အခန်း (၁၉၀၁-၁၉၀၂)
Vol. 191 Ch. 1901-1902
အခန်း (၁၉၀၁) - ဘက်သေချာရွေးကြစမ်းပါ
"လောလောဆယ် သူတို့ကို ဂရုစိုက်နေဖို့ မလိုသေးဘူး၊ သူတို့ဘာသာသူတို့ ဟန်ချက်ညီမယ့် အခြေအနေကို ရှာဖွေကြလိမ့်မယ်။"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။ ဖားထျန်းအရှင်သခင်လေးဦးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်စုံတစ်ခုကို စဉ်းစားမိသကဲ့သို့ ခေါင်းညိတ်ကာ ဆက်လက်၍ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြတော့သည်။
နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားပြန်သည်။
နောက်ထပ် ယင်မသေမျိုးတစ်အုပ်သည် မြူတိမ်များကို စီးနှင်းလျက် ရောက်ရှိလာကြသည်။ ၎င်းတို့မှာ ကြယ်တစ်သောင်းနန်းတော် မှ ဖြစ်ကြသည်။ အရပ်ရှည်/အရပ်ပု ညီအစ်ကိုနှစ်ဦးသည် ဖန့်ချန်၏ ဆိုလိုရင်းကို သွားရောက်အသိပေးပြန်ရာ ရရှိလာသော အဖြေမှာ ချင်းခုန်းတောင်ဘက်ကကဲ့သို့ပင် ဖြစ်သော်လည်း ကျောက်စိမ်းနက်အကြီးအကဲလောက်တော့ ပြတ်သားမှု မရှိချေ။
"ဆရာ... ကျွန်တော် ဟိုက ဖန့်ငရဲမင်းဆီကို သွားပြီး ဂါရဝပြုချင်ပါတယ်။ ကျွန်တော်နဲ့ သူဟာ ရှေးဟောင်းကန့်သတ်နယ်မြေဖြစ်တဲ့ တာ့လေ့ယင်း လုပွဲတုန်းက တစ်ခါဆုံဖူးပါတယ်။"
လင်ပုချိ သည် ၁၈ ထပ် ငရဲမျှော်စင်ထံမှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး၊ ခုနက အရပ်ရှည်/အရပ်ပု ညီအစ်ကိုတို့ ပြောသွားသည်များကို ပြန်လည်တွေးတောရင်း သူ၏ရှေ့မှ ထည်ဝါခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို လက်အုပ်ချီ၍ ခွင့်တောင်းလိုက်သည်။
"မင်းက သူ့ကို သွားတွေ့မလို့လား။ အခြေအနေတွေ မရှင်းလင်းသေးခင်မှာ မတွေ့တာ အကောင်းဆုံးပဲ။"
လူလတ်ပိုင်း အမျိုးသားက စဉ်းစားဟန်ဖြင့် ဆိုသည်။
လင်ပုချိက
"ဆရာ... ပြီးခဲ့တဲ့ ထိုက်ချန်းနယ်မြေ တိုက်ပွဲတုန်းကလည်း ကျွန်တော်တို့ တပည့်တွေကို ကယ်ခဲ့တာ ဒီလူပဲလေ..."
"အင်း... အရင်က မင်းပြောတာ မကြားမိပါလား။ ဒါဆိုရင်တော့ သွားတွေ့လို့ ရပါတယ်၊ သူကလည်း မင်းကို ရန်မူမှာ မဟုတ်ပါဘူး။"
လူလတ်ပိုင်း အမျိုးသားက ခေါင်းညိတ် ခွင့်ပြုလိုက်သည်။
လင်ပုချိသည် အခွင့်ရသည်နှင့် လေဟာနယ်ကို ဖြတ်ကျော်ကာ ဖန့်ချန်ရှိရာသို့ ပျံသန်းသွားတော့သည်။ မကြာမီမှာပင် ဖန့်ချန်ရှိရာသို့ ရောက်ရှိလာပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ အရိုအသေပေးလိုက်သည်။
"လင်ပုချိ... ဖန့်ငရဲမင်းကို ဂါရဝပြုပါတယ်။"
"မိတ်ဆွေလင် ရောက်လာတာဆိုတော့ ကြယ်တစ်သောင်းနန်းတော်ရဲ့ သဘောထားက ပြောင်းလဲသွားလို့လား။"
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
လင်ပုချိ၏ မျက်နှာတွင် အနည်းငယ် ရှက်ရွံ့သော အမူအရာ ပေါ်လာပြီး
"ကျွန်တော့်စကားက ဂိုဏ်းထဲမှာ အလေးမသာပါဘူး၊ ကြယ်တစ်သောင်းနန်းတော်ရဲ့ သဘောထားကို ပြောင်းလဲဖို့ ခက်ပါတယ်။ ဒီကိုလာတာက ဖန့်ငရဲမင်းကို ကျေးဇူးတင်စကား ထပ်ပြောချင်လို့ပါ။"
