အခန်း ၄၂
Vol. 5 Ch. 42
အခန်း (၄၂) - မိတ်ဆွေဟောင်းတစ်ဦး၏သားနှင့် ပြန်ဆုံတွေ့ခြင်း
“ဝင်ငွေကောင်းတဲ့ရာထူး၊ ဟုတ်လား”
“ဟုတ်တယ်၊ ဝင်ငွေအတော်လေးကောင်းတဲ့ နေရာပဲ၊ မင်း အဲဒီရောက်သွားရင် နားလည်သွားလိမ့်မယ်”
“ကောင်းပါပြီ”
ကျိုးရီ ထွက်ခွာလာခဲ့ပြီး အသစ်ဖွဲ့စည်းထားသော ကုန်ကြမ်းပစ္စည်းဌာနခြံဝင်းအတွင်းသို့ ရောက်ရှိသွားချိန်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။
ကုန်ကြမ်းပစ္စည်းဌာနဆိုသည်မှာ ပြုပြင်စီမံပြီးသား နတ်ဆိုးရုပ်အလောင်းများကို လက်ခံရုံသက်သက် မဟုတ်ပေ။
ဆေးပညာနှင့် လက်နက်ဖန်တီးခြင်း လုပ်ငန်းစဉ်များအတွက် လတ်ဆတ်သော နတ်ဆိုးသွေး၊ အသား၊ အရိုးနှင့် အရေခွံများကို အချိန်မီ လိုအပ်သောကြောင့် ကုန်ကြမ်းပစ္စည်းဌာန၏ အနောက်ဘက်ခြမ်းကို တော်ဝင်လက်မှုဝန်ကြီးဌာန၏ ဆေးပညာနှင့် လက်နက်ဖန်တီးခြင်း ဌာနခွဲများနှင့်ပါ တိုက်ရိုက်ဆက်သွယ်ထားလေသည်။
ဖောစပ်ပြီးစီးသွားသော ဆေးလုံးများနှင့် လက်နက်များသည် နောက်ဆုံးတွင် ကုန်ကြမ်းပစ္စည်းဌာနဆီသို့သာ ပြန်လည်ဝင်ရောက်လာပေမည်။
ဤကဲ့သို့ အရင်းအမြစ်များကို ဟိုဒီ ရွှေ့ပြောင်းရသည့် လုပ်ငန်းစဉ်မှာ ဆောင်းတွင်းရေခဲတိုက်ထဲမှ အဆီတဝင်းဝင်း တောက်ပနေသော အသားတုံးကြီးကို ထုတ်ယူပြီးနောက် ပြန်လည်ထည့်သွင်းရသည်နှင့် တူညီသည်။
ပစ္စည်းများမှာ နန်းတွင်းပိုင်ဆိုင်မှုများ ဖြစ်နေဆဲဆိုသော်ငြား မိမိ၏ လက်ထဲတွင်မူ အကျိုးအမြတ်အချို့ ကျန်ရစ်ခဲ့လေသည်။
ဝမ်ဆန်းက ဤနေရာကို ဝင်ငွေကောင်းသောရာထူးဟု ခေါ်ဆိုခဲ့သည်မှာ မဆန်းတော့ပေ။ တကယ် စိတ်ချမ်းသာစရာကောင်းသော အလုပ်တစ်ခုကို ရှာဖွေပေးခဲ့ခြင်းဖြစ်သည်။
သူ့အနေဖြင့် ဤမျှလောက် အကျိုးအမြတ်လေးများကို ဂရုမစိုက်သော်လည်း ဤကဲ့သို့သော စေတနာမျိုးမှာ ရှားပါးလှသောကြောင့် အခွင့်အရေးရလျှင်ရသလို အကျိုးအမြတ်အချို့ ပြန်ပေးရန် ကျိုးရီ စိတ်ပိုင်းဖြတ်လိုက်သည်။
သူ့အတွက် အသုံးမ၀င်သော်ငြား စေတနာက စေတနာပင်ဖြစ်သည်။
“မင်းက ကုန်ကြမ်းပစ္စည်းဌာနရဲ့ စာရေးအသစ်လား”
ကုန်ကြမ်းပစ္စည်းဌာနအတွင်းရှိ အစိမ်းရောင် စာပေပညာရှင်ဝတ်ရုံကို ၀တ်ဆင်ထားသော အဘိုးအိုတစ်ဦးက ကျိုးရီ ရောက်ရှိလာသည်ကို မြင်သောအခါ ဖြည်းညင်းစွာ မေးမြန်းလာသည်။
ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။ သူ့ကို အနည်းငယ် အံ့အားသင့်သွားစေသည်မှာ ထိုအဘိုးအို၏ ကျင့်ကြံခြင်းအဆင့်ပင်။
