← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း (၄၆) - စိတ်အာရုံတစ်ချက်နှင့် သိုင်းသူတော်စဉ်များ ဒဏ်ရာအကြီးအကျယ် ရသွားကြခြင်း

ကျိုးရီ မြေကမ္ဘာအင်မော်တယ်အဆင့်သို့ ကျော်ဖြတ်ဝင်ရောက်သွားချိန်တွင် ကောင်းကင်နှင့် မြေကြီးကြား၌ ထူးခြားဆန်းကြယ်သော လက္ခဏာကြီးတစ်ခု ထပ်မံပေါ်ထွက်လာခဲ့လေသည်။

ကောင်းကင်ယံရှိ ကြယ်တာရာများ လင်းလက်တောက်ပသွားပြီး ပေတစ်သောင်းခန့် ရှည်လျားသော ဧရာမငါးကြီးတစ်ကောင်၏ ပုံသဏ္ဌာန် ပေါ်ပေါက်လာသည်။

ထိုငါးကြီးသည် ကောင်းကင်ယံသို့ တစ်ချက်ခုန်ပျံလိုက်သည်နှင့် မိုင်တစ်သောင်းခန့် ရှည်လျားသော နဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားကာ လေဟုန်ခွဲ၍ ဝဲပျံသွားတော့သည်။

မြေကြီးတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားပြီး မရေမတွက်နိုင်သော နေရာများမှ ချောက်ကမ်းပါးကြီးများသဖွယ် အက်ကွဲကြောင်းများ ပွင့်ဟလာသည်။ ထိုအက်ကွဲကြောင်းများထဲမှ ကျားဟိန်းသံ၊ နဂါးဟိန်းသံများ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားလေသည်။

ထိုတုန်ခါမှုကြီးကြောင့် အင်အားကြီးမားသော ကျွမ်းကျင်သူများစွာ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများကို ခံစားလိုက်ကြရသည်။

“နဂါးတံခါးကို ကျော်ဖြတ်သွားတဲ့ ငါးတစ်ကောင်ပါလား၊ အဲဒီပါရမီရှင်ရဲ့ ခွန်အားတွေက ထပ်တိုးလာပြန်ပြီ၊ ပါရမီပိုင်းဆိုင်ရာမှာ အတော်ကြီးတိုးတက်သွားတာပဲ”

“ဒီအချိန်ကစပြီး အဲဒီလူကို ခြေရာခံဖို့ဆိုတာ ပိုပြီး ခက်ခဲလာလိမ့်မယ်”

“ကြယ်တာရာတွေ လှုပ်ရှားနေပြီး လောကကြီးထဲမှာ ထိပ်တန်းပါရမီရှင်တစ်ယောက် ပေါ်ထွက်လာခဲ့ပြီ၊ ငါတို့ ထျန်းကျီဂိုဏ်းသာ ဒီပါရမီရှင်ကို သေသေချာချာ ပြုစုပျိုးထောင်ပေးနိုင်မယ်ဆိုရင် အနာဂတ်မှာ ထိပ်တန်းကျင့်ကြံသူတစ်ယောက် မွေးထုတ်ပေးနိုင်မှာပဲ”

“ရှေးဟောင်းရတနာခန္ဓာကိုယ်လား၊ တကယ်ကြီး ရှေးဟောင်းရတနာခန္ဓာကိုယ် ဖြစ်နေတာပဲ၊ ငါသာ အဲဒါကို ဝါးမျိုလိုက်နိုင်ရင် ငါ့ရဲ့ ပါရမီက သေချာပေါက် သိသိသာသာတိုးတက်လာပြီး အနာဂတ်မှာ ဒီထက်အများကြီး ပိုခရီးရောက်နိုင်လိမ့်မယ်”

လောဘရမ္မက်အပြည့်ပါသော ရယ်မောသံများနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသော အသံများ ထွက်ပေါ်လာသည်။

မြို့တော်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များစွာ ပျံ့နှံ့ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။ ထိုသူများမှာ ဂိုဏ်းအသီးသီးမှ သိုင်းသူတော်စင်များပင် ဖြစ်သည်။