သူ့ရင်ထဲတွင် သက်ပြင်းချမိသည်။ တာ့လေ့ယင်း လုပွဲတုန်းက ကျွယ်မင်နန်းတော် ရဲ့ သာမန် အမာခံတပည့်လေးတစ်ယောက်ရဲ့ နောက်ကွယ်မှာ ဒီလို အဆင့်အတန်းမျိုး ရှိလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။
လင်ပုချိ၏ အကြည့်သည် ဖားထျန်းအရှင်သခင်တို့ထံသို့ ဝေ့ဝဲသွားသည်။
အဆင့် ၈ အစွမ်းထက်သူတွေ
တစ်ဖက်လူသည် အသက်အရွယ် မကြီးသေးသော်လည်း အဆင့်အတန်း မြင့်မားလှကာ သူ၏နောက်လိုက်များထဲ၌ အဆင့် ၉ သာမက အဆင့် ၈ များပါ ရှိနေသည်။ လက်ရှိ ဖန့်ချန်၏ အဆင့်အတန်းမှာ ထိပ်သီးအင်အားစုကြီးများ၏ အရှင်သခင်များထက်ပင် သာလွန်နေကာ ထိုသူများထက် ပို၍ ထူးကဲမြင့်မြတ်နေသည်ဟု ဆိုရပေမည်။
"ထိုက်ချန်းနယ်မြေက ကိစ္စကို ပြောတာလား။ စိတ်ထဲ ထားမနေပါနဲ့၊ အဲဒီတုန်းက ငါတို့ရဲ့ ရည်မှန်းချက်က အတူတူပဲဆိုတော့ တစ်ဖက်တည်းသားတွေပဲပေါ့။"
ဖန့်ချန်က ပြုံးလိုက်ပြီး
"ဒါပေမဲ့ ဒီတစ်ခေါက် ဒီရတနာကို အားလုံးက ဝိုင်းလုကြမယ်ဆိုရင်တော့ ငါတို့တွေ လက်နက်ချင်း အားပြိုင်ရလိမ့်မယ်။"
လင်ပုချိ၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
"ညီလေး... မင်းရဲ့ ဆရာကို ပြန်ပြီး ဖျောင်းဖျစမ်းပါဦး။ ငရဲမင်းအရှင်ကမှ အစစ်အမှန် အရှင်သခင်ပါ။ ခင်ဗျားတို့က ဘာလာလုပ်နေကြတာလဲ။ အခု အောင်ပွဲရသူရဲကောင်း ဖြစ်ဖို့ အခွင့်အရေးကြီးက မင်းတို့ ရှေ့မှာ ရှိနေတာကို လက်လွတ်မခံပါနဲ့ဦး။"
အရပ်ပုယင်မသေမျိုးက လှမ်းအော်ပြောသည်။
လင်ပုချိ ရင်ထဲ၌ သက်ပြင်းချလိုက်ပြီးနောက် ဖန့်ချန်ကို ကြည့်ကာ လေးနက်စွာ ဆိုသည်။
"ဖန့်ငရဲမင်း... ကျွန်တော် ခင်ဗျားနဲ့ ရန်သူ မဖြစ်ချင်ပါဘူး။ မိစ္ဆာမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေရဲ့ ကျူးကျော်မှုကို ခင်ဗျားနဲ့ လက်တွဲပြီး ရင်ဆိုင်ချင်တာပါ။ ကျွန်တော် ဆရာ့ကို ပြန်ပြီး ဖျောင်းဖျကြည့်ပါမယ်။ ဒီတစ်ခေါက်မှာ ကြယ်တစ်သောင်းနန်းတော်ဟာ ဖန့်ငရဲမင်းဘက်က ရပ်တည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
နောက်ထပ် ဆယ်ရက်၊ တစ်လခွဲခန့် အချိန်အတွင်းမှာပင် ယင်မသေမျိုး အမြောက်အမြား ဤနေရာသို့ ရောက်ရှိလာကြသည်။ ဝမ်ချွမ်းမြစ်ကမ်းဘေးရှိ ယင်မိစ္ဆာကြီးများ၏ အရေအတွက်သည်လည်း အဆက်မပြတ် တိုးပွားနေသည်။ ထိုအတောအတွင်း အရိုးဖြူမဟာအရှင်ကဲ့သို့သော ယင်မိစ္ဆာကြီးအချို့သည် ၁၈ ထပ် ငရဲမျှော်စင်ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ တူညီသော နိဂုံးနှင့်သာ ရင်ဆိုင်ရပြီး မျှော်စင်အတွင်း၌ အော်ဟစ်လောင်ကျွမ်းခံရသည့် အဆင့်သို့ ရောက်သွားကြရသည်။
အရပ်ရပ်မှ ယင်မသေမျိုးများသည် ဤမြင်ကွင်းကို ကြည့်ကာ ရင်ထဲ တုန်လှုပ်သွားကြပြီး၊ ဤအချိန်တွင် ၁၈ ထပ် ငရဲမျှော်စင်နား ချဉ်းကပ်ခြင်းက အလွန်အမင်း အန္တရာယ်များကြောင်း အတည်ပြုနိုင်သဖြင့် မည်သူမျှ စွန့်စားခြင်း မပြုဝံ့ကြတော့ပေ။
"ထိုက်ချန်းနယ်မြေက ယင်လောက အင်အားစုတွေလည်း ရောက်လာပြီ။ နတ်ဘုရားဘုရင်နယ်မြေကရောပဲ။ စိတ်ဝိညာဥ်နယ်မြေ ပါ ပေါင်းလိုက်ရင် အထက်သုံးနယ်မြေမှာ ယင်လောက အခြေစိုက်ထားတဲ့ အင်အားစု တစ်ဝက်လောက် ရောက်နေပြီ။ ကျန်တဲ့လူတွေလည်း လမ်းမှာ ရောက်နေလောက်ပြီ။"