အဘိုးအိုသည် သိုင်းသခင်တစ်ဦး ဖြစ်နေရုံသာမက မွေးရာပါယန်ဝိညာဉ်ကိုပါ ကျင့်ကြံထားနိုင်သော သိုင်းသခင်အဆင့် နှောင်းပိုင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပေသည်။
သို့သော် သေချာပြန်တွေးကြည့်လိုက်သောအခါ ဤသည်မှာ အတော်လေး သဘာဝကျကြောင်း နားလည်သွားသည်။ နန်းတွင်းမှ တည်ထောင်ထားသော ကုန်ကြမ်းပစ္စည်းဌာနသည် အမြတ်အစွန်းများပြားရုံသာမက လူအများ မက်မောစရာ နေရာတစ်ခုလည်း ဖြစ်ပေသည်။
အကယ်၍ တစ်နေ့နေ့တွင် တစ်စုံတစ်ယောက်က လာရောက်လုယက်သွားပါက ကြီးမားသော ဆုံးရှုံးမှုကြီးနှင့် ရင်ဆိုင်ရမည်မဟုတ်လော။
ထို့ကြောင့် အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးကို စေလွှတ်စောင့်ကြပ်စေခြင်းကသာ လုပ်ငန်း လုံလုံခြုံခြုံလည်ပတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။
“ဟုတ်ပါတယ်။ ကျွန်တော်က ကျိုးရီပါ၊ စီနီယာက ဘယ်သူများလဲ ခင်ဗျာ”
“ငါက စစ်သူကြီးကျောက်ပဲ။ ရှေ့လျှောက် ဒီကုန်ကြမ်းပစ္စည်းဌာနရဲ့ အစောင့်အရှောက်အဖြစ် တာဝန်ယူသွားမယ်”
“စီနီယာကျောက်၊ ရှေ့လျှောက် လမ်းညွှန်ပြသပေးဖို့ မျှော်လင့်ပါတယ်”
“ဟက်... အပြောကောင်းသား၊ မင်းကတော့ မဆိုးပါဘူး၊ ဒီလို ခေါင်ကျတဲ့နေရာလေးမှာ နှောင်းပိုင်းဖြစ်တည်မှုအဆင့်အထိ ကျင့်ကြံနိုင်တာကိုကြည့်ရင် ပါရမီကောင်းတယ်လို့ ဆိုရမယ်”
“ကံကောင်းသွားလို့ပါ”
“ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာ မလိုပါဘူး။ ကျင့်ကြံခြင်းလမ်းစဉ်မှာ ပါရမီက အရေးအကြီးဆုံးပဲ၊ လူအတော်များများက တစ်သက်လုံး လမ်းညွှန်ပြသမှုတွေ ရနေတာတောင် ဘာမှဖြစ်မလာကြဘူး”
“တချို့ကြတော့ ကိုယ့်ဘာသာကိုယ် စမ်းတဝါးဝါး လျှောက်ရင်းနဲ့ပဲ ထူးခြားတဲ့ စွမ်းရည်တွေကို နားလည်သဘောပေါက်သွားတတ်ကြတယ်”
“ရှေ့လျှောက် ဘာအရေးကြီးကိစ္စမှမရှိရင် ငါ့ကို မနှောင့်ယှက်နဲ့။ ငါက အေးအေးဆေးဆေးနေရတာကို ပိုသဘောကျတယ်၊ အကယ်၍ တစ်ယောက်ယောက် ကျူးကျော်ဝင်ရောက်လာရင် ငါ အရင်ဆုံးအာရုံခံမိမှာပဲ၊ အဲ့အချိန်ကျ ထွက်လာခဲ့မယ်”
စစ်သူကြီးကျောက်သညိ စကားပြောရင်းနှင့် လှည့်ထွက်သွားချိန်တွင် ကျိုးရီက သူ့ခါးတွင်ချိတ်ဆွဲထားသော အရက်ဘူးသီးကို သတိပြုမိသွားပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
စစ်သူကြီးကျောက်က ဝါသနာတူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ရှေ့လျှောက် တစ်ယောက်တည်း အရက်သောက်နေရန် မလိုတော့ပုံရသည်။
