အခန်း ၄၄
Vol. 5 Ch. 44
အခန်း (၄၄) - အားလုံးက လိုချင်နေသော ကျိုးရီ
ကျိုးရီ ရင်ထဲတွင် ရုတ်တရက် သူတော်ကောင်းစိတ် ပေါက်သွားခြင်း မဟုတ်ပေ။
ဤလူသားများနှင့် နတ်ဆိုးများသည် နောက်ဆုံးတွင် အချိန်မြစ်ထဲ နစ်မြုပ်ပျောက်ကွယ်သွားရမည့်သူများသာ ဖြစ်သောကြောင့် သူ သိပ်ပြီး ဂရုမစိုက်ပေ။
မည်သို့ပင်ဆိုစေ လူတိုင်းက အချိန်တန်လျှင် သေဆုံးရမည်သာ။
ကျယ်ဝန်းပြီး လူဦးရေ ထူထပ်များပြားလှသော တာ့ချန်က အရန်မြို့တော်တစ်ခုအဖြစ် ရပ်တည်နိုင်ပြီး ရေရှည်တည်တံ့သော တိုးတက်မှုလမ်းစဉ်ကို လျှောက်လှမ်းနိုင်လေသည်။
လူသားမျိုးနွယ်သည် ခွန်အားတိုးတက်စေရန် သိုင်းပညာများ ကျင့်ကြံနိုင်ပြီး နတ်ဆိုးသားရဲများကို သတ်ဖြတ်ကာ ဆေးလုံးများနှင့် လက်နက်များ ဖန်တီးနိုင်ပေသည်။ အရာအားလုံးကို ဤထက်ပို၍ စနစ်တကျ စီစဉ်နိုင်စွမ်းရှိသည်။
အမှန်ဆိုလျှင် လောကကြီး ဤမျှလောက်အထိ ကမောက်ကမ ဖြစ်သွားရန် လုံးဝ မလိုအပ်ပေ။
ဒေသငယ်လေး အတော်များများတွင် ရွာလုံးကျွတ် နတ်ဆိုးများ၏ ဝါးမျိုစားသောက်ခြင်းကို ခံလိုက်ရသည်ဟုပင် ပြောနေကြရာ အခြေအနေက တကယ်ကို ဆိုးရွားလွန်းနေပုံရသည်။
စစ်သူကြီးကျောက်က ရှင်းပြလာ၏။
“တိတိကျကျ ပြောရရင် သူတို့ ဂရုမစိုက်တာ မဟုတ်ဘူး၊ မတတ်နိုင်ကြတာ၊ တစ်ပြိုင်နက်တည်း အားလုံးကို မစီမံနိုင်ကြဘူးလေ”
“အဲဒါ ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ ဒီလောကကြီးမှာ လူသားမျိုးနွယ် တစ်ခုတည်း ရှိတာမှ မဟုတ်တာ၊ နတ်ဆိုးမျိုးနွယ်တွေလည်း အများကြီးရှိသလို သိုင်းသူတော်စင် ဒါမှမဟုတ် မြေကမ္ဘာအင်မော်တယ်အဆင့်တွေထက် မနိမ့်ကျတဲ့ အစွမ်းထက် ကျင့်ကြံသူတွေလည်း အများကြီး ရှိနေတယ်”
“အရင်တုန်းက တာ့ချန်ကို အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်က ကာကွယ်ပေးထားခဲ့လို့ မင်းတို့တွေ မသိခဲ့ကြတာ”
“တကယ်တော့ မဟာကမ္ဘာမှာ နတ်ဆိုးတွေနဲ့ လူသားမျိုးနွယ်တွေက အတူတကွ ယှဉ်တွဲနေထိုင်ကြတာ၊ သူတို့ရဲ့ ခွန်အားနဲ့ အရေအတွက်ကလည်း လူသားမျိုးနွယ်ထက် မနိမ့်ကျဘူး”
“ဒီတစ်ကြိမ် တာ့ချန်က မဟာကမ္ဘာနဲ့ ဆက်သွယ်ဖို့ လမ်းကြောင်း ပွင့်သွားတဲ့အချိန်မှာ ငါတို့ ဂိုဏ်းနည်းနည်းပဲ ရောက်လာတာ မဟုတ်ဘူး၊ အစွမ်းထက် နတ်ဆိုးတချို့လည်း ပါလာကြတယ်”