ဖန့်ချန်က အဝေးသို့ တစ်ချက်လှမ်းကြည့်ပြီးနောက် အကြည့်ကို ရုပ်သိမ်းကာ ဓားငယ်လေး ကို ကြည့်လိုက်သည်။
ဤအတောအတွင်း အဆင့်တက်လှမ်းမှုကြောင့် ဓားငယ်လေး၏ အရှိန်အဝါသည်လည်း ဖန့်ချန်ကဲ့သို့ပင် အဆင့် ၇ နယ်ပယ်သို့ တည်ငြိမ်စွာ ဝင်ရောက်သွားပြီဖြစ်သည်။ ဝိညာဉ်ရတနာ တစ်ခုအနေဖြင့် သူမ၏ အဆင့်သတ်မှတ်ချက်သည်လည်း ဝိညာဉ်ရတနာစာရင်းတွင် သိသိသာသာ မြင့်တက်သွားပေလိမ့်မည်။
"နောက်ဆုံးတော့ အောင်မြင်သွားပြီ။"
ဓားငယ်လေးသည် ဖန့်ချန်၏ အနားတွင် သာသာယာယာ ဆင်းသက်လိုက်သည်။
ဝိညာဥ်ကလေး သည် ၎င်းကို မြင်သည်နှင့် ဓားငယ်လေး၏ ကိုယ်ပေါ်သို့ ချက်ချင်း ခုန်တက်သွားသည်။ ၎င်းသည် ဓားငယ်လေးနှင့် အလွန်ခင်မင်သည်။
"ဓားမိန်းကလေး ။"
ဖားထျန်းအရှင်သခင်တို့က လက်အုပ်ချီ အရိုအသေပေးကြသည်။
ရှေ့မှ သူမသည် ဝိညာဉ်ရတနာတစ်ခုသာ ဖြစ်သော်လည်း၊ ငရဲမင်းအရှင်ကိုယ်တိုင် ဆောင်ထားကာ လူအသွင် ပြောင်းလဲနိုင်သော ရတနာဖြစ်သဖြင့် သူမ၏ ထူးခြားမှုကို သက်သေပြနေခြင်း ဖြစ်သည်။ သူတို့ သေချာပေါက် မပေါ့ဆဝံ့ကြပေ။
"ဖန့်ချန်... နောက်ပိုင်းကျရင် ငါတို့တွေ ပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ခု တိုက်ရတော့မှာလား။"
ဓားငယ်လေးသည် ဝိညာဥ်ကလေးကို ပွေ့ပိုက်ထားရင်း အဝေးမှ အင်အားစုအသီးသီးက ယင်မသေမျိုးများကို ဝေ့ကြည့်ကာ မေးလိုက်သည်။
"တိုက်ရင်လည်း တိုက်ရမယ်၊ ဒါမှမဟုတ် မတိုက်ဘဲလည်း နေနိုင်တယ်။ သူတို့တွေက ဟန်ချက်ညီမယ့် အခြေအနေကို ရှာနေကြတာ။ အဲဒီ ဟန်ချက်ကို မတွေ့မချင်းတော့ ဒီတိုက်ပွဲက ဖြစ်လာချင်မှ ဖြစ်လာမှာ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
သူတို့ဘက်က ဟိုဘက်က ယင်မသေမျိုးတွေကို အကဲခတ်နေသလို၊ ဟိုဘက်က ယင်မသေမျိုးတွေကလည်း သူတို့အချင်းချင်း ဟန်ချက်ညီရန် ရှာဖွေနေကြသည်။
နတ်ဘုရားဘုရင်နယ်မြေဘက်မှ ချင်းခုန်းတောင်အပြင် လယဉ်နန်းတော် နှင့် ကြယ်ခုနစ်လုံးကျောင်းတော် တို့ ရောက်နေသည်။ စိတ်ဝိညာဥ်နယ်မြေမှ ကြယ်တစ်သောင်းနန်းတော်၊ ထိုက်ယီမသေမျိုးဂိုဏ်း နှင့် သွေးသားနန်းတော် တို့ ရောက်လာကြသည်။ ထိုက်ချန်းနယ်မြေဘက်မှမူ တာဝေ့စာကြည့်တိုက်၊ ကျိုယိုမသေမျိုးဂိုဏ်း နှင့် ဟေးရီနေအင်ပါယာ တို့ ဖြစ်သည်။
နယ်မြေတစ်ခုစီမှ သုံးအုပ်စုစီ ရောက်လာကြသော်လည်း ထိုက်ချန်းနယ်မြေမှ လာသော ထိုသုံးအုပ်စုမှာ အနည်းငယ် ထူးခြားသည်။ ၎င်းတို့သည် မိစ္ဆာမျိုးနွယ်တို့၏ အစားထိုးခြင်းကို ခံထားရပြီး ဖြစ်သဖြင့် ထိုယင်မသေမျိုးများသည် သေချာပေါက် မိစ္ဆာမျိုးနွယ်မှ ဆင်းသက်လာသူများသာ ဖြစ်ကြသည်။
နယ်မြေသုံးခု၏ အင်အားစုများသည် တစ်ဖက်နှင့်တစ်ဖက် အဝေးမှ အကဲခတ်နေကြပြီး၊ နောက်ဆုံးတွင် ခေါင်းဆောင်ပိုင်း ယင်မသေမျိုးများသည် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် ပြင်ဆင်လိုက်ကြသည်။
"အားလုံးပဲ... ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောကြရအောင်"
ကျောက်စိမ်းနက်အကြီးအကဲသည် အမည်းရောင် ပန်းခြင်းကို ကိုင်ထားရင်း မျက်လုံးများကို မှေးကာ အခြားသော ယင်မသေမျိုးများကို အကဲခတ်နေသည်။ ဤအထဲ၌ သူမ၏ သူငယ်ချင်းဟောင်းအချို့ ပါဝင်နေပြီး တစ်ခါတရံ ဆုံဖူးသူများ ဖြစ်ကြသည်။
