ်ရှုမောဖွယ်ပင်။ စောစောက ပျော်ရွှင်နေသော ကျင့်ကြံသူမှာမူ ကြောက်လန့်သွားပြီး နောက်သို့ ဆုတ်မိသည်။ ဂူနန်းတွင်းမှ ရှေးဟောင်းအမွေအနှစ်များမှာ ကောင်းမွန်သည်မှန်သော်လည်း ဤနတ်ဘုရားနန်းတော်ကြီးကမူ...
ထိုအချိန်တွင် ဟော့ထုံတောင်အတွင်းရှိ ကျင့်ကြံသူများ အားလုံး ကောင်းကင်မှ ထူးခြားဖြစ်စဉ်ကို မော့ကြည့်နေကြသည်။ ဤဖြစ်စဉ်မျိုးမှာ ယခင်က တစ်ကြိမ် ပေါ်ဖူးသည်။ ယုယူတောင်ထိပ်တွင် နတ်ဘုရားနန်းတော် ပေါ်ထွန်းခဲ့စဉ်က နတ်ဘုရားများက တရားဓမ္မများ ဟောကြားခဲ့ဖူးသည်။ ထိုစဉ်က လူတိုင်းသည် နတ်ဘုရားနှင့် ဆုံစည်းရပြီဟု ထင်မှတ်ကာ အလွန်အမင်း စိတ်လှုပ်ရှားခဲ့ကြသည်။
သို့သော် ထိုသူများမှာ အမှန်စင်စစ် ဤနေရာရှိ စွဲလမ်းမှု များမှ ပြောင်းလဲလာသော မိစ္ဆာကောင်များသာ ဖြစ်ပြီး နန်းတော်အတွင်း၌ လူသတ်ပွဲကြီး ကျင်းပခဲ့ကြသည်။
"နောက်တစ်ခါ ထပ်ပေါ်ပြန်ပြီလား"
လူအများမှာ ကြက်သီးထသွားကြသည်။ ဤဟော့ထုံတောင် ဂူနန်းတွင်း၌ နတ်ဘုရားနန်းတော် ပေါ်ထွက်သည့် အကြိမ်ရေမှာ အလွန် စိပ်လွန်းလှသည်။ မည်သူကများ တားမြစ်ချက် တွေကို သွားထိမိလို့ နတ်ဘုရားနန်းတော် ထွက်ပေါ်လာရပြန်သနည်း။
ယခင်က ယုယူဆောင်သို့ လူအုပ်ကြီး တိုးဝှေ့သွားခဲ့ကြသည့် မြင်ကွင်းနှင့် နှိုင်းယှဉ်လျှင် ယခုအခါ ကျင့်ကြံသူများမှာ ပိုမို တည်ငြိမ်နေကြသည်။ သို့သော် အလွန်အမင်း အစွမ်းထက်သော ကျွမ်းကျင်သူများအတွက်မူ အခြေအနေက တစ်မျိုးဖြစ်သည်။ သူတို့အတွက် ဤနေရာရှိ နယ်ပယ်ပြင်ပမိစ္ဆာ များ၏ အသားနှင့် သွေးများမှာ ပြဿနာမဟုတ်သလို၊ စွဲလမ်းမှုမှ ဖြစ်လာသော မိစ္ဆာများကိုလည်း မကြောက်ကြပေ။
ပြီးခဲ့သည့်အကြိမ်က နတ်ဘုရားများမှာ အတုဖြစ်သော်လည်း နတ်ဘုရားလက်နက်ဖြစ်သော ကောင်းကင်ဖဲကြိုး မှာမူ အစစ်အမှန် ဖြစ်သည်။ ထိုလက်နက်ကို မုတ်ဆိတ်ဗလပွနှင့် ဓားသမား ယန်ချီရှ က လုယူသွားခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားလက်နက်နှင့် လွဲချော်ခဲ့ရသဖြင့် ကျွမ်းကျင်သူအများအပြားမှာ နောင်တရနေကြသည်။ ယခုအခါ နတ်ဘုရားနန်းတော် တစ်ဖန် ပေါ်လာပြန်သဖြင့် ထိုကျွမ်းကျင်သူများမှာ လုံးဝ လက်လွတ်ခံကြမည် မဟုတ်ပေ။
ကျားသိန်းငှက်ကို စီးနင်းထားသော အဝတ်စိမ်းဝတ် အမျိုးသား၊ သာမန်ရုပ်ရည်ရှိသော်လည်း သူ၏ ရွှေအမြုတေ ထဲတွင် ခရမ်းရောင်အငွေ့အသက်များ ပါရှိနေသူ၊ ဓာတ်ကြီးလေးပါးမျှော်စင် ကို ပိုင်ဆိုင်ထားသော အဝတ်ပြာဝတ် အမျိုးသမီး... ဤကဲ့သို့သော အစွမ်းထက်သူများမှာ နတ်ဘုရားနန်းတော်ဆီသို့ အပြိုင်အဆိုင် ဦးတည်သွားကြတော့သည်။
ယုယူတောင်ပေါ်တွင်လည်း လီယန်ချူသည် နတ်ဘုရားနန်းတော် ပေါ်လာသည်ကို သတိပြုမိလိုက်သည်။
ကျွေ့ဟွာက
"ဒီလိုနန်းတော်မျိုး ထပ်ပေါ်လာပြန်ပြီ။ ဒီဟော့ထုံတောင် ဂူနန်းထဲမှာ နတ်ဘုရားတွေရဲ့ နေအိမ်တွေ တော်တော်များတာပဲ" ဟု ပြောသည်။
လီယန်ချူက ပြုံးကာ
"၃၆ ခုသော ဂူနန်းတွေထဲမှာ နံပါတ် (၁) အဆင့်ရှိတာဆိုတော့ သာမန်လို့တော့ သဘောထားလို့ မရဘူးလေ"
ဟု ဆိုသည်။
ကျွေ့ဟွာက
"ပြီးခဲ့တဲ့အကြိမ်က နတ်ဘုရားအတုက တရားဟောတာတောင် လူတွေ အသတ်ခံခဲ့ရတာ၊ ဒီတစ်ခါ ဘယ်သူ သွားဦးမှာလဲ " ဟု မေးသည်။
လီယန်ချူက ရယ်မောရင်း
"လူတော့ နည်းသွားမှာပေါ့၊ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ အများကြီး သွားကြမှာပဲ။ အဲဒါက ကျော့ကွင်းမှန်း သိနေရင်တောင် သူတို့ကတော့ လက်လွတ်ခံမှာ မဟုတ်ဘူး"
ကျွေ့ဟွာက သက်ပြင်းချကာ
"နတ်ဘုရားလက်နက်အတွက်နဲ့ ဒီလူတွေ ရူးသွပ်နေကြတာပဲ"
ဟု ဆိုသည်။
ဝူမေ့နန်ကမူ အံ့ဩတကြီးဖြင့်
"နတ်ဘုရားလက်နက် ဟုတ်လား" ဟု မေးသည်။
သူမသည် ရက်အတော်ကြာ ဤချောက်ကမ်းပါးအနီးတွင်သာ ရှိနေခဲ့ပြီး နတ်ဘုရားနန်းတော် ပေါ်ထွန်းခဲ့စဉ်ကလည်း မသွားခဲ့သဖြင့် အကြောင်းစုံကို မသိရှိပေ။
"နင် မသိဘူးလား"
ကျွေ့ဟွာက အံ့အားသင့်သွားပြီး ထိုစဉ်က ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ရှင်းပြလိုက်သည်။
ဝူမေ့နန်သည် နားထောင်ပြီးနောက် တိတ်ဆိတ်သွားကာ သက်ပြင်းချလေသည်။
"နတ်ဘုရားတွေကတောင် အတုဖြစ်နေတယ်ဆိုတော့... ဒီလောကကြီးကတော့..."
လီယန်ချူက
"ငါ တစ်ခါက ရှေးဟောင်း မဟာရှမင်းဆက် ခေတ်က မြို့စောင့်နတ် တစ်ပါးနဲ့ တွေ့ခဲ့ဖူးတယ်။ သူ့ခေတ်တုန်းက နတ်ပြည်နဲ့ ငရဲပြည် ရှိခဲ့သလို၊ မြေပြင်နတ်ဘုရား တွေထက် မြင့်တဲ့ ကောင်းကင်နတ်ဘုရား တွေတောင် ရှိခဲ့သတဲ့။ အခုတော့ နတ်ဘုရားတွေ အကုန်ပျောက်ကွယ်ကုန်ပြီ၊ လူ့လောကမှာ နတ်ဘုရားဖြစ်ဖို့ ကျင့်ကြံတာတွေလည်း မရှိတော့ဘူး။ မြေပြင်နတ်ဘုရား ဖြစ်ဖို့တောင် မဖြစ်နိုင်သလောက် ဝေးကွာနေပြီ။ ဟော့ထုံတောင်လို နတ်ဘုရားတွေရဲ့ မြေသန့်ကြီးတောင် ဒီလိုဖြစ်နေရင် တခြား ဂူနန်းတွေဆိုတာ စဉ်းစားသာ ကြည့်တော့"
ကျွေ့ဟွာနှင့် ဝူမေ့နန်တို့မှာ ထိုစကားကို ကြားပြီး ကြောက်လန့်သွားကြသည်။ ဤအကြောင်းမှာ နတ်ဘုရားအတုများ အကြောင်းထက်ပင် ပို၍ ထိတ်လန့်စရာ ကောင်းနေသည်။
ခမ်းနားလှသော တောင်တန်းကြီးတစ်ခုအတွင်း၌၊
ပညာရှိ ၂၀၊ ၃၀ ခန့် ရှိနေသည်။ သူတို့၏ ခါးတွင် ဓားရှည်များ ချိတ်ဆွဲထားပြီး ရုပ်ရည်မှာလည်း ထည်ဝါလှသည်။ ရှေ့ဆုံးတွင်မူ မျက်လုံးများ နက်ရှိုင်းကာ အရှိန်အဝါ တည်ငြိမ်လှသော သက်ကြီးရွယ်အို နှစ်ဦး ရှိနေသည်။ သူတို့အားလုံး၏ အဝတ်အစားများတွင် သွေးစွန်းရာများနှင့် ဒဏ်ရာများ ရှိနေကြပြီး ပညာရှိကြီး နှစ်ဦးလည်း ထိုနည်းတူပင်။ သူတို့မှာ တိုက်ပွဲများစွာကို ဖြတ်သန်းလာခဲ့ပုံရသည်။
သူတို့သည် ချန်နိုင်ငံအတွင်းရှိ မည်သည့် စာသင်ကျောင်းမှ မဟုတ်ဘဲ လျှို့ဝှက်ဆန်းပြားပြီး ရှေးကျလှသော ကျင့်ကြံရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ချွမ်းချိုးလင်း မှ ဖြစ်ကြသည်။ ရှေ့ဆုံးမှ အဘိုးအို နှစ်ဦးမှာ ထိုအဖွဲ့အစည်းမှ ပထမအဆင့် ပညာရှိကြီး များ ဖြစ်ကြသော ဟန်ကျန့်ကျဲ နှင့် လူကျူး တို့ ဖြစ်သည်။ ယခုအခါ သူတို့သည်လည်း ကောင်းကင်မှ နတ်ဘုရားနန်းတော် ထူးခြားဖြစ်စဉ်ကို မြင်တွေ့နေရသဖြင့် တိုင်ပင်ဆွေးနွေးနေကြသည်။
