အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇) - ထူးခြားဆန်းကြယ်သော မကောင်းဆိုးဝါးအငွေ့အသက်
စကားဆုံးသည်နှင့်တစ်ပြိုင်နက် စစ်သူကြီးကျောက်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ ရုတ်တရက် အေးစက်တင်းမာသွားသည်။
“သေချင်နေတဲ့ ခွေးကောင်တွေ” စစ်သူကြီးကျောက်က ကြိမ်းဝါးလိုက်သည်။
ထို့နောက် သူသည် ဓားပျံကိုစီးကာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ကျိုးရီသည် စစ်သူကြီးကျောက်ထက် ခြေတစ်လှမ်းစော၍ ကြိုတင်အာရုံခံမိပြီးဖြစ်သည်။
ကောင်းကင်အကျဉ်းထောင်ကောင်းကင်အကျဉ်းထောင် အတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာသော နတ်ဆိုးရိပ်အချို့သည် ဖမ်းဆီးခံထားရသည့် သူတို့၏ အဖော်များကို လာရောက်ကယ်တင်ရန် ရည်ရွယ်ထားပုံရသည်။
ဤသည်မှာ ကောင်းကင်အကျဉ်းထောင်တွင် ရိုးအီနေသော ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်တစ်ခုသာ။
စစ်သူကြီးကျောက်၏ စွမ်းရည်မှာ အတော်လေး အထင်ကြီးလောက်စရာကောင်းပေသည်။ သိုင်းသခင်တစ်ဦး၏ ခွန်အားဖြင့် သူသည် ကောင်းကင်အကျဉ်းထောင်ကို ယနေ့တိုင်အောင် လုံလုံခြုံခြုံ စောင့်ကြပ်နိုင်ခဲ့သည်။
ခဏအကြာတွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ခိုးဝင်လာသော နတ်ဆိုးများအားလုံး စစ်သူကြီးကျောက်၏ ဓားချက်အောက်တွင် အသက်ပျောက်သွားကြလေသည်။
နှစ်လခန့် ကြာပြီးနောက် ယန်ကျန်း ပြန်လည်ရောက်ရှိလာခဲ့သည်။ သူနှင့် နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ မှ လုပ်ဖော်ကိုင်ဖက်များသည် နတ်ဆိုးအချို့ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြပြီး ၎င်းတို့အားလုံးမှာ လူသားအသွင်ပြောင်းထားသော မြွေနတ်ဆိုးများ ဖြစ်ကြသည်။
ကောင်းကင်အကျဉ်းထောင်ရှိ ကွပ်မျက်သူများမှာ ချွန်ထက်သော ဓားများဖြင့် လျင်မြန်စွာ ခုတ်ထစ်နေကြရာ မီးပွင့်လုမတတ်ပင် ဖြစ်နေသည်။
အိပ်ရေးပျက်ခံကာ အနားမယူဘဲ အချိန်ပိုဆင်း၍ လုပ်ဆောင်လျှင်ပင် ထိုနတ်ဆိုးများအားလုံးကို ရှင်းလင်းရန် အနည်းဆုံး ဆယ်ရက်မှ လဝက်အထိ အချိန်ယူရပေမည်။
ထိုညနေခင်းတွင် ယန်ကျန်းသည် ပြည့်တန်ဆာရုံသို့ သွားရောက်ရန် လုပ်ဖော်ကိုင်ဖက်များ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့ပြီး အရက်နှင့် ဟင်းလျာများ ယူဆောင်ကာ ကျိုးရီ၏ ခြံဝင်းငယ်လေးသို့ ရောက်လာခဲ့သည်။
“ဒီတစ်ကြိမ်တော့ စီနီယာ့ကို တကယ်ကျေးဇူးတင်ရမှာပဲ၊ စီနီယာပေးလိုက်တဲ့ ကျောက်စိမ်းဆွဲပြားလေးသာ မပါခဲ့ရင် ကျွန်တော် သေချာပေါက် ဒုက္ခရောက်နေလောက်ပြီ” ယန်ကျန်းက ကျေးဇူးတင်စကား ဆိုလာသည်။