"ငါတို့ အုပ်စုတွေအားလုံးဟာ အရင်က အေးအေးဆေးဆေး နေလာခဲ့ကြတာပဲ၊ အခုလည်း အဲဒီအတိုင်းပဲ ဖြစ်သင့်တယ်။ အားလုံး လက်တွဲပြီး ဒီရတနာကို သိမ်းယူကြရအောင်။ မဟုတ်ရင် ဒီရတနာက ဟိုငရဲမင်းလက်ထဲ ရောက်သွားရင် ယင်လောကရဲ့ အခြေအနေက လုံးဝ ပြောင်းလဲသွားလိမ့်မယ်။"
လယဉ်နန်းတော်မှ ယင်မသေမျိုးက ဆိုသည်။
သူ၏စကားကို ကျန်သူများက သဘောလည်းမတူ၊ ကန့်ကွက်ခြင်းလည်း မရှိကြပေ။ သို့သော် ယင်မသေမျိုးတစ်ဦးက ဖန့်ချန်ရှိရာဘက်ကို လှမ်းကြည့်ပြီး အေးစက်စွာ ဆိုသည်။
"အဲဒီ ငရဲမင်းကလည်း ငါတို့ လူသားမျိုးနွယ်ပဲလေ။ အဲဒီအစား ဒီသုံးအုပ်စုကတော့... မိစ္ဆာမျိုးနွယ်တွေ ဖြစ်လိမ့်မယ် မဟုတ်လား။"
ကြယ်တစ်သောင်းနန်းတော်မှ ယင်မသေမျိုးက တာဝေ့စာကြည့်တိုက်၊ ဟေးရီနေအင်ပါယာ နှင့် ကျိုယိုမသေမျိုးဂိုဏ်း တို့ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
"ဒီသုံးယောက် ကြားလား။ ခင်ဗျားတို့က မိစ္ဆာတွေဆိုတော့ ငါတို့နဲ့ လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘာလို့ မျက်နှာပြောင်တိုက်ပြီး ဒီကို လာနေကြတာလဲ။ ငါတို့ ခင်ဗျားတို့ကို ဘယ်လိုနှိမ်နင်းမလဲဆိုတာ လာနားထောင်တာလား"
ကျောက်စိမ်းနက်အကြီးအကဲက ရယ်မောလျက် ဆိုသည်။
"ငါတို့က မျက်နှာပြောင်တိုက်တာလား။ ဒီယင်လောက ရတနာဟာ ဟိုငရဲမင်းလက်ထဲ မရောက်ရင်၊ မော်ထျန်းဌာန ဌာနမှူး လက်ထဲပဲ ရောက်မှာပဲ။ ခင်ဗျားတို့ရဲ့ အစွမ်းနဲ့ ဒါကို တကယ်ပဲ ရနိုင်မယ် ထင်နေတာလား"
ဟေးရီနေအင်ပါယာမှ ခေါင်းဆောင်က အားလုံးကို အေးစက်စွာ ဝေ့ကြည့်လိုက်သည်။
"မော်ထျန်းဌာနရဲ့ အင်အားကို ငါ ထပ်မပြောတော့ဘူး။ ပြီးတော့ အဲဒီ ငရဲမင်းရဲ့ နောက်ကွယ်မှာလည်း ယန်နတ်ဘုရား အများကြီး ကျောထောက်နောက်ခံ ရှိနေတာ။ သူ့လက်ထဲမှာ ဒီလောက်ပဲ နည်းလမ်းရှိတယ်လို့ တကယ်ပဲ ထင်နေတာလား။"
အင်အားစုအသီးသီးမှ ယင်မသေမျိုးများ၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားကြသည်။
"ငါတို့ သုံးအုပ်စုကတော့ ဒီပစ္စည်းကို သိပ်ပြီး စိတ်မဝင်စားဘူး။ ဒါပေမဲ့ ငါတို့နောက်က စစ်မှန်တဲ့ မိစ္ဆာကြီးတွေက မော်ထျန်းဌာနက လူနဲ့ ရင်းနှီးကြတယ်။ ဒါကြောင့် ငါတို့က ခင်ဗျားတို့ကို တစ်ခုပဲ သတိပေးချင်တယ်... ဘက်သေချာရွေးကြစမ်းပါ၊ ခဏတာ ပျော်ရွှင်မှုအတွက်နဲ့ ဘက်မှားမရွေးမိကြစေနဲ့။"
ဟေးရီနေအင်ပါယာမှ ယင်မသေမျိုးက တည်ငြိမ်စွာ ဆိုသည်။
"မော်ထျန်းဌာနရဲ့ နောက်ကွယ်မှာ နတ်ဆိုးမျိုးနွယ် တွေ ရှိတယ်။ ခင်ဗျားတို့ မိစ္ဆာမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေ လက်တွဲတာကို ငါတို့ မအံ့သြပါဘူး။ ဒါပေမဲ့ ငါတို့က ခင်ဗျားတို့ဘက်က ဘာလို့ ရပ်တည်မယ်လို့ ထင်နေရတာလဲ။ အဲဒါက ကိုယ့်သေတွင်းကိုယ် တူးတာပဲ မဟုတ်လား "
သွေးသားနန်းတော်မှ ခေါင်းဆောင်က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေတော့သည်။
အခန်း (၁၉၀၂) - ရေနောက်တွင် ငါးဖမ်းချင်နေတာလား