ဤကမ္ဘာတွင် ဖြတ်သန်းခဲ့ရသော နှစ်ကာလများတစ်လျှောက်လုံး ကျိုးရီ၌ အရက်ကို အထူးတလည် နှစ်သက်မြတ်နိုးခြင်းမှလွဲ၍ အခြား မည်သည့်ဝါသနာမျှ မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အရက်မူးသွားချိန်တွင် ခံစားရသော ဝေဝါးဝါး အသိစိတ်လေးက ရင်တွင်းရှိ ပူပင်သောကများနှင့် ဝမ်းနည်းကြေကွဲမှုများကို ခေတ္တခဏ ဖယ်ထားနိုင်သောကြောင့်ပင်။
ထို့အပြင် အင်မော်တယ်တစ်ပါးဖြစ်လာရန် လျှောက်လှမ်းရမည့် လမ်းခရီးက အလွန်တရာ ရှည်လျားလှသည်။
သိုင်းပညာလမ်းစဉ်ကိုသိုင်းပညာလမ်းစဉ်က ရှာဖွေခြင်းတစ်ခုတည်းကိုသာ အားထားနေမည်ဆိုပါက ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှပေမည်။
တစ်ခါတစ်ရံတွင် လူတစ်ယောက်၌ စိတ်ဖိစီးမှုများကို ဖြေဖျောက်ရန် ဝါသနာတစ်ခုခုတော့ လိုအပ်စမြဲပင်။
များမကြာမီမှာပင် ကွပ်မျက်သူများ ပြုပြင်စီမံထားသော နတ်ဆိုးသွေး၊ အသား၊ အရိုးနှင့် အရေခွံများကို သယ်ဆောင်လာကြသည်။
“စီနီယာကျိုး... ရာထူးတိုးသွားတယ်လို့ ကြားတယ်၊ ဝင်ငွေကောင်းမယ့်နေရာ ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ”
“စီနီယာကျိုး... ရှေ့လျှောက် ကျွန်တော်တို့ကိုလည်း စောင့်ရှောက်ပါဦး”
ပစ္စည်းများ လာရောက်ပို့ဆောင်ပေးသော အကျဉ်းထောင်စောင့်များမှာ အခြေအနေကို ကောင်းကောင်း နားလည်သဘောပေါက်သူများဖြစ်ကြရာ နားထောင်ကောင်းသော မြှောက်ပင့်စကားများကို တစ်ခွန်းပြီးတစ်ခွန်း ဆိုလာကြသည်။
“ဒါတွေအားလုံးက အကျဉ်းထောင်မှူးဝမ်ရဲ့ ကျေးဇူးနဲ့ ညီအစ်ကိုအားလုံးရဲ့ ထောက်ခံအားပေးမှုတွေကြောင့်ပါ၊ ဒီည ရှင်းဟွာ စားသောက်ဆိုင်မှာ ငါဒကာခံပါ့မယ်။ မမူးမချင်း အိမ်မပြန်ကြေး”
“စီနီယာကျိုးက တကယ်ကို သဘောထားကြီးတာပဲ”
လူအုပ်ကြီးက သူ့ကို နောက်ထပ် အကြိမ်အနည်းငယ်မျှ ချီးကျူးမြှောက်ပင့်ပြီးနောက် မျက်နှာပေါ်တွင် အပြုံးကိုယ်စီဖြင့် ထွက်ခွာသွားကြသည်။
ကျိုးရီသည် လက်ဆန့်ထုတ်ကာ နတ်ဆိုးအသားတုံးကို ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် မှတ်ဉာဏ်များက သူ့ဦးနှောက်ထဲသို့ လျင်မြန်စွာ စီးဆင်းဝင်ရောက်လာတော့သည်။
အသိဉာဏ်မရှိသေးသော နတ်ဆိုးများထံမှ မှတ်ဉာဏ်အပိုင်းအစများကို စုပ်ယူ၍ မရနိုင်သော်လည်း အသိဉာဏ်ရှိသော နတ်ဆိုးများ၏ မှတ်ဉာဏ်များကိုမူ လူသားများကဲ့သို့ စုပ်ယူနိုင်စွမ်း ရှိပေသည်။
[သေသင့်တဲ့ လူသားမျိုးနွယ်တွေ... သူတို့က ငါ့ကို အပြင်ထွက်လာအောင် မြှူဆွယ်ပြီး သစ္စာဖောက်သွားခဲ့ကြတယ်]
