← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅) - သဘာဝတရားနှင့် ပေါင်းစပ်သွားခြင်း၊ မြေကမ္ဘာအင်မော်တယ်အဆင့်

နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများ၏ စရိုက်လက္ခဏာများမှာ လူသားမျိုးနွယ်နှင့် လုံးဝကွဲပြားခြားနားကာ ဆန်းကြယ်ကြသည်။

အချို့က လူသားများအား ဝါးမျိုစားသောက်ရသည်ကို နှစ်သက်ကြပြီး အချို့ကမူ အမျိုးသား သို့မဟုတ် အမျိုးသမီးများကို ပိုမိုနှစ်သက်ကာ ဆော့ကစားရန်အတွက် မကြာခဏ ဖမ်းဆီးခေါ်ဆောင်သွားတတ်ကြသည်။

၎င်းတို့၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးခဲ့ရသူ အရေအတွက်မှာ ရေတွက်၍ပင် မရနိုင်တော့ပေ။

ကျိုးရီသည် မျောက်ဝံနှင့် မြေခွေးနတ်ဆိုးအချို့၏ မှတ်ဉာဏ်များကို စုပ်ယူခဲ့ဖူးသည်။

ထိုမြင်ကွင်းများက သူ့ယခင်ဘဝ၌ ရုပ်ရှင်ကြည့်ရသည်ထက်ပင် ပို၍ ပီပြင်ထင်ရှားနေခဲ့သော်လည်း ထိုအထဲမှ အမျိုးသားများနှင့် အမျိုးသမီးများမှာ ရုပ်ရှင်မင်းသား မင်းသမီးများကဲ့သို့ သရုပ်ဆောင်နေကြခြင်း မဟုတ်ပေ။

သူတို့ဘ၀၏ အမှောင်မိုက်ဆုံး အချိန်ကာလများကို အမှန်တကယ် ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။

ဤအချက်ကို တွေးမိတိုင်း ယခင်က ဤကမ္ဘာငယ်လေးကို ချိတ်ပိတ်ထားခဲ့သော အစွမ်းထက်ကျင့်ကြံသူမှာ တကယ်ကို သူတော်စင်တစ်ပါးပင်ဖြစ်ကြောင်း ခံစားရလေသည်။

နတ်ဆိုးများ၏ သွေးအနှစ်သာရအချို့ကို တိတ်တဆိတ် စုပ်ယူပြီးနောက် ကျိုးရီသည် နတ်ဆိုးအသား၊ အရိုးနှင့် အရေခွံများကို ဆေးပညာခန်းမနှင့် လက်နက်ဖန်တီးခြင်းဌာနများသို့ ပို့ဆောင်ရန် သူ့လက်အောက်ငယ်သားများအား အမိန့်ပေးလိုက်သည်။

သူကမူ တစ်နေ့တာ တာဝန်များ ပြီးစီးသွားပြီဖြစ်ရာ နေအိမ်ရှိရာသို့ ပြန်လာခဲ့သည်။

အိမ်တံခါးဝသို့ ရောက်ရှိချိန်တွင် အရပ်ဝတ် အရပ်စားဖြင့် ယန်ကျန်းကို တွေ့လိုက်ရ၏။ အတော်ကြာကတည်းက သူ့ကို စောင့်ဆိုင်းနေခဲ့ဟန် တူသည်။

ယခင်က ယန်ကျန်းကို သူ့အား လာမရှာရန် ပြောထားခဲ့သော်လည်း ထိုကောင်လေးမှာ သူ့အပေါ် အလွန် ရိုသေလေးစားနေခဲ့သည်။

သာမန်ရက်များတွင် သူ့ကို လာရောက်မနှောင့်ယှက်သော်လည်း ပွဲတော်ရက်တိုင်းတွင် လက်ဆောင်များ ယူဆောင်လာလေ့ရှိသည်။

ကျင့်ကြံခြင်းကို အထောက်အကူပြုနိုင်မည့် ဂျင်ဆင်းများနှင့် ဆေးလုံးများအပြင် ရွှေငွေရတနာများလည်း ပါဝင်တတ်သည်။

သူ အရက်ကြိုက်နှစ်သက်မှန်း သိသောကြောင့် ယန်ကျန်းသည် လာရောက်လည်ပတ်တိုင်း အဆင့်မြင့် ၀ိညာဉ်စွမ်းအင်အရက်များကို ဝယ်ယူလာလေ့ရှိပြီး ကြီးမားသော ကျေးဇူးတရားကို ပြသနေခဲ့သည်။