"ဒါက သိပ်ကောင်းတဲ့ မေးခွန်းပဲ၊ ငါကိုယ်တိုင် ဖြေပေးရတာ ဝမ်းသာပါတယ်၊ ငါ့ကိုပဲ ပြောခွင့်ပေးပါ "
တာဝေ့စာကြည့်တိုက်မှ ခေါင်းဆောင် ယင်မသေမျိုးသည် လက်ထဲမှ ယပ်တောင်ကို တစ်ချက်ခတ်လိုက်ပြီး ပြုံးရွှင်စွာ ဆိုလိုက်သည်။ ဟေးရီနေအင်ပါယာမှ ခေါင်းဆောင်သည်လည်း ထိုမြင်ကွင်းကို မြင်သောအခါ အသာအယာ ခေါင်းညိတ်ပြပြီး စကားပြောခွင့်ကို သူ့အား ပေးလိုက်လေသည်။
အင်အားစုအသီးသီး၏ အကြည့်များသည် တာဝေ့စာကြည့်တိုက်မှ ခေါင်းဆောင်ထံသို့ စုပြုံကျရောက်သွားကြသည်။ အထူးသဖြင့် သွေးသားနန်းတော်မှ ယင်မသေမျိုး၏ အကြည့်မှာ ပို၍ စူးရှနေ၏။
"ငါ့ရဲ့ အဖြေကလည်း အရမ်းရိုးရှင်းပါတယ်... မင်းတို့ ငါတို့ဘက်က မရပ်တည်ဘူးဆိုရင် မင်းတို့ကို စောင့်ကြိုနေတာက သေတွင်းတစ်ခုပဲ ရှိတော့မယ်"
တာဝေ့စာကြည့်တိုက်မှ ယင်မသေမျိုးက ပြုံးလျက် ဆက်ပြောသည်။
"အခုအချိန်မှာ ထိုက်ချန်းနယ်မြေက မင်းတို့နဲ့ ဆွေးနွေးပွဲတွေ လုပ်နေတယ်ဆိုပေမဲ့ အဆင်ပြေသွားပြီပဲ ထားဦး... ဘာထူးမှာလဲ။ မိစ္ဆာမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေက နယ်မြေကိုးခုကနေ ပျောက်ကွယ်သွားမှာမို့လို့လား။ ပြီးတော့ နတ်ဘုရားလောက က ကျဆုံးမသေမျိုး တွေကရော တစ်ယောက်ပြီးတစ်ယောက် သေကျေ ပျောက်ကွယ်သွားကြမှာမို့လို့လား။"
"မင်းတို့ ဘာကို ဆိုလိုတာလဲ "
"ဒီကိစ္စက ကျဆုံးမသေမျိုး တွေနဲ့ ဘာဆိုင်လို့လဲ။ မင်းတို့သာ ကျဆုံးမသေမျိုးတွေနဲ့ ပူးပေါင်းရင် ကိုယ့်ဒုက္ခကိုယ် ရှာတာပဲ ဖြစ်လိမ့်မယ်။ သူတို့ဆိုတာ အသိဉာဏ်ရှိတဲ့ ယင်မိစ္ဆာကြီးတွေပဲ၊ ကောက်ကျစ်စဉ်းလဲပြီး ရက်စက်တတ်ကြတာ... ဒါကို မင်းတို့ မိစ္ဆာမျိုးနွယ်တွေက အသိဆုံး ဖြစ်မှာပါ။"
သွေးသားနန်းတော်မှ ယင်မသေမျိုးက အေးစက်စွာ ဆိုသည်။
ကျဆုံးမသေမျိုး ဆိုသည်မှာ မူလကပင် မိစ္ဆာမျိုးနွယ်တို့၏ လမ်းစဉ်တစ်ခုအနေဖြင့် မွေးမြူထားခြင်း ဖြစ်သည်။ ပုံမှန်ကျင့်စဉ်လမ်းကြောင်းများ၏ ကန့်သတ်ချက် သို့မဟုတ် အဆင့် ၉ နယ်ပယ်၏ အတားအဆီးများ မရှိဘဲ၊ မိစ္ဆာမျိုးနွယ်တို့၏ စစ်မှန်သော မိစ္ဆာများကဲ့သို့ပင် အခြေခံအုတ်မြစ် ခိုင်မာတောင့်တင်းလျှင် အလိုအလျောက် အဆင့် ၉ သို့ တက်လှမ်းနိုင်ကြသည်။
ကျင့်ကြံမှု ခက်ခဲနက်နဲခြင်းကို ပြောမည်ဆိုလျှင် လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ လျှောက်လှမ်းသော လမ်းသည်သာ အခက်ခဲဆုံး ဖြစ်သည်။ သို့သော် အကယ်၍သာ အောင်မြင်သွားခဲ့လျှင် အခိုင်မာဆုံးသော လမ်းစဉ်လည်း ဖြစ်ပေသည်။
"ဒီကိစ္စကို ငါတို့ မိစ္ဆာမျိုးနွယ်တွေက မထိန်းချုပ်နိုင်ဘူးလေ "
တာဝေ့စာကြည့်တိုက်မှ ယင်မသေမျိုးက ပြုံးလျက် ခေါင်းခါပြသည်။
"အခုအချိန်မှာ ကျဆုံးမသေမျိုးတွေနဲ့ ပူးပေါင်းဖို့ ရွေးချယ်လိုက်တာက နတ်ဆိုးမျိုးနွယ်တွေပဲ။"
သူသည် ကောင်းကင်ယံရှိ ၁၈ ထပ် ငရဲမျှော်စင်ကို လက်ညှိုးညွှန်ပြလိုက်ပြီး
"ဒီယင်လောက ရတနာကို အင်အားကြီး မျိုးနွယ်သုံးခုရဲ့ လက်တွဲမှုအောက်မှာ မင်းတို့ လူသားမျိုးနွယ်တွေအနေနဲ့ ရဖို့ မျှော်လင့်ချက် လုံးဝမရှိဘူး။ အကယ်၍ မင်းတို့ အခုပဲ ငါတို့နဲ့ ပူးပေါင်းဖို့ ရွေးချယ်မယ်ဆိုရင် ယင်လောကကြီး စည်းလုံးသွားတဲ့အခါ လူသားမျိုးနွယ်တွေလည်း ဝိုင်းထိုင်ပြီး အကျိုးအမြတ်လေး ဘာလေး ခွဲဝေရဦးမှာပေါ့။
