← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း (၈၆) ငါကသာ ကောင်းကင်ဘုံပဲ

"အရှက်မရှိတဲ့ မိန်းမကြီး..."

စကားပင် ဆုံးအောင် မပြောရသေးမီ လီချန်က လက်ကို ရုတ်တရက် မြှောက်လိုက်သည်။

"ဖြန်း..."

ကျယ်လောင်ပြတ်သားသော ပါးရိုက်သံနှင့်အတူ ဝမ်ကွေ့ရှန်း၏ မျက်နှာပေါ်သို့ ပြင်းထန်သော ရိုက်ချက်တစ်ချက် ကျရောက်သွားလေသည်။

ထိုရိုက်ချက်၏ အရှိန်ကြောင့် ဝမ်ကွေ့ရှန်းခမျာ ယိုင်ထွက်သွားပြီး ကိုယ်တစ်ပိုင်း လည်ထွက်သွားကာ မြေပြင်ပေါ်သို့ တင်ပါးဖြင့် ဖုန်းခနဲ ပြုတ်ကျသွားတော့သည်။

သူမ လုံးဝ ကြက်သေ သေသွားပြီး နားထဲတွင်လည်း အူထွက်သွားကာ မျက်နှာတစ်ခုလုံး ပူထူနာကျင်သွားရသည်။ အချိန်အတော်ကြာသည်အထိ သူမ မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ချေ။

ဝန်းရံနေသော လူမိုက်များကမူ တဟားဟား အော်ဟစ် ရယ်မောလိုက်ကြသည်။

"အား... နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ... နင့်ကို သေသည်အထိ သတ်ပစ်မယ်..."

ဝမ်ကွေ့ရှန်း သတိပြန်ဝင်လာပြီးနောက် အသံကုန် အော်ဟစ်ကာ မြေပြင်မှ ကုန်းရုန်းထ၍ လီချန်ဆီသို့ အစွယ်ငေါငေါ လက်သည်းတထောင်ထောင်ဖြင့် ပြေးဝင်သွားတော့သည်။

လီချန်က လက်တစ်ချောင်းမျှပင် လှုပ်ရန် မကြိုးစားချေ။ သူ၏ တပည့်တစ်ယောက်က ခြေထောက်ကို မြှောက်ကာ ဝမ်ကွေ့ရှန်း၏ ဗိုက်တည့်တည့်သို့ ဆောင့်ကန်ချလိုက်လေသည်။

"ဘုန်း..."

ဝမ်ကွေ့ရှန်းသည် စုတ်ပြဲနေသော ဂုံနီအိတ်တစ်လုံးအလား နောက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။ သူမက နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး ကွေးကောက်နေကာ ပြန်မထနိုင်တော့ချေ။

"ကွေ့ရှန်း..."

ရွှီဖူကွေ့မှာ အလွန်တရာ အံ့သြဒေါသထွက်သွားရသည်။ သူ၏ မျက်လုံးများ ချက်ချင်းပင် ရဲရဲနီသွားကာ မြေပြင်မှ ပေါက်တူးကို ဆွဲယူပြီး ထိုလူမိုက်ဆီသို့ အော်ဟစ် ပြေးဝင်သွားလေသည်။

"မင်းကို ငါ သေတဲ့အထိ သတ်ပစ်မယ်..."

သို့သော် သူသည် ခွန်အားဗလ ပြည့်စုံသော ထိုလူမိုက်ငယ်များနှင့် ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။

အနီးသို့ပင် မရောက်လိုက်မီ လူမိုက်နှစ်ယောက်က ဘေးမှ ပြေးထွက်လာကာ တစ်ယောက်က သူ၏ လက်မောင်းကို ဆွဲကိုင်ပြီး နောက်တစ်ယောက်က ခါးကို ဖက်ထားလျက် တင်းကျပ်စွာ ဖိချုပ်ထားလိုက်ကြသည်။

"ငါ့ကို လွှတ်စမ်း... လွှတ်..."

ရွှီဖူကွေ့ အသည်းအသန် ရုန်းကန်သော်လည်း အချည်းနှီးသာ ဖြစ်လေသည်။

လူမိုက်တစ်ယောက်က မဲ့ပြုံး ပြုံးလိုက်ပြီး သူ၏ ဗိုက်ကို လက်သီးဖြင့် အားကုန် ထိုးချလိုက်၏။

"အု..."