သူ၏ လက်ရှိဝင်ငွေနှင့်ဆိုလျှင် ဤပစ္စည်းများကို ဝယ်ယူခြင်းက သူ့အတွက် အတော်လေး ဖြုန်းတီးရာကျနေသည်။

ကျိုးရီသည် စိတ်စွမ်းအင်ကျင့်စဉ် နည်းလမ်းများကို အသုံးပြု၍ တစ်ဖက်လူ၏ ဝိညာဉ်ကို အကဲခတ်ကြည့်ခဲ့ရာ ဟန်ဆောင်ကာ မျက်နှာလိုမျက်နှာရ လုပ်နေခြင်းမျိုး မဟုတ်ဘဲ ရင်ထဲ အနက်ရှိုင်းဆုံးနေရာမှ အမှန်တကယ် လေးစားနေကြောင်း တွေ့ရှိခဲ့ရသည်။

အချိန်ကြာလာသည်နှင့်အမျှ ကျိုးရီလည်း သူ့ကို တားမြစ်ခြင်းမပြုတော့ဘဲ လာခွင့်ပြုထားလိုက်တော့သည်။

မည်သို့ပင်ဖြစ်စေ အပေါ်ယံပေါင်းသင်းမည့် မိတ်ဆွေမျိုးကို ရှာဖွေရန် လွယ်ကူသော်လည်း စိတ်ရင်းမှန်ဖြင့် ပေါင်းသင်းတတ်သော မိတ်ဆွေမျိုးကိုမူ ရှာဖွေရန် မလွယ်ကူပေ။

“မွေးရာပါအဆင့်ကို ရောက်သွားပြီပေါ့”

ကျိုးရီ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို မြင်တွေ့နိုင်နေပြီဖြစ်သည်။

ယန်ကျန်း ခေါင်းညိတ်ပြလိုက်ပြီး ခပ်သွက်သွက် ပြောလာသည်။

“စီနီယာ ပေးခဲ့တဲ့ နတ်ဘုရားကျင့်စဉ်ကြောင့် ကျွန်တော့်ရဲ့ ကျင့်ကြံမှုတွေ လျင်လျင်မြန်မြန် တိုးတက်လာခဲ့တာပါ၊ လွန်ခဲ့တဲ့ လဝက်လောက်ကပဲ မွေးရာပါအဆင့်ကို ကျော်ဖြတ်ဝင်ရောက်နိုင်ခဲ့ပါတယ်”

“ဒါက ဓားတာအိုမှာ မင်းရဲ့ ပါရမီက အရမ်းမြင့်နေလို့ပဲ၊ ငါက နည်းနည်းလေး တွန်းတင်ပေးလိုက်ရုံပါ”

“စီနီယာ... ဒီနေ့က တာ့ချန်ရဲ့ ပြန်လည်ဆုံဆည်းခြင်း ပွဲတော်ရက်ပါ၊ ရှင်းဟွာစားသောက်ဆိုင်ကနေ အသစ်ထွက်တဲ့ ၀ိညာဉ်စွမ်းအင်အရက်နဲ့ မြို့အရှေ့ဘက်မှာ အသစ်ဖွင့်တဲ့ စားသောက်ဆိုင်ကနေ နတ်ဆိုးသားရဲ အသားနဲ့ လုပ်ထားတဲ့ ဟင်းလျာကောင်းလေးတွေ ဝယ်လာခဲ့တယ်၊ မြည်းစမ်းကြည့်ပါဦး”

“အင်း... ဝင်လာခဲ့”

ကျိုးရီ တံခါးဖွင့်ပေးလိုက်သည်။

ယန်ကျန်း ခြံဝင်းငယ်လေးထဲသို့ ဝင်ရောက်လာချိန်တွင် ယခင်က ခံစားခဲ့ရသော ဖိအားမျိုး မရှိတော့ချေ။

သို့သော် ဤသည်မှာ သူ၏ကျင့်ကြံမှု တိုးတက်လာခြင်းကြောင့် မဟုတ်ပေ။

ဤခြံဝင်းငယ်လေးအတွင်းရှိ စွမ်းအင်များမှာ ဆက်တိုက်စုစည်းနေဆဲ ဖြစ်သည်။

ကျိုးရီက တစ်စုံတစ်ယောက် ရိပ်မိသွားမည်စိုး၍ လှည့်ကွက်ငယ်လေးများ အသုံးပြုကာ ခြံဝင်းအတွင်းရှိ ယင်စွမ်းအင်များ၊ နာကြည်းချက်များနှင့် ညစ်ညမ်းမှုများအားလုံးကို တည်ပင်ဆီသို့ ပြောင်းရွှေ့ပေးလိုက်ပြီး တည်ပင်အား စုပ်ယူစေခဲ့ခြင်းသာ ဖြစ်သည်။