ယခင်က ဤမျှကြီးမားသော တိုက်ပွဲကြီးမျိုးတွင် တစ်ကြိမ်တစ်ခါမျှ မပါဝင်ခဲ့ဖူးသောကြောင့် ယန်ကျန်းအနေဖြင့် သိပ်အလေးမထားခဲ့ပေ။
ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲပြီးမှသာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ဆိုးရွားကြောင်း သူ သဘောပေါက်သွားခဲ့သည်။
မွေးရာပါအဆင့်အထက် တိုက်ပွဲများသည် အဓိကအားဖြင့် ချီစွမ်းအင်အပေါ်တွင်သာ အခြေခံထားပြီး နည်းစနစ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များအတွင်း လှောင်ပိတ်မနေတော့ပေ။
အကြွင်းမဲ့ခွန်အား၏ ရှေ့မှောက်တွင် မည်သည့်လှုပ်ရှားမှုနှင့် နည်းစနစ်မဆို အပေါ်ယံ ဟန်ရေးပြခြင်း သက်သက်မျှသာ ဖြစ်သွားလေသည်။
“ငါက မင်းကို တစ်ခဏတာပဲ ကူညီပေးနိုင်မှာ၊ တစ်သက်လုံး ကူညီပေးနိုင်မှာ မဟုတ်ဘူး။ နောင်တစ်ချိန် မင်း လောကကြီးထဲကို ထွက်တဲ့အခါ သတိထားဖို့ အမြဲတမ်း မှတ်ထား”
“ဘာပဲဖြစ်ဖြစ် မင်းမှာ အသက်က တစ်ချောင်းတည်း ရှိတာလေ” ကျိုးရီ သတိပေးလိုက်သည်။
“စီနီယာရဲ့စကားကို မှတ်သားထားပါ့မယ်”
ယန်ကျန်းက ကျိုးရီကို အရက်ခွက်ဖြင့် ဂုဏ်ပြုလိုက်ပြီး ဆက်ပြောလာသည်။
“စီနီယာ... ဒီတစ်ကြိမ် နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ နဲ့အတူ အပြင်ထွက်ခဲ့တုန်းက ကျွန်တော့်ကို အတော်လေး စိတ်ပျက်စေတဲ့ ကိစ္စအချို့ကို သိလိုက်ရတယ်။ တချို့လူသားတွေက နတ်ဆိုးတွေနဲ့ လျှို့၀ှက်ပူးပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးနေကြတယ်"
“ကိုယ်ကျိုးစီးပွားအတွက် နတ်ဆိုးတွေကိုတောင် မွေးမြူထားကြတယ်။ သာမန် သိုင်းပညာရှင် နည်းနည်းလောက်ပဲ ဆိုရင်တော့ သူတို့ကို သတ်ပစ်လိုက်ယုံနဲ့ ပြီးသွားမှာပဲ”
“ဒါပေမယ့် သူတို့ထဲက တချို့က နန်းတွင်းအရာရှိတွေ ဖြစ်နေတယ်၊ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိရင် နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ကတောင် သူတို့ကို ဘာမှ လုပ်လို့မရဘူး”
“ကျင့်သားရအောင် နေစမ်းပါ” ကျိုးရီ၏ အေးတိအေးစက် စကားကြောင့် ယန်ကျန်း မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားသည်။
“စီနီယာကပါ ဘယ်လိုလုပ် ဒီလို အေးစက်တဲ့စကားမျိုး ပြောထွက်ရတာလဲ။ အဲဒီ သာမန်ပြည်သူတွေကလည်း မိဘတွေ မွေးထုတ်ပျိုးထောင်ပေးလိုက်တဲ့ အသားနဲ့သွေးနဲ့ လူတွေပါပဲ။ အဲဒီ အကျင့်ပျက်အရာရှိတွေကြောင့် သူတို့ရဲ့ ဘဝတွေ ပျက်စီးသွားတာကို စီနီယာ ဒေါသမထွက်ဘူးလား”