ရွှီဖူကွေ့ထံမှ အသံတိတ် ညည်းညူသံ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံး ပုစွန်တစ်ကောင်လို ကွေးကောက်သွားတော့သည်။

ထိုနောက်တွင်တော့ လက်သီးချက်များစွာက သူ၏ ကိုယ်လုံးနှင့် ကျောပြင်ပေါ်သို့ အဆက်မပြတ် ကျရောက်လာပြီး ထိုးချက်တိုင်းက သူ့ကို အလွန်တရာ နာကျင်စေခဲ့သည်။

"မရိုက်ကြပါနဲ့တော့... သား အဖေကို မရိုက်ပါနဲ့တော့..."

ထောင့်တစ်နေရာတွင်တော့ ရွှီရှောင်တုခမျာ ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေလေသည်။

သူက ငိုယိုအော်ဟစ်ရင်း အနီးသို့ ပြေးသွားရန် ကြိုးစားသော်လည်း လူမိုက်တစ်ယောက်က စိတ်မရှည်စွာဖြင့် သူ၏ ရင်ဘတ်ကို ကန်ထုတ်လိုက်သည်။

ထိုခန္ဓာကိုယ် သေးသေးလေးသည် အဝေးသို့ လိမ့်ထွက်သွားပြီး မြေပြင်ပေါ်၌ လဲကျနေကာ အချိန်အတော်ကြာသည်အထိ ပြန်မထနိုင်တော့ဘဲ ရင်ကွဲမတတ် ငိုယိုသံများသာ ကျန်ရစ်နေခဲ့တော့သည်။

"ရှောင်တု..."

မိမိ၏ သားလေး အရိုက်ခံရသည်ကို မြင်သောအခါ ဝမ်ကွေ့ရှန်းက အသက်ရှူပင် မဝတော့ဘဲ နာကျင်စွာ အော်ဟစ်လိုက်လေသည်။

သူမက မြေပြင်မှထရန် အသည်းအသန် ကြိုးစားသော်လည်း အခြား လူမိုက်တစ်ယောက်က သူမ၏ ကျောပြင်ကို အားကုန် ဆောင့်ကန်လိုက်သဖြင့် ပြန်လည် ပစ်လဲကျသွားရပြန်သည်။

နောက်ဆုံးတွင်တော့ သူမသည် အေးစက်နေသော မြေကြီးပေါ်တွင်သာ လဲလျောင်းနေရပြီး မိမိ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့ အရိုက်ခံနေရသည်ကို လက်မှိုင်ချ ကြည့်နေရင်း မျှော်လင့်ချက်မဲ့စွာ ငိုယိုအော်ဟစ်နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ချေ။

နောက်ဆုံးတွင် လီချန်က သူ၏ တပည့်များကို ရပ်တန့်ရန် အချက်ပြသည့်အနေဖြင့် လက်ကာပြလိုက်သည်။

လူမိုက်များက ပွန်းပဲ့ရောင်ရမ်းကာ မြေပြင်ပေါ်၌ ကွေးကောက်နေသော ရွှီဖူကွေ့ကို လွှတ်ပေးလိုက်ကြသည်။

လီချန်က ဖြည်းညင်းစွာ လျှောက်လာပြီး ရွှီဖူကွေ့၏ ကျောပြင်ပေါ်သို့ တက်နင်းကာ သူ၏ ခြေဖျားများဖြင့် ဖိချေလိုက်လေသည်။

"ဂျွတ်..."

အရိုးများ လွဲချော်သွားသည့်အသံက ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာ၏။

ရွှီဖူကွေ့ထံမှ နာကျင်စွာ အံကြိတ်ညည်းညူသံ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တက်ဆတ်ဆတ် တုန်ယင်သွားတော့သည်။

လီချန်က ကိုယ်ကို ကိုင်းညွတ်ကာ သူ၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်ပြီး ကျောချမ်းဖွယ် ကောင်းလှသော လေသံဖြင့် ဆိုလေသည်။

"အဲ့ဒါကို မှတ်ထားစမ်း... ချင်းရွှေရွာမှာတော့ ချန်ရှင်းက အရေးပါတဲ့လူတစ်ယောက် ဖြစ်ချင်ဖြစ်လိမ့်မယ်... ဒါပေမဲ့ ငါ့ရဲ့ လီကျားရွာမှာတော့ သူက ဘာမှမဟုတ်ဘူးကွ... ဒီနေရာမှာ ငါ လီချန်က အကြီးအကဲပဲ..."

