အခန်း ၄၁
Vol. 5 Ch. 41
အခန်း (၄၁) - ကုန်ကြမ်းပစ္စည်းဌာန
“တစ္ဆေတစ်ကောင် ဘယ်လိုလုပ်ရမယ်ဆိုတာတောင် မသိဘူး၊ ဝက်လိုအကောင်”
အေးစိမ့်နေသော ညဉ့်နက်သန်းခေါင် လမ်းမထက်တွင် တစ်ဦးတည်း လမ်းလျှောက်နေသူက သာမန်သူတစ်ဦး မဟုတ်ကြောင်း ထင်ရှားလေသည်။ ကျိုးရီ ခေါင်းကို ခပ်ဖွဖွ ရမ်းလိုက်ရင်း နေအိမ်ဆီသို့သာ ဦးတည်လိုက်တော့သည်။
ခဏအကြာတွင် တောက်ပသော အမွေးအတောင်များရှိသည့် ရွှေရောင်မျက်ဝန်း ကျောက်စိမ်းကြက်တစ်ကောင် ပျံသန်းဝင်ရောက်လာပြီး လူငယ်တစ်ဦးအသွင်သို့ ပြောင်းလဲသွားသည်။
ချွန်မြနေသော နှာတံ၊ ချိုင့်ဝင်နေသော မျက်ဝန်းများဖြင့် သူ့ရုပ်သွင်မှာ ကျိုးရီ၏ ယခင်ဘဝ ‘အနောက်သို့ခရီးသွားခြင်း’ ဇာတ်လမ်းထဲမှ ကြယ်တာရာနတ်မင်းနှင့်ပင် အနည်းငယ် ဆင်တူနေသည်။
“သခင်”
ကျိုးရီ၏ ရှေ့မှောက်သို့ ရောက်သည်နှင့် ရွှေရောင်မျက်ဝန်း ကျောက်စိမ်းကြက်မှာ မြေပြင်ပေါ်တွင် ချက်ချင်းဒူးထောက်ချလိုက်သည်။ သူ့မျက်ဝန်းများထဲတွင် နတ်ဘုရားတစ်ပါးကို ကိုးကွယ်ဆည်းကပ်နေသကဲ့သို့ နက်ရှိုင်းသော ကြည်ညိုလေးစားမှုများ ပြည့်နှက်နေ၏။
လူကို လူက မွေးဖွားပြီး ကြက်ကို ကြက်ကသာ မွေးဖွားသည်ဆိုသည့် စကားအတိုင်းပင်။ လူသားများတွင် နတ်ဘုရားခန္ဓာကိုယ်၊ သူတော်စင်ခန္ဓာကိုယ် ရှိတတ်ကြသလို ကြက်များတွင်လည်း မွေးရာပါ ပါရမီရှင်များ သဘာဝအလျောက် ရှိတတ်စမြဲဖြစ်သည်။
အချို့သော ကြက်များသည် အခြားသူများထက် ကျင့်ကြံခြင်းလမ်းစဉ်တွင် ခြေတစ်လှမ်း ပိုရှေ့ရောက်နေတတ်ကြသည်။
ကျိုးရီသည် ၎င်းတို့ကို သူ၏ လက်အောက်ငယ်သားများအဖြစ် ပျိုးထောင်ထားခဲ့သည်။
ဤသည်က သူ့အတွက် ပူပင်သောကနှင့် အားထုတ်မှုများကို သက်သာစေသည့်အပြင် လစာပေးစရာလည်းမလိုပေ။ ရလဒ်များကလည်း အံ့ဩစရာကောင်းလောက်အောင် ထူးချွန်ပြောင်မြောက်နေခဲ့သည်။
“ကျွန်တော်မျိုး သေချာစုံစမ်းခဲ့ပြီးပါပြီ။ ဝမ်ကျန်းမြို့က ကိစ္စကို နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတာ လောင်ကျွမ်းနေမင်းဂိုဏ်းပါ”
“ထင်တဲ့အတိုင်းပဲ”
ကျိုးရီ၏သံသယများ မှန်ကန်သွားသော်လည်း သူ့ရင်ထဲတွင် ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်မျိုး မရှိခဲ့ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်က အင်အားစုတစ်ခုတည်း ဆင်းသက်လာခဲ့ခြင်း မဟုတ်ပေ။