ဟန်ကျန့်ကျဲ၏ မျက်မှောင်များတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေကာ
"နတ်ဘုရားနန်းတော် တစ်ခု ထပ်ပေါ်လာပြန်ပြီ။ ဒီတစ်ခါရော အထဲက နတ်ဘုရားက အစစ်လား အတုလား မသိဘူး"
ဟု လေးပင်စွာ ပြောလိုက်သည်။
လူကျူးက
"အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ်၊ ငါတို့ သွားလုရမှာပဲ။ ပြီးခဲ့တဲ့အကြိမ်က ခရမ်းရောင် နတ်ဝတ်ရုံ ကို မရခဲ့လို့ ဘိုးဘေးကြီးက အရမ်း ဒေါသထွက်နေတယ်"
ဟု ဆိုသည်။
ဟန်ကျန့်ကျဲက မျက်မှောင်ကြုတ်ကာ
"ပြီးခဲ့တဲ့အကြိမ် ယွန်ရှောင် လျှို့ဝှက်နယ်မြေကို သွားတုန်းက ရွှေရောင်မီးလျှံဓား ကို ကိုင်ထားတဲ့ အဘိုးကြီးက တိုက်ခိုက်ရေးစွမ်းအား အရမ်းမြင့်လွန်းတယ်။ သူနဲ့တိုက်ရင်း ငါတို့ စွမ်းအားတွေ အများကြီး ကုန်ခဲ့လို့ အဲဒီမှာတင် သေလုနီးပါး ဖြစ်ခဲ့တာ။ ငါတို့လည်း တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားခဲ့တာပဲ"
လူကျူးသည် ယခင်က ဟန်ကျန့်ကျဲ၏ မကျေနပ်ချက်များကို နှစ်သိမ့်ပေးလေ့ရှိသော်လည်း ယခုအခါ သူကိုယ်တိုင်ပင် တိတ်ဆိတ်သွားသည်။ အကြောင်းမှာ ထိုစကားများမှာ အမှန်တရား ဖြစ်နေသောကြောင့်ပင်။ ခဏအကြာတွင် သူက ရုတ်တရက် ဆဲဆိုလိုက်သည်။
"ဘယ်အယုတ်တမာကများ မင်ရှန်း နယ်ထဲမှာ မိစ္ဆာကျင့်ကြံသူတွေကို သတ်ဖြတ်ပြီး ငါတို့ ချွမ်းချိုးလင်းက ချန်နိုင်ငံရဲ့ ကျင့်ကြံရေးလောကကို တစ်ဦးတည်း အုပ်ချုပ်မယ် လို့ လျှောက်ပြောနေတာလဲ"
ဤအကြောင်းကို ပြောလိုက်သည်နှင့် ဟန်ကျန့်ကျဲလည်း ဒေါသထွက်သွားသည်။ ယွန်ရှောင်လျှို့ဝှက်နယ်မြေတွင် လူအင်အား ဆုံးရှုံးခဲ့ရသည့်အတွက် စိတ်ပျက်နေရသည့် ကြားထဲ၊ မင်ရှန်းနယ်မြေရှိ ဟော့ထုံတောင်ထဲသို့ နတ်ဆေးပင်များ လာရောက်လုယူသည့်အခါတွင်လည်း မိစ္ဆာကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ဆက်တိုက် ကြုံတွေ့နေရသည်။
တိုက်ခိုက်မှုများက ထိပ်တိုက်ရင်ဆိုင်ခြင်းမျိုးဆိုလျှင် ပြဿနာမရှိပေ။ လူကျူးနှင့် ဟန်ကျန့်ကျဲတို့မှာ ချွမ်းချိုးလင်း၏ အထွတ်အထိပ် သုံးဦးထဲမှ နှစ်ဦးဖြစ်ပြီး သာမန် တတိယအဆင့် ကျွမ်းကျင်သူများ မဟုတ်ဘဲ တတိယအဆင့် နှောင်းပိုင်း သို့ ရောက်ရှိနေသူများ ဖြစ်ကြသည်။ သို့သော် မိစ္ဆာကျင့်ကြံသူများမှာ ကျော့ကွင်းဆင်ခြင်း၊ အဆိပ်ခတ်ခြင်း၊ ကျိန်စာတိုက်ခြင်း၊ ခေါင်းဖြတ်အတတ် နှင့် ချောင်းမြောင်းတိုက်ခိုက်ခြင်း စသည့် ယုတ်မာသော နည်းလမ်းပေါင်းစုံကို သုံးစွဲကြသည်။
ချွမ်းချိုးလင်းသည် လက်ရှိတွင် အဖက်ဖက်မှ အဆင်မပြေဖြစ်နေသည်။ ပါရမီရှင် လူငယ်နှစ်ဦးဖြစ်သော လွီအာ နှင့် ဝမ်ရှန်းကျုံး တို့ သေဆုံးခဲ့ရသလို၊ ထိပ်တန်းပုဂ္ဂိုလ် သုံးဦးထဲမှ တစ်ဦးဖြစ်သော ဝမ်ပန်ရှီး သည်လည်း ယွန်ရှောင်နယ်မြေတွင် သေဆုံးခဲ့သည်။ အခြားသော ကျွမ်းကျင်သူများစွာလည်း ဆက်တိုက် ကျဆုံးနေသဖြင့် ဂိုဏ်း၏ အုတ်မြစ်ပင် လှုပ်ခတ်နေပြီ ဖြစ်သည်။
ယခုလည်း ဟော့ထုံတောင်အတွင်း၌ အသိစိတ် သုံး၍ မရသောကြောင့် ချောင်းမြောင်းတိုက်ခိုက်ခံရမှုများမှာ ပိုမို ပြင်းထန်လာသည်။ အဘယ်ကြောင့် ဤရှေးဟောင်း ဂိုဏ်းကြီးမှာ လူတိုင်း၏ ပစ်မှတ် ဖြစ်နေရသနည်း။
အမှန်စင်စစ် ဤအချက်မှာ နားလည်ရ လွယ်ကူပါသည်။ မင်ရှန်းနယ်မြေတွင် သတ်ဖြတ်ခံလိုက်ရသော မိစ္ဆာကျင့်ကြံသူများ၌ သူငယ်ချင်းများ၊ ဆရာသမားများ ရှိကြမည်သာ ဖြစ်သည်။ ထို့ပြင် ချွမ်းချိုးလင်းက တစ်ဦးတည်း ဗိုလ်ကျစိုးမိုးမည်ဟူသော သတင်းမှာ လူအများ၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်နေသည်။
ဟန်ကျန့်ကျဲက သက်ပြင်းချကာ
"ဒီအတိုင်းသာ ဆက်သွားရင် ငါတို့နဲ့ ငရဲတောင် ၊ ရှန့်ရှန်းနန်းတော် တို့ကြားက ကွာဟချက်က ပိုကြီးလာတော့မယ်"
ဟု ဆိုသည်။
အဆင့်နိမ့်နှင့် အဆင့်လတ် ကျင့်ကြံသူများမှာ ကုန်သလောက် ဖြစ်နေပြီ မဟုတ်ပါလား။
လူကျူးက ခေါင်းခါရင်း
"ရှန့်ရှန်းနန်းတော်ကိုတော့ ငါ မပြောတတ်ဘူး၊ ဒါပေမဲ့ ငရဲတောင်က လူတွေ သေတာကတော့ ရေတွက်လို့တောင် မရတော့ဘူး။ သူတို့ ဘယ်လို ကျိန်စာမိနေလဲ မသိဘူး၊ ပေ့ဖုန်းမြို့တော်ကို သွားတိုက်တဲ့ ကျင့်ကြံသူတွေ အကုန်လုံး အသတ်ခံလိုက်ရတယ်။ အစိုးရအဖွဲ့တင်မကဘူး၊ တရားသော ဂိုဏ်းတွေကပါ ငရဲတောင်ကို ပစ်မှတ်ထားနေကြတာဆိုတော့ သူတို့လည်း ငါတို့ထက် မသာပါဘူး"
ဟန်ကျန့်ကျဲ တိတ်ဆိတ်သွားသည်။ သူသည် ဝမ်းသာခြင်း မရှိဘဲ မြေစာပင်အချင်းချင်းကဲ့သို့သာ ခံစားနေရသည်။ အစဉ်အမြဲ ထူးကဲမြင့်မြတ်လှသော အဖွဲ့အစည်းကြီး သုံးခုမှာ ယခုအခါ လောကီရေးရာထဲ ဝင်ရောက်ကာ အခွင့်အရေး လုယူရင်း လူအင်အား ဆုံးရှုံးကာ ဤအခြေအနေသို့ ရောက်ရှိသွားရခြင်းမှာ စိတ်မကောင်းစရာပင်။
ထိုစဉ် ချွမ်းချိုးလင်းမှ ပညာရှိတစ်ဦး ရောက်ရှိလာသည်။ သူသည် စောစောက ချောက်ကမ်းပါးအတွင်းသို့ ရှာဖွေရေးသွားခဲ့သည့် တပည့် ၈ ဦးထဲမှ တစ်ဦး ဖြစ်သည်။ ယခုမူ ထိုအရပ်အမောင်း မြင့်မားသော ပညာရှိတစ်ဦးတည်းသာ ပြန်ရောက်လာခြင်း ဖြစ်သည်။
ဟန်ကျန့်ကျဲက မျက်မှောင်ကြုတ်ကာ
"ဘာဖြစ်တာလဲ" ဟု မေးသည်။
ထိုပညာရှိက ထိတ်လန့်တုန်လှုပ်စွာဖြင့်
"တောင်ကြားထဲမှာ ခရမ်းရောင် နတ်ဆေးပင် တစ်ပင်ကို တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ ခူးတော့မယ့်အချိန်မှာပဲ ဘေးနားက မျက်နှာမည်းနဲ့ ဘုန်းကြီးတစ်ပါး ထွက်လာပြီး သတ်ဖြတ်ပါတော့တယ်။ နောက်ဆုံး ကျွန်တော် တစ်ယောက်တည်းပဲ လွတ်အောင် ပြေးခဲ့ရတာပါ..."
"နတ်ဆေးပင် ဟုတ်လား"
"ဟုတ်ကဲ့၊ အဲဒီ ခရမ်းရောင် နတ်ဆေးပင်ကနေ နတ်ဘုရား အငွေ့အသက်တွေ ထွက်နေတာ။ တစ်ချက် ရှူလိုက်ရုံနဲ့တင် ခန္ဓာကိုယ်က ဒဏ်ရာတွေ အကုန်ပျောက်ပြီး စွမ်းအားတွေ တိုးလာသလို ခံစားရတယ်။ နှမြောစရာကောင်းတာက အဲဒီဘုန်းကြီးက လက်မြန်လွန်းလို့..."