ထိုသို့ ပြောပြီးနောက် သူက ကိုယ်ကို ပြန်မတ်လိုက်ပြီး သူ၏ တပည့်များကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“လာကြစမ်း... ညီအစ်ကိုတို့... ရွှီမိသားစုအတွက် မြေဆီလွှာလေး ဘာလေး ဖြေပေးလိုက်ကြရအောင်..."

လူမိုက်တစ်စုက မောက်မာစွာ အော်ဟစ်ရယ်မောလိုက်ကြပြီး ရှင်သန်ဖြစ်ထွန်းနေသော ရွှီဖူကွေ့၏ စိုက်ခင်းထဲသို့ တမင်သက်သက် ပြေးဝင်သွားကာ ရမ်းကားစွာ နင်းချေ ဆွဲနုတ်ကြတော့သည်။

စိမ်းလန်းစိုပြည်နေသော စပါးပင်ငယ်များမှာ အစုလိုက်အပြုံလိုက် နင်းချေခံလိုက်ရပြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သော စိုက်ခင်းလေးသည် ချက်ချင်းပင် ပျက်စီးယိုယွင်းမှု မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ဗြောင်းဆန်နေမှုနှင့် ရင်ကွဲမတတ် ငိုယိုသံများကြားတွင် လီချန်နှင့် သူ၏ တပည့်လူမိုက်တစ်စုသည် ပါးစပ်တွင် မြက်မြစ်များကို ကိုက်ထားလျက် လေချွန်ကာ မောက်မာစွာ ရယ်မောရင်း ခပ်သုတ်သုတ် ထွက်ခွာသွားကြလေသည်။

......

ဝမ်ကွေ့ရှန်းသည် အေးစက်စိုစွတ်နေသော ရွှံ့မြေပေါ်တွင် လဲလျောင်းနေရင်း ရုပ်လုံးမပေါ်အောင် ဖျက်ဆီးခံလိုက်ရသော ကောက်ပဲသီးနှံများနှင့် ဒဏ်ရာဒဏ်ချက်များဖြင့် မြေပြင်ပေါ်၌ ကွေးကောက်နေသော သူမ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့ကို ကြည့်ကာ လုံးဝ ပြိုလဲသွားရတော့သည်။

လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူတို့သည် အလွန်တရာ ဂုဏ်ယူဝင့်ကြွားနေခဲ့ကြသော်လည်း ယခုအခါတွင်မူ အစစအရာရာ ချေမှုန်းခံလိုက်ရပြီး အဆုံးမဲ့သော အရှက်ရမှုနှင့် မျှော်လင့်ချက်မဲ့ခြင်းများသာ ကျန်ရစ်နေခဲ့တော့သည်။

သူမက မြေကြီးကို ထုနှက်ကာ အော်ဟစ် ငိုယိုလိုက်သည်။

“ငါ ဘာအပြစ်တွေများ ကျူးလွန်ခဲ့မိလို့လဲ... နတ်ဘုရားတွေ မျက်စိဖွင့် ကြည့်လှည့်ပါဦး... ငါ ဒီလို ဆက်မရှင်နိုင်တော့ဘူး... ငါ့ယောကျ်ားက အသုံးမကျဘူး... ငါ့သားလေးက ခွေးတစ်ကောင်လို ကန်ကျောက်ခံရတယ်... ငါ ဆက်အသက်ရှင်နေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ..."

ထိုကျိန်ဆဲသံများနှင့် ငိုယိုသံများသည် ရွှီဖူကွေ့၏ နှလုံးသားကို ထိုးခွဲနေသော ဓားမြှောင်များအလားပင်။

သူက မြေပြင်မှ ထရန် ရုန်းကန်လိုက်ပြီး လှုပ်ရှားမှုတိုင်းက သူ့ကို နာကျင်လွန်းလှသဖြင့် အသက်ရှူပင် မှားစေသည်။

သူသည် ဇနီးဖြစ်သူ၏ ဒေါသတကြီး အော်ဟစ်နေမှုများကို လျစ်လျူရှုကာ ကြောက်လန့်တကြား ဖြစ်နေသော သားဖြစ်သူထံသို့ တိတ်ဆိတ်စွာ လျှောက်သွားပြီး ညင်သာစွာ ထူမပေးလိုက်ကာ မျက်နှာပေါ်မှ မျက်ရည်များနှင့် ဖုန်မှုန့်များကို သူ၏ အင်္ကျီလက်ဖြင့် သုတ်ဖယ်ပေးလိုက်သည်။

