အခန်း ၄၃
Vol. 5 Ch. 43
အခန်း (၄၃) - ဓားသူတော်စင် ပြန်ဝင်စားခြင်း
“ကျွန်တော်က နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ မှာ တာဝန်ထမ်းဆောင်နေတာ သိပ်မကြာသေးတော့ ဒီပစ္စည်းလေးတွေလောက်ပဲ စုဆောင်းနိုင်ခဲ့ပါတယ်။ စီနီယာ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီပစ္စည်းလေးတွေကို လက်ခံပေးပါခင်ဗျာ”
ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။
တစ်ဖက်လူ၏ စဉ်းစားဆင်ခြင်ဉာဏ်မှာ အတော်လေး ကောင်းမွန်ပေသည်။ ယန်ကျန်းသည် လက်ရှိတွင် နှောင်းပိုင်းဖြစ်တည်မှုအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးပြီး မွေးရာပါအဆင့်သို့ မရောက်ရှိသေးပေ။
ဤပစ္စည်းများကို စုဆောင်းရသည်မှာ သူ့အတွက် လွယ်ကူမည် မဟုတ်ပေ။
သားသည် ဖခင်၏ ခြေရာကို နင်းတတ်သည်ဆိုသည့် စကားအတိုင်းပင်။
ယန်ရှုံးနှင့် သူ့ဇနီးတို့မှာ ဖြောင့်မတ်တည်ကြည်သူများ ဖြစ်ကြပြီး သူတို့ ပျိုးထောင်ခဲ့သော သားဖြစ်သူမှာလည်း သဘောကောင်းလွန်းပေသည်။
“အထဲဝင်ပြီးမှ စကားဆက်ပြောကြတာပေါ့”
“ဟုတ်ကဲ့ပါ”
ယန်ကျန်းသည် ကျိုးရီ၏ အနောက်မှလိုက်ကာ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ရုတ်တရက် အေးစက်စက် ယင်စွမ်းအင်တစ်ခု သူ့ကို ရိုက်ခတ်သွားသလို ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်ရှိ အမွေးများအားလုံး ထောင်တက်သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာတော့သည်။
သူ၏ မျက်၀န်းများ ကျုံ့ဝင်သွားပြီး ငရဲပြည်ထဲ ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အပြင်ဘက်မှ ကြည့်လျှင် သာမန်ခြံဝင်းငယ်လေးတစ်ခုသာ ဖြစ်သော်လည်း အတွင်းဘက်တွင်မူ အပြင်လောကနှင့် လုံးဝကွဲပြားခြားနားသော ကမ္ဘာတစ်ခုအလား ဖြစ်နေသည်။
နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို မကြုံတွေ့ခဲ့ဖူးသည်တော့ မဟုတ်ပေ။ သို့သော် ကျိုးရီ၏ခြံဝင်းငယ်လေးထဲရှိ အေးစက်မှုက သူ့ကို ဖိနှိပ်ထားသဖြင့် လမ်းလျှောက်ရန်ပင် ခက်ခဲနေခဲ့သည်။
သူသည် နှောင်းပိုင်းဖြစ်တည်မှုအဆင့် အထွတ်အထိပ်၌ ရှိနေသော ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား ကျိုးရီ၏ ခြံဝင်းထဲတွင်မူ လမ်းလျှောက်ရန်ပင် ခက်ခဲနေခဲ့သည်။