ဤနည်းအားဖြင့် အစွမ်းထက် ကျင့်ကြံသူတစ်ဦးဦးက ထိုတည်ပင်ကို ဂရုစိုက်မစစ်ဆေး၍ ဘာကိုမှ သတိပြုမိနိုင်မည် မဟုတ်တော့ပေ။

သူတို့နှစ်ဦး အိမ်ထဲသို့ ဝင်ရောက်သွားကြပြီး ယန်ကျန်းက ကျိုးရီ၏ တပည့်တစ်ဦးကဲ့သို့ အရက်နှင့် ဟင်းလျာများကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးလေသည်။

ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက ကျိုးရီ၌ ရင်းနှီးသော အသိမိတ်ဆွေများ များများစားစား မရှိခဲ့ပေ။

မိတ်ဆွေအနည်းငယ် ရှိခဲ့သော်လည်း အချို့မှာ သေဆုံးသွားကြပြီး အချို့မှာလည်း ပျောက်ကွယ်သွားကြကာ အနည်းငယ်သာ ကျန်ရှိတော့သည်။ ယန်ကျန်းသည် လက်ရှိတွင် သူနှင့် အရင်းနှီးဆုံးသူတစ်ဦး ဖြစ်နေပေသည်။

ကံမကောင်းစွာဖြင့် ယန်ကျန်း၌ သူကဲ့သို့ ထာဝရအသက်ရှင်နိုင်စွမ်းမရှိပေ။

နောက်ထပ် နှစ်ရာပေါင်းများစွာ သို့မဟုတ် နှစ်ထောင်ချီ ကြာပြီးနောက်တွင် သူသည်လည်း အခြားသူများကဲ့သို့ပင် ကျိုးရီ၏ လောကထဲမှ ပျောက်ကွယ်သွားရပေလိမ့်မည်။

အင်မော်တယ်တစ်ပါးဖြစ်ခြင်းကြောင့် ခံစားရသော အထီးကျန်မှုဆိုသည်မှာ ကြားရသလောက် ရိုးရှင်းလှသည်တော့ မဟုတ်ပေ။

ယန်ကျန်းက ကျိုးရီအတွက် အရက်ငှဲ့ပေးရင်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောပြနေခဲ့သည်။

“စီနီယာ... ကျွန်တော်က ငယ်ရွယ်လွန်းပြီး ဒီလောက်မြန်မြန် ကျော်ဖြတ်ဝင်ရောက်နိုင်ခဲ့တာကြောင့် ဂိုဏ်းအတော်များများရဲ့ အာရုံစိုက်မှုကို ခံနေရပြီ"

“အထူးသဖြင့် နတ်ဘုရားဓားဂိုဏ်းက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်နေကြတယ်၊ ဒါပေမယ့် ကျွန်တော် သဘောမတူသေးဘဲ စဉ်းစားဖို့ အချိန်လိုသေးတယ်လို့ပဲ ပြောထားလိုက်ပါတယ်”

“ကျွန်တော် ကျင့်ကြံနေတဲ့ မိုးပြာကြာပန်းဓားကျမ်းက ထူးခြားနေတာကို သူတို့ သတိထားမိသွားပြီး ဘယ်က သင်ယူခဲ့တာလဲလို့ မေးကြတယ်၊ ကျွန်တော်ကတော့ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာတာလို့ပဲ ဖြေလိုက်ပြီး စီနီယာရဲ့ နာမည်ကို ထုတ်မပြောခဲ့ဘူး”

“စီနီယာ... ကျွန်တော် မနက်ဖြန် ခရီးထွက်ရတော့မယ်၊ နန်းတွင်းက မနက်ဖြန် ကျားခံတွင်းချောက်ကမ်းပါးဆီကို တပ်တွေစုရုံးပြီး သွားဖို့ အမိန့်ချလိုက်တယ်၊ ဒီတစ်ခါ ကျွန်တော် ခရီးထွက်တာ အချိန်နည်းနည်းကြာလိမ့်မယ်ထင်တယ်”