သူတို့သည် စိတ်စွမ်းအားကို အလျင်အမြန် ဖြန့်ကြက်လိုက်ပြီး တာ့ချန်၏ နေရာတိုင်းကို အသည်းအသန် စူးစမ်းရှာဖွေကြတော့သည်။

ရှေးဟောင်းရတနာခန္ဓာကိုယ် တစ်ခုအနေဖြင့် အဆင့်ကျော်ဖြတ်ချိန်တွင် အငွေ့အသက် အနည်းငယ် ထွက်ပေါ်နိုင်ခြေရှိပြီး ဤအချိန်က သူတို့ ရှာဖွေရန် အကောင်းဆုံး အခိုက်အတန့်ပင် ဖြစ်သည်။

အကယ်၍ ဤအခွင့်အရေးကို လက်လွတ်လိုက်ရပါက နောင်တွင် ဤမျှလောက်ကောင်းမွန်သော အခွင့်အရေးမျိုး ထပ်မံရရှိနိုင်မည် မဟုတ်တော့ပေ။

အခန်းထဲတွင်မူ ကျိုးရီသည် မြေကမ္ဘာအင်မော်တယ်အဆင့်၏ ဆန်းကြယ်မှုများကို ခံစားနေခဲ့သည်။

“မြေကမ္ဘာအင်မော်တယ်အဆင့်ကို ကျော်ဖြတ်ဝင်ရောက်တယ်ဆိုတာ သဘာဝတရားနဲ့ ဆက်သွယ်မှုတစ်ခု တည်ဆောက်လိုက်တာပဲ၊ သိုင်းသူတော်စင်အဆင့်ဆိုတာက ကိုယ်ပိုင် သိုင်းသူတော်စင်နယ်ပယ် တစ်ခုဖန်တီးပြီး အဲဒီအထဲမှာ ကိုယ့်ခွန်အားကို မြှင့်တင်ရုံသက်သက်ပဲ”

“ဒါပေမယ့် မြေကမ္ဘာအင်မော်တယ်အဆင့်ကတော့ သဘာဝတရားနဲ့ တိုက်ရိုက်ဆက်သွယ်ပေးပြီး မိုင်ထောင်ချီကျယ်ဝန်းတဲ့ ဧရိယာအတွင်းက အရာအားလုံးကို ကိုယ်ပိုင်နယ်ပယ်အဖြစ် ပြောင်းလဲပစ်နိုင်တာကိုး”

မြေကမ္ဘာအင်မော်တယ်တစ်ပါးသည် ခြေတစ်လှမ်းလှမ်းရုံဖြင့် မိုင်ထောင်ချီ ဖြတ်သန်းနိုင်ပြီး အတွေးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်စွမ်းရှိသည်။

ထို့အပြင် သူတို့၏ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်း စသည့် ခံစားချက်များကလည်း ကောင်းကင်ဖြစ်စဉ်များကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

ဒေါသတစ်ချက် ထွက်လိုက်ရုံဖြင့် မိုးကြိုးများကို ဖြစ်ပေါ်စေနိုင်ပြီး ဝမ်းသာပျော်ရွှင်မှု တစ်ခုကလည်း သည်းထန်စွာ ရွာသွန်းနေသော မိုးကို ချက်ချင်း ရပ်တန့်သွားစေနိုင်သည်။

သို့သော် ဤအချိန်တွင် ကျိုးရီသည် မြို့တော်၏ ကောင်းကင်ယံထက်၌ စိတ်စွမ်းအားအမျှင်များစွာက တစ်စုံတစ်ခုအား အဆက်မပြတ် ရှာဖွေနေသည်ကို အာရုံခံမိလိုက်သည်။

သေချာပေါက် သူ့ကို ရှာဖွေနေကြခြင်းပင်။

သူ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီးနောက် စိတ်စွမ်းအား လှိုင်းလုံးကြီးတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကောင်းကင်ယံတွင် ကျိုးရီကို ရှာဖွေနေကြသော သိုင်းသူတော်စင်များ၏ မူလဝိညာဉ်များသည် ဒီရေလှိုင်းကြီးတစ်ခုက ရက်စက်စွာ ဝါးမျိုသွားသကဲ့သို့ ရုတ်ချည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရသွားကြတော့သည်။