‘အစီအရင်... ဒါက အစီအရင်တစ်ခု ဖြစ်ရမယ်'
‘စီနီယာက အစီအရင်တာအိုမှာတောင် ဒီလောက်ကျွမ်းကျင်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူက တကယ်ကို ဘက်စုံတော်တဲ့ ပါရမီရှင်တစ်ယောက်ပဲ'
‘တကယ်ကို ကြောက်စရာကောင်းလွန်းတယ်'
မှန်ပေသည်။ ယခင်ကတော့ ထိုမျှလောက်မဆိုးပေ။ ကျိုးရီ ရှိနေခြင်းကြောင့် ခြံဝင်းက ဝိညာဉ်စွမ်းအင်များကို အလွန်မြန်ဆန်စွာ စုပ်ယူနေခြင်းဖြစ်သည်။
ထို့အပြင် အချိန်ကြာလာသောအခါ မြေအောက်ရှိ များစွာသော မသေမျိုးဝိညာဉ်များနှင့် ယင်စွမ်းအင်များ ပေါင်းစပ်သွားသဖြင့် ခြံ၀င်းက တဖြည်းဖြည်း လွှမ်းမိုးခံလာရပြီး ပြင်ပလောကနှင့် ကွဲကွာသွားခြင်းဖြစ်သည်။
အဆင့်မြင့် ကျင့်ကြံသူများအတွက်မူ ဤအရာက သိပ်ပြီး ထူးခြားလှမည် မဟုတ်သော်လည်း မွေးရာပါအဆင့်အောက် ကျင့်ကြံသူများအတွက်မူ ပြင်းထန်သော ဖိနှိပ်မှုတစ်ခု ဖြစ်နေလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ဤဖိနှိပ်မှုက ပိုမိုပြင်းထန်လာမည်သာဖြစ်သည်။ နောက်ထပ် နှစ်တစ်ရာကြာပြီးနောက်တွင် မွေးရာပါအဆင့် သို့မဟုတ် သိုင်းသခင်အဆင့် ရှိသူများကိုပင် ဖိနှိပ်ထားနိုင်လာပေမည်။
သာမန်အချိန်များတွင် လှည့်စားခြင်း အစီအရင်တစ်ခု ရှိနေသောကြောင့် သာမန်လူများ ဝင်ရောက်နိုင်မည်မဟုတ်သလို သတိပြုမိမည်လည်း မဟုတ်ပေ။
ယခု ယန်ကျန်းသည် ကျိုးရီ ခေါ်ဆောင်လာသောကြောင့်သာ ဝင်ရောက်လာနိုင်ခြင်းဖြစ်ပြီး ဤဖိနှိပ်မှုကို ခံစားလိုက်ရခြင်းဖြစ်သည်။
ကျိုးရီသည် သူ့ကို လှည့်ကြည့်ကာ ခေါင်းခါယမ်းလိုက်ပြီး တစ်ချက်တောက်လိုက်ရာ ချီစွမ်းအင်တစ်မျှင်က ယန်ကျန်းကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ယန်ကျန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများမှာ ချက်ချင်းဆိုသလို လုံး၀ ပျောက်ကွယ်သွားတော့သည်။
ယန်ကျန်း သက်ပြင်းရှည်ကြီးချလိုက်မိသည်။
“စီနီယာရှေ့မှာ ကျွန်တော် အရှက်ကွဲသွားရပြန်ပြီ”
ကျိုးရီ ဘာမှမပြောဘဲ အိမ်ထဲသို့သာ ဝင်သွားခဲ့ပြီး ယန်ကျန်းကလည်း အနီးကပ် လိုက်ပါသွားခဲ့သည်။
“မင်းအမေရော နေကောင်းရဲ့လား”
ကျိုးရီက သူ့မိခင်အကြောင်း မေးမြန်းလိုက်သည်ကို ကြားသောအခါ စိတ်ပျက်ဝမ်းနည်းစွာဖြင့် ခေါင်းအောက်စိုက်ကျသွားတော့သည်။