နတ်ဆေးပင်ဆိုသည်မှာ ကမ္ဘာပေါ်တွင် ရှာမှရှားသော အရာ ဖြစ်သဖြင့် ဟန်ကျန့်ကျဲနှင့် လူကျူးတို့မှာ စိတ်မထိန်းနိုင်တော့ပေ။ သူတို့အတွက် တပည့်အနည်းငယ် သေဆုံးခြင်းထက် နတ်ဆေးပင် ရရှိဖို့က ပိုအရေးကြီးသည်။ လေပြင်းနှစ်ချက် တိုက်ခတ်သွားသကဲ့သို့ပင် သူတို့နှစ်ဦးမှာ တောင်ကြားအတွင်းသို့ တပြိုင်နက်တည်း အပြေးဝင်သွားကြတော့သည်။
"မင်းတို့ ဒီမှာပဲ စောင့်နေကြ" ဟု ဟန်ကျန့်ကျဲ၏ အသံ ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။
တောင်ကြားအတွင်း၌
ပုံရိပ်နှစ်ခုသည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာ ဖြတ်သန်းသွားသည်။ သူတို့၏ အရှိန်အဝါမှာ တောင်တန်းကြီးများကဲ့သို့ ခိုင်မာလှသည်။ သူတို့သည် တပည့် ၇ ဦး၏ အလောင်းများ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သေဆုံးသူများ၏ မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ထင်ဟပ်နေပြီး အလောင်းများမှတစ်ဆင့် သူတို့၏ မျှော်လင့်ချက်မဲ့မှုကို ခံစားနေရသည်။
လူကျူးက မျက်မှောင်ကြုတ်ကာ
"အလောင်းတွေက ဒီမှာ ရှိနေပေမဲ့ နတ်ဆေးပင်ရဲ့ အငွေ့အသက်ကို ဘာလို့ မခံစားရတာလဲ"
ဟု မေးသည်။
ဟန်ကျန့်ကျဲက
"အဲဒီဘုန်းကြီးက နတ်ဆေးပင်ကို ယူသွားပြီလား မသိဘူး" ဟု ဆိုသည်။
လူကျူးသည် စိတ်အကြံတစ်ခုဖြင့် သူ၏ ရင်ဘတ်ထဲမှ စာအုပ်ပါးလေးတစ်အုပ်ကို ထုတ်လိုက်ပြီး စာရွက်တစ်ရွက်ကို ဆွဲဖြတ်လိုက်သည်။ ထိုစာရွက်သည် လေထဲတွင် အလိုအလျောက် လောင်ကျွမ်းသွားပြီး ပြာအဖြစ် ပြောင်းလဲသွားသည်။ ခဏအတွင်းမှာပင် တောင်ကြားအတွင်း၌ အေးစိမ့်သော လေများနှင့်အတူ အမည်းရောင် ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသည့် ဝိညာဉ်စစ်သည် များ ပေါ်ထွက်လာသည်။
ထိုစာအုပ်မှာ မှော်အတတ်များစွာကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပြီး စာရွက်ကို ဆွဲဖြတ်လိုက်ရုံဖြင့် အသုံးပြုနိုင်သည်။
"သွား... အဲဒီလူကို ရှာပေးစမ်း"
ဟု လူကျူးက အမိန့်ပေးလိုက်ရာ ဝိညာဉ်စစ်သည်များမှာ သေခြင်းတရား အငွေ့အသက်များနှင့်အတူ တောင်ကြားအတွင်း ပျံ့နှံ့ရှာဖွေကြတော့သည်။
ဟန်ကျန့်ကျဲက
"ဘာလို့ ပဲစေ့ကနေ စစ်သည်ဖန်တီးတဲ့အတတ် ဒါမှမဟုတ် နတ်စစ်သည်တွေကို မခေါ်တာလဲ "
ဟု မေးရာ လူကျူးက မျက်နှာပျက်သွားပြီး စာအုပ်ပါးလေးကို မြှောက်ပြကာ
"မင်း ဘယ်လိုထင်လဲ" ဟု ပြန်မေးသည်။
မူလက ထိုစာအုပ်မှာ အလွန် ထူသော်လည်း ယွန်ရှောင်နယ်မြေတွင် ဘေးအန္တရာယ်များ ဆက်တိုက် ကြုံတွေ့ခဲ့ရသဖြင့် ယခုအခါ စာရွက်အနည်းငယ်သာ ကျန်တော့သည့် စာအုပ်ပါးလေး ဖြစ်နေပြီ ဖြစ်သည်။ ဟန်ကျန့်ကျဲသည် ထိုစာအုပ်ကို ကြည့်ကာ သက်ပြင်းချမိသည် "စိတ်မကောင်းပါဘူးကွာ"
တစ်ချိန်က သူ အလွန် မနာလိုဖြစ်ခဲ့ရသော ထိုစာအုပ်ကြီးမှာ ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ။ လူကျူးသာမက ဟန်ကျန့်ကျဲ ကိုယ်တိုင်လည်း ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသည် မဟုတ်ပါလား။ စာအုပ်မှာ လူကျူးပိုင်ဖြစ်သဖြင့် ဝိညာဉ်စစ်သည်ထက် နတ်စစ်သည်များက ရှာဖွေရေးတွင် ပိုကောင်းသည်ကို သူ သိပါသည်။
သို့သော် စာရွက်က နည်းလွန်းနေသဖြင့် ရွေးချယ်စရာ မရှိတော့ခြင်းပင်။
မကြာမီ ဝိညာဉ်စစ်သည်များ တောင်ကြားတစ်ခုလုံးကို ရှာဖွေပြီးနောက် ဘာမျှ မတွေ့ရှိကြောင်း သိလိုက်ရသည်။
လူကျူးက
"မဖြစ်နိုင်တာ၊ အနည်းဆုံးတော့ အစအန ကျန်ရမှာပေါ့။ ဒါမှမဟုတ်..."
သူတို့သည် ယခုအချိန်ထိ အသက်ရှင်နေပြီး အဆင့်မြင့် ကျွမ်းကျင်သူများ ဖြစ်လာကြသူများ ဖြစ်သဖြင့် အလွန် ဉာဏ်ကောင်းကြသည်။
ဟန်ကျန့်ကျဲ၏ မျက်လုံးများ ပြောင်းလဲသွားကာ
"ဒါမှမဟုတ်... နတ်ဆေးပင်ဆိုတာ လုံးဝ မရှိတာများလား"
တခြားအရာဆိုလျှင် သူတို့ ဤမျှ စိတ်ဝင်စားမည် မဟုတ်ဘဲ သေချာ စစ်မေးနေမည် ဖြစ်သည်။ သို့သော် နတ်ဆေးပင်ဟူသော အမည်က သူတို့ကို လောဘဇော တိုက်သွားစေခဲ့သည်။
လူကျူးက မျက်မှောင်ကြုတ်ကာ
"ဟိုတပည့်..."
သူတို့နှစ်ဦးသည် တောင်ကြားအပြင်ဘက်သို့ ပြန်ထွက်ရန် ပြင်လိုက်စဉ်မှာပင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော တပည့် ၇ ဦး၏ အလောင်းများမှာ ရုတ်တရက် ထရပ်လိုက်ကြသည်။ သူတို့သည် အေးစက်စက် အကြည့်များဖြင့် လူကြီးနှစ်ဦးကို ကြည့်ကာ ချက်ချင်း ဝိုင်းရံပိတ်ဆို့လိုက်ကြတော့သည်။
ဟန်ကျန့်ကျဲ၏ မျက်နှာ အေးစက်သွားသည်။ ဤရက်ပိုင်းအတွင်း မိစ္ဆာကျင့်ကြံသူများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး တပည့်များမှာလည်း ကျိန်စာနှင့် အင်းအတတ်များ မိနေခဲ့ကြသည်။ ယခုအခါ ထိုတပည့်များကို အလောင်းကိုင်တွယ်အတတ် ဖြင့် ထိန်းချုပ်ထားသည်ကို သူ ရိပ်မိလိုက်သည်။
တပည့်တစ်ဦးက ဟန်ကျန့်ကျဲကို တိုက်ခိုက်လာရာ သူက
"မိုက်ရူးရဲဆန်လှချည်လား"
ဟု ကြုံးဝါးလိုက်သည်။
သူ၏ အသံမှာ သူတော်စင်တစ်ဦး၏ စကားကဲ့သို့ပင် မြင့်မြတ်သော အရှိန်အဝါများ ပါရှိနေသည်။ ထိုတပည့်အပေါ်သို့ မမြင်ရသော စွမ်းအားတစ်ခု ကျရောက်သွားပြီးနောက်
ဗုန်း
ထိုတပည့်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားသော်လည်း သွေးတစ်စက်မျှ ထွက်မလာဘဲ အရေခွံ များသာ လေထဲတွင် လွင့်ပျံသွားတော့သည်။
ဟန်ကျန့်ကျဲ မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ်မှာပင် ကျန်ရှိသော တပည့်များ၏ အစွမ်းမှာ ရုတ်တရက် မြင့်တက်လာပြီး တစ္ဆေများကဲ့သို့ သူတို့နှစ်ဦးကို တိုက်ခိုက်လာကြသည်။ လူကြီးနှစ်ဦးစလုံးသည် တိုက်ခိုက်မှုကို တုံ့ပြန်လိုက်ရာ အားကောင်းလှသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
သာမန်ကျွမ်းကျင်သူများဆိုလျှင် ဤချောင်းမြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရနိုင်သော်လည်း သူတို့နှစ်ဦးမှာ အစွမ်းထက်လွန်းလှသဖြင့် အတတ်များစွာ သုံးစရာပင် မလိုဘဲ စွမ်းအားဖြင့် ဖိနှိပ်ကာ အလောင်းများကို ချေမှုန်းပစ်လိုက်သည်။
ဟန်ကျန့်ကျဲက ဒေါသထွက်လွန်း၍ ရယ်မောမိသည်။
"တကယ်ကို ယုတ်မာတဲ့ စိတ်ဓာတ်ပဲ ငါတို့ ချွမ်းချိုးလင်းကို အနိုင်ကျင့်လို့ရတယ်လို့ ထင်နေတာလား "
သူ၏ အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာပြီး လူကျူးနှင့်အတူ တပည့်များ စောင့်နေသော နေရာသို့ အမြန် ပြန်ရောက်လာခဲ့ကြသည်။
ထိုနေရာတွင် တပည့်ပေါင်း ဒါဇင်နှင့်ချီ၍ ဘေးကင်းစွာ ရှိနေဆဲပင်။ လူကျူးသည် ရွှေရောင်စာရွက်တစ်ရွက်ကို ဆွဲဖြတ်လိုက်ရာ သူ၏ မျက်လုံးများမှ မြင့်မြတ်သော အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းနှင့် ထိတွေ့လိုက်ရသည်နှင့် တပည့်များ အားလုံးမှာ နာကျင်စွာ အော်ဟစ်ကာ ထူးဆန်းသော ပုံစံများ ဖြစ်လာကြသည်။
ရာစုနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော တတိယအဆင့် ကျွမ်းကျင်သူကြီး နှစ်ဦးပင် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားကြရသည်။ စောစောက ရှိနေသော တပည့် ဒါဇင်ပေါင်းများစွာမှာ အမှန်စင်စစ် အတွင်းထဲတွင် ဘာမျှမရှိတော့ဘဲ 'အရေခွံသက်သက်' သာ ကျန်တော့ခြင်းပင်။
အလင်းတန်းအောက်တွင် သူတို့၏ ကျောဘက်၌ သေးငယ်သော ဒဏ်ရာတစ်ခုစီ ရှိနေကြပြီး ထိုနေရာမှတစ်ဆင့် အတွင်းမှ အလင်းများ ထွက်နေသည်။ စောစောက သူတို့ကို သတင်းလာပို့သော အရပ်ရှည်ရှည် ပညာရှိလေးမှာလည်း ထိုနည်းတူပင်။