သိုင်းသူတော်စင်များ၏ အစွမ်းထက်သော စိတ်စွမ်းအားသည် ကျိုးရီ၏ စိတ်စွမ်းအား လှိုင်းလုံးကြီးရှေ့တွင်မူ ကျယ်ပြောလှသော သမုဒ္ဒရာကြီးထဲမှ လှေငယ်လေးတစ်စင်းပမာ ဖြစ်သွားကာ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ချေ။

“အွတ်...”

သိုင်းသူတော်စင်အများအပြားက နာကျင်စွာ ညည်းတွားသံများနှင့်အတူ ရွှေရောင်သန်းနေသော သွေးများကို အဆက်မပြတ် အန်ထုတ်လိုက်ကြရသည်။

မျက်နှာများ ဖယောင်းပမာ ဖြူရော်သွားကာ ကောင်းကင်ပေါ်မှနေ၍ မြေပြင်သို့ တိုက်ရိုက် ပြုတ်ကျသွားကြတော့သည်။

ဝုန်း ဝုန်း ဝုန်း။

သိုင်းသူတော်စင်တစ်ပါး၏ ခန္ဓာကိုယ်မှာ စိန်ထက်ပင် မာကျောလှသည်။

သူတို့ မြေပြင်ပေါ်သို့ အမြောက်ဆံများပမာ ပြုတ်ကျလာမှုကြောင့် မြေကြီးတစ်ခုလုံး အပြင်းအထန် တုန်ခါသွားသည်။

မီတာတစ်ရာကျော် နက်ရှိုင်းသော တွင်းကြီးများ ဖြစ်ပေါ်သွားပြီး မြေပြင်မှာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွားတော့သည်။

အင်အားစုအသီးသီးမှ ဂိုဏ်းအကြီးအကဲအားလုံး အလွန်အမင်း ထိတ်လန့်သွားကြပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားကာ ပြုတ်ကျသွားသူများဆီသို့ အပြေးအလွှား ပျံသန်းသွားကြသည်။

“ဂိုဏ်းချုပ်... အဆင်ပြေရဲ့လား”

“ဂိုဏ်းချုပ်... အခြေအနေဘယ်လိုနေလဲ”

“အရမ်းကြောက်စရာကောင်းတယ်၊ သူက မြေကမ္ဘာအင်မော်တယ်အဆင့်ကိုတောင် ဝင်ရောက်သွားခဲ့ပြီပဲ၊ ဒေါသစိတ်လေး တစ်ချက်ကတင် ငါတို့ရဲ့ အသက်ကို နှုတ်ယူလုနီးပါး ဖြစ်သွားတယ်၊ ရှေ့လျှောက် ဒီလူ ဘယ်သူလဲဆိုတာကို ထပ်မစုံစမ်းကြနဲ့တော့”

“နတ်ဘုရားဓားဂိုဏ်းက တပည့်တွေအားလုံး မှတ်ထားကြ။ ရှေးဟောင်းပါရမီရှင်နဲ့ ပတ်သက်ပြီး ပြောဆိုတာကို တင်းတင်းကြပ်ကြပ် တားမြစ်တယ်။ ဖောက်ဖျက်တဲ့သူကို ကွပ်မျက်မယ်”

အခန်းထဲတွင်မူ ကျိုးရီ၏ အကြည့်က ရေပြင်ပမာ တည်ငြိမ်နေဆဲဖြစ်သည်။

“မြေကမ္ဘာအင်မော်တယ်အဆင့်က တကယ်ကို အစွမ်းထက်တာပဲ၊ စိတ်အာရုံတစ်ချက်နဲ့တင် သိုင်းသူတော်စင် အတော်များများကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်တယ်၊ ငါသာ တကယ်တိုက်ခိုက်လိုက်မယ်ဆိုရင် မြို့တော်ပတ်လည် မိုင်တစ်ထောင်အတွင်းက အရာအားလုံးကို သိုင်းကွက်တစ်ကွက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်လောက်တယ်”