[စက်ဆုပ်ရွံရှာစရာကောင်းလိုက်တာ၊ ငါ လူသားအသွင်ပြောင်းနိုင်တဲ့အထိ ကျင့်ကြံနိုင်ဖို့ နီးစပ်နေခဲ့ပြီကို ဒီလူသားတွေက ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့ကြတယ်]
[ငါ ဆက်ပြီး ကျင့်ကြံလို့မရတော့ဘူး၊ နောင်ဘဝကျရင် ငါ တိရစ္ဆာန်ဘဝကိုပဲ ပြန်ရောက်သွားရတော့မှာလား]
[အဲဒီ နှစ်တစ်ထောင်နတ်ဆိုးအမြုတေကိုသာ ဝါးမျိုပြီး သန့်စင်နိုင်ခဲ့မယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံမှုတွေ သိသိသာသာ တိုးတက်လာခဲ့မှာပဲ။ ဒီလူသားတွေ ငါ့ကို ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ။ နှမြောစရာကောင်းတာက အဲဒီနတ်ဆိုးအမြုတေက လိုဏ်ဂူထဲမှာ ကျန်နေခဲ့သေးတယ်]
[ဘယ်ခွေးကောင်ကများ အဲဒီကနေ အကျိုးအမြတ်တွေ ရသွားမလဲမသိဘူး။ လူသားမျိုးနွယ်တွေ ဘယ်တော့မှ မရှာတွေ့တာ အကောင်းဆုံးပဲ]
ဤသည်မှာ နောက်ထပ်ရရှိလာသော အကျိုးအမြတ်တစ်ခု ဖြစ်လေသည်။
ကုန်ကြမ်းပစ္စည်းဌာနက နတ်ဆိုးရုပ်အလောင်းများကို လက်ခံထားလေသည်။ ၎င်းတို့ သေဆုံးသွားသည်မှာ အချိန်အတန်ကြာမြင့်နေပြီဖြစ်ပြီး စွမ်းအင်များ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူတို့၏ သွေးအနှစ်သာရ များမှာမူ ကျန်ရှိနေဆဲပင်။
သူသည် ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းကို အသုံးပြုနိုင်သောကြောင့် သွေးအနှစ်သာရအချို့ကို စုပ်ယူနိုင်ရုံသာမက မှတ်ဉာဏ်များကိုပါ ရရှိကာ အပိုအကျိုးအမြတ်များလည်း ရှာဖွေနိုင်ပေသည်။
အရင်းအမြစ်တစ်ခုတည်းမှနေ၍ အကျိုးအမြတ်များစွာ ရရှိနိုင်ခြင်းက တကယ်ကို အံ့မခန်းပင်။
ကျိုးရီသည် မှတ်ဉာဏ်များကို ရှာဖွေကြည့်ပြီးနောက် မည်သည့်ပြဿနာမျှ မရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သွေးအနှစ်သာရများကို စုပ်ယူလိုက်ပြီး အရင်းအမြစ်များကိုမူ လက်နက်ဖန်တီးခြင်းလုပ်ငန်းနှင့် ဆေးပညာခြံဝင်းများဆီသို့ အသီးသီး ပို့ဆောင်ရန် အမိန့်ပေးလိုက်သည်။
တစ်နေ့တာ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး ညနေခင်းရောက်သောအခါ ကျိုးရီက လူတိုင်းကို အရက်ဝိုင်းဖြင့် ဧည့်ခံလိုက်သည်။
အ၀အပြဲ စားသောက်ပြီးနောက် မူးဝေနေသော လူအုပ်ကြီးမှာ မိမိတို့၏ နေအိမ်အသီးသီးသို့ ပြန်သွားကြသည်။
ကျိုးရီသည် အနီးနားရှိ လမ်းကြားလေးတစ်ခုအတွင်းသို့ ဝင်ရောက်သွားကာ ခြေဖျားကို ခပ်ဖွဖွ ပင့်လိုက်သည်နှင့် သူခန္ဓာကိုယ်မှာ မိုင်နှစ်ရာကျော်အကွာရှိ လိုဏ်ဂူတစ်ခုအတွင်းသို့ ချက်ချင်းရောက်ရှိသွားတော့သည်။