“တစ်နည်းအားဖြင့်ပြောရရင် နတ်ဆိုးခေါင်းဆောင်တွေနဲ့ လူသားမျိုးနွယ်ခေါင်းဆောင်တွေကြားမှာ ထုတ်ပြောစရာမလိုတဲ့ နားလည်မှုတစ်ခု ရှိနေတယ်”
“နတ်ဆိုးခေါင်းဆောင်တွေကလည်း တိုးတက်ချင်သလို လူသားမျိုးနွယ်ခေါင်းဆောင်တွေကလည်း တိုးတက်ချင်ကြတယ်။ တစ်ဖက်ဖက်ကို လုံး၀ ဖျက်ဆီးပစ်နိုင်တဲ့ ခွန်အားမရှိသေးသရွေ့တော့ ဘယ်သူကမှ အရင်စပြီး လှုပ်ရှားမှာ မဟုတ်ဘူး"
“သူတို့က လက်အောက်ငယ်သားတွေကိုပဲ အချင်းချင်း သတ်ဖြတ်ခိုင်းနေကြတယ်၊ အချိန်ဆွဲရင်း ကိုယ့်ခွန်အားကို မြင့်တင်ပြီး တစ်ဖက်ခေါင်းဆေင်ထက် ကျင့်ကြံခြင်းအဆင့်သာဖို့ပဲ အားထားနေကြတာ”
ဤကိစ္စနှင့် ပတ်သက်၍ ကျိုးရီ အနည်းငယ် သိထားပြီးဖြစ်သည်။
နတ်ဆိုးမှတ်ဉာဏ်များကို စုတ်ယူရာမှ အချို့သော နတ်ဆိုးများသည် ဤကမ္ဘာမှမဟုတ်ကြောင်း သူသိထားခဲ့သည်။
ဤသည်မှာ သူ၏ ယခင်ဘဝနှင့် အတော်လေး တူသည်။
နောက်ကွယ်မှ ခေါင်းဆောင်ကြီးများသည် ကိုယ်တိုင် ဝင်ရောက်မလှုပ်ရှားဘဲ သူတို့၏ လက်အောက်ငယ်သားများ ရူးသွပ်စွာ တိုက်ခိုက်နေကြသည်ကို ကြည့်ရင်း အနောက်တွင် ပုန်းကွယ်ကာ နေ့စဉ်နှင့်အမျှ ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းနေကြသည်။
‘တကယ်ကို နောက်ကွယ်ကနေ အချောင်နှိုက်တတ်တဲ့ကောင်တွေပဲ'
သို့သော် အခြားနည်းလမ်းမရှိပေ။ ဤလောကကြီးသည် အလွန်တရာ အန္တရာယ်များလှသောကြောင့် အနည်းငယ်မျှ ပေါ့ဆလိုက်သည်နှင့် သေဆုံးခြင်း၊ တိတိကျကျ ပြောရလျှင် မျိုးနွယ်စုတစ်ခုလုံး ဖျက်ဆီးခံလိုက်ရခြင်းမျိုးနှင့်ပင် ကြုံတွေ့သွားနိုင်သည်။
အာဏာရှိသူများသည် မလှုပ်ရှားမီ သေချာမှုရှိရန် လိုအပ်ပေသည်။
“နောက်ကွယ်မှာ ဒီလိုအကြောင်းရင်းမျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး”
“ဟက်... ဒါက ဘာများအရေးပါလို့လဲ၊ ဒါက သာမန် တိုက်ပွဲလေးတွေပဲ ရှိသေးတာ”
“ကောင်လေး... မင်းက တာ့ချန်မှာ မွေးဖွားလာခဲ့လို့ အပြင်လောကကြီး ဘယ်လောက် အန္တရာယ်များတယ်ဆိုတာကို မသိတာပါ”
“ကောင်းကင်ကြီး ဘယ်လောက်မြင့်တယ်၊ မြေပြင်ကြီး ဘယ်လောက်ကျယ်တယ်ဆိုတာ မင်း မသိသေးဘူး၊ ဒီလောကကြီးထဲမှာ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ သက်ရှိတွေ ရှိနေတယ်ဆိုတာကို ပိုလို့တောင် မသိသေးဘူး”