"သေချင်းဆိုးတွေ" ဟန်ကျန့်ကျဲ အကြီးအကျယ် ဒေါသထွက်သွားသည်။
ထိုတပည့်မှာ အစကတည်းက ထိန်းချုပ်ခံထားရခြင်း ဖြစ်ပြီး နတ်ဆေးပင်အကြောင်းပြကာ သူတို့နှစ်ဦးကို ဝေးရာသို့ ခေါ်ထုတ်သွားခြင်း ဖြစ်သည်။ သို့မှသာ ကျန်ရှိသော တပည့်များကို အလစ်အငိုက် သတ်ဖြတ်နိုင်မည် မဟုတ်ပါလား။ သို့သော် သူတို့၏ မျက်စိအောက်တွင်ပင် ဤမျှများပြားသော တပည့်များကို မည်သူကများ ကုန်စင်အောင် သတ်ဖြတ်သွားနိုင်သနည်း။
နောက်တစ်ခဏတွင် အရေခွံသက်သက်သာ ကျန်တော့သော တပည့်များ အားလုံးသည် လူကြီးနှစ်ဦးကို တိုက်ခိုက်လာကြသည်။ ဟန်ကျန့်ကျဲက ဒေါသတကြီးဖြင့် လက်တစ်ချက် ဝှေ့လိုက်ရာ ဝါးစာချပ်တစ်ခု ထွက်ပေါ်လာပြီး မြစ်ရေပြင်ကဲ့သို့ ဖြန့်ကျက်သွားကာ
ဗုန်း ဗုန်း ဗုန်း
တပည့်များ၏ ခန္ဓာကိုယ်များမှာ တစ်ခုပြီးတစ်ခု ကြေမွသွားပြီး အရေခွံစများအဖြစ် လေထဲတွင် လွင့်စင်သွားတော့သည်။
လူကျူးက အေးစက်လှသော လေသံဖြင့် ကြုံးဝါးလိုက်သည်။
"ဒီအပြစ်ကတော့ သေဒဏ်ပဲ"
သူ၏ စကားဆုံးသည်နှင့် ကောင်းကင်ယံမှ ပြင်းထန်လှသော တားမြစ်ချက် စွမ်းအားကြီးတစ်ခု ပေါ်ထွက်လာပြီး ထက်ရှသော ဓားသွားများကဲ့သို့ ခေါင်းပေါ်မှ ဝုန်းဒိုင်းကြဲ ကျဆင်းလာတော့သည်။
အခန်း (၉၀၀) ယုတ်မာသောတည်ရှိမှု၊ ထွက်ပေါ်လာတာ နောက်ကျလွန်းပြီ၊ ရတနာလုပွဲ၊ လောကကြီးက သူရဲကောင်းတွေကို အထင်မသေးနဲ့
ချွမ်းချိုးလင်းမှ ပညာရှိများသည် ဒီရေလှိုင်းများကဲ့သို့ တစ်ဦးပြီးတစ်ဦး ရှေ့သို့ တိုးဝင်တိုက်ခိုက်လာကြသည်။
ဗုန်း ဗုန်း ဗုန်း
ပုံရိပ်တစ်ခုပြီးတစ်ခု ချေမှုန်းဖျက်ဆီးခံလိုက်ရသည်။ လူကျူး နှင့် ဟန်ကျန့်ကျဲတို့၏ မျက်နှာများမှာ အလွန်အမင်း ကြည့်ရဆိုးနေတော့သည်။ ဤတစ်ခါ ဟော့ထုံတောင် ဂူနန်းတွင်းသို့ လိုက်ပါလာသော ချွမ်းချိုးလင်းမှ ပညာရှိအားလုံးမှာ မမျှော်လင့်ဘဲ အကုန်အစင် သေကြေပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
အကယ်၍သာ မသေဆေးပင်ကို လုယူရင်း လမ်းဖွင့်ပေးရင်း သေဆုံးခဲ့ရခြင်းဆိုလျှင် သေရကျိုးနပ်သည်ဟု ဆိုနိုင်သော်လည်း၊ ယခုမူ သူတို့နှစ်ဦးမှာ အခြားသူ၏ လှည့်စားခြင်းကို ခံလိုက်ရပြီး သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် တပည့်များ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ဤသည်မှာ သူတို့နှစ်ဦးအတွက် အလွန်ကြီးမားသော စော်ကားမှုပင်။
"ဘယ်သူကများ ဒီလောက် သတ္တိကောင်းနေတာလဲ။ ခေါင်းမဖော်ဘဲ ပုန်းမနေနဲ့၊ အခုချက်ချင်း ထွက်ခဲ့စမ်း"
ဟန်ကျန့်ကျဲက ဟိန်းဟောက်လိုက်ရာ သူ၏အသံမှာ မိုးကြိုးပွာကဲ့သို့ပင်။ ထိုအသံထဲတွင် ဝိညာဉ်ကို တုန်ခါစေနိုင်သော စွမ်းအားများ ပါဝင်နေပြီး သူ၏ မုတ်ဆိတ်နှင့် ဆံပင်များမှာလည်း ဒေါသကြောင့် လွင့်ပျံနေတော့သည်။
ထိုစဉ် ရုတ်တရက်...
မြေအောက်ထဲမှ ဓားအလင်းတန်းတစ်ခု ပျံထွက်လာသည်။ ထိုဓားမှာ အလွန်ထက်ရှပြီး အနှိုင်းမဲ့စွမ်းအားဖြင့် ဟန်ကျန့်ကျဲဆီသို့ တိုက်ရိုက် ဦးတည်လာသည်။
ဤဓားချက်မှာ အလွန်မြန်ဆန်လှသလို ဟန်ကျန့်ကျဲ စိတ်တိုဒေါသထွက်နေသည့် အချိန်ကို အကွက်ကျကျ ချောင်းမြောင်းကာ မြေအောက်မှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဟန်ကျန့်ကျဲ၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော ကျင့်ကြံမှုအလွှာမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။
ဗုန်း
သူ၏ ခြေထောက်တစ်ဖက်မှာ ဓားချီများကြောင့် ကြေမွသွားပြီး အသားစများ မြေပြင်ပေါ်သို့ လွင့်စင်ကျလာသည်။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ အပြင်းအထန် ဆုတ်ခွာသွားတော့သည်။
ရုတ်တရက်...
သူ၏ လည်ပင်းဆီမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ ခဏအတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ပိုးကောင်အချို့မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။ ဟန်ကျန့်ကျဲသည် မိမိ၏ ကလီစာများမှာ လျင်မြန်စွာ ဝါးမြိုခံနေရသည်ကို ခံစားလိုက်ရတော့သည်။
"အား... အား... အား"
ကြီးမားလှသော နာကျင်မှုကြောင့် သူသည် စူးစူးဝါးဝါး အော်ဟစ်နေမိတော့သည်။ လူကျူးသည် မျက်လုံးများ အေးစက်သွားကာ စာအုပ်ကို ဆွဲဖြတ်လိုက်ရာ နူးညံ့သောအလင်းတန်းတစ်ခုမှာ ဟန်ကျန့်ကျဲ၏ ကိုယ်ထဲသို့ စီးဝင်သွားပြီး ဒဏ်ရာများကို ကုသပေးလိုက်သည်။ ထိုအလင်းတန်းထဲတွင် ကြီးမားသော သက်စောင့်စွမ်းအားများ ကိန်းအောင်းနေသည်။
ထိုစဉ် ရုတ်တရက်
ဗုန်း
မျက်လုံးထဲတွင် ရွှေရောင်နတ်ဘုရားအလင်းများ ထွက်ပေါ်နေပြီး နတ်မျက်စိ အတတ်ကို သုံးနေသော လူကျူးမှာ နောက်ကျောမှနေ၍ ဦးခေါင်းခွံကို လက်ဝါးဖြင့် ရိုက်ခွဲခြင်း ခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှ သက်စောင့်အားလုံး ချက်ချင်း ပြတ်တောက်သွားတော့သည်။
လူကျူး၏ ဝိညာဉ် မှာ အလောင်းထဲမှ ပျံထွက်လာပြီး ထိတ်လန့်တုန်လှုပ်သွားသည်။ သူ၏နောက်ကွယ်တွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ရှိနေသည်။ ထိုသူသည် လူကျူး၏ အလောင်းကို ပွေ့ပိုက်ကာ အားပါးတရ ဝါးမြိုစားသောက်နေတော့သည်။
လူကျူး၏ စိတ်ထဲတွင် အေးစိမ့်သော အငွေ့အသက်များ ဝင်ရောက်လာသည်။ ရှေးဟောင်းအဖွဲ့အစည်းကြီး၏ ထိပ်တန်းပုဂ္ဂိုလ် သုံးဦးထဲမှ တစ်ဦးဖြစ်ပြီး တတိယအဆင့် နှောင်းပိုင်းမှ ပညာရှိကြီးတစ်ဦး ဖြစ်ပါလျက်နှင့် သူသည် အလွန်အမင်း ကြောက်ရွံ့နေမိသည်။
"မင်းက ဘယ်သူလဲ"
ထိုအဘိုးအို၏ ချပ်ဝတ်တန်ဆာများမှာ အားလုံးနီးပါး ပျက်စီးနေပြီး ပုံစံမှာ အလွန် အိုမင်းရင့်ရော်နေပုံရသည်။ သို့သော် သူသည် အလောင်းကို ဝါးမြိုပြီးနောက် တစ်ကိုယ်လုံး သွေးသားများ ပြန်လည်စိုပြည်လာကာ အိုမင်းပျက်စီးနေသော အငွေ့အသက်များမှာလည်း ပျောက်ကွယ်သွားတော့သည်။
လူကျူးသည် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ အလွန်အမင်း ယုတ်မာညစ်ထရမ်းသော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် သူ၏ဝိညာဉ်မှာ စိုးရိမ်တုန်လှုပ်နေရသည်။ ချွမ်းချိုးလင်းသည် စာပေပညာရှိကျင့်ကြံမှုစနစ်ကို သုံးသော်လည်း အမှန်တကယ်တွင်မူ မိစ္ဆာဂိုဏ်းတစ်ခုသာ ဖြစ်သည်။ သူ၏လက်ထဲတွင်လည်း လူ့အသက်ပေါင်းများစွာ ရှိခဲ့ဖူးသည်။ သို့သော် တစ်ဖက်လူ၏ အရှိန်အဝါကမူ သူ့ကို တုန်လှုပ်စေရုံသာမက ခဏတာ ကြောင်အသွားစေသဖြင့် မတိုက်ခိုက်နိုင်တော့ပေ။
ချပ်ဝတ်တန်ဆာ ဝတ်ထားသော အဘိုးအိုသည် မိမိကိုယ်ပေါ်မှ ဝတ်စုံကို ဆွဲခွာပစ်လိုက်သည်။ ထိုချပ်ဝတ်မှာ ပြင်းထန်သော စွမ်းအားဖြင့် ရိုက်ခွဲခံထားရပုံရပြီး လက်ဝါးရာ၊ လက်သီးရာများကိုပင် မြင်နေရသည်။ ဤထွားကျိုင်းသော အဘိုးအိုမှာ အခြားသူမဟုတ်ဘဲ ချောက်နက်ထဲမှ ယုတ်မာသောတည်ရှိမှု၏ သိမ်းပိုက်ခြင်းကို ခံထားရသော ဝူမျိုးနွယ်ဘိုးဘေး ပင် ဖြစ်သည်။
ဝူမျိုးနွယ်ဘိုးဘေးသည် လူကျူး၏ မေးခွန်းကို မဖြေဘဲ ပြုံးလျက်
"မင်းလိုမျိုး အငယ်တွေရဲ့ ခန္ဓာကိုယ်ကမှ သုံးလို့ရသေးတယ်" ဟု ဆိုလိုက်သည်။
မိမိ၏ ခန္ဓာကိုယ်ထဲသို့ ကြောက်စရာကောင်းသော ပိုးကောင်များ ဝင်ရောက်ကာ အသားများကို စားပစ်နေသည်ကို လူကျူး၏ ဝိညာဉ်က မြင်တွေ့နေရသည်။ ထိုအဘိုးအိုမှာ ခန္ဓာကိုယ်၏ အနှစ်သာရ အစိတ်အပိုင်းများကိုသာ စားသုံးနေခြင်း ဖြစ်သည်။
"အား..."