ကောင်းကင်ဖြတ်တောက်ခြင်းတံခါး၊ ဆောင်းဦးမေပယ်တောင်ကြား၊ မဟာအကာအကွယ်ဂိုဏ်းနှင့် နတ်ဘုရားဓားဂိုဏ်း ကဲ့သို့သော အင်အားစုများက တာ့ချန်ကို ခွဲဝေယူခဲ့ကြပြီး မူလ သူကောင်းမျိုးနွယ်များ၊ နန်းတွင်းအရာရှိများနှင့် မြင့်မြတ်သော အသိုင်းအဝိုင်းများ၏ နေရာတွင် အစားထိုးဝင်ရောက်လာခဲ့ကြသည်။
ချန်ဧကရာဇ်သည် အပေါ်ယံတွင် ခမ်းနားကြီးကျယ်ပုံရသော်လည်း အမှန်တကယ်တွင်မူ ဤအင်အားစုကြီးများ၏ ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်နေပေသည်။
ထိုအင်အားစုအသီးသီးသည် ဤလောကကြီးကို သူတို့၏ မွေးမြူရေးခြံကြီးတစ်ခုပမာ သဘောထားနေပုံရသည်။ သူ မဟာတာအို အင်မော်တယ်ဘူးသီး အတွင်း၌ ‘အရသာရှိသော စားသောက်ဖွယ်ရာများ’ ကို မွေးမြူထားသကဲ့သို့ပင် ဖြစ်သည်။
သူတို့ ပျိုးထောင်ထားသော သိုင်းပညာရှင်များကို သူတို့၏ ဂိုဏ်းများအတွင်းသို့ ထည့်သွင်းကာ အင်အားချဲ့ထွင်ကြသည်။
သဘာဝတရားထဲတွင် ရှင်သန်ကြီးထွားလာသော နတ်ဆိုးသားရဲများထံမှ အသားများ စားသုံးရန်၊ အမြုတေများကို ဆေးဝါးဖော်စပ်ရန်နှင့် အရိုးနှင့် အရေခွံများကို လက်နက်၊ သံချပ်ကာများအဖြစ် ဖန်တီးရန် အသုံးပြုနိုင်သည်။
သို့သော် နတ်ဆိုးသားရဲများ၏ တိုးတက်မှုနှုန်းမှာ ထိုမျှလောက်မမြန်ဆန်ပေ။ မည်သို့ပင်ဖြစ်စေ ဤကမ္ဘာတွင် ၀ိညာဉ်စွမ်းအင်များ စတင်နိုးထလာခဲ့သည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသည်။
ဖြစ်စဉ်ကို အရှိန်မြှင့်ရန်အတွက် အချို့သော အင်အားစုများသည် နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများကို လူသားများအား ဝါးမျိုစားသောက်စေရန် တွန်းအားပေးကာ ဆင့်ကဲပြောင်းလဲမှုကို မြန်ဆန်စေခဲ့သည်။
ထိုသူတို့ အဘယ်ကြောင့် ဤမျှလောက် ရက်စက်ယုတ်မာကြသနည်း။
“တာ့ချန်ရဲ့ ၀ိညာဉ်စွမ်းအင်က ပါးလွှာတော့ ဒီကိုလာတဲ့သူ အများစုက သာမန်ဂိုဏ်းအင်အားစုတွေပဲ ဖြစ်မယ်"
“သာမန်ဂိုဏ်းတွေတောင် ဒီလောက်ရက်စက်ပြီး လူ့အသက်ကို မြက်ပင်လေးတွေလို သဘောထားနေကြရင် ရှေးဟောင်းမိသားစုတွေနဲ့ မူလသူတော်စင်နယ်မြေတွေဆိုရင် ဘယ်လောက်တောင် ကြောက်စရာကောင်းနေမလဲဆိုတာ မှန်းဆလို့တောင် မရဘူး”
ကျိုးရီသည် တွေးတောရင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကျိုးရီသည် သူ့လက်အောက်ခံ နတ်ဆိုးများကို တာ့ချန်အပြင်ဘက်သို့ စုံစမ်းထောက်လှမ်းရန် စေလွှတ်ခဲ့သော်လည်း ရလဒ်များမှာ အမြဲတမ်း အမည်မသိကံကြမ္မာများဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