“ကောင်းကင်တာအိုက ရက်စက်တယ်။ အရာအားလုံးကို မြက်ခြောက်ရုပ်လေးတွေလို သဘောထားတယ်၊ ဒီလောကကြီးရဲ့ အနှစ်သာရက တောတွင်းဥပဒေသပဲ၊ ၀ိညာဉ်စွမ်းအင်တွေ ပြန်လည်မနိုးထလာခင်ကတည်းက လူအချင်းချင်း ဒုက္ခပေးနေကြတာ အများကြီးရှိခဲ့တာပဲ”
“ဘဏ္ဍာရေးဝန်ကြီး ကျိုးစီယွမ်ရဲ့ သားကသာ မင်းအမေရဲ့ အလှကို မျက်စိမကျခဲ့ရင် မင်းတို့မိသားစုက ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုးကို ရောက်သွားမှာလဲ၊ အားနည်းသူတွေက သနားညှာတာမှုနဲ့ မထိုက်တန်ဘူး”
ယန်ကျန်း သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။
“စီနီယာ ပြောတာတွေကို ကျွန်တော် ဘယ်လိုလုပ် မသိဘဲနေမှာလဲ။ ဒါပေမယ့် မြင်တွေ့နေရတာက တကယ်ကို ဒေါသထွက်ဖို့ကောင်းလွန်းလို့ပါ၊ အဲဒီ အကျင့်ပျက် အရာရှိတွေက ကလေးငယ်တွေကိုတောင် ယဇ်ကောင်အဖြစ် အသုံးပြုခဲ့ကြတယ်"
“စီနီယာ မမြင်ခဲ့လို့... မြွေလိုဏ်ဂူထဲမှာ ပေတစ်သောင်းလောက် နက်တဲ့ ချောက်ကမ်းပါးကြီးကို တူးထားပြီး အဲဒီအထဲမှာ လူ့အရိုးတွေနဲ့ ပြည့်နှက်နေတာပဲ”
“ကျွန်တော်တို့ ဒီတစ်ခါသွားတော့ တစ်ယောက်ယောက်က သတင်းပေါက်ကြားသွားအောင် လုပ်လိုက်လို့ မြွေတစ်သောင်း လိုဏ်ဂူ ရဲ့ အစွမ်းအထက်ဆုံး ကြေးခွံစိမ်းမြွေမိခင်ကြီး လွတ်မြောက်သွားတယ်"
‘အဲဒါက လူသားမျိုးနွယ်ရဲ့ သိုင်းသခင်အဆင့် အထွတ်အထိပ်နဲ့ နှိုင်းယှဉ်လို့ရတဲ့ သက်ရှိပဲ၊ အခု သူ လွတ်သွားပြီဆိုတော့ လူဘယ်နှစ်ယောက်ကို သတ်ပစ်ဦးမလဲဆိုတာ ဘယ်သူမှမသိနိုင်တော့ဘူး”
“အားနည်းသူတွေရဲ့ ဆင်းရဲဒုက္ခကို ကိုယ့်ရဲ့ လက်ထိပ်အဖြစ် သတ်မှတ်မထားနဲ့၊ မင်းရဲ့ ပြိုင်ဘက်ကင်းနှလုံးသားကိုသာ ဆုံးရှုံးသွားရင် သိုင်းပညာလမ်းစဉ်မှာ တိုးတက်ဖို့ ခက်ခဲသွားလိမ့်မယ်"
“အချိန်ကြာလာတာနဲ့အမျှ မင်းလည်း သူတို့ရဲ့ ခြေရာကိုပဲ နင်းမိသွားလိမ့်မယ်၊ မင်းလက်ထဲမှာ ခွန်အားရှိနေရင်တော့ မင်းလုပ်ချင်တာကို အကုန်လုပ်နိုင်မှာပဲ” ကျိုးရီ လမ်းညွှန်ပြသလိုက်သည်။
“စီနီယာ့ရဲ့ စကားတွေက ကျွန်တော့်ကို အသိ၀င်သွားစေခဲ့တယ်၊ ဒီဘဝမှာ စီနီယာ့ရဲ့ လမ်းညွှန်မှုကို ရရှိတာက တကယ်ကို သုံးဘ၀စာ ကံကောင်းမှုကြီးပါပဲ”
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ်ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့လေပြီ။
ကောင်းကင်အကျဉ်းထောင်အတွင်းရှိ မြွေနတ်ဆိုးအများစုကို သတ်ဖြတ်ပြီးစီးသွားပြီဖြစ်သည်။
ကွပ်မျက်သူများမှာ နှောင်းပိုင်းဖြစ်တည်မှုအဆင့် ကျင့်ကြံမှု ရှိကြသော်လည်း ရက်ပေါင်းများစွာ ဆက်တိုက်အလုပ်လုပ်ခဲ့ရသဖြင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။