“လူတစ်ယောက်က ဓားတစ်ချက် ခပ်ပေါ့ပေါ့ ဝှေ့ယမ်းလိုက်ရုံနဲ့ မိုင်သန်းထောင်ချီ ကျယ်ဝန်းတဲ့ တောင်တန်းတွေနဲ့ မြစ်ပြင်တွေကို တစ်ခါတည်း ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ မင်းသိလား”
“မိုင်ထောင်ချီကြီးမားတဲ့ ရှေးဟောင်း သားရဲကြီးတွေက အတောင်ပံတစ်ချက် ခတ်လိုက်ရုံနဲ့ သာမန်ပြည်သူ သန်းပေါင်းများစွာကို သေကြေပျက်စီးသွားစေနိုင်တယ်ဆိုတာရော မင်းသိရဲ့လား”
“ငါတို့အားလုံးက မြေမှုန့်လေးတွေလောက်ပါပဲ၊ ဒီလောကကြီးမှာ ခွန်အားကသာ တစ်ခုတည်းသော သစ္စာတရားပဲ၊ ဖုန်မှုန့်လောက်တောင် တန်ဖိုးမရှိတဲ့ အောက်ခြေက သာမန်တွေကို ဘယ်ကျင့်ကြံသူက အချိန်ကုန်ခံပြီး ဂရုစိုက်နေမှာလဲ”
“ဂိုဏ်းကြီးတွေရဲ့ ရည်ရွယ်ချက်က ပါရမီရှင်လူအနည်းငယ်ရဲ့ ကျင့်ကြံမှုကို ထောက်ပံ့ပေးဖို့ ဒီကမ္ဘာမှာ မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တစ်ခု မရောက်လာခင် အသက်ရှင်ကျန်ရစ်ဖို့ရာ အခွင့်အရေးတစ်ခု ဖန်တီးပေးဖို့ပဲ”
“ငါတို့ရဲ့ ရည်မှန်းချက်ကလည်း ဂိုဏ်းရဲ့ အာဏာကို ဖက်တွယ်ပြီး ငါတို့နဲ့ မသက်ဆိုင်တဲ့ ဒီလောကကြီးထဲမှာ အသက်ဆက်နိုင်ဖို့ပဲ”
ကျိုးရီ၏ မျက်ခုံးများ တင်းကြပ်သွားသည်။
မဟာကမ္ဘာအကြောင်း သူ ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။
သူ၏ မဟာတာအို အင်မော်တယ်ဘူးသီးအတွင်းရှိ ကြက်များသည် နှစ်ရာပေါင်းများစွာ ကြာမြင့်ပြီးနောက် စွမ်းအားများ ပိုင်ဆိုင်လာသော်လည်း အလွန်ဆုံးမှ ပေသုံးလေးဆယ်ခန့်ရှိသော ဧရာမခန္ဓာကိုယ်ကြီးများအဖြစ်သာ ပြောင်းလဲနိုင်စွမ်းရှိသေးသည်။
သို့သော် အပြင်ဘက်တွင်မူ အတောင်ပံဖြန့်လိုက်ရုံဖြင့် နေမင်းကြီးကိုပင် ဖုံးကွယ်သွားစေနိုင်သော နတ်ဆိုးကြီးများ တကယ်ရှိနေလေ၏။
မဟာကမ္ဘာတွင် ခေတ်အဆက်ဆက် အမြင့်မားဆုံးနေရာ၌ ရပ်တည်နေသော သက်ရှိများ ရှိနေပုံရသည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံက သူ့ကို မဟာကမ္ဘာသို့ တိုက်ရိုက်မ၀င်စားခိုင်းခဲ့ပေ။
“ဒါဆို သာမန်လူတွေက သူတို့ဘဝမှာ ဘယ်တော့မှ ခေါင်းမဖော်နိုင်တော့ဘူးဆိုတဲ့ သဘောလား”