“ဟင်”

ကျိုးရီ အရက်ကို တဖြည်းဖြည်း မြည်းစမ်းရင်း တိတ်ဆိတ်စွာ နားထောင်နေခဲ့သော်လည်း ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်ခွံများ တစ်ချက်လှုပ်ရှားသွားသည်။

သူ၏ လက်ရှိခွန်အားမှာ မြေကမ္ဘာအင်မော်တယ်အဆင့်နှင့် နှိုင်းယှဉ်နိုင်နေပြီဖြစ်သည်။ သူ့ကျင့်ကြံမှုအဆင့်က ထိုအဆင့်သို့ မရောက်ရှိသေးသော်လည်း အတော်လေး နီးကပ်နေခဲ့ပြီဖြစ်သည်။

ဤအဆင့်နှင့် ပိုမိုနီးကပ်လာလေလေ၊ ဆဋ္ဌမအာရုံကဲ့သို့သော အရာတစ်ခု ပေါ်ထွက်လာကာ ကျိုးရီ ပို၍ ရှင်းရှင်းလင်းလင်း ခံစားလာရလေလေ ဖြစ်သည်။

ဥပမာအားဖြင့် ယနေ့ သူ၏ ငွေကြေးကံကောင်းနေပါက လမ်းလျှောက်သွားရင်း ငွေအနည်းငယ်ကို ကောက်ရကောင်း ကောက်ရနိုင်သည်။

သို့မဟုတ် ယနေ့ သူ ကံဆိုးနေပါက တစ်နေ့လုံး နတ်ဆိုးများ၏ မှတ်ဉာဏ်များ သို့မဟုတ် သွေးအနှစ်သာရများကို စုပ်ယူနိုင်လိမ့်မည် မဟုတ်ပေ။

အတိုချုပ်ပြောရလျှင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ယခုအခါတွင် သူသည် အနည်းငယ်မျှတော့ ဝေဝါးဝါး အာရုံခံနိုင်နေပြီဖြစ်သည်။

ယန်ကျန်း၏ ဤခရီးစဉ်မှာ ချောမွေ့လိမ့်မည် မဟုတ်ကြောင်း သူ ခံစားမိနေသည်။

“ဒီခရီးစဉ်မှာ သတိထားပါ၊ အခက်အခဲတွေ ကြုံလာရရင် အကျိုးအမြတ်ကို မမက်မောနဲ့၊ ရှေ့ဆုံးကလည်း မသွားနဲ့၊ မှတ်ထား၊ အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ”

ယန်ကျန်း အနည်းငယ် မှင်သက်သွားသည်။

ယခင်က သူသည် မွေးရာပါအဆင့် ရောက်ရှိလာသည်ကို အခွင့်ကောင်းယူကာ စွမ်းဆောင်ရည်များ ပြသပြီး ပိုမိုများပြားသော ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိရန်အတွက် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

ယခု ကျိုးရီ ဤသို့ပြောလိုက်သည်ကို ကြားသောအခါ သူ များစွာ တည်ငြိမ်သွားတော့သည်။

“ဟုတ်ကဲ့ပါ စီနီယာ... ကျွန်တော်မှတ်ထားပါ့မယ်”

ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။ ယန်ကျန်းမှာ ငယ်ရွယ်သော်လည်း အလုပ်လုပ်ရာတွင် သေသပ်စေ့စပ်ပြီး ရေပြင်ပမာ တည်ငြိမ်သူဖြစ်သည်။

ထို့အပြင် သူသည် ကျိုးရီကို ဖခင်တစ်ဦးကဲ့သို့ လေးစားရာ သူကတိပေးထားသော အရာများကို ဖောက်ဖျက်မည် မဟုတ်ပေ။

သို့သော် လုံခြုံရေးအတွက် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အဖိုးတန်ကျောက်စိမ်းတစ်ခု ထုတ်ယူကာ ၎င်းအတွင်း၌ အစီအရင်တစ်ခုကို ထည့်သွင်းပြီး ယန်ကျန်းထံသို့ လှမ်းပစ်ပေးလိုက်သည်။