ထို့ကြောင့် သူတို့၏ ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်ရန် ဝမ်ဆန်းထံမှ တစ်ရက်ခွင့်တောင်းခဲ့ကြသည်။
ထိုနေ့တွင် ကောင်းကင်အကျဉ်းထောင်မှာ အတော်လေး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ကျိုးရီနှင့် စစ်သူကြီးကျောက်တို့ စစ်တုရင် ကစားနေကြစဉ် အကျဉ်းထောင်အတွင်းမှ အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဒုက္ခပါပဲ၊ မြွေနတ်ဆိုးတွေ ထွက်ပြေးသွားကြပြီ၊ မြွေနတ်ဆိုးတွေလွတ်သွားပြီ”
ထိုအသံကို ကြားသည်နှင့် စစ်သူကြီးကျောက် တံတွေးကို ခပ်ပြင်းပြင်း ထွေးချလိုက်သည်။
“တောက်... အဲဒီ ခွေးကောင်တွေ ပြဿနာထပ်ရှာနေပြန်ပြီ”
သူသည် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပျံသန်းထွက်ခွာသွားတော့သည်။ ကျိုးရီ နတ်ဘုရားအာရုံဖြင့် စူးစမ်းကြည့်လိုက်ပြီးနောက် ခေါင်းခါယမ်းလိုက်မိသည်။
“အဘိုးကြီးကျောက် ဒီတစ်ခါတော့ ဒဏ်ရာရလာတော့မှာပဲ”
သူသည် အခြားသူများ မမြင်နိုင်သော အရာများစွာကို နားလည်သဘောပေါက်ထားပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အဖြစ်အပျက်များနှင့် တိုးတက်ပြောင်းလဲမှုများကိုပင် ကြိုတင်ခန့်မှန်းနိုင်နေပြီဖြစ်သည်။
ဤသည်မှာ မြေကမ္ဘာအင်မော်တယ်အဆင့်၏ လုပ်နိုင်စွမ်းဖြစ်သည်။ ကိုယ်တိုင် လှုပ်ရှားစရာ မလိုဘဲနှင့်ပင် သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်း ဖြစ်ပျက်မည့်အရာများကို ကြိုတင်သိရှိနေပြီး ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် စစ်သူကြီးကျောက် နတ်ဆိုးများကို ပြုပြင်စီမံသော ခြံဝင်းသို့ ပျံသန်းသွားချိန်တွင် အောက်ဘက်မှ ဓားအလင်းတန်းတစ်ခုက ရုတ်တရက် တိုက်ခိုက်လာပြီး သူနှင့် အပြင်းအထန် ရိုက်ခတ်မိသွားတော့သည်။
မျှော်လင့်မထားသော တိုက်ခိုက်မှုကြောင့် စစ်သူကြီးကျောက်မှာ ဝုန်းခနဲ အသံကြီးနှင့်အတူ ရုတ်ချည်း လွင့်စင်သွားပြီး သူ၏ သွေးနှင့် ချီစွမ်းအင်များပင် ကမောက်ကမ ဖြစ်သွားတော့သည်။
သို့သော် သူ့ပြိုင်ဘက်ကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
“ချင်မင်လီ... မင်းရူးသွားပြီလား၊ ဘာလို့ ငါ့ကို လာတိုက်ခိုက်နေတာလဲ”
“မင်းကို သတ်မလို့လေ” ချင်မင်လီက ခြေကန်ကာ လေထဲသို့ ရုတ်တရက် ခုန်တက်လာသည်။
သူ ဝင်ရောက်တားဆီးပေးနေသဖြင့် ကျန်ရှိနေသော မြွေနတ်ဆိုးအားလုံး ထွက်ပြေးလွတ်မြောက်သွားကြသည်။
ဝမ်ဆန်းသည် ရုံးခန်းထဲမှ ပြေးထွက်လာပြီး ထိုမြင်ကွင်းကြောင့် မှင်သက်သွားရသည်။