မဟုတ်ရင်တော့ မင်းတို့ လူသားတွေအနေနဲ့ ဒီနယ်မြေကိုးခုမှာ ဆက်ရှိနေဖို့ မလိုတော့ဘူး။ ကျယ်ပြောလှတဲ့ နယ်မြေကိုးခုကြီးကို ငါတို့ မိစ္ဆာမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေပဲ ခွဲဝေယူကြတော့မယ်။"
"အဲဒီ ဖန့်ငရဲမင်းဆိုတာ မင်းတို့ လူသားမျိုးနွယ်က ဖြစ်ပေမဲ့၊ သူ့ရဲ့ အခြေခံအုတ်မြစ်က ဒီရတနာလုပွဲမှာ ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး။ သူကိုယ်တိုင်တောင် လုံခြုံဖို့ မသေချာဘူးလေ... မင်းတို့က သူ့ဘက်က ရပ်တည်မယ်ဆိုတာ ကိုယ့်သေတွင်းကိုယ် တူးတာပဲ "
ကျိုယိုမသေမျိုးဂိုဏ်းမှ ခေါင်းဆောင်က ဖြည့်စွက်ပြောဆိုလိုက်သည်။
လင်ပုချိသည် သူ၏ ဆရာဘေးတွင် ရပ်လျက် ဤဆွေးနွေးပွဲကို နားထောင်နေရင်း၊ တစ်ဖက်လူ၏ စကားကြောင့် သူ၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ အရိပ်အယောင် ထင်ဟပ်လာသည်။
အကယ်၍ မိစ္ဆာမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နှင့် ကျဆုံးမသေမျိုးတို့ တကယ်ပင် အားချင်းပေါင်းလိုက်ကြမည်ဆိုလျှင် ယနေ့ ဤယင်လောက ရတနာသည် မော်ထျန်းဌာန လက်ထဲသို့ အမှန်တကယ် ကျရောက်သွားပေလိမ့်မည်။
ထိုအခါ ထိုက်ချန်းနယ်မြေ၏ ဆွေးနွေးပွဲမှာလည်း သေချာပေါက် ပျက်ပြားသွားမည် ဖြစ်သည်။ ဤရတနာကို ပိုင်ဆိုင်လိုက်ခြင်းက ယင်လောကမှတစ်ဆင့် လူ့လောက နယ်မြေကိုးခု၏ အခြေအနေကိုပါ လွှမ်းမိုးရန် လုံလောက်ပေသည်။ လူသားမျိုးနွယ်သည် အချိန်အတော်ကြာအောင် တိုက်ခိုက်ခံရသည့် အောက်ခြေအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
ထိုအချက်ကို လင်ပုချိသာမက ဤနေရာရှိ လူသားမျိုးနွယ် ယင်မသေမျိုး အားလုံးလည်း တွေးမိကြသည်။
"ဒါဆိုရင်လည်း တိုက်ကြတာပေါ့... ဒီပစ္စည်းက ငါတို့လက်ထဲ မရောက်ရင်တောင် မိစ္ဆာမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေ လက်ထဲတော့ အရောက်မခံနိုင်ဘူး။ ပိုပြီးတော့ ကျဆုံးမသေမျိုးတွေ လက်ထဲကိုတော့ လုံးဝ အရောက်မခံနိုင်ဘူး "
ကျောက်စိမ်းနက်အကြီးအကဲ၏ နှုတ်ခမ်းအစုံမှာ ကော့ညွှတ်သွားပြီး လက်ထဲမှ ပန်းခြင်းမှာ ရုတ်တရက်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသော အမည်းရောင် မြွေခေါင်းများအဖြစ် ပြောင်းလဲသွားကာ ထိုက်ချန်းနယ်မြေမှ ခေါင်းဆောင်သုံးဦးထံသို့ တိုက်ရိုက် ဦးတည်တိုက်ခိုက်လိုက်တော့သည်။
သူမက စံနမူနာပြလိုက်သည်နှင့် ကျန်သူများမှာလည်း တုံ့ဆိုင်းမနေကြတော့ပေ။ တစ်ဖက်အင်အားစုများ အလုံးစုံ မရောက်ရှိလာသေးခင်မှာပင် သူတို့၏ အတောင်ပံများကို အရင်ချိုးနှိမ်ထားနိုင်လျှင် နောက်ပိုင်းအခြေအနေကို လွှမ်းမိုးနိုင်မည် မဟုတ်ပါလော။
တိုက်ပွဲ အခြေအနေဆိုသည်မှာ ဤသို့ပင် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားတတ်စမြဲ။ ခုနလေးတင် ဆွေးနွေးနေကြသော်လည်း ယခုအခါတွင်မူ လက်နက်ချင်း အားပြိုင်နေကြပြီ ဖြစ်သည်။