သို့သော် ကျိုးရီကို ကြည့်ရသည်မှာ သိပ်ပြီး ဝမ်းသာပျော်ရွှင်နေပုံမပေါ်ပေ။

ကျိုးရီ တိုးတက်လာသည်မှာ သူ၏ ကျင့်ကြံမှုတစ်ခုတည်းတင် မဟုတ်ဘဲ စိတ်အခြေအနေလည်းပါဝင်ပေသည်။

လက်ရှိ သူ့အခြေအနေမှာ ပြင်ပအကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို တုန်လှုပ်ခြင်းမရှိသော အဆင့်သို့ အမှန်တကယ် မရောက်ရှိသေးပေ။

ကြိုတင်သိရှိထားပြီးသား ကိစ္စများအတွက် အရင်ကလို အလွန်အမင်း စိတ်လှုပ်ရှားမနေတော့ခြင်းသာ။

“ဒီရှေးဟောင်းသူတော်စင်ခန္ဓာကိုယ်က ကျင့်ကြံဖို့အတွက် ကောင်းမွန်ပေမယ့် အဆင့်ကျော်ဖြတ်ဖို့အတွက်တော့ သိပ်အဆင်မပြေဘူး၊ အဆင့်ကျော်ဖြတ်လိုက်တိုင်း ကောင်းကင်ဖြစ်စဉ် အပြောင်းအလဲတွေကို ဖြစ်ပေါ်စေတယ်”

“ဒါက တခြားသူတွေကို ငါ ဒီမှာရှိတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ကြေညာနေသလို ဖြစ်မနေဘူးလား”

သဘာဝနိမိတ်လက္ခဏာများ ပေါ်ပေါက်လာခြင်းကို သူနားလည်နိုင်ပေသည်။

မည်သို့ပင်ဆိုစေ သူတော်စင်ခန္ဓာကိုယ်ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို လုယူဖန်တီးထားခြင်းဖြစ်သည်။

သမိုင်းတစ်လျှောက်ရှိ ပါရမီရှင်များအားလုံးသည် သူတို့အပေါ် ကျရောက်လာမည့် ဘေးဒုက္ခများကို ရှောင်လွှဲ၍မရပေ။

သရဖူကို ဆောင်းမည့်သူသည် ထိုသရဖူ၏ အလေးချိန်ကို ခံနိုင်ရည်ရှိရမည်သာ။

သို့သော် အဆင့်တက်တိုင်း မိမိ၏တည်နေရာကို လူသိရှင်ကြားကြေညာနေရခြင်းက သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေလေသည်။

“ကောင်းကင်ဖြစ်စဉ်တွေကို ကွယ်ဝှက်ပေးနိုင်တဲ့ရတနာ... ဒါမှမဟုတ် ငါ့ရဲ့ ကြမ္မာလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ပေးနိုင်တဲ့ ရတနာတွေများ ရှိမလားမသိဘူး၊ နောက်တစ်ကြိမ် အဆင့်မကျော်ဖြတ်ခင်မှာ ဒီပြဿနာကို ငါ မဖြစ်မနေဖြေရှင်းရမယ်”

ကျိုးရီ၏ လှုပ်ရှားမှုတစ်ချက်အောက်တွင် မြို့တော်ပတ်လည် မိုင်ထောင်ချီအတွင်း မိုးသည်းထန်စွာ ရွာသွန်းလာခဲ့ပြီး ရာသီဥတုကို ကမောက်ကမ ဖြစ်သွားစေကာ သူ့အငွေ့အသက်များ ပါဝင်နေသော ၀ိညာဉ်စွမ်းအင်များကို ဖျောက်ဖျက်ပစ်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်တစ်နေ့သို့ ကူးပြောင်းရောက်ရှိလာခဲ့သည်။ မိုးတိတ်သွားပြီး ကောင်းကင်ကြီးမှာလည်း ကြည်လင်နေခဲ့သည်။

ကောင်းကင်အကျဉ်းထောင်၏ ကုန်ကြမ်းပစ္စည်းဌာနသို့ ကျိုးရီ ရောက်ရှိသွားချိန်တွင် လူတိုင်းက မနေ့က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဆွေးနွေးနေကြသည်။

“ပါရမီရှင်ခန္ဓာကိုယ်ပိုင်ရှင်က ပေါ်တောင်မလာဘဲ စိတ်အာရုံ တစ်ချက်လေးနဲ့တင် သိုင်းသူတော်စင် အတော်များများကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေတယ်လို့ ကြားခဲ့တယ်”

“တကယ်ကို ကြောက်စရာကောင်းတယ်။ သူက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ၀ိညာဉ်စွမ်းအင်တွေ ပြန်မနိုးထလာခင်ကတည်းက အဲဒီလူက သိုင်းသူတော်စင်အဆင့်ကို ရောက်ပြီးသားဆိုတာ ငါ မှတ်မိသေးတယ်”

“နှစ်အနည်းငယ် အတွင်းမှာတင် စွမ်းအားရှင်တွေကို ပုရွက်ဆိတ်တွေလို သဘောထားနိုင်နေပြီ၊ အဲဒီ စွမ်းအားရှင်တွေဆိုတာကလည်း သိုင်းသူတော်စင်အဆင့်ကို ရောက်နေတဲ့သူတွေနော်”

“ရှူး... စကားကို ဆင်ခြင်ပြောကြစမ်း။ မင်းတို့ မသိကြဘူးလား၊ နန်းတွင်းက ဒီကိစ္စ ဆွေးနွေးပြောဆိုတာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပြီး ဖောက်ဖျက်ရင် သေဒဏ်ပေးမယ်လို့ အမိန့်ထုတ်ထားတယ်။ မင်းတို့ သေချင်နေကြတာလား”

ထိုစကားကို ကြားသောအခါ လူတိုင်း လည်ပင်းများပုဝင်သွားကြပြီး ဆက်လက်၍ ဆူညံစွာ မပြောဆိုရဲကြတော့ချေ။

ကျိုးရီ နောက်ဘက်ခန်းမဆောင်သို့ ဝင်သွားခဲ့သည်။ အရက်သမားကြီး စစ်သူကြီးကျောက်မှာ အရက်မသောက်နေဘဲ ခြံဝင်းထဲတွင် ထိုင်ကာ ကောင်းကင်ကို ငေးမောကြည့်နေလေသည်။

ကျိုးရီ ရောက်ရှိလာသည်ကို အာရုံခံမိသည့်အလား စစ်သူကြီး ကျောက် က တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလာသည်။

“ဒီနေရာကနေ ကြီးမြတ်တဲ့ ပညာရှိသူတော်စင်တစ်ပါး ထွက်ပေါ်လာတော့မယ်”

ကျိုးရီ အတော်လေး တွေဝေသွားသည်။

“ရှေးဟောင်းပါရမီရှင်ခန္ဓာကိုယ်ကို ပြောနေတာလား”

စစ်သူကြီးကျောက် ခေါင်းညိတ်ပြလိုက်သည်။

“ဒါက လူတိုင်းသိနေတဲ့ကိစ္စပဲ မဟုတ်ဘူးလား”

“မတူဘူး၊ ဒီတစ်ယောက်က ကွဲပြားတယ်” စစ်သူကြီးကျောက်၏ မျက်နှာအမူအရာမှာ အလွန်အမင်း တည်ကြည်လေးနက်နေသည်။

“သမိုင်းတစ်လျှောက်မှာ ပါရမီရှင်ခန္ဓာကိုယ်တွေ ဘယ်လောက်တောင် ရှိခဲ့ဖူးလဲ၊ သူတို့ မြေကမ္ဘာအင်မော်တယ် အဆင့်ကို ရောက်တဲ့အချိန်ဆိုရင် ကိုယ်ထင်ပြလောက်ပြီ၊ ဒါပေမယ့် မနေ့က အဲ့လူ ကိုယ်ထင်မပြသေးဘူး"