“အဲဒီလိုလည်း မဟုတ်ပါဘူး”
စစ်သူကြီးကျောက်က ၀ိညာဉ်စွမ်းအင်အရက်ကို တစ်ငုံ မော့သောက်လိုက်သည်။
“ဒီလောကကြီးမှာ ထူးခြားတဲ့သူတွေ ရှိစမြဲပဲ၊ သူတို့က ကံကြမ္မာကောင်းတွေ ပိုင်ဆိုင်ထားပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ သဘာ၀ရတနာတွေကို ပိုင်ဆိုင်နိုင်တဲ့ သက်ရှိတွေပေါ့”
“အဲဒီ သက်ရှိတွေအတွက်ကတော့ မတော်တဆမှုမှ တစ်ခုခု မဖြစ်ဘူးဆိုရင် ဒေသတစ်ခုလုံးကို စိုးမိုးနိုင်တဲ့ အစွမ်းထက် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာဖို့က အရမ်းလွယ်လွန်းတယ်”
“သူတို့သာ ကြီးပြင်းလာပြီဆိုရင် သိုင်းသူတော်စင်ဆိုတာ သူတို့ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင်သာသာပဲ ရှိတာ”
“သာမန်လူတစ်ယောက်က သူတို့နဲ့ မိတ်ဆွေဖြစ်ပြီး ကံကြမ္မာ အငွေ့အသက်လေး နည်းနည်းလောက် ကူးစက်ခံရမယ်ဆိုရင်တောင် တစ်သက်လုံး သုံးမကုန်နိုင်လောက်အောင် လုံလောက်သွားပြီ”
“အဲဒီလိုလူတွေအတွက်ကတော့ သန့်စင်တဲ့နယ်မြေတစ်ခု ဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခုပဲ၊ ဥပမာပြောရရင် ဒီကမ္ဘာကြီးဆိုရင်လည်း တစ်ချိန်တည်းက မဟာစွမ်းအားရှင်တစ်ယောက်က မဟာကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး ချိတ်ပိတ်ထားခဲ့တာပဲ မဟုတ်လား”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီကမ္ဘာမှာ ကံကြမ္မာသားတော်တစ်ယောက် ပေါ်လာတယ်လို့ ငါကြားတယ်”
“လက်ရှိ တာ့ချန်ရဲ့ နိုင်ငံရေးအာဏာကို ထိန်းချုပ်ထားတဲ့ ကောင်းကင်ဖြတ်တောက်ခြင်းတံခါး၊ ဆောင်းဦးမေပယ်တောင်ကြား၊ မဟာအကာအကွယ်ဂိုဏ်းနဲ့ နတ်ဘုရားဓားဂိုဏ်းဆိုတဲ့ ဂိုဏ်းကြီးလေးခုရဲ့ အဓိကတာဝန်က ဘာလဲဆိုတာ မင်းသိလား"
“အဲဒါက ဒီကမ္ဘာမှာ ပုန်းအောင်းနေတဲ့ အဲဒီ ကံကြမ္မာသားတော်ကို ရှာဖွေဖို့ပဲ”
ကျိုးရီ အံ့ဩမှင်သက်သွားသည်။
‘တကယ် လွန်လွန်းတယ်၊ ငါ ဒီလောက် သိုသိုသိပ်သိပ်နေခဲ့တာတောင် သတိထားမိသွားသေးတယ်တဲ့လား’
‘ပြီးတော့ အဲဒါက နံပါတ်တစ်တာဝန်ကြီး ဖြစ်နေသေးတယ်'
အရမ်းချောမောလွန်းခြင်း သို့မဟုတ် အရမ်းလှပလွန်းခြင်းက အဆုံးမဲ့ ပြဿနာများကို ယူဆောင်လာတတ်စမြဲပင်။ ထိုစကားက တကယ်ကို မှန်ကန်နေခဲ့သည်။