“အဖေ သေဆုံးသွားပြီဆိုတာကို သိလိုက်ရတဲ့အချိန်ကစပြီး အမေက နေ့တိုင်း မျက်ရည်တွေနဲ့ချည်း မျက်နှာသစ်နေခဲ့တ ။ ကျွန်တော့်ကို အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးဖို့သာ မဟုတ်ခဲ့ရင် အမေ တောင့်ခံထားနိုင်ခဲ့မှာ မဟုတ်လောက်ဘူး”
“နောက်ပိုင်းမှာ ကျွန်တော် သိုင်းပညာကျင့်ကြံတာ အောင်မြင်လာပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်တဲ့ အချိန်ရောက်တော့ အမေက ညဘက်မှာ သေတမ်းစာလေးတစ်စောင် ထားရစ်ခဲ့ပြီး ကြိုးဆွဲချ သတ်သေသွားခဲ့တယ်”
“သူ့ရဲ့ နှလုံးသားက သံမဏိလို ခိုင်မာလွန်းတယ်၊ တကယ်ကို ရှားရှားပါးပါးပဲ၊ မင်းအဖေရဲ့ဘ၀က ပျော်ဖို့ကောင်းခဲ့မှာပါ”
ကျိုးရီအတော်လေး စိတ်လှုပ်ရှားသွားသည်။ ဤကဲ့သို့သော မိန်းမမျိုးမှာ သူ့ယခင်ဘဝတွင် မီးအိမ်ထွန်းရှာလျှင်ပင် တွေ့နိုင်မည်မဟုတ်ပေ။
ခေတ္တရပ်နားလိုက်ပြီးနောက် သူက ဆက်ပြောလာသည်။
“မင်းရဲ့ စွမ်းအင်ထဲမှာ နတ်ဆင်နဂါးကျင့်စဉ်ရဲ့ အငွေ့အသက်တွေ ရှိနေပေမယ့် ဓားတာအိုရဲ့ အငွေ့အသက်တွေက ပိုပြီးပြင်းထန်နေတာကို ငါ မြင်နေရတယ်၊ ဘာလို့လဲ”
ယန်ကျန်းက ရှင်းပြလာသည်။
“ကျွန်တော်က နတ်ဆင်နဂါးကျင့်စဉ်ကို အရင်စပြီး ကျင့်ကြံခဲ့တာပါ၊ ဒါပေမယ့် အကြောင်းရင်းတစ်ခုကြောင့် နောက်ပိုင်းမှာ ကျွန်တော့်ပါရမီက ဓားသိုင်းပညာရပ်မှာ အရမ်းအားကောင်းနေတယ်ဆိုတာကို တွေ့လိုက်ရတယ်”
“အဲ့တာကြောင့် ဓားတာအိုကို အဓိကထားကျင့်ကြံပြီး နတ်ဆင်နဂါးကျင့်စဉ်ကိုတော့ အကူကျင့်စဉ်တစ်ခုအနေနဲ့ ပြောင်းလဲကျင့်ကြံခဲ့တာ”
ကျိုးရီ၏ ဝိညာဉ်စွမ်းအားများ သူ့အပေါ်သို့ ဖြတ်ပြေးသွားသည်။
သေချာ စောင့်ကြည့်ပြီးနောက် ကျိုးရီ အနည်းငယ် အံ့အားသင့်သွားမိသည်။
‘ဘုရားရေ... ဒီကောင်လေးရဲ့ ဝိညာဉ်အငွေ့အသက်က ဘယ်လိုလုပ်ပြီး ဓားသူတော်စင်လီချင်းဖုန်းနဲ့ ဒီလောက်တောင် ဆင်တူနေရတာလဲ၊ သူက ဓားသူတော်စင်လီချင်းဖုန်း ပြန်ဝင်စားတာများလား'
ဤသည်မှာ လောကကြီး၏ အကြီးမားဆုံးသော တိုက်ဆိုင်မှုကြီးတစ်ခုပင်။ အရင်က သူသည် ယန်ကျန်းကို ကူညီခဲ့ဖူးပြီး နောက်ပိုင်းတွင် ဓားသူတော်စင်လီချင်းဖုန်း၏ အမွေအနှစ်ကို ရရှိခဲ့သည်။
ယခုအခါတွင် ထိုသူက ကျေးဇူးဆပ်ရန် ပြန်လည်ရောက်ရှိလာပြန်လေပြီ။
နောက်ကွယ်၌ ကောင်းကင်ဘုံ၏ အလိုတော် ရှိနေသည်မှာ မှန်နေပုံရသည်။