ဟန်ကျန့်ကျဲသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ဝိညာဉ်မှာ အလောင်းထဲမှ လွတ်အောင် ပြေးထွက်လာသည်။ သူ၏ အလောင်းမှာမူ စွမ်းအားတစ်ခုခု၏ ထိန်းချုပ်မှုကို ခံလိုက်ရသကဲ့သို့ ဝူမျိုးနွယ်ဘိုးဘေးဆီသို့ ပျံသွားတော့သည်။ ဝူမျိုးနွယ်ဘိုးဘေးမှာ ယခင်နည်းအတိုင်းပင် အနှစ်သာရများကို စားသုံးပြီးနောက် ပိုးကောင်များက သွေးသားနှင့် ကလီစာများကို ဝါးမြိုလိုက်ကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချွမ်းချိုးလင်း၏ ထိပ်တန်းပုဂ္ဂိုလ်ကြီး နှစ်ဦးမှာ ဤအဘိုးအို၏ လက်ထဲတွင် ခန္ဓာကိုယ်များ ဆုံးရှုံးသွားရတော့သည်။ ဟန်ကျန့်ကျဲနှင့် လူကျူးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ အလွန်အမင်း အံ့ဩနေကြသည်။
ယခုအခါ ဝူမျိုးနွယ်ဘိုးဘေး၏ ခန္ဓာကိုယ်မှာ ကြွက်သားများ ပြည့်ဖြိုးလာပြီး လူငယ်တစ်ယောက်ကဲ့သို့ တက်ကြွလန်းဆန်းနေသည်။ မျက်နှာမှာလည်း နီမြန်းစိုပြည်နေပြီး လီယန်ချူ၏ လက်ထဲမှ ထွက်ပြေးစဉ်ကကဲ့သို့ သေခါနီးပုံစံနှင့် လုံးဝ မတူတော့ပေ။
စောစောက သူသည် အလွန်အိုမင်းနေပြီး ခန္ဓာကိုယ် ပျက်စီးတော့မည့် အခြေအနေတွင် ရှိနေစဉ် ချွမ်းချိုးလင်းမှ ပညာရှိများကို မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ချွမ်းချိုးလင်းကို စတင်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ချွမ်းချိုးလင်းမှ ကျွမ်းကျင်သူ နှစ်ဦး၏ စွမ်းအားကို သူ သတိထားမိသဖြင့် ပရိယာယ် သုံးခဲ့ခြင်းပင်။
ဤသူသည် လီယန်ချူနှင့် တိုက်ခိုက်စဉ်ကပင် အခြေအနေကို လျင်မြန်စွာ တုံ့ပြန်နိုင်မှုနှင့် ရက်စက်သော စိတ်ဓာတ်ရှိမှုကို ပြသခဲ့ပြီး ဖြစ်သည်။ ချွမ်းချိုးလင်းမှ တပည့် ဒါဇင်ပေါင်းများစွာကို စားသုံးပြီးနောက် သူ၏ကျင့်ကြံမှုမှာ အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့သော် သူသည် သတိမပေါ့ဘဲ ဓားကို မြေအောက်တွင် ဝှက်ထားကာ ကိုယ်ကိုလည်း အခြားတစ်နေရာတွင် ဖျောက်ထားခဲ့သည်။ ထို့ကြောင့် အားစိုက်စရာ မလိုဘဲ ချွမ်းချိုးလင်းမှ ကျွမ်းကျင်သူနှစ်ဦးကို ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူ၏ အရှိန်အဝါမှာ အလွန်အမင်း ပြင်းထန်နေပြီး လက်ကို အသာအယာ မြှောက်လိုက်ရုံဖြင့် အမည်းရောင် တိမ်တိုက်တစ်ခု ပျံထွက်လာသည်။
အနီးကပ် ကြည့်လိုက်လျှင် ထိုတိမ်တိုက်မှာ ကြောက်မက်ဖွယ်ကောင်းသော ပိုးကောင်များ ဖြစ်နေပြီး ယခင်ကထက် အဆပေါင်း ရာချီ၊ ထောင်ချီ၍ များပြားနေသည်။
လူကျူးသည် ထွင်းထုဓား ကို ထုတ်လိုက်ပြီး ဟန်ကျန့်ကျဲက ဝါးစာချပ် ကို ထုတ်ကာ အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့မှာ ချွမ်းချိုးလင်း၏ အစွမ်းထက်သော ရတနာများ ဖြစ်ကြသည်။ သို့သော် ထိုပိုးကောင်များ၏ ဝါးမြိုမှုအောက်တွင် ရတနာများ၌ အက်ကြောင်းများ ပေါ်လာတော့သည်။
ဝုန်း ဝုန်း ဝုန်း
ခဏအကြာတွင် တောက်ပသောအလင်းတန်းများနှင့်အတူ ပြင်းထန်သော လေလှိုင်းများ ပေါက်ကွဲထွက်လာသည်။ ထွင်းထုဓားနှင့် ဝါးစာချပ်တို့မှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားပြီး လူကြီးနှစ်ဦး၏ ဝိညာဉ်များမှာလည်း အလွန်အမင်း အခြေအနေ ဆိုးရွားစွာဖြင့် ထွက်ပြေးသွားကြရတော့သည်။
အလင်းများ ပျောက်ကွယ်သွားသောအခါ မြေပြင်တစ်ခုလုံးမှာ ပူပြင်းလှသော စွမ်းအားများကြောင့် ကျောက်ကဲ့သို့ မာကျောသွားသည်။ ဝူမျိုးနွယ်ဘိုးဘေးမှာမူ ဒဏ်ရာရခြင်း မရှိသော်လည်း သူ၏လက်ထဲမှ ရှေးဟောင်းဓားမှာ ကြေမွသွားခဲ့သည်။ စောစောက ရတနာနှစ်ခု ပေါက်ကွဲမှုထဲတွင် ပြင်းထန်သော အရှိန်အဝါတစ်ခု ပါဝင်နေသဖြင့် သူပင်လျှင် ခဏတာ အချိန်ယူ၍ ဖြေဖျောက်လိုက်ရသည်။
"ဒီလောက်အထိ အမွေအနှစ်တွေ ကျန်နေသေးတာပဲ၊ ဒီခေတ်ကြီးက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတယ်"
သူသည် ကောင်းကင်မှ နတ်ဘုရားအလင်းတန်းများ ရှိရာသို့ မော့ကြည့်လိုက်သည်။
"နတ်ဘုရားနန်းတော် လား"
ဝူမျိုးနွယ်ဘိုးဘေးသည် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ၏ ခြေထောက်အောက်မှ ဖြူဖွေးသော အလင်းတန်းတစ်ခု ပွင့်ထွက်သွားကာ နတ်ဘုရားနန်းတော်ရှိရာ တောင်မြတ်ဆီသို့ လျှပ်စီးကဲ့သို့ ပျံသန်းသွားတော့သည်။ နတ်ဘုရားနန်းတော် ပွင့်ပြီဆိုလျှင် ကျွမ်းကျင်သူများစွာ ရောက်လာကြမည်ဖြစ်ရာ သူ၏ ခန္ဓာကိုယ်အတွက် အဆင့်မြင့် ဆေးများ (လူသားဆေးပင်များ) ရရှိတော့မည် မဟုတ်ပါလား။
'ဒီအခွင့်အရေးကို သုံးပြီး ငါ့ရဲ့ စွမ်းအားတွေကို ပြန်ယူမယ်။ ပြီးရင်တော့ အဲဒီ နတ်ဆိုးလူငယ်ကို အရေခွံခွာပြီး ပြာဖြစ်အောင် လုပ်ပစ်မယ်' ဟု သူသည် စိတ်ထဲမှ ကြုံးဝါးနေတော့သည်။ သူ ကြောက်နေသည်မှာ ထိုလူငယ်တစ်ဦးတည်းသာ ဖြစ်သည်။
လီယန်ချူနှင့် ဝူမေ့နန်တို့သည် နတ်ဘုရားနန်းတော်ရှိရာ တောင်မြတ်ဆီသို့ အတူတူ သွားနေကြသည်။ ဤကဲ့သို့သော ကြီးမားလှသော အခွင့်အရေးမျိုးတွင် ကျော့ကွင်းများ ရှိနိုင်သော်လည်း ကျွမ်းကျင်သူများစွာကို ဆွဲဆောင်နိုင်မည်မှာ အသေအချာပင်။ လီယန်ချူသည် ဝူမျိုးနွယ်ဘိုးဘေးအနေဖြင့် ဤအခွင့်အရေးကို သုံးကာ ကျွမ်းကျင်သူများကို ဝါးမြိုရန် လာမည်ကို ရိပ်မိနေသည်။ ကျွမ်းကျင်သူများ တစ်နေရာတည်းတွင် စုဝေးနေမည့် အချိန်မျိုးမှာ ရှားပါးလှသည် မဟုတ်ပါလား။
လီယန်ချူ၏ ကျင့်ကြံမှုမှာ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှပြီး သူ၏ မြေလျှိုးအတတ် မှာ အလွန်မြန်ဆန်လှသည်။ ဝူမေ့နန်မှာ သူမ၏ စွမ်းအားအားလုံးကို သုံးမှသာ သူ၏ အရှိန်ကို မနည်း လိုက်နိုင်ခြင်း ဖြစ်သည်။ သို့သော် သူမ ပို၍ အံ့ဩမိသည်မှာ လီယန်ချူ၏ ကြောင်ကလေးမှာ အေးအေးဆေးဆေးပင် လိုက်ပါနိုင်နေပြီး၊ ထိုထုံအအပုံစံနှင့် ဘဲကြီးမှာလည်း ထိုနည်းတူပင် မြန်ဆန်နေခြင်း ဖြစ်သည်။
'ဒီလောက် မြန်မြန်ပြေးနိုင်တဲ့ ဘဲလည်း ရှိသလား' ဝူမေ့နန်သည် ခဏခဏ လှည့်ကြည့်ရင်း အံ့ဩနေမိသည်။
လမ်းတစ်လျှောက်တွင် လီယန်ချူသည် နယ်ပယ်ပြင်ပမိစ္ဆာများ၏ အကြွင်းအကျန် အသားစများကို တစ်ကြိမ်သာ တွေ့ခဲ့ပြီး လက်ဝါးတစ်ချက်ဖြင့်ပင် ဖျက်ဆီးပစ်ခဲ့သည်။ ယခုအခါ လီယန်ချူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ဂူနန်းတွင်းသို့ စတင်ဝင်ရောက်စဉ်ကနှင့် လုံးဝ မတူတော့ဘဲ အလွန်အမင်း ထက်မြက်ပြင်းထန်လာသည်။ အချို့သောအရာများကို တိုက်ပွဲများမှတစ်ဆင့်သာ နားလည်နိုင်သည် မဟုတ်ပါလား။
ရုတ်တရက်