“အဲဒီကိစ္စကို ကျွန်တော်လည်းကြားဖူးတယ်၊ အဲဒီလူက သိုင်းသူတော်စင်အဆင့်ကိုတောင် ရောက်နေပြီလို့ ပြောကြတာပဲ၊ သူ့ရဲ့ ပါရမီနဲ့ဆိုရင် ဒီဂိုဏ်းတွေထဲကို ဝင်ပါ့မလား၊ ဒီဂိုဏ်းတွေမှာ သူ့ကို ထောက်ပံ့နိုင်တဲ့အင်အား မရှိလောက်ဘူး မဟုတ်လား”
“ဒီဂိုဏ်းတွေမှာ သူ့ကို ထောက်ပံ့နိုင်တဲ့အင်အား မရှိတာ သဘာဝပါပဲ၊ ဒါပေမယ့် သူတို့ရဲ့ နောက်ကွယ်မှာ ပိုပြီးအစွမ်းထက်တဲ့ ဂိုဏ်းကြီးတွေ ရှိနေတယ်"
“သူတို့က သူ့ကို ရှာတွေ့ပြီး အထက်ကို ပို့ပေးနိုင်သရွေ့တော့ အဲဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ၊ ပြီးတော့ သူတို့ရမယ့် ဆုလာဘ်တွေကလည်း နည်းနည်းနောနော မဟုတ်ဘူးလေ”
ကျိုးရီ နောက်ဆုံးတော့ သဘောပေါက်သွားသည်။
အခြေခံအားဖြင့်တော့ ပွဲစားလုပ်ငန်းဖြစ်သည်။ သူ့ကို ရှာဖွေပြီး ပိုအားကောင်းသော ဂိုဏ်းကြီးတစ်ခုဆီသို့ ဈေးကောင်းကောင်းဖြင့် ပြန်လည်ရောင်းချခြင်းပင်။
ပိုမိုအားကောင်းသော ဂိုဏ်းကြီးက သူ့အား ပျိုးထောင်ပေးရန် အားထုတ်မည်လား၊ သို့မဟုတ် သူ၏ သွေးစွမ်းအားကို လုယူမည်လားဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် သူသည် သိုင်းသူတော်စင်အဆင့်သို့ ကျော်ဖြတ်ဝင်ရောက်ပြီးဖြစ်ကာ ယခုအခါ မြေကမ္ဘာအင်မော်တယ်အဆင့်သို့ပင် ဝင်ရောက်လုနီးပါး ဖြစ်နေလေပြီ။
သူတို့အနေဖြင့် သူ့ကို ရှာတွေ့ရန် လွယ်ကူမည်မဟုတ်ပေ။
အချိန်အနည်းငယ်လောက် ထပ်ပြီး သိုသိုသိပ်သိပ် နေလိုက်ဦးပေမည်။ မည်သို့ပင်ဖြစ်စေ သူက ထာ၀ရအသက် ပိုင်ဆိုင်ထားသူဖြစ်သည်။
‘ဘယ်သူက ငါ့နဲ့ ပြိုင်ပြီး အသက်ရှည်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့’
“စီနီယာကျိုး... ဒီနေ့အတွက် နတ်ဆိုးအသားနဲ့ သွေးတွေ ပို့လာပါပြီ”
“လာပြီ”
အပြင်ဘက်မှ လက်အောက်ငယ်သားတစ်ဦးက အော်ဟစ်သတိပေးလာရာ ချက်ချင်း ပြန်ထူးလိုက်သည်။
ကျိုးရီက စစ်သူကြီးကျောက်ကို လက်ယှက်အရိုအသေပေးလိုက်သည်။
“စီနီယာကျောက်... ကျွန်တော် အလုပ်လုပ်လိုက်ပါဦးမယ်။ အေးအေးဆေးဆေး သောက်ပါဦး”
“သွားပါ၊ သွားပါ”
ကျိုးရီ အပြင် ထွက်လာခဲ့သည်။ ယနေ့ လွှဲပြောင်းပေးလာသည်မှာ ဧရာမ စပါးအုံးမြွေကြီးများပင်။