ဖန့်ချန်နှင့် အဖွဲ့သားတို့သည် ဤမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေကြသည်။ သူက အမိန့်မပေးသဖြင့် ဖားထျန်းအရှင်သခင်တို့သည်လည်း ဤတိုက်ပွဲထဲသို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြချေ။ အဘယ်ကြောင့်ဆိုသော် အင်အားစုအသီးသီးမှ ခေါင်းဆောင်များသည် အသိဉာဏ်မဲ့ကာ ထုံထိုင်းနေသော အဆင့် ၉ ယင်မသေမျိုးအချို့ကိုလည်း ခေါ်ဆောင်လာခဲ့ကြသောကြောင့် ဖြစ်သည်။
ထိုသို့သော တည်ရှိမှုမျိုးသာ လက်နက်ထုတ်သုံးလိုက်လျှင် ဘေးထွက်ဒဏ်ရာကတင် အဆင့် ၈ ကျင့်ကြံသူတစ်ဦးကို ဒုက္ခပေးရန် လုံလောက်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအင်အားစုများမှာလည်း ထိန်းထိန်းသိမ်းသိမ်း ရှိကြပြီး၊ အစအဆုံး အဆင့် ၉ ယင်မသေမျိုးကဲ့သို့သော လူသတ်လက်နက်ကြီးကို ထုတ်မသုံးကြသေးပေ။
"ရေနောက်မှာ ငါးဖမ်းချင်နေတာလား။"
ဖန့်ချန်က ရုတ်တရက် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ယင်ဘူး ကို ထုတ်ကာ အသာအယာ သွန်ချလိုက်သည်။
ချင်းဟယ်သီလရှင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ထဲမှ ပုံရိပ်ယောင်တစ်ခုကို ဖမ်းဆုပ်လိုက်သည်။ ၎င်းမှာ ထုံထိုင်းနေသော အဆင့် ၉ ယင်မသေမျိုး တစ်ဦးဖြစ်ပြီး ချင်းဟယ်သီလရှင်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသောအခါ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ဘဲ အဆက်မပြတ် ရုန်းကန်နေရတော့သည်။
ဖားထျန်းအရှင်သခင်တို့သည် ယခုမှပင် သတိဝင်လာကြသည်။ တစ်စုံတစ်ဦးက ငရဲမင်းအရှင်အပေါ် သတ်ဖြတ်လိုစိတ် ရှိနေပြီး ရုတ်ရုတ်သည်းသည်း ဖြစ်နေစဉ်အတွင်း ငရဲမင်းကို လုပ်ကြံရန် ကြိုးစားခဲ့ခြင်းပင် သူတို့အားလုံး ချက်ချင်းပင် ထရပ်လိုက်ကြပြီး ဖန့်ချန်၏ အရပ်လေးမျက်နှာတွင် ရံလျက် သတိကြီးစွာ စောင့်ကြပ်လိုက်ကြသည်။
"သီလရှင်လေး... သူ့ကို အပေါ်ကို ပစ်တင်လိုက်စမ်း။"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
ချင်းဟယ်သီလရှင်သည်လည်း ထိုအဆင့် ၉ ယင်မသေမျိုး၏ ရင်ဘတ်ကို လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်ရာ ပြင်းထန်သော အားတစ်ခုကြောင့် ထိုသူသည် ၁၈ ထပ် ငရဲမျှော်စင် အပေါ်ဘက်သို့ လွင့်စင်သွားပြီး မျှော်စင်၏ စုပ်ယူဝါးမြိုခြင်းကို ခံလိုက်ရလေတော့သည်။
"ဖန့်သခင်လေး... ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။"
ချင်းဟယ်သီလရှင်က အဝေးမှ ရုတ်ရုတ်သည်းသည်း ဖြစ်နေသော အခြေအနေကို ကြည့်ကာ အံ့သြစွာ မေးလိုက်သည်။
ဖန့်ချန်က အကျဉ်းချုံး ရှင်းပြလိုက်သောအခါမှ ချင်းဟယ်သီလရှင်သည် ၁၈ ထပ် ငရဲမျှော်စင်ကို အံ့သြတကြီး လှမ်းကြည့်တော့သည်။
"ယင်လောကရဲ့ ထူးကဲရတနာဆိုတာ တကယ်ပဲ မဟုတ်ဘူးပဲ၊ ကျွန်မတောင် ဒီအရာဆီကနေ ဖိအားအနည်းငယ် ခံစားနေရတယ်။ အကယ်၍ ကျွန်မသာ အခုနားကပ်သွားရင်လည်း ဝါးမြိုခံရမှာ အသေအချာပဲ။"
ချင်းဟယ်သီလရှင်၏ မျက်နှာထားမှာ လေးနက်နေသည်။
"သူ့ရဲ့ လက်ရှိအခြေအနေက မမှန်သေးဘူး၊ ဘယ်သူ့ကိုမဆို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်နေတာ... ဒါကြောင့် သူ့နားကို မကပ်တာ အကောင်းဆုံးပဲ။"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