ပြင်းထန်သော အရှိန်အဝါ နှစ်ခု အနီးသို့ ချဉ်းကပ်လာသည်ကို သူ ခံစားလိုက်ရသည်။ ၎င်းတို့မှာ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဝိညာဉ်ပုံရိပ် နှစ်ခု ဖြစ်သည်။ ဟော့ထုံတောင်အတွင်း၌ အေးစိမ့်သော လေပြင်းများ ရှိနေသဖြင့် ထိုဝိညာဉ်နှစ်ခုမှာ ကောင်းကင်မှ မပျံသန်းဘဲ တောင်ကြားများကြားမှ ဖြတ်သန်းလာခြင်း ဖြစ်သည်။ လီယန်ချူနှင့် လမ်းထောင့်တစ်ခုတွင် တည့်တည့် တိုးတော့သည်။
"ဟော့ထုံတောင် ဂူနန်းတွင်းမှာ ဝိညာဉ်ကို အပြင်ထုတ်ဝံ့တဲ့သူ ရှိသေးတာပဲလား"
လီယန်ချူ မျက်ခုံးပင့်လိုက်သည်။ ဤနေရာမှာ အလွန်အန္တရာယ်များပြီး ခန္ဓာကိုယ်ထဲတွင် ရှိနေလျှင်ပင် မလုံခြုံနိုင်သော်လည်း ဝိညာဉ်အဖြစ် ထွက်လာခြင်းမှာ တောင်ထိပ်မှ လေပြင်းများနှင့် တွေ့လျှင် ချက်ချင်းပင် ဝိညာဉ်လွင့်သွားနိုင်သည်။
ထိုသူနှစ်ဦးမှာ အခြားသူမဟုတ်ဘဲ ဝူမျိုးနွယ်ဘိုးဘေးလက်မှ ထွက်ပြေးလာသော ချွမ်းချိုးလင်းမှ ပညာရှိကြီးများ ဖြစ်သည့် လူကျူးနှင့် ဟန်ကျန့်ကျဲတို့ပင်။ သူတို့၏ ဝိညာဉ်များမှာ ဒဏ်ရာများစွာ ရထားသဖြင့် အရှိန်အဝါမှာ အလွန် ကျဆင်းနေသည်။ လီယန်ချူသည် အနီးကပ် မြင်လိုက်ရသောအခါ ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူ၏ ဝိညာဥ်မျက်စိဖြင့် ကြည့်လိုက်သောအခါ ထိုသူများမှာ ပညာရှိအရှိန်အဝါ၊ နတ်ဘုရားအရှိန်အဝါများအပြင် နာကျည်းချက်များဖြင့် ပြည့်နှက်နေသဖြင့် လူကောင်းများ မဟုတ်ကြောင်း သိလိုက်ရသည်။
"ဒီအငွေ့အသက်က... ချွမ်းချိုးလင်း က လူတွေလား"
လီယန်ချူ၏ အကြည့်များမှာ ချက်ချင်း အေးစက်သွားသည်။ သူသည် ချွမ်းချိုးလင်းနှင့် အကြိမ်ကြိမ် ပတ်သက်ခဲ့ဖူးသဖြင့် သူတို့၏ ကျင့်စဉ်အငွေ့အသက်ကို ကောင်းစွာ သိနေသည်။ သူသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ထိုသူနှစ်ဦး၏ လမ်းကို ပိတ်ဆို့လိုက်တော့သည်။
လူကျူးနှင့် ဟန်ကျန့်ကျဲတို့မှာ ဝူမျိုးနွယ်ဘိုးဘေးလက်မှ မနည်း လွတ်အောင် ပြေးလာခဲ့ရသော်လည်း ယခုအခါ လမ်းတွင် လူငယ်တစ်ဦးက ပိတ်ထားသဖြင့် စိတ်ဓာတ်ကျသွားကြသည်။ ထိုလူငယ်၏ အရှိန်အဝါမှာ တောင်တန်းကြီးကဲ့သို့ပင် ခိုင်မာလှပြီး အကြည့်များကလည်း အေးစိမ့်နေသည်။
ဟန်ကျန့်ကျဲက မျက်မှောင်ကြုတ်ကာ
"ဒီသူငယ်ချင်းက ဘာသဘောလဲ" ဟု မေးလိုက်သည်။
လီယန်ချူက တည်ငြိမ်စွာဖြင့်
"ခင်ဗျားတို့က ချွမ်းချိုးလင်းက ကျင့်ကြံသူတွေ၊ အခုလည်း ဒဏ်ရာ အပြင်းအထန် ရထားတယ်။ လမ်းပိတ်ထားတာ ဘာလုပ်မလို့လဲဆိုတာ ခင်ဗျားတို့ မသိဘူးလား"
ဟု ပြန်ပြောလိုက်သည်။
ဟန်ကျန့်ကျဲ၏ စိတ်ထဲတွင် လေးပင်သွားသည်။ ထိုလူငယ်၏ လေသံမှာ အေးဆေးသော်လည်း သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးကွယ်နေသည်။ ထို့အပြင် သူတို့၏ နောက်ခံကိုပါ သိနေသည်။ ထို့ကြောင့် သူတို့နှစ်ဦးမှာ ဤလူငယ်ကို တပည့်များအတွက် ကလဲ့စားလာချေသော မိစ္ဆာကျွမ်းကျင်သူတစ်ဦးဟု ထင်မှတ်လိုက်ကြသည်။
ဟန်ကျန့်ကျဲက ရှင်းပြသည်
"မင်ရှန်းနယ်မြေက မိစ္ဆာကျင့်ကြံသူတွေကို သတ်တာ ငါတို့ ချွမ်းချိုးလင်း မဟုတ်ပါဘူး"
လူကျူးကလည်း ဘေးမှ ဝင်ပြောသည်
"ဟုတ်တယ်၊ ချွမ်းချိုးလင်းမှာ ချောင်ချောင် ဆိုတဲ့ ကျင့်ကြံသူ မရှိသလို၊ ချန်နိုင်ငံရဲ့ မိစ္ဆာလောကကို အုပ်ချုပ်မယ်ဆိုတာလည်း ငါတို့ ပြောတာ မဟုတ်ပါဘူး"
ဤတတိယအဆင့် ကျွမ်းကျင်သူကြီး နှစ်ဦးမှာ ယုတ်မာသော အဘိုးအိုလက်မှ မနည်း ပြေးလာရပြီး ခန္ဓာကိုယ် ဆုံးရှုံး၊ ဝိညာဉ် ဒဏ်ရာရထားချိန်တွင် နောက်ထပ် မိစ္ဆာကျွမ်းကျင်သူတစ်ဦးနှင့် ထပ်တွေ့ရသဖြင့် အလွန် စိုးရိမ်နေကြသည်။ ရှင်းပြ၍ မရမှန်း သိသော်လည်း အရင်ဆုံး ရှင်းပြကြည့်ရခြင်းပင်။ ဤရက်ပိုင်းအတွင်း သူတို့ အကြိမ်ကြိမ် ရှင်းပြခဲ့သော်လည်း မည်သူကမျှ မယုံခဲ့ကြပေ။
သို့သော် မထင်မှတ်ဘဲ ထိုလူငယ်က ခေါင်းငြိမ့်ပြကာ "ကျွန်တော် သိပါတယ်" ဟု ပြောလိုက်သည်။
ဟန်ကျန့်ကျဲနှင့် လူကျူးတို့ တစ်ဦးကိုတစ်ဦး ကြည့်ကာ စိတ်သက်သာရာ ရသွားကြသည်။ ဤမျှများပြားသော ရက်များအတွင်း ချွမ်းချိုးလင်းကို မိစ္ဆာများစွာက ဝိုင်းတိုက်ခဲ့ကြရာ ယနေ့မှသာ သူတို့စကားကို ယုံကြည်သူတစ်ဦး တွေ့ရခြင်း ဖြစ်သည်။
'ဒါဆိုရင်တော့ ဆွေးနွေးလို့ ရနိုင်သေးတာပဲ' ဟု ဟန်ကျန့်ကျဲက တွေးကာ
"ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် သူငယ်ချင်း၊ မင်းကို ဘယ်လို ခေါ်ရမလဲ" ဟု မေးလိုက်သည်။
လီယန်ချူက တည်ငြိမ်စွာပင် ဖြေလိုက်သည်
"ချောင်ချောင် ပါ"
ဟန်ကျန့်ကျဲ : ".........."
လူကျူး : ".........."
မည်သည့် စဉ်းစားမှုမျှ မလုပ်ဘဲ သူတို့နှစ်ဦးစလုံးသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ချက်ချင်း ထွက်ပြေးကြတော့သည်။ လူသည် အသက်ကြီးလေလေ သေမှာကို ကြောက်လေလေပင်။ ထိုကြောက်စရာကောင်းသော အဘိုးအိုလက်မှ မနည်း လွတ်အောင် ပြေးလာခဲ့ရသော်လည်း ယခု တစ်ခါ ထိုလူငယ်နှင့် ထပ်တွေ့ရပြန်ပြီ။
'မအေလိုး ချောင်ချောင်၊ မင်းဖြစ်နေတာကိုး '
သူတို့သည် တစ်ခါမျှ မဆုံဖူးသော်လည်း ဤအမည်ကိုမူ အလွန် ရင်းနှီးနေကြသဖြင့် ယခုအခါ ကြောက်ရွံ့ခြင်းနှင့်အတူ ဒေါသများပါ ထွက်ပေါ်လာတော့သည်။
လီယန်ချူ၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ယင်ယန်ပုလင်း ကို ပိုက်လိုက်သည်။ ပုလင်းထဲမှ ထွက်ပေါ်လာသော ယင်ယန်စွမ်းအားများအောက်တွင် သူတို့နှစ်ဦးမှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ဒဏ်ရာရနေသော ဝိညာဉ်နှစ်ခုလုံးမှာ အထဲသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။ သူတို့၏ ဒဏ်ရာမှာ ပြင်းထန်လွန်းသဖြင့် လီယန်ချူကို လုံးဝ ခုခံနိုင်စွမ်း မရှိတော့ခြင်းပင်။
လီယန်ချူက တိုးတိုးလေး ပြောလိုက်သည်
"ချွမ်းချိုးလင်းဆီကနေ အတိုးအရင် တောင်းထားလိုက်မယ်"
ကျွေ့ဟွာက သတိပေးသည်
"နင် ဒီလိုပြောတာ သူတို့ ကြားရမှာ မဟုတ်ဘူး"
လီယန်ချူက ရယ်မောရင်း
"သိပါတယ်၊ ဒါပေမဲ့ ဒီလိုပြောတာက ပိုပြီးတော့ အာမခံချက် ရှိတာပေါ့"
ကျွေ့ဟွာ : ".........."
ဤသူနှစ်ဦးမှာ ဝိညာဉ် ဒဏ်ရာရနေသော်လည်း တတိယအဆင့် နှောင်းပိုင်းမှ ကျွမ်းကျင်သူများ ဖြစ်သဖြင့် သူတို့၏ ဝိညာဉ်အရှိန်အဝါမှာ အလွန် အစွမ်းထက်လှသည်။
'ဒီအတိုင်းလေးနဲ့တင် ကုသိုလ် ၂ သိန်း ရလိုက်တာပဲ။ သူတို့ကို ဒဏ်ရာရအောင် လုပ်ပေးလိုက်တဲ့ စိတ်ကောင်းရှိတဲ့သူက ဘယ်သူပါလိမ့်'
ဟု လီယန်ချူက စိတ်ထဲက တွေးနေမိသည်။
နတ်ဘုရားတောင်၊ နတ်ဘုရားနန်းတော်...