သူ မွေးမြူထားသော ရွှေရောင်မျက်ဝန်း ကျောက်စိမ်းကြက်များမှာ အသားနူးညံ့ကာ အရိုးများကြွတ်ရွပြီး အဆီနှင့် အသား အချိုးအစား မျှတလှသည်။
အရသာရှိရုံသာမက ၀ိညာဉ်စွမ်းအင်များလည်း ပြည့်နှက်နေသည်။ ဆယ်ကြိမ်လွှတ်လိုက်လျှင် ကိုးကြိမ်ခန့်မှာ အဖမ်းခံရပြီး စားသောက်ခံလိုက်ရသည်ချည်းပင်။
ထို့ကြောင့် ကျိုးရီသည် ပြင်ပကမ္ဘာနှင့်ပတ်သက်၍ အလွန်အမင်း သတိထားနေခဲ့ပြီး တာ့ချန် ကောင်းကင်အကျဉ်းထောင်အတွင်း၌ ရေပြင်ပမာ ငြိမ်သက်စွာ နေထိုင်ရင်း သူ၏ကျင့်ကြံခြင်းအဆင့် တိုးတက်စေရန်သာ ကြိုးပမ်းအားထုတ်နေခဲ့သည်။
သူ၏ အဓိကရည်မှန်းချက်မှာ လုံလုံခြုံခြုံ အစွမ်းထက်လာစေရန် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူစေလွှတ်လိုက်သော ကြက်နတ်ဆိုးတိုင်းတွင် စိတ်ပိုင်းဆိုင်ရာ အမှတ်အသားတစ်ခုကို ရိုက်နှိပ်ထားခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်က သူတို့၏ ဝိညာဉ်များကို ရှာဖွေစစ်ဆေးရန် ကြိုးစားပါက ချက်ချင်း ပေါက်ကွဲသွားမည်ဖြစ်ရာ သူ့လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို စိုးရိမ်စရာမလိုပေ။
“အားခွန်... မင်း ပင်ပန်းသွားပြီ”
“သခင့်ကို အလုပ်အကျွေးပြုရတာက ကျွန်တော်မျိုးအတွက် ဂုဏ်ယူစရာပါပဲ”
ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။
“ငါ့မှာ တာ့ချန်ရဲ့ အပြင်ဘက်ကို သွားဖို့ လမ်းကြောင်းတစ်ခုရှိတယ်။ အန္တရာယ်နည်းနည်း များပေမယ့် အကျိုးအမြတ်ကတော့ ကြီးမားတယ်”
“တကယ်လို့ မင်းသွားပြီး အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ရင် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်လာနိုင်လိမ့်မယ်”
အားခွန်၏မျက်ဝန်းများ တောက်ပသွားပြီး ချက်ချင်းပင် လက်ယှက်အရိုအသေပေးလိုက်သည်။
“ကျွန်တော်မျိုး သွားဖို့ဆန္ဒရှိပါတယ်”
ကျိုးရီ၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာပြီး အဆင့်မြင့်ဆေးလုံးများ ပြည့်နှက်နေသော ကြွေပုလင်းတစ်လုံးကို သူ့ဆီ လှမ်းပစ်ပေးလိုက်သည်။
“အသက်ရှင်ကျန်ရစ်ခြင်း စည်းမျဉ်းတွေကို ရွတ်ပြစမ်း”
“ဟုတ်ကဲ့ပါ သခင်။ အသက်ရှင်ကျန်ရစ်ခြင်း ပထမစည်းမျဉ်း၊ တိုက်ပွဲကို ရှောင်လွှဲနိုင်ရင် လုံးဝ မတိုက်ခိုက်ရဘူး၊ ပြဿနာကို ရှောင်လွှဲနိုင်ရင် လုံးဝမရှာရဘူး၊ ပုန်းကွယ်ခြင်း လမ်းစဉ်ကသာ အမြင့်မြတ်ဆုံးဖြစ်ပြီး အသက်ရှင်ကျန်ရစ်ရေးကသာ ပထမပဲ”