သူသည် ကြည်လင်တောက်ပနေသော နှစ်တစ်ထောင် နတ်ဆိုးအမြုတေတစ်ခုကို သိမ်းဆည်းပြီးနောက် နောက်ထပ်ရတနာသိုက်တစ်ခုဆီသို့ ထွက်ခွာသွားသည်။
သူ၏ လက်ရှိအမြန်နှုန်းမှာ ကြောက်ခမန်းလိလိပင်။ မှတ်ဉာဏ်များကို ရှာဖွေပြီးနောက် ရတနာရှာဖွေခြင်းမှာ မျက်တောင်တစ်ခတ်အတွင်း ပြီးမြောက်နိုင်သော အလုပ်တစ်ခု ဖြစ်သွားသည်။
တစ်ညတည်းနှင့် ပစ္စည်းကောင်း အတော်များများကို ရရှိခဲ့လေသည်။ ဤအရာများက သူ့အတွက် တန်ဖိုးကြီးမားလှသည်တော့ မဟုတ်ပေ။
သို့သော် အပြင်ကိုသာ ထုတ်ပြလိုက်မည်ဆိုပါက သိုင်းလောကတစ်ခုလုံး သွေးချောင်းစီးစစ်ပွဲကြီးတစ်ခုကို ဖြစ်ပေါ်စေရန် လုံလောက်ပေသည်။
ကျိုးရီသည် ထိုအရာများကို တစ်ခါမျှ အထင်သေးလေ့မရှိပေ။ ကျင့်ကြံခြင်းဆိုသည်မှာ အနည်းငယ်ချင်းစီ စုဆောင်းရသော လုပ်ငန်းစဉ် ဖြစ်လေသည်။
သူ့တွင် ကျောထောက်နောက်ခံမရှိပေ။ ကိုယ့်ကိုယ်သာ လုံးလုံးလျားလျား မှီခိုနေရသောကြောင့် တစ်ပြားတစ်ချပ်မှစ၍ စုဆောင်းရုံသာ ရှိတော့သည်။
ဤအရာအားလုံးကို ပြီးစီးသွားပြီးနောက် ကျိုးရီ နေအိမ်သို့ အမြန်ပြန်လာခဲ့သည်။ သို့သော် ရောက်ရောက်ချင်းမှာပင် တံခါးဝ၌ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ ကြိုးကြာဖြူ အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော လူရိပ်တစ်ခု ရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုသူ သူ့ကို စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာနေလောက်ချေပြီ။
ကျိုးရီကို မြင်လိုက်သည်နှင့် သူက ချက်ချင်း ရှေ့တိုးလာကာ လက်ယှက်၍ အရိုအသေပေးလိုက်သည်။
“စီနီယာ... မတွေ့ရတာ နှစ်အတော်ကြာခဲ့ပြီ။ နေကောင်းရဲ့လား ခင်ဗျာ”
ကျိုးရီ အံ့အားသင့်သွားသည်။ သေချာစိုက်ကြည့်လိုက်သောအခါမှသာ တစ်ဖက်လူ၏ မျက်နှာမှာ အနည်းငယ်ရင်းနှီးနေကြောင်း တွေ့လိုက်ရသည်။
ခဏအကြာတွင် သူ့ဦးနှောက်ထဲ၌ ပုံရိပ်အချို့ ဖြတ်ပြေးသွားပြီးနောက် ထိုသူ မည်သူမည်ဝါဖြစ်ကြောင်းကို လျင်မြန်စွာ အတည်ပြုလိုက်နိုင်သည်။
“ယန်ကျန်းလား”
သူနှင့်ရင်းနှီးနေသည်မှာ မဆန်းတော့ပေ။ မိတ်ဆွေဟောင်းတစ်ဦး၏သား ဖြစ်နေလေ၏။ ဤကောင်လေး ကြီးပြင်းလာသောအခါ သူ့ဖခင်နှင့် ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက်အထိ ဆင်တူနေခဲ့သည်။
နေ့ခင်းဘက်က သူသည် နတ်ဆိုးများကိုသာ အာရုံစိုက်နေခဲ့သောကြောင့် သတိမထားမိခဲ့ချေ။