အရိုးနှင့် အသားများကို ခွဲခြားထားပြီးဖြစ်ကာ အရေခွံများကိုလည်း ဆုတ်ခွာထားသည်။
ကျိုးရီက ၎င်းတို့အနက်မှ တစ်ကောင်ကို ဖြန့်ချလိုက်၏။
အကျယ် သုံးမီတာ၊ အရှည် မီတာခြောက်ဆယ်ခန့်ရှိပြီး မွေးရာပါအဆင့် နှောင်းပိုင်းသို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ကျိုးရီသည် သူ့လက်အောက်ငယ်သားများကို စာရင်းမှတ်သားရန် အမိန့်ပေးလိုက်သည်။
သူ လက်ကိုဆန့်ထုတ်ကာ နတ်ဆိုးရုပ်အလောင်းများကို ထိတွေ့လိုက်ရာ မကြာမီမှာပင် သူတို့၏ မှတ်ဉာဏ်များ စီး၀င်လာခဲ့သည်။
[သေသင့်တဲ့ လူသားတွေ... ငါ့မျိုးနွယ်စုကို သစ္စာဖောက်ခိုင်းချင်နေတာလား၊ ငါ သေတဲ့အထိ အရိုက်ခံရမယ်၊ အရေခွံဆုတ်ခံရမယ်၊ အကြောတွေ ထုတ်ခံရမယ်၊ မျက်လုံးတွေ အဖောက်ခံရပြီး အရိုးတွေ အနွှာခံရမယ်ဆိုရင်တောင် ငါ့မျိုးနွယ်စု ပုန်းအောင်းနေတဲ့နေရာကို ဘယ်တော့မှ ပြောပြမှာမဟုတ်ဘူး]
[ယုတ်မာတဲ့ လူသားတွေ... မင်းတို့က နီရဲပူလောင်နေတဲ့ သံချောင်းနဲ့ ငါ့ဖင်ကို ထိုးမယ်ဆိုရင်တောင် ငါ မကြောက်ဘူး၊ ငါက မင်းတို့ကို ငါ့မျိုးနွယ်စုရဲ့ နယ်မြေထဲကို ရောက်လာအောင် လှည့်စားပြီး သေမင်းဆီ အလည်သွားရအောင် လုပ်ပစ်မှာ]
[ဟီးဟီးဟီး... မင်း အမှန်တရားကို ပြောပြခဲ့ပြီးပြီဆိုပေမယ့် ဒီသံချောင်းကတော့ နီရဲပူလောင်နေပြီ၊ ငါတို့ ညီအစ်ကိုတွေကလည်း အဲဒါကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်နေတာ]
[မင်းတို့ ဘာလုပ်နေတာလဲ၊ မင်းတို့ ဘာလုပ်နေတာလဲ။ ငါ့အမြီးကို မမပင့်နဲ့လေ။ သေပါပြီ။ အား… သေသင့်တဲ့ လူသားတွေ၊ အရှက်မရှိတဲ့ ခွေးကောင်တွေ၊ မင်းတို့ရဲ့ ကလေးတွေ မွေးလာရင် ဖင်ပေါက်မပါပါစေနဲ့]
မှတ်ဉာဏ်များက ကျိုးရီ၏ ဦးနှောက်ထဲသို့ တလဟော ဝင်ရောက်လာသည်။ ဤမြွေနတ်ဆိုးကို မြွေတစ်သောင်း လိုဏ်ဂူတွင် မွေးဖွားခဲ့၏။
မဟာကမ္ဘာတွင် ကျင့်ကြံသူများ များပြားလှသောကြောင့် တာ့ချန်၏ အကာအကွယ်အတားအဆီး ပြိုကွဲသွားချိန်တွင် တာ့ချန်တွင် ပုန်းအောင်းနေရန် ဆွေမျိုးအချို့နှင့်အတူ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
၎င်းသည် ချန်မြစ်အောက်ခြေတွင် ပုန်းအောင်းပြီး သင်္ဘောကြီးများကို မှောက်ချကာ လူသားများအား မကြာခဏ စားသုံးလေ့ရှိ၏။