“အသက်ရှင်ကျန်ရစ်ခြင်း ဒုတိယစည်းမျဉ်း၊ မလွှဲမရှောင်သာ တိုက်ခိုက်ရတော့မယ်ဆိုရင် အမြစ်ပြတ်သုတ်သင်ရမယ်၊ အုပ်စုလိုက် ဝိုင်းတိုက်လို့ရရင် ဝိုင်းတိုက်ရမယ်၊ ဘယ်တော့မှ တစ်ယောက်တည်း မတိုက်ရဘူး၊ လျှို့ဝှက်တိုက်ခိုက်လို့ရရင် ဘယ်တော့မှ မျက်နှာချင်းဆိုင် ရင်မဆိုင်ရဘူး”
“အသက်ရှင်ကျန်ရစ်ခြင်း တတိယစည်းမျဉ်း၊ တကယ်လို့ လုံးဝ မနိုင်နိုင်တော့ဘူးဆိုရင် သခင့် မည်သူမည်ဝါဖြစ်ကြောင်းကို ဘယ်တော့မှ ထုတ်မပြောရဘူး၊ သခင်က ကလဲ့စားချေပေးမယ့်အချိန်ကိုပဲ စောင့်မျှော်နေရမယ်”
“မဆိုးဘူး။ မင်းက မျိုးနွယ်ရဲ့ အသန်မာဆုံးကြက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်၊ အရင်တုန်းက မင်းရဲ့ အဘိုးနဲ့ အဖေကလည်း သာမန်ကြက်တွေနဲ့ မတူဘူး”
“သူတို့ရဲ့ အသားတွေက နူးညံ့ပြီး စားလို့ကောင်း... အဟမ်း... သူတို့က ဉာဏ်ကောင်းပြီး ထက်မြက်ကြတယ်။ မင်းအလှည့်ကျတော့ ပိုပြီးတောင် ထူးချွန်လာသေးတယ်၊ လက်ရှိ နတ်ဘုရားကြက်မျိုးနွယ်စုရဲ့ အထူးချွန်ဆုံး ကြက်တစ်ကောင်ပဲ”
“သွားတော့။ မြေပုံက အဲဒီအထဲမှာ ရှိတယ်၊ မင်းရောက်သွားပြီးရင် သိုသိုသိပ်သိပ် နေရမယ်၊ ခရီးတွေ အများကြီးသွားပြီး ပြင်ပကမ္ဘာအကြောင်းကို တတ်နိုင်သမျှလေ့လာခဲ့ရမယ်”
“နားလည်ပါပြီ”
အားခွန်က ကျိုးရီကို နှုတ်ဆက်ထွက်ခွာသွားပြီးနောက် ကျိုးရီသည် သိုလှောင်လက်စွပ်အတွင်းမှ အချိန်ကြာမြင့်စွာ လေ့ကျင့်ပေးထားသော နောက်ထပ် ကြက်နတ်ဆိုးတစ်ကောင်ကို ခေါ်ထုတ်လိုက်သည်။
“လျှိုနန် သခင့်ကို အရိုအသေပေးပါတယ်”
“ရွှေခေတ်ကို ရောက်လာတော့မယ်။ ငါတို့နဲ့ သက်ဆိုင်တဲ့ ခေတ်တစ်ခေတ်လည်း စတင်တော့မယ်၊ နတ်ဘုရားကြက်မျိုးနွယ်စုရဲ့ အထက်မြက်ဆုံး လူငယ်လေး... မင်း လောကကြီးထဲကို ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်ပြီလား”
လျှိုနန်၏ မျက်ဝန်းများက မီးလျှံများပမာ လင်းလက်တောက်ပသွားသည်။
“ဒီနေ့ကို လျှိုနန် မျှော်လင့်စောင့်စားနေခဲ့တာ ကြာပါပြီ။ သခင့်ကို အလုပ်အကျွေးပြုဖို့အတွက် ဓားတောင်ပဲဖြစ်ဖြစ်၊ မီးပင်လယ်ပဲဖြစ်ဖြစ် သွားရဲပါတယ်၊ သွေးတွေ မြေပြင်ပေါ်မှာ ဖိတ်စဉ်ကျသွားရမယ်ဆိုရင်တောင် နည်းနည်းလေးမှ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”
နောက်တစ်နေ့ ကျိုးရီ ကောင်းကင်အကျဉ်းထောင်သို့ ရောက်ရှိလာသောအခါ ကြိုးကြာဖြူဝတ်စုံများကို ဝတ်ဆင်ထားသော သိုင်းပညာရှင်တစ်စုက အကျဉ်းလှည်းတန်းကြီးတစ်ခုအား စောင့်ကြပ်ခေါ်ဆောင်လာသည်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