ဝမ်ကွေ့ရှန်းက သူမ၏ အသံများ အက်ကွဲသွားသည်အထိ အချိန်အတော်ကြာ ငိုယိုအော်ဟစ်နေခဲ့သည်။

သူမ ခြေခြေမြစ်မြစ် ကုန်းရုန်းထလိုက်စဉ် မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသော်လည်း သူမ၏ မျက်လုံးများထဲတွင်မူ ရူးသွပ်မတတ် အမုန်းတရားများက တောက်လောင်နေလေသည်။

"အဲ့ဒီလို အလွတ်ပေးလို့ မဖြစ်ဘူး... ဘယ်လိုမှ မဖြစ်ဘူး..."

သူမ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"လီချန်... နင့်ကို ဒီအတိုင်း ထွက်ပြေးခွင့် မပေးနိုင်ဘူး... ငါ ချန်ရှင်းဆီ သွားမယ်... ငါတို့ဘက်က ရပ်တည်ပေးဖို့ ငါ့မတ်ကို သွားခေါ်မယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ရွှီဖူကွေ့ အေးခဲသွားတော့သည်။

သူက သားဖြစ်သူကို ဖက်ထားရင်း ဝမ်ကွေ့ရှန်း၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ကော်ဖတ်ဖြင့် အပွတ်ခံထားရသည့်အလား အက်ကွဲနေသော လေသံဖြင့် ဆိုလေသည်။

"မသွားပါနဲ့... ကွေ့ရှန်း... ငါတို့ ချန်ရှင်းကို ထပ်ပြီး ဒုက္ခမပေးသင့်တော့ဘူး..."

သူ လုံးဝ မျက်နှာပျက်သွားရပြီဖြစ်သည်။

အစပိုင်းက စပါးလာတောင်းခဲ့ပြီးနောက် မြေဩဇာရောင်းချကာ အမြတ်ထုတ်ရန် ကြိုးစားခဲ့ကြသည်။ ယခုတစ်ဖန် သူ၏ ဇနီး ဖန်တီးခဲ့သော ပြဿနာကြောင့် တစ်စုံတစ်ယောက်ကို ဝင်ရောက် ကူညီပေးရန် တောင်းဆိုရမည်တဲ့လား။

သူ၏ မျက်နှာကို ထားစရာ နေရာပင် မရှိတော့ချေ။

"ဒုက္ခပေးတယ်…”

ဝမ်ကွေ့ရှန်းက အမြီးအနင်းခံလိုက်ရသော ကြောင်တစ်ကောင်လို ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

ဒေါသထွက်လွန်းသဖြင့် သူမက ရွှီဖူကွေ့၏ ပါးကို ဖြတ်ရိုက်လိုက်ရာ ကျယ်လောင်စူးရှသော အသံသည် ကျယ်ပြန့်သော လယ်ကွင်းပြင်ထဲတွင် အထူးပင် နားကလော်စရာ ကောင်းလှသည်။

"ဖြန်း..."

"ရွှီဖူကွေ့... ရှင်က တကယ့် သတ္တိကြောင်တဲ့ကောင်ပဲ... ရှင့်သားလည်း အရိုက်ခံရတယ်... ရှင့်မိန်းမလည်း အရိုက်ခံရတယ်... ရှင့်စိုက်ခင်းတွေလည်း ဖျက်ဆီးခံလိုက်ရတယ်... အဲ့ဒါကိုတောင် ရှင်က သူများကို ဒုက္ခပေးရမှာ ကြောက်သေးတယ်လို့ ပြောထွက်တယ်ပေါ့လေ... ငါတို့က အခုလို အချည်းနှီး အဆုံးရှုံးခံလိုက်ရုံပဲလား... ရှင့်ရဲ့ သတ္တိတွေ ဘယ်ရောက်သွားပြီလဲ..."

သူမက ရူးသွပ်စွာဖြင့် ရွှီဖူကွေ့ကို ကုတ်ခြစ်ကာ အော်ဟစ်နေလေသည်။

"ငါ ဂရုမစိုက်ဘူး... ဒါ မပြီးသေးဘူး... လီချန်က အဲ့လောက်တောင် မောက်မာနေတယ်ပေါ့လေ... ဟုတ်လား... သူက ငါ့မတ်လောက် မောက်မာနိုင်မလားဆိုတာ ကြည့်ချင်သေးတယ်... လာခဲ့... ငါနဲ့အတူ ချင်းရွှေရွာကို လိုက်ခဲ့..."