“စီနီယာက မျက်စိရှင်တာပဲ။ ကျွန်တော် ဘယ်သူဆိုတာကို တစ်ချက်တည်းနဲ့ တန်းမှတ်မိသွားတယ်”
“တကယ်ပဲ မင်းဖြစ်နေတာကိုး။ မင်း အခုလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ယန်ရှုံး၏ ဇာတိရွာသို့ သူ သွားရောက်ခဲ့စဉ်က ယန်ကျန်းမှာ လမ်းလျှောက်တတ်ကာစ ကလေးငယ်လေးသာ ရှိသေးကြောင်း ကျိုးရီ မှတ်မိနေဆဲဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးထွားလာပြီး နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ထဲသို့ ဝင်ရောက်ကာ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
“စီနီယာရဲ့ ကြီးမားတဲ့ ကျေးဇူးတရားတွေကြောင့်သာ ဒီနေ့ ဒီအချိန်မှာ ဒီနေရာကို ရောက်လာခဲ့တာပါ၊ မဟုတ်ရင် ကျွန်တော် အခုချိန်ထိ အသက်ရှင်နိုင်ပါ့မလားဆိုတာတောင် ပြောရခက်တယ်”
“ဒီနေ့ ကောင်းကင်အကျဉ်းထောင်ထဲမှာ စီနီယာ့ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိလိုက်တယ်၊ စီနီယာရဲ့ နားဘေးက ဆံပင်တွေ ဖြူသွားပေမယ့် ရုပ်ရည်ကတော့ အရင်အတိုင်းပဲ”
“ဒါပေမယ့် နေ့ခင်းတုန်းက လူတွေအရမ်းများနေတော့ စီနီယာနဲ့ စကားပြောဖို့ အဆင်မပြေခဲ့ဘူး၊ အဲဒါကြောင့် စီနီယာ့ရဲ့ နေရာကိုပဲ မေးထားလိုက်တာ၊ အလုပ်ဆင်းတာနဲ့ စီနီယာ့ကိုစောင့်ဖို့ ဒီကို တန်းပြေးလာခဲ့တာ”
ကျိုးရီ ခေါင်းခါယမ်းလိုက်သည်။
“မင်း ဒီလိုမျိုး လုပ်နေစရာမလိုပါဘူး။ ငါက အေးအေးဆေးဆေး နေရတာကို သဘောကျတယ်၊ မိတ်ဆွေဖွဲ့လေ့လည်း မရှိသလို အနှောင့်အယှက်ခံရတာမျိုးလည်း မလိုလားဘူး”
“မင်းက နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီဆိုတော့ ပြည်သူတွေအတွက် အန္တရာယ်တွေကို ရှင်းလင်းပေးပြီး နတ်ဆိုးတွေကို သတ်ဖြတ်ဖို့ပဲ အာရုံစိုက်ထားသင့်တယ်"
“မင်းရဲ့ အားအင်တွေကို ငါ့ဆီမှာပဲ လာစိုက်ထုတ်နေစရာမလိုဘူး”
“မရဘူး၊ ကျွန်တော့်အမေက အောင်မြင်သွားပြီဆိုရင် အရင်တုန်းက စီနီယာရဲ့ ကြီးမားတဲ့ ကျေးဇူးတရားတွေကို မဖြစ်မနေ ပြန်ဆပ်ရမယ်လို့ ခဏခဏ မှာခဲ့ဖူးတယ်”
စကားပြောရင်းနှင့် ယန်ကျန်းက သူ့ဝတ်ရုံအတွင်းမှ အထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။
ကျိုးရီ၏ စိတ်စွမ်းအားက ထိုအရာပေါ်သို့ ဖြတ်ပြေးသွားပြီးနောက် အတွင်း၌ ရှိနေသည့်အရာကို သိလိုက်သည်။ နှစ်တစ်ရာသက်တမ်းရှိ ဂျင်ဆင်းမြစ် နှစ်မြစ်၊ ငွေတစ်ထောင်ကျော်နှင့် ကျင့်စဉ်နှစ်ခုတို့ ပါဝင်နေသည်။