ယန်ကျန်းနှင့် သူ့မိခင်ကို ကူညီခဲ့ခြင်းကြောင့်သာ လီချင်းဖုန်း၏ အမွေအနှစ်ကို ရရှိခဲ့ခြင်းဖြစ်နိုင်သည်။
ထိုအချိန်က သူသည် ဓားသူတော်စင်လီချင်းဖုန်း၏ ရုပ်အလောင်းရှေ့တွင် သူ့ကို ပြန်တွေ့ခဲ့ရပါက ကျေးဇူးဆပ်မည်ဟု ကတိပြုခဲ့ဖူးသည်။
ယခု သူ့ကို တွေ့ပြီဖြစ်သလို မိတ်ဆွေဟောင်းတစ်ဦး၏သားလည်း ဖြစ်နေသောကြောင့် အနည်းငယ်မျှတော့ လမ်းညွှန်ပေးရတော့ပေမည်။
“မင်း ကျင့်ကြံနေတဲ့ ဓားတာအိုကျင့်စဉ်ရဲ့ အဆင့်က သာမန်ပဲ၊ မင်းရဲ့ ပါရမီက အရမ်းကောင်းပေမယ့် ဒီကျင့်စဉ်နဲ့ဆိုရင်တော့ အဝေးကြီးကိုရောက်နိုင်ဖို့ ခက်ခဲလိမ့်မယ်”
ကျိုးရီက လက်ချောင်းလေးကို တစ်ချက်တောက်လိုက်ရာ အစိမ်းရောင် အလင်းတန်းတစ်ခုက ယန်ကျန်း၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်။
“ဒီဓားသိုင်းက မိုးပြာကြာပန်းဓားကျမ်းလို့ ခေါ်တယ်။ ပြိုင်ဘက်ကင်း ဓားသိုင်းပညာရပ်တစ်ခုပဲ၊ သေသေချာချာကျင့်ကြံ၊ မပေါ့ဆနဲ့၊ ဒီဘဝမှာ မင်း အောင်မြင်မှုတစ်ခုခု ရနိုင်လိမ့်မယ်”
ကောင်းကင်ဖြတ်ပိုင်းဓားသိုင်းက ဓားသူတော်စဉ်၏ ပိုင်ဆိုင်မှု ဖြစ်သော်ငြား ထိုအရာက သက်တမ်းကို အလွန်အမင်း စားသုံးလေသည်။
ယန်ကျန်း၏ ယခင်ဘဝဖြစ်သော လီချင်းဖုန်းသည် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း စောစောစီးစီး သေဆုံးသွားခဲ့ရသည်။ ထို့ကြောင့် ကျိုးရီက သူ့အား မိုးပြာကြာပန်းဓားကျမ်းကို သင်ကြားပေးလိုက်ခြင်းဖြစ်သည်။
မိုးပြာကြာပန်းဓားကျမ်းသည်လည်း ပြိုင်ဘက်ကင်းဂိုဏ်းတစ်ခု၏ အဓိကရတနာတစ်ခု ဖြစ်ခဲ့သည်။
ကောင်းကင်ဖြတ်ပိုင်းဓားသိုင်းထက် အနည်းငယ် အားနည်းသော်လည်း သူ၏ ပါရမီနှင့်ဆိုလျှင် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။
အရေးအကြီးဆုံးမှာ ဤကျင့်စဉ်က သူ့အသက်ကို ပေးဆပ်ရမည် မဟုတ်ပေ။
ယန်ကျန်းသည် ကျင့်စဉ်ကို ရရှိသွားပြီး ၎င်း၏ နက်နဲမှုများကို ခံစားလိုက်ရချိန်တွင် အလွန်အမင်း ဝမ်းသာပျော်ရွှင်ကာ ချက်ချင်း ဒူးထောက်ချလိုက်သည်။
“အဖိုးတန်ကျင့်စဉ်ကို သင်ကြားပေးတဲ့ ဆရာသခင်ကို ကျေးဇူးတင်ပါတယ်။ တပည့်မှာ ဒီကျေးဇူးကို ပြန်ဆပ်ဖို့ ဘာနည်းလမ်းမှ မရှိတဲ့အတွက် ဒီဘဝမှာ စီနီယာ့နောက်ကို သေတဲ့အထိလိုက်ပါပြီး ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်”
ကျိုးရီ ခေါင်းခါယမ်းလိုက်၏။