ဤသည်မှာ သူ ဤနှစ်များအတွင်း သင်ယူတတ်မြောက်ခဲ့သော အဆောင်ပညာဖြစ်သည်။

ကျောက်စိမ်း သို့မဟုတ် အခြားသော ၀ိညာဉ်စွမ်းအင် ပစ္စည်းများကို ကြားခံအဖြစ် အသုံးပြုကာ အစီအရင်တစ်ခုကို ထွင်းထုပေးနိုင်ပြီး ၎င်းက သူကိုယ်တိုင် ထိုနေရာတွင် ရှိနေသကဲ့သို့ အစွမ်းများ ထုတ်ဖော်နိုင်စွမ်းရှိသည်။

“ဒါကို ယူသွား၊ မပျောက်စေနဲ့၊ မင်းကို ဘေးကင်းအောင် ကာကွယ်ပေးလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် စီနီယာ”

ယန်ကျန်း ကျောက်စိမ်းကို လက်ခံကာ ကျေးဇူးတင်စကားဆိုပြီးနောက် သူတို့နှစ်ဦး အရက်နှင့် အသားများ ကုန်သွားသည်အထိ အတန်ကြာ ဆက်လက်စားသောက်နေကြသည်။

ထို့နောက် ယန်ကျန်းလည်း နှုတ်ဆက်ထွက်ခွာသွားလေသည်။

ထိုအချိန်တွင် ကျိုးရီမှာမူ ထူးခြားနက်နဲသော အခြေအနေတစ်ခုအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားလေတော့သည်။

ဤခံစားချက်မှာ အလွန်တရာ ဆန်းကြယ်လှပြီး ၎င်းသည် အသိဉာဏ်ပွင့်လင်းခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။

ဤဘဝတွင် သူသည် ချူကျိုးမှ မြို့တော်သို့ ပြန်လာစဉ်ကသာ အသိဉာဏ်ပွင့်လင်းခြင်းကို ကြုံတွေ့ခဲ့ဖူးသည်။

ဤကဲ့သို့သောအရာမျိုးမှာ ရှာဖွေ၍ရနိုင်သလို ရရှိနိုင်မည်ဟု အာမခံ၍မရနိုင်သောကြောင့် အလွန်တရာ ရှားပါးလှပေသည်။

ကျိုးရီသည် သဘာဝကျကျပင် ဤအခွင့်အရေးကို လက်လွတ်မခံနိုင်ဘဲ ထိုခံစားချက်ကို သေချာအာရုံစိုက်လိုက်သည်။

ထိုနက်နဲသော အခိုက်အတန့်လေးအတွင်းတွင် သူ့ခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင် သဘာဝတရားတစ်ခုလုံး ပေါင်းစပ်သွားသည်ဟု ခံစားလိုက်ရ၏။

ရေတွက်၍မရနိုင်သော ၀ိညာဉ်စွမ်းအင်အမျှင်များစွာသည် အပင်များ၏ အမြစ်များပမာ မွေးညင်းပေါက်များမှတစ်ဆင့် ဆန့်ထွက်လာကာ ကောင်းကင်နှင့် မြေကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။

ဤအရာက ကောင်းကင်နှင့် မြေကြီး၏ ၀ိညာဉ်စွမ်းအင်များကို ပိုမိုလျင်မြန်စွာ စုပ်ယူဖြည့်တင်းနိုင်စေရုံသာမက သူနှင့် သဘာဝတရားကြားတွင် ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု၊ ပို၍ တိတိကျကျပြောရလျှင် ပဋိညာဉ်စာချုပ်တစ်ခုကို တည်ဆောက်ပေးလိုက်ခြင်းဖြစ်သည်။

သူ၏ နတ်ဘုရားအာရုံကို အသုံးမပြုဘဲနှင့်ပင် မြင်ကွင်းများက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။

လောကကြီး၏ ကွဲပြားခြားနားမှုများကို အာရုံခံနိုင်လာပြီး သူ၏ အတွင်းပိုင်းပြောင်းလဲမှုများနှင့် ကောင်းကင်ယံ၏ ဖြစ်စဉ်များကိုပါ လွှမ်းမိုးနိုင်စွမ်း ရှိလာခဲ့သည်။

သူသည် သဘာဝတရားနှင့် တစ်သားတည်း ပေါင်းစပ်သွားသည်အလား ဖြစ်နေသည်။

ဤအချိန်တွင် ကျိုးရီ ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

သူသည် သိုင်းသူတော်စင်အဆင့်ကို ကျော်လွန်ကာ ဒဏ္ဍာရီလာ မြေကမ္ဘာအင်မော်တယ်အဆင့်သို့ ဝင်ရောက်သွားခဲ့ချေပြီ။

All Chapters