“ဒီလူရဲ့ စိတ်သဘောထားနဲ့ သည်းခံနိုင်စွမ်းက သာမန်လူတွေ စိတ်ကူးနိုင်စွမ်းထက် အများကြီးသာလွန်နေတယ်။ ဒီလောက် ကြီးမားတဲ့ ဇွဲလုံ့လနဲ့ သတိရှိတဲ့သူမျိုးကို သာမန်ပါရမီရှင်တွေ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

ကျိုးရီ အနည်းငယ် ရှုပ်ထွေးသွားသည်။

“မြေကမ္ဘာအင်မော်တယ်အဆင့်ကို ရောက်သွားတာနဲ့ ဘာဖြစ်လို့ သူက ကိုယ်ထင်ပြဖို့ လိုအပ်ရမှာလဲ”

“မင်း နားမလည်ပါဘူး”

စစ်သူကြီးကျောက် ခေါင်းခါယမ်းလိုက်သည်။

“ရှေးဟောင်းပါရမီရှင်ခန္ဓာကိုယ်ရဲ့ တိုးတက်မှုက သိပ်ကို မြန်တယ်ဆိုပေမယ့် သူအသုံးပြုရတဲ့ အရင်းအမြစ်ပမာဏကလည်း သာမန်လူတွေ ယှဉ်လို့မရအောင် များပြားလွန်းတယ်”

သူသာ ကိုယ်ထင်မပြဘူး၊ ကိုယ်ပိုင် အင်အားစုတစ်ခု မတည်ထောင်ဘူး၊ ဒါမှမဟုတ် ဂိုဏ်းကြီးတစ်ခုခုထဲ မဝင်ဘူးဆိုရင် သူ့ရဲ့ ကျင့်ကြံမှုကို ဆက်ပြီးထိန်းသိမ်းထားဖို့ ဘာနည်းလမ်းမှ မရှိတော့သလို တိုးတက်မှုကိုလည်း အရှိန်မြှင့်တင်နိုင်မှာ မဟုတ်ဘူး”

“ပြီးတော့ သူတို့လို သက်ရှိမျိုးတွေက သဘာ၀ ဘေးအန္တရာယ်တွေ အများကြီးပါလာတတ်တယ်၊ သူ အဆင့်ကျော်ဖြတ်ဖို့ အချိန်ဆွဲနေတဲ့ အခိုက်အတန့်တိုင်းက အန္တရာယ်ကလည်း ပိုပိုများလာတာပဲ”

ဤကဲ့သို့သော သီအိုရီမျိုး ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သို့သော် သူ့ထံတွင် မဟာတာအို အင်မော်တယ်ဘူးသီး ရှိနေသောကြောင့် ကိုယ့်ကိုယ်ကိုယ် ဖူလုံအောင် ထောက်ပံ့နိုင်စွမ်း ရှိနေသည်။ ကောင်းကင်ဘုံက သူ့ကို တကယ်ကို ကောင်းချီးပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့မှမဟုတ်လျှင် သူသည်လည်း အခြားသော ပါရမီရှင်များကဲ့သို့ အရင်းအမြစ်များအတွက် အပြင်ထွက်၍ တိုက်ခိုက်လုယက်ရပေလိမ့်မည်။ သိုသိုသိပ်သိပ်နေထိုင်ခြင်းလမ်းစဉ်ကို လိုက်နာမည်ဆိုသည့် စကားမျိုးကို ပြောဆိုနိုင်တော့မည် မဟုတ်ပေ။

“နန်းတွင်းက ဒီကိစ္စကို ဆွေးနွေးပြောဆိုတာ တားမြစ်ထားတယ်ဆို၊ စီနီယာက ဂိုဏ်းက အပြစ်ပေးတာကို မကြောက်ဘူးလား”

“ဟမ့်”

စစ်သူကြီးကျောက်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

“ဒီခြံဝင်းထဲမှာ မင်းနဲ့ငါ နှစ်ယောက်တည်းရှိတာလေ။ အကယ်လို့ ဂိုဏ်းကသိသွားရင် မင်း သွားတိုင်လို့ပဲ ဖြစ်ရမယ်။ ငါ မင်းကို ဒီအတိုင်း လွှတ်ပေးထားမယ်လို့ မင်းထင်နေတာလား ကောင်လေး”

All Chapters