“မလိုပါဘူး။ ငါက တစ်ယောက်တည်းနေရတာကို ကျင့်သားရနေပြီ၊ တပည့်လည်း လက်ခံမဘူး။ ဒီနေ့ မင်းကို ဒီကျင့်စဉ်သင်ပေးလိုက်တာက အရင်တုန်းက မင်းအမေ ငါ့ကိုပေးခဲ့တဲ့ အသွင်မဲ့ကျင့်စဉ်အတွက် ကျေးဇူးဆပ်တယ်လို့ပဲ မှတ်ယူလိုက်ပါ”
ယန်ကျန်း အနည်းငယ် စိတ်ပျက်သွားသော်လည်း ကျိုးရီ မနှစ်သက်မှန်း သိသောကြောင့် ထပ်မံ မတောင်းဆိုရဲတော့ပေ။
“ကျွန်တော် ရိုင်းစိုင်းမိသွားတယ်”
ကျိုးရီ ထပ်ပြောလိုက်သည်။
“နောက်နောင် အရေးကြီးကိစ္စမရှိရင် ငါ့ကို လာမရှာနဲ့။ ငါက အေးအေးဆေးဆေး နေရတာကို သဘောကျတယ်၊ လူသိများမှာကို မလိုလားဘူး”
“ကျွန်တော် မှတ်သားထားပါ့မယ်”
နောက်ထပ် လအနည်းငယ် တိတ်တဆိတ် ကုန်လွန်သွားခဲ့ပြန်သည်။
ကောင်းကင်အကျဉ်းထောင်သို့ နေ့စဉ် ပို့ဆောင်လာသော နတ်ဆိုးအရေအတွက် တိုးလာပြီး ကောင်းကင်အကျဉ်းထောင်အတွင်းရှိ ကွပ်မျက်သူများမှာလည်း သုံးဆခန့် တိုးလာခဲ့သည်။
ကောင်းကင်အကျဉ်းထောင်ကြီးတစ်ခုလုံးမှာ နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့အတွက် သီးသန့် တည်ဆောက်ထားသကဲ့သို့ ဖြစ်လာတော့သည်။
အကျဉ်းသားအများစုကို တရားစီရင်ရေးခုံရုံးတွင် ဖမ်းဆီးထားပြီး ရက်စက်ကြမ်းကြုတ်သော မိစ္ဆာခေါင်းဆောင်များကိုသာ နတ်ဆိုးများနှင့်အတူ ဤနေရာသို့ ပို့ဆောင်လေ့ရှိသည်။
ကျိုးရီသည် ကုန်ကြမ်းပစ္စည်းဌာနတွင် ပိုအသားကျလာ၏။
“ကျစ်... မင်းလိုကောင်လေးဆီမှာ ဒီလို အရက်ကောင်းမျိုး ရှိနေတယ်တဲ့လား၊ တကယ်ကို ရှားရှားပါးပါးပဲ။ တာ့ချန်ကို ရောက်လာကတည်းက ဒီလို အရည်အသွေးမျိုးရှိတဲ့ အရက်ကို ဒီအဘိုးကြီး မမြည်းစမ်းရတာ အတော်ကြာနေပြီ”
တစ်နေ့တွင် ကျိုးရီက သူကိုယ်တိုင် ချက်လုပ်ထားသော အရက်တစ်အိုးအား စစ်သူကြီးကျောက်ကို ပေးလိုက်ရာ စစ်သူကြီးကျောက်ထံမှ ချီးကျူးစကားများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
“စီနီယာ သဘောကျလို့ ဝမ်းသာပါတယ်”
စစ်သူကြီးကျောက်က မျက်လုံးများကို မှေးကာ အနည်းငယ်ပြုံးလိုက်မိသည်။
“မင်းလို ကောင်လေးက အကြောင်းမရှိဘဲ မလုပ်တတ်ပါဘူး၊ ဘာလို့ ရုတ်တရက်ကြီး ဒီအဘိုးကြီးကို ဒီလိုအရက်ကောင်းမျိုး လာပေးရတာလဲ၊ မင်းစိတ်ထဲမှာ တစ်ခုခုရှိနေရင် ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ”