သူက ခေတ္တရပ်လိုက်ပြီး
"ခုနက ယင်မသေမျိုးရဲ့ နောက်ကြောင်းက... မော်ထျန်းဌာနကလား "
ဖားထျန်းအရှင်သခင်တို့သည် ဤမေးခွန်းမှာ သူတို့ကို မေးနေခြင်းဖြစ်ကြောင်း သိသဖြင့် ခေါင်းခါပြလိုက်ကြသည်။
"အဲဒီလူရဲ့ အရှိန်အဝါက မော်ထျန်းဌာနက အဆင့် ၉ တွေနဲ့ အတော်လေး ကွာခြားပါတယ်၊ သေရှင်စာအုပ် အပိုင်းအစတွေနဲ့ မွေးမြူထားတဲ့ ယင်မသေမျိုး ဖြစ်ဖို့ များပါတယ်။"
ဖားထျန်းအရှင်သခင်က ဆိုသည်။
"ဒါကြောင့် တချို့လူတွေက ရောက်နေပေမဲ့ အမှောင်ထဲမှာ ပုန်းနေကြတာပေါ့... လူကိုယ်တိုင် မပြရဲဘဲ ငါဆိုတဲ့ ငါးကြီးကို ဖမ်းမိမလားဆိုပြီး စောင့်ကြည့်နေကြတာ"
ဖန့်ချန်က ပြုံးလိုက်သည်။
အဝေးတစ်နေရာတွင် ယင်မသေမျိုးတစ်စုသည် သူတို့၏ ပုံရိပ်များကို တိတ်ဆိတ်စွာ ဖျောက်ကွယ်ထားကြသည်။ ခုနက အဆင့် ၉ ယင်မသေမျိုး၏ လုပ်ကြံမှု ကျရှုံးသွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ အလွန်ပင် ကြည့်မကောင်းတော့ပေ။
ဤယင်မသေမျိုး အုပ်စုတွင် သိသာထင်ရှားသော အမှတ်အသားတစ်ခု ရှိနေသည် အားလုံးမှာ ကတုံးများ ဖြစ်ကြပြီး လက်ထဲတွင် ပုတီးများကို ကိုင်ဆောင်ထားကြသည်။
"ရှောင်ကွမ်းယင်... ငါတို့ မြွေကို လန့်စေခဲ့ပြီ၊ ဒါက မင်းရဲ့ အမှားပဲ။ မင်းသာ မဟုတ်ရင် ငါတို့ ဒီလို အဆင့် ၉ ယင်မသေမျိုးတစ်ယောက်ကို အလကား ဆုံးရှုံးရမှာ မဟုတ်ဘူး"
ဘုန်းကြီးအိုတစ်ပါးက ရှောင်ကွမ်းယင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ရှောင်ကွမ်းယင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်စွာ ဆိုသည်။
"ရှားပါးတဲ့ အခွင့်အရေးပဲလေ... မစမ်းသပ်ကြည့်ဘဲနဲ့ အောင်မြင်မလား မအောင်မြင်ဘူးလား ဘယ်သိပါ့မလဲ။ အကယ်၍သာ ဒီဖန့်ငရဲမင်းကို ကြိုပြီး ရှင်းထုတ်နိုင်ခဲ့ရင် ငါတို့ မျိုးနွယ်စုအတွက် ဘယ်လောက်တောင် အကျိုးရှိမလဲဆိုတာ ငါ ထပ်ပြောနေဖို့ လိုဦးမလား "
"ဖန့်ငရဲမင်းက ငါတို့ ဒီတစ်ခေါက်လာရတဲ့ ပန်းတိုင်မဟုတ်ဘူး၊ ဒီယင်လောက ရတနာကမှ ပန်းတိုင်။"
ဘုန်းကြီးအိုက လှောင်ပြုံးဖြင့် ဆိုသည်
"မင်းနဲ့ သူကြားမှာ ရန်ငြိုးလေး နည်းနည်းရှိတာနဲ့ပဲ အများပိုင်ကိစ္စကို ကိုယ်ကျိုးအတွက် သုံးဖို့ ကြံစည်တာပဲ။ အခု အဆင့် ၉ တစ်ယောက် ဆုံးရှုံးသွားပြီ... ကျောင်းထိုင်ဆရာတော်ကြီးကို မင်း ဘယ်လို ရှင်းပြမလဲ ကြည့်ရသေးတာပေါ့ "
"ရှင်းပြနေစရာ မလိုပါဘူး... ဒီတစ်ခေါက် ရတနာပေါ်ထွက်လာတာက အခြေအနေအားလုံးကို ပြောင်းလဲပစ်တော့မှာ "
ရှောင်ကွမ်းယင်သည် ကောင်းကင်ယံရှိ ၁၈ ထပ် ငရဲမျှော်စင်ကို စိုက်ကြည့်ရင်း
"လူသားမျိုးနွယ်တွေအတွက် အချိန်သိပ်မကျန်တော့ဘူး။"
"ဟဲဟဲ... လူသားမျိုးနွယ်တွေကို ရှင်းထုတ်ပြီးရင် ငါတို့တွေ လက်တွဲပြီး နတ်ဆိုးမျိုးနွယ်တွေကိုပါ အပြတ်ရှင်းကြရင် ဘယ်လိုလဲ။"
ကောက်ကျစ်စဉ်းလဲသော မျက်နှာထားရှိသည့် ရဟန်းတစ်ပါးသည် ရှောင်ကွမ်းယင်၏ ဘေးသို့ တိုးကပ်လာကာ မျက်လုံးထဲတွင် ဉာဏ်နီဉာဏ်နက်ပေါင်းများစွာ ထည့်ထားသကဲ့သို့ ပြောလိုက်လေတော့သည်။