ယခင်က တိုက်ပွဲကြောင့် စောစီးစွာ ပွင့်ခဲ့သော ယုယူတောင်ထိပ်မှ နန်းတော်နှင့် မတူဘဲ ဤတစ်ခါ တောင်မြတ်မှ နန်းတော်မှာ ခမ်းနားလှသော အသွင်သဏ္ဌာန်များ ပေါ်ထွက်လာပြီးနောက် မကြာမီမှာပင် ပွင့်သွားခဲ့သည်။ တံခါးကြီးများမှာ ဖြည်းညှင်းစွာ ပွင့်လာပြီး နတ်ဘုရားတေးသံများနှင့်အတူ နတ်ဘုရားအငွေ့အသက်များ ဖုံးလွှမ်းနေသည်မှာ လူ့လောကရှိ နတ်ပြည်တစ်ခုကဲ့သို့ပင်။
နန်းတော်အတွင်း၌...
ခရမ်းရောင်ဝတ် နတ်ဘုရားတစ်ပါးမှာ ဒေါသတကြီးဖြင့် မိမိရှေ့ရှိ လူအုပ်ကို ကြည့်နေသည်။ သူ၏ ခန္ဓာကိုယ်ဘေးတွင် တောက်ပသော အလင်းများ ဝန်းရံနေပြီး အကြည့်များကလည်း စူးရှလှသဖြင့် နတ်ဘုရားတစ်ပါးနှင့် တူလှသည်။ သူသည် ဤနန်းတော်မှ 'မြေပြင်နတ်ဘုရား' အဖြစ် ဟန်ဆောင်ကာ ကျမ်းစာများ ဟောကြားပြီး လူတိုင်းကို လှည့်စားရန် ပြင်ထားခြင်း ဖြစ်သည်။
သို့သော် လူအုပ်ထဲမှ အဝတ်စိမ်းဝတ် အမျိုးသားတစ်ဦးက ရုတ်တရက် တိုက်ခိုက်လိုက်သည်။ ပြင်းထန်လှသော စွမ်းအားမှာ ခရမ်းရောင်ဝတ် နတ်ဘုရားပေါ်သို့ ကျရောက်သွားရာ သူသည် အကြီးအကျယ် ဒေါသထွက်သွားတော့သည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးခန့်က တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြရာ ကြောက်မက်ဖွယ်ကောင်းသော အတတ်ပေါင်းစုံမှာ ဒီရေလှိုင်းကဲ့သို့ပင် နန်းတော်အတွင်းသို့ စီးဝင်လာတော့သည်။ သူပင်လျှင် ထိုတိုက်ခိုက်မှုများကြောင့် နောက်သို့ ဆုတ်ခွာလိုက်ရသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ။ ငါက မင်းတို့ကို ကျမ်းစာတွေ သင်ပေးဖို့ လုပ်နေတာကို၊ မင်းတို့က ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ကြတာလား"
ခရမ်းရောင်ဝတ် နတ်ဘုရားမှာ အကြည့်များ အေးစက်သွားကာ သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါ်ထွက်လာသည်။ ဦးစွာ တိုက်ခိုက်ခဲ့သော အဝတ်စိမ်းဝတ် အမျိုးသားက လှောင်ပြောင်လိုက်သည်။
"မင်း ထွက်လာတာ နောက်ကျသွားတာကိုပဲ အပြစ်တင်လိုက်စမ်း။ နတ်ဘုရားလက်နက်ကို ထုတ်ပေးစမ်း"
ပြောရင်းနှင့်ပင် အဝတ်စိမ်းဝတ် အမျိုးသားက လက်သီးချက် နှစ်ချက် ထပ်မံ ပစ်လွှတ်လိုက်သည်။ ထိုစွမ်းအားမှာ အလွန် ပြင်းထန်သဖြင့် လေထုထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
"ဟုတ်တယ်၊ နတ်ဘုရားလက်နက်ကို ထုတ်ပေး"
"မိစ္ဆာစွဲလမ်းမှုကနေ ဖြစ်လာတဲ့ ကောင်ကများ နတ်ဘုရားလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဝံ့သေးတယ်။ နတ်ဘုရားဆိုတာကို လီးပဲ"
"သူ့ကို သတ်ပစ်ကြစမ်း"
ခဏအတွင်းမှာပင် တစ်နန်းတော်လုံး တုန်ခါသွားတော့သည်။ ခရမ်းရောင်ဝတ် နတ်ဘုရား၏ စိတ်ထဲတွင် လေးပင်သွားသည်။ ဤလူတွေက ဘယ်လိုလုပ်ပြီး အမှန်တရားကို သိသွားရတာလဲ။ ထို့အပြင် ဘယ်လိုလုပ်ပြီး လူတိုင်းက တပြိုင်နက်တည်း တိုက်ခိုက်ဖို့ သဘောတူထားကြတာလဲ။ ပြီးတော့... နန်းတော်ထဲမှာ နတ်ဘုရားလက်နက် ရှိတာကိုရော သူတို့ ဘယ်လို သိနေကြတာလဲ။
ခရမ်းရောင်ဝတ် နတ်ဘုရားမှာ ခဏတာ ကြောင်အသွားသော်လည်း ရန်သူကို ခုခံရန်အတွက် စွမ်းအားများကို ထုတ်လိုက်သည်။ သူသည် စူးရှစွာ အော်ဟစ်လိုက်ရာ မျက်နှာမှာ အလွန် ကြောက်စရာကောင်းသော ပုံစံသို့ ပြောင်းလဲသွားတော့သည်။
"မင်းတို့နဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီးမှ တစ်ယောက်ချင်းစီ စားမလို့ပဲ၊ မင်းတို့က ဒီလောက်တောင် အသိတရား မရှိကြဘူးလား"
သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ခါသွားပြီး ဘေးမှနေ၍ လက်မောင်းများစွာ ထွက်ပေါ်လာသည်။ ထိုလက်မောင်းများမှာ ရုပ်ဆိုးလှပြီး သာမန်လူသား၏ လက်များနှင့် မတူတော့သလို သူ၏ နတ်ဘုရားပုံစံနှင့်လည်း လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
လီယန်ချူ တောင်မြတ်သို့ ရောက်ရှိလာသောအခါ ထိုနေရာတွင် သာမန်ကျင့်ကြံသူများ တစ်ဦးမျှ မရှိတော့ပေ။ ခမ်းနားလှသော နတ်ဘုရားနန်းတော်ကြီးမှာ တုန်ခါနေပြီး အတတ်ပေါင်းစုံ ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။
ကျွေ့ဟွာက ထိုမြင်ကွင်းကို ကြည့်ကာ အံ့ဩသွားသည်
"ဒီလောက်အထိ အပြင်းအထန် ဖြစ်နေတာလား။ ပြီးခဲ့တဲ့ ယုယူတောင်တုန်းက ဒီလောက်အထိ အသက်နဲ့ရင်းပြီး တိုက်တဲ့သူ မရှိပါဘူး"
လီယန်ချူက ပြုံးကာ
"ပြီးခဲ့တဲ့အကြိမ်က ကျွမ်းကျင်သူ အများအပြားက မတိုက်ခိုက်ခဲ့ကြဘူးလေ။ အခုတော့ နတ်ဘုရားလက်နက်နဲ့ လွဲချော်သွားမှာကို သူတို့ နောင်တရနေကြတာ ဖြစ်မှာပေါ့"
ကျွေ့ဟွာက မေးသည်
"နင် မလုဘူးလား"
လီယန်ချူက တည်ငြိမ်စွာပင်
"ကျင့်ကြံသူဆိုတာ သဘာဝအတိုင်းပဲ နေရတယ်လေ"
ကျွေ့ဟွာက နားမလည်ဘဲ
"ဘယ်လိုမျိုးလဲ သဘာဝအတိုင်းက"
လီယန်ချူက ဣန္ဒြေရရပင်
"မလုဘဲ နေတတ်မှ လောကမှာ ဘယ်သူကမှ ကိုယ်နဲ့ လုလို့ မရမှာလေ"
ထိုစကားကို ကြားသောအခါ ဝူမေ့နန်မှာ အသက်ပြင်းပြင်း ရှူလိုက်မိပြီး လီယန်ချူကို မြင့်မြတ်လွန်းသော ပုဂ္ဂိုလ်ကြီးတစ်ဦးကဲ့သို့ မော့ကြည့်နေမိတော့သည်။
ကျွေ့ဟွာက မျက်မှောင်ကြုတ်ကာ
"နင် အခု... ကြွားနေတာလား"
လီယန်ချူက အံ့ဩသွားဟန်ဖြင့်
"အဲဒါက သိသာနေလို့လား"
ဝူမေ့နန် : ".........."