လအနည်းငယ်ကြာ ဆက်ဆံလာခဲ့ပြီးနောက် စစ်သူကြီးကျောက်သည် ကျိုးရီကို အတော်လေး သဘောကျနေခဲ့သည်။ သူသည် ရင့်ကျက်တည်ငြိမ်ပြီး အလုပ်လုပ်ရာတွင်လည်း တိကျသေသပ်ရ၏။
ကုန်ကြမ်းပစ္စည်းဌာနသည် ဝင်ငွေကောင်းသော်ငြား မျက်လုံးပေါင်းများစွာက ဤနေရာကို စောင့်ကြည့်နေကြသည်။
ပါဝင်ပတ်သက်နေသော ရှုပ်ထွေးမှုများနှင့် အသေးစိတ်ကိစ္စရပ်များကြောင့် ဂရုမစိုက်ပါက ပြဿနာကြီးများ ဖြစ်ပေါ်လာနိုင်သည်။ ရာထူးမှ ထုတ်ပယ်ခံရခြင်း၊ စုံစမ်းစစ်ဆေးခံရခြင်းမှစ၍ တိုက်ရိုက်သတ်ဖြတ်ခံရသည်အထိပင် ဖြစ်နိုင်သည်။
သို့သော် ကျိုးရီသည် အရာအားလုံးကို အလွန်သေသပ်လှပစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
အစိုးရရုံးများနှင့် အင်အားစုအသီးသီးကြားတွင် သူ့အကြောင်း မကောင်းပြောသူ တစ်ယောက်မျှ မရှိခဲ့ပေ။
ဤကောင်လေးက လောကီရေးရာအသိပညာနှင့် လူမှုဆက်ဆံရေးပရိယာယ်များကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်စွမ်း ရှိသူပင်။
အသက်တစ်ရာကျော် နေထိုင်ခဲ့ရသော သူကဲ့သို့ အဘိုးကြီးတစ်ဦးပင်လျှင် တစ်ခါတစ်ရံတွင် သူ့ကို မယှဉ်နိုင်ကြောင်း ဝန်ခံရပေမည်။
အမှန်တကယ်တော့ သူ မသိသောအရာမှာ ကျိုးရီသည် လူအတော်များများကို သာမန်နည်းလမ်းဖြင့် ကိုင်တွယ်၍ မရနိုင်သောကြောင့် စိတ်စွမ်းအားကို အသုံးပြုကာ လှည့်စားခြင်းများပြုလုပ်ပြီး သူတို့၏ စိတ်ဆန္ဒများကို အနည်းငယ် ပြောင်းလဲပစ်ခဲ့ခြင်းဖြစ်သည်။
ပြောင်းလဲ၍မရနိုင်သူများကိုမူ နတ်ဆင်နဂါး ရာပေါင်းများစွာ၏ ခွန်အားဖြင့် ညှိနှိုင်းတတ်လေ၏။ ထိုအခါ တစ်ဖက်လူမှာ သဘာဝကျကျပင် ချက်ချင်း သဘောတူသွားတော့သည်။
“ဒီအရက်အိုးက စီနီယာကျောက်နဲ့ တကယ်ကို ထိုက်တန်ပါတယ်၊ ကျွန်တော် ကုန်ကြမ်းပစ္စည်းဌာနကို ရောက်လာတာ လအနည်းငယ် ရှိသွားပြီ၊ ဒီအတောအတွင်း နတ်ဆိုးတော်တော်များများက အားမကောင်းကြဘဲ ပြည်သူတွေကို ဒုက္ခမပေးခင်မှာ ကြိုတင်နှိမ်နင်းလို့ရတယ်ဆိုတာ တွေ့ခဲ့ရတယ်”
“သိုင်းလောကမှာ မိစ္ဆာလမ်းစဉ်ကျင့်ကြံတဲ့ ဂိုဏ်းတွေက ပြည်သူတွေကို ဒုက္ခပေးဖို့ နတ်ဆိုးတွေကို ခိုင်းစေနေတယ်လို့ ကြားဖူးတယ်”
“ဒါပေမယ့် နန်းတွင်းမှာ လက်ရှိ အာဏာရနေတဲ့ ဂိုဏ်းကြီးတွေက ဘာလို့ မျက်ကွယ်ပြုပြီး သူတို့ အင်အားကြီးလာတဲ့အထိ စောင့်နေကြတာလဲ ဆိုတာကို သိချင်လို့ပါ”