အကျဉ်းလှည်းများကို အနက်ရောင်အဝတ်များဖြင့် ဖုံးအုပ်ထားသောကြောင့် အတွင်း၌ မည်သည့်အရာများ ရှိနေသည်ကို မမြင်နိုင်သော်လည်း ကျိုးရီသည် စိတ်စွမ်းအားကို အသုံးပြု၍ တစ်ချက်မျှ အကဲခတ်လိုက်ရုံဖြင့် အသိဉာဏ်ရှိနေသော နတ်ဆိုးများပါဝင်ကြောင်း သိရှိလိုက်သည်။
“နတ်ဆိုးတွေကို အမဲလိုက်တာပဲ၊ ကြိုးကြာဖြူဝတ်စုံတွေနဲ့ဆိုတော့…. သူတို့ ဒီလောက်မြန်မြန် လှုပ်ရှားလာလိမ့်မယ်လို့ မထင်ထားဘူး၊ မနေ့ကမှ စားသောက်ဆိုင်မှာ ကြားခဲ့ရတာ၊ အခု နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်တွေကို တွေ့နေရပြီ”
ကျိုးရီ စိတ်ထဲ၌ တိတ်တဆိတ် တွေးတောလိုက်သည်။ စဉ်းစားကြည့်လျှင်လည်း သဘာဝကျပေသည်။
သာမန်ပြည်သူများ သိရှိချိန်နှင့် နန်းတွင်းမှ တရားဝင်ကြေညာချိန်ကြားတွင် အမြဲတမ်း အချိန်ကွာဟမှု ရှိတတ်စမြဲဖြစ်သည်။ မူဝါဒတစ်ခုကို လူသိရှင်ကြား ကြေညာချိန်တွင် ထိုမူဝါဒ အသက်ဝင်နေသည်မှာ အချိန်မည်မျှ ကြာမြင့်နေပြီကို မည်သူမျှမသိနိုင်ပေ။
အကျဉ်းထောင်မှူးဝမ်ဆန်းသည် ကြိုတင်အကြောင်းကြားစာ ရရှိထားပုံရပြီး ၎င်းတို့ကို ကြိုဆိုရန် အကျဉ်းထောင်စောင့်တစ်စုနှင့်အတူ ထိုနေရာတွင် ရောက်ရှိနေပြီဖြစ်သည်။
“အကျဉ်းထောင်မှူးဝမ်... ဒီနတ်ဆိုးတွေကို ခင်ဗျားဆီအပ်ခဲ့မယ်။ သူတို့ရဲ့ ဒန်တျန်တွေနဲ့ ခြေလက်တွေကို ချိပ်ပိတ်ထားပြီးပြီ။ ကွပ်မျက်သူတွေဆီ လွှဲပြောင်းပေးပြီး ဝမ်းဗိုက်ခွဲ၊ အသားနဲ့ အရေခွံတွေ ခွာခိုင်းလိုက်ပါ၊ ပြီးရင်တော့ ကုန်ကြမ်းပစ္စည်းဌာနကို လွှဲပြောင်းပေးလိုက်ပေါ့”
“ပင်ပန်းသွားကြပြီ၊ ကျန်တာတွေကို ကျွန်တော့်ဆီသာ ထားခဲ့လိုက်ပါ၊ ကျိုးရီ... လူတွေခေါ်ပြီး ဒီအရာတွေကို အထဲ မြန်မြန်သယ်သွားလိုက်စမ်း”
နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ခေါင်းဆောင်များ ထွက်ခွာသွားကြသည်။
ဝမ်ဆန်းက အကျဉ်းလှည်းများကို ကောင်းကင်အကျဉ်းထောင် အတွင်းရှိ ခြံဝင်းတစ်ခုအတွင်းသို့ ဆွဲသွင်းရန် အမိန့်ပေးလိုက်သည်။
ကောင်းကင်အကျဉ်းထောင် အစောင့်များထဲမှ ဖွဲ့စည်းထားသော ကျင့်ကြံသူများသည် ခြံဝင်းအတွင်း၌ အသင့်စောင့်ဆိုင်းနေကြပြီး ဓားများနှင့် သံချိတ်များကို ခြံဝင်းပတ်လည်တွင် ချထားသောကြောင့် သားသတ်ရုံတစ်ခုနှင့် တူနေသည်။
အကျဉ်းလှည်းများအား သယ်ဆောင်လာပြီးသည်နှင့် အခြားသူများအားလုံးကို အပြင်သို့ မောင်းထုတ်လိုက်သည်။