လီယန်ချူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ခါသွားပြီး ပုံရိပ်တစ်ခု ခွဲထွက်သွားသည်။
'ကိုယ်ခန္ဓာသုံးပါး တစ်ကိုယ်တည်းဖြစ်ခြင်း'
တကယ်တော့ သူလည်း လုမှာပါ။ မလုရင် ဒီကို ဘာလာလုပ်မှာလဲ။
ဒိုင်း
ကောင်းကင်ယံမှ အသံများမှာ ပိုမို ပြင်းထန်လာပြီး နန်းတော်တစ်ခုလုံးလည်း တုန်ခါနေသည်။ စွဲလမ်းမှုမှ ဖြစ်လာသော ခရမ်းရောင်ဝတ် နတ်ဘုရားမှာ အမှန်တကယ်ပင် နတ်ဘုရားလက်နက်တစ်ခု ပိုင်ဆိုင်ထားသည်။ ၎င်းမှာ ဝိညာဉ်ခြောက်ခြားခေါင်းလောင်း ပင် ဖြစ်သည်။ သို့သော်ငြားလည်း ထိုနတ်ဘုရားမှာ ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ထိုလျှို့ဝှက် ကျွမ်းကျင်သူများမှာ အလွန် အစွမ်းထက်လှကြသည်။
သူတို့သည် ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ပြီးနောက် ခရမ်းရောင်ဝတ် နတ်ဘုရား၏ ခန္ဓာကိုယ်ကို အလုံးစုံ ချေမှုန်းနိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် အဝတ်စိမ်းဝတ် အမျိုးသားသည် ယခင် ယုယူတောင်မှ ရရှိခဲ့သော ရွှေအမြုတေ ကို သုံးကာ ဝိညာဉ်ခြောက်ခြားခေါင်းလောင်းကို လုယူပြီး အပြင်သို့ အပြင်းအထန် ပြေးထွက်လာတော့သည်။
ကျွမ်းကျင်သူများစွာမှာ ဤမျှ ပေးဆပ်ထားရသဖြင့် ရတနာကို အလွယ်တကူ လက်လွတ်ခံမည် မဟုတ်ပေ။
ဗုန်း
အတတ်ပေါင်းစုံ ပစ်လွှတ်လိုက်ကြသော်လည်း အဝတ်စိမ်းဝတ် အမျိုးသားက သူ၏ သိန်းငှက်ကျားကို ခုခံခိုင်းလိုက်သည်။ ခဏအတွင်းမှာပင် ထိုရှေးဟောင်း သားရဲကြီးမှာ အစအနပင် မကျန်အောင် ချေမှုန်းခံလိုက်ရသည်။ ထိုသားရဲသည် ကျွမ်းကျင်သူများ၏ ရှေ့တွင် ခဏတာသာ ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအမျိုးသား၏ ရက်စက်ပြတ်သားမှုမှာလည်း အံ့ဩစရာပင်။ မိမိ၏ အစွမ်းထက်သော ယာဉ်စီးတော်ကိုပင် မတွန့်မဆုတ်ဘဲ စတေးခဲ့ခြင်း ဖြစ်သည်။
အဝတ်စိမ်းဝတ် အမျိုးသား ပြေးထွက်လာစဉ်မှာပင် နန်းတော်အပြင်ဘက်၌ လူတစ်ယောက် လမ်းပိတ်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူမှာ ထွားကျိုင်းသော အဘိုးအိုတစ်ဦး ဖြစ်ပြီး ချပ်ဝတ်တန်ဆာ ဝတ်ဆင်ကာ လက်ထဲတွင် ရှေးဟောင်းဓားတစ်လက်ကို ကိုင်ထားသည်။ သူ ပေါ်လာသည့် အချိန်မှာ အလွန် အကွက်ကျလှပြီး အဝတ်စိမ်းဝတ် အမျိုးသား၏ ရှေ့တွင် ပိတ်ထားခြင်းပင်။
အဝတ်စိမ်းဝတ် အမျိုးသား မတုံ့ပြန်နိုင်ခင်မှာပင် ထိုအဘိုးအိုက ဓားဖြင့် ထိုးလိုက်သည်။ ထိုဓားချက်မှာ အလွန်မြန်ဆန်ပြီး ဓားချီများမှာလည်း ပြင်းထန်လှသည်။
နန်းတော်အပြင်ဘက်တွင် တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့သလို၊ မည်သည့် အရှိန်အဝါကိုမျှလည်း မခံစားခဲ့ရပေ။
ဝုန်း
သူသည် လက်ဝါးဖြင့် ပြန်လည် တိုက်ခိုက်လိုက်ရာ ပြင်းထန်သော စွမ်းအားများ မြစ်ရေကဲ့သို့ စီးဆင်းသွားသည်။ သို့သော် ထိုဓားမှာ အလွန်မြန်သဖြင့် သူ၏ မျက်မှောင်ကြားသို့ တိုက်ရိုက် ဦးတည်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် အဘိုးအို၏ လက်ဝါးထဲမှ လက်ဝါးမိုးကြိုး တစ်ခု ထွက်ပေါ်လာတော့သည်။
ဗုန်း
အဝတ်စိမ်းဝတ် အမျိုးသားမှာ နောက်သို့ ဆုတ်လိုက်ရပြီး မိမိ၏ ရင်ဘတ်ထဲမှ ဝိညာဉ်ခြောက်ခြားခေါင်းလောင်းမှာ အလုခံလိုက်ရသည်ကို သိလိုက်ရသည်။ ပြီးခဲ့သည့်အကြိမ်က မုတ်ဆိတ်ဗလပွ ဓားသမား ယန်ချီရှ လက်ထဲတွင် ကောင်းကင်ဖဲကြိုး အလုခံခဲ့ရသလို၊ ယခုလည်း ဤအဘိုးအို လက်ထဲတွင် ခေါင်းလောင်း အလုခံလိုက်ရပြန်ပြီ။
သူသည် အကြီးအကျယ် ဒေါသထွက်သွားကာ
"မအေဘေးတွေ ... ငါ့ကို အနိုင်ကျင့်လွန်းနေပြီ"
သူသည် လက်နှစ်ဖက်ကို အထက်သို့ မြှောက်လိုက်ရာ နေနှင့်လကို ပင့်တင်ထားသကဲ့သို့ ဖြစ်နေပြီး ကြီးမားလှသော စွမ်းအားများ ကောင်းကင်မှ ကျဆင်းလာတော့သည်။
ဝုန်း
သို့သော် ချပ်ဝတ်တန်ဆာ ဝတ်ထားသော အဘိုးအိုမှာ ထိုအခွင့်အရေးကို သုံးကာ နောက်သို့ အမြန် ဆုတ်ခွာသွားတော့သည်။ ထိုအချိန်တွင် နန်းတော်အတွင်းမှ ကျွမ်းကျင်သူများစွာ ထွက်ပေါ်လာကြသည်။ အဘိုးအို၏ လက်ထဲတွင် ခေါင်းလောင်းကို မြင်လိုက်ရသဖြင့် သူတို့အားလုံး ဝိုင်းအုံ တိုက်ခိုက်လာကြတော့သည်။
အဘိုးအိုက လှောင်ပြောင်လိုက်သည်။
"မင်းတို့လို ကောင်တွေကများ ငါ့ဆီကနေ နတ်ဘုရားလက်နက်ကို လုချင်နေတာလား။ တစ်အုပ်လုံး အအတွေပဲ၊ ဘာမှ နားမလည်တဲ့ ကောင်တွေ "
ပြောပြီးသည်နှင့် သူ၏ ပုံရိပ်မှာ လွင့်ပျံသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုင်ပေါင်းများစွာ ဝေးရာသို့ ရောက်ရှိသွားတော့သည်။ နန်းတော်မှ ထွက်လာသော ကျွမ်းကျင်သူများမှာ အလွန် ဒေါသထွက်သွားကြပြီး အနောက်မှ လိုက်ကြတော့သည်။ ထိုအထဲတွင် အချို့သောသူများက ထိုအဘိုးအိုကို သိနေကြသဖြင့် အော်ပြောလိုက်သည်။
"အဲဒီလူက ဝူမျိုးနွယ်ဘိုးဘေး ပဲ"
အမည်းရောင်ဝတ်၊ အနီရောင်ခါးပတ် ဝတ်ဆင်ထားသော အလတ်တန်းစား အမျိုးသားတစ်ဦးက ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။
"ဒီလူက လောကကြီးက သူရဲကောင်းတွေကို အလွန် အထင်သေးနေတာပဲ"
သူသည် သူ၏ မှော်မှန် ကို ထုတ်လိုက်ရာ ထိုမှန်မှာ လေထဲတွင် ကြီးမားလာတော့သည်။ သူသည် ဂါထာများ ရွတ်ဖတ်လိုက်ရာ မှန်ထဲတွင် အလင်းများ ထွက်ပေါ်လာသည်။ အဝတ်စိမ်းဝတ် အမျိုးသားမှာ ထိုသူကို သိသဖြင့် ဝမ်းသာသွားသည်။ ထိုသူမှာ လူရှာအတတ်တွင် အလွန် ကျွမ်းကျင်သူ ဖြစ်သဖြင့် သူသာ ပါဝင်လျှင် ဝူမျိုးနွယ်ဘိုးဘေးကို မုချ ရှာတွေ့မည် မဟုတ်ပါလား။
ဝူမျိုးနွယ်ဘိုးဘေးပုံစံ ပြုလုပ်ထားသော လီယန်ချူသည် ခေါင်းလောင်းကို လုယူပြီးနောက် ကိုယ်ဖျောက်အတတ်ကို သုံးကာ တောင်ကြားတစ်ခုတွင် ရပ်နားလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး မူရင်းပုံစံသို့ ပြန်ရောက်သွားတော့သည်။
သူ၏ မျက်လုံးများမှာ ကြယ်များကဲ့သို့ တောက်ပနေပြီး မျက်နှာမှာလည်း ကြည့်ကောင်းလှသည့် လီယန်ချူပင် ဖြစ်သည်။
'ဟော့ထုံတောင်ထဲမှာ နတ်ဘုရားလက်နက် နှစ်ခုတောင် ရှိနေတာပဲ' လီယန်ချူပင် အံ့ဩမိသည်။
ဝူမျိုးနွယ်ဘိုးဘေးပုံစံ ပြောင်းလဲခဲ့ခြင်းမှာ တစ်ဖက်လူ၏ နာမည်ကို ပိုပြီး လူသိများစေရန် ဖြစ်သည်။ တစ်ယောက်တည်း ရှာလို့ မတွေ့ရင် လူအများကြီးနဲ့ ရှာခိုင်းလိုက်ရုံပင်။
ဝူမျိုးနွယ်ဘိုးဘေး (အစစ်) သည် တောင်မြတ်၏ ခြေရင်းသို့ ရောက်ရှိလာသည်။ တောင်အနီးတွင် ကျွမ်းကျင်သူများစွာ ရောက်နေသဖြင့် သူ၏စိတ်ထဲတွင် ထိုသူများကို ဝါးမြိုရန် အကြံရနေသည်။ တတိယအဆင့် ကျွမ်းကျင်သူတစ်ဦးကို စားရခြင်းမှာ အလွန် အာဟာရဖြစ်သည် မဟုတ်ပါလား။ ယခုအခါ သူ၏ မျက်စိထဲတွင် ဒုတိယအဆင့် ကျင့်ကြံသူများမှာ သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းတော့ပေ။
ရုတ်တရက်
တောင်ပေါ်မှနေ၍ ပြင်းထန်သော အရှိန်အဝါ အများအပြား အောက်သို့ ဆင်းလာသည်ကို သူ ခံစားလိုက်ရသည်။
သူက ပြုံးလိုက်ကာ
"နတ်ဘုရားနန်းတော် ပွင့်တာက ကျွမ်းကျင်သူ အများကြီးကို ဆွဲဆောင်နိုင်တာပဲ"
သူ၏ စိတ်ထဲတွင် စိတ်လှုပ်ရှားလာသည်။ နောက်ထပ် နှစ်ယောက်၊ သုံးယောက်လောက်သာ ထပ်စားရလျှင် ထိုလူငယ်ကို ကြောက်စရာ မလိုတော့ပေ။ မကြာမီ ထိုပုံရိပ်များမှာ တောင်ခြေသို့ ရောက်ရှိလာကြသည်။ ဝူမျိုးနွယ်ဘိုးဘေးမှာ မျက်မှောင်ကြုတ်သွားသည်။ ထိုသူများမှာ သူ ထင်ထားသည်ထက် ပို၍ အစွမ်းထက်လှပြီး အချို့မှာ သူနှင့် တန်းတူပင် ဖြစ်ကာ အချို့ကိုမူ သူပင် ခန့်မှန်း၍ မရနိုင်ပေ။
သူသည် အရှိန်အဝါကို ဖျောက်ကာ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ ဘေးတွင် ပုန်းနေလိုက်သည်။ 'ဒီလူတွေက ဘယ်ရတနာကို လိုက်နေကြတာလဲ' ဟု သူ တွေးနေမိသည်။
အမည်းရောင်ဝတ် အမျိုးသားမှာ လက်ထဲတွင် မှန်ကို ကိုင်ထားပြီး အော်ပြောလိုက်သည်။
"သစ်ပင်နောက်မှာ"
ရွှပ်
ဓားအလင်းတန်းတစ်ခုက သစ်ပင်ကို ဖြတ်တောက်လိုက်ရာ သစ်ပင်ကြီး လဲကျသွားတော့သည်။ ဝူမျိုးနွယ်ဘိုးဘေးသည် မိမိကို သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်နေသည့် ကျွမ်းကျင်သူများကို မြင်လိုက်ရသည့်အခါ ကြောင်အသွားတော့သည်။
အဝတ်စိမ်းဝတ် အမျိုးသားက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
"ဒီမှာ တကယ် ရှိနေတာပဲ၊ သူ့ကို ဝိုင်းသတ်ကြစမ်း"
ဝူမျိုးနွယ်ဘိုးဘေး : ".........."
မဟုတ်ဘူးလေ... ဒီလူတွေ ရူးနေတာလား