ထိုသို့ပြောပြီးနောက် ရွှီဖူကွေ့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူမ ဂရုမစိုက်တော့ချေ။ မျက်နှာတစ်ပြင်လုံး ပွန်းပဲ့ရောင်ရမ်းနေသော ရွှီဖူကွေ့ကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ပြီး ရှိုက်ငိုနေဆဲဖြစ်သော သားဖြစ်သူကို ကျန်လက်တစ်ဖက်ဖြင့် ဆွဲကာ အရူးမတစ်ယောက်လို ချင်းရွှေရွာဆီသို့ ပြေးသွားတော့သည်။

...

မွန်းလွဲပိုင်း၊ ချင်းရွှေရွာတွင်။

ချန်ရှင်း၏ အိမ်သစ် ဆောက်လုပ်ရေး လုပ်ငန်းခွင်သည် လှုပ်ရှားမှုများဖြင့် စည်ကားနေဆဲဖြစ်သည်။

ရွှီချင်းချင်းနှင့် လင်းရှို့ရှို့တို့သည် လတ်လတ်ဆတ်ဆတ် ကျိုချက်ထားသော ဆေးဘက်ဝင် လက်ဖက်ရည်ပုံးကြီးတစ်ပုံးကို သယ်ဆောင်လာကြသည်။

"အားလုံးပဲ... ခဏလောက် အနားယူပြီး လက်ဖက်ရည် သောက်ကြပါဦး..."

ရွှီချင်းချင်း၏ ရှင်းလင်းပြတ်သားသော အသံလေး ထွက်ပေါ်လာသည်။

အလုပ်သမားများသည် သူတို့ လုပ်လက်စ အလုပ်များကို ရပ်တန့်ကာ အပြုံးကိုယ်စီဖြင့် စုရုံးရောက်ရှိလာကြသည်။

"ခယ်မလေးက ပိုပိုပြီး လှလာတယ်နော်..."

"ဒါပေါ့... အစ်ကိုချန်ရှင်းနောက်ကို လိုက်ရတာ နတ်စည်းစိမ် ခံစားနေရသလိုပဲလေ..."

အားလုံး၏ သဘောရိုးဖြင့် နောက်ပြောင်မှုများကို နားထောင်ရင်း ရွှီချင်းချင်း၏ မျက်နှာလေး အနည်းငယ် ရဲတက်သွားကာ ရင်ထဲတွင်လည်း ချိုမြိန်သော နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမက အားလုံးကို လက်ဖက်ရည် ကပျာကယာ ငှဲ့ပေးလိုက်သည်။

ထိုစဉ် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဆူညံသံများက ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

အားလုံးက လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီး မျက်လုံးများစွာက ဆောက်လုပ်ရေး လုပ်ငန်းခွင် အဝင်ဝဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ထိုနေရာတွင် ရွှီမိသားစုသုံးယောက် ပေါ်လာခဲ့သည်။ သူတို့သည် စုတ်ပြဲနေသော အဝတ်အစားများ ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး ရွှံ့များ ပေကျံနေကာ ငတ်မွတ်ခေါင်းပါးမှုမှ ထွက်ပြေးလာသော ဒုက္ခသည်များအလား သနားစရာကောင်းလှသော အခြေအနေမျိုး ဖြစ်နေလေသည်။

ဝမ်ကွေ့ရှန်း၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး သူမ၏ မျက်နှာတစ်ခြမ်းမှာလည်း ရောင်ရမ်းနေသည်။ ရွှီဖူကွေ့က ခေါင်းငိုက်စိုက်ကျနေကာ သူ၏ အဝတ်အစားများမှာလည်း နေရာတော်တော်များများတွင် စုတ်ပြဲနေ၏။ အဆိုးရွားဆုံးမှာ ရွှီရှောင်တုပင် ဖြစ်ပြီး သူ၏ မျက်နှာငယ်လေးတွင် မျက်ရည်များ ပေကျံနေကာ အဝတ်အစားပေါ်တွင်လည်း ခြေရာတစ်ရာက ထင်ရှားစွာ ရှိနေလေသည်။

All Chapters