ကျိုးရီသည် သူ့လက်အောက်ငယ်သားများ အချင်းချင်း တီးတိုးပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။
“ကျစ်... တကယ်ကို ကြောက်စရာကြီးကွာ၊ ငါ အဝတ်စအောက်ကနေ နည်းနည်းလေး ခိုးကြည့်လိုက်တာ။ အထဲမှာ ဘာရှိလဲသိလား…”
“မတ်တပ်ရပ်နေတဲ့ ဝံပုလွေလူသားကြီးဟ၊ သူ့သွားကြားထဲမှာ လက်သန်းလေးတစ်ချောင်းတောင် ညပ်နေတုန်းပဲ”
“ဘုရားရေ... နတ်ဆိုးတွေက သိပ်ကြောက်စရာကောင်းတာပဲ။ အဲဒီလူတွေက သူတို့ကို ဘယ်လိုလုပ်သတ်ရဲကြတာလဲ”
“ခုနက လူတွေက ကောင်းကင်အကျဉ်းထောင်က အစောင့်တွေ မဟုတ်ဘူးကွ။ သူတို့ကို ကွပ်မျက်သူတွေလို့ ခေါ်တယ်"
“သူတို့က နတ်ဆိုးတွေကို သတ်ဖြတ်ဖို့၊ အရေခွံဆုတ်ဖို့နဲ့ အသား၊ အရိုးတွေကို ခွဲထုတ်ဖို့ သီးသန့်တာဝန်ယူရမှာ၊ သူတို့ရဲ့ လစဉ်လစာက ငွေရှစ်ဆယ်တောင်ရတယ်လို့ ကြားတယ်”
“ချီးတဲ့မှပဲ... အဲဒီလောက်တောင် များတာလား၊ တစ်နှစ်ကို ငွေတစ်ထောင်နီးပါး ရှိတာပဲ”
“ဘယ်သူမဆို လုပ်နိုင်မယ်လို့ မင်းထင်နေတာလား။ အဲဒီလူတွေက အစောင့်တွေထဲမှာမှ အဆင့်အမြင့်ဆုံး ကျင့်ကြံသူတွေကွ”
“အားလုံးနီးပါးက နှောင်းပိုင်းဖြစ်တည်မှုအဆင့်ကို ဝင်ရောက်ထားကြပြီး ကြေးနီအသားအရေ၊ သံမဏိ အရိုးအဆစ်တွေနဲ့ နွားတစ်ကောင်လို ခွန်အားမျိုး ပိုင်ဆိုင်ထားကြတာ”
“ငါတို့လို လူတွေကတော့ နတ်ဆိုးတွေကိုသတ်ဖို့ နေနေသာသာ၊ သူတို့လက်ချက်နဲ့ မသေရင်ကို ကံကောင်းနေပြီ”
သူတို့ စကားစမြည်ပြောဆိုနေကြစဉ် အကျဉ်းထောင်စောင့်တစ်ဦးက ကျိုးရီထံသို့ ပြေးလာခဲ့သည်။
“စီနီယာကျိုး... အကျဉ်းထောင်မှူးက ခေါ်နေပါတယ်”
“အေး... လာပြီ”
ကျိုးရီက ဝမ်ဆန်း၏ရုံးခန်းသို့ သွားလိုက်လေသည်။
ဝမ်ဆန်းမှာ တစ်စုံတစ်ခု ရေးမှတ်နေပြီး သူရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ပြုံးကာ ဆီးကြိုလိုက်သည်။
“ကောင်လေးကျိုးရေ... မင်းတော့ ကံကောင်းတော့မယ်ဟေ့”
ကျိုးရီ အနည်းငယ် တွေဝေသွားသည်။
“ဘာကံကောင်းတာလဲ”
“ဟီးဟီး... နန်းတွင်းက ကောင်းကင်အကျဉ်းထောင်ထဲမှာ နတ်ဆိုးနှိမ်နင်းရေး အကျဉ်းထောင်ကို တည်ထောင်လိုက်ပြီမဟုတ်လား၊ နေ့စဉ်ရရှိတဲ့ နတ်ဆိုးအရင်းအမြစ်တွေကို လက်ခံဖို့နဲ့ ပြန်လည်ထုတ်ဝေဖို့ သီးသန့် ကုန်ကြမ်းပစ္စည်းဌာနတစ်ခုကိုလည်း ဖွဲ့စည်းနေတယ်”
“ငါ မင်းကို ကုန်ကြမ်းပစ္စည်းဌာနရဲ့ စာရေးအဖြစ် ထောက်ခံပေးထားတယ်၊ ဒါက တော်တော်လေး ဝင်ငွေကောင်းတဲ့ ရာထူးပဲကွ”