“ဟိုလူက ကောင်းကင်အကျဉ်းထောင်ရဲ့ ကာကွယ်ရေးတပ်မှူး ချင်မင်လီ မဟုတ်ဘူးလား။ သူက ဘာလို့ ကုန်ကြမ်းပစ္စည်းဌာနက စစ်သူကြီးကျောက်နဲ့ တိုက်ခိုက်နေရတာလဲ”
သူ၏ လက်အောက်ငယ်သားများမှာလည်း လုံးဝ ရှုပ်ထွေးတွေဝေနေကြသည်။
“ကျွန်တော်တို့လည်း မသိပါဘူး အကျဉ်းထောင်မှူးကြီးရယ်။ မြန်မြန် နည်းလမ်းတစ်ခုခု ရှာမှဖြစ်တော့မယ်၊ သူတို့နှစ်ယောက်လုံးက သိုင်းသခင်အဆင့် ကျင့်ကြံသူတွေလေ”
“ဒီအတိုင်းသာ ဆက်တိုက်နေကြရင် ကောင်းကင်အကျဉ်းထောင်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်၊ အထက်လူကြီးတွေက တာဝန်ယူခိုင်းရင် ကျွန်တော်တို့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”
“မြန်မြန်... နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့က ကျင့်ကြံသူတွေကို သွားခေါ်လာခဲ့စမ်း”
ကောင်းကင်ယံတွင် ချင်မင်လီနှင့် စစ်သူကြီးကျောက် တိုသည် ဓားရှည်နှင့် ဓားပျံတို့ကို ထိန်းချပ်ကာ အပြင်းအထန် တိုက်ခိုက်နေကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦး အကြိမ်တစ်ထောင်ခန့် ရင်ဆိုင်တိုက်ခိုက်ပြီးသွားလေပြီ။
နှစ်ဦးလုံးမှာ သိုင်းသခင်အဆင့် ကျင့်ကြံသူများ ဖြစ်ပြီး သာမန် ဓားအလင်းတန်း တစ်ခုသည်ပင် မီတာတစ်ရာခန့် ရှည်လျားလှသည်။
သူတို့၏ တိုက်ခိုက်မှုများကြောင့် မိုးခြိမ်းသံများပမာ ပေါက်ကွဲသံများ ထွက်ပေါ်လာကာ နားကွဲမတတ်ဆူညံနေသည်။ တိုက်ခိုက်မှုအရှိန်ကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများမှာ မုန်တိုင်းများသဖွယ် တိုက်ခတ်နေပြီး နံရံများ ပြိုကျကာ အမိုးကြွေပြားများ လွင့်စင်သွားသည်။
ကောင်းကင်အကျဉ်းထောင်တစ်ခုလုံးတွင် အော်ဟစ်သံများ ဆက်တိုက် ပဲ့တင်ထပ်နေတော့သည်။
ဝမ်ဆန်းနှင့် သူ့လူများဖြစ်စေ၊ သိုင်းလောကမှ မိစ္ဆာခေါင်းဆောင်များဖြစ်စေ၊ ဖမ်းဆီးခံထားရသော နတ်ဆိုးများဖြစ်စေ အားလုံးက ခေါင်းကိုဖုံးကာ အလုအယက် ထွက်ပြေးပုန်းအောင်းနေကြရပြီး မည်သူမျှ ထိုနေရာတွင် ဆက်လက်မနေရဲကြတော့ချေ။
ကျိုးရီ သူ၏ စိတ်စွမ်းအားဖြင့် သေချာစွာ စူးစမ်းလေ့လာလိုက်ရာ မကြာမီမှာပင် အကြောင်းရင်းကို ရှာဖွေတွေ့ရှိသွားသည်။
ချင်မင်လီ၏ ခန္ဓာကိုယ်အတွင်းတွင် မကောင်းဆိုးဝါးအငွေ့အသက်တစ်ခု စိမ့်ဝင်ပျံ့နှံ့နေလေူည်။
ဤမကောင်းဆိုးဝါးအငွေ့အသက်သည် သူ့ဒန်တျန်အောက် သုံးလက်မခန့်အကွာ၊ တစ်နည်းအားဖြင့် သူ၏ မျိုးပွားအင်္ဂါပေါ်တွင် အဓိက စုစည်းနေခြင်းဖြစ်သည်။
ထိုမကောင်းဆိုးဝါးအငွေ့အသက်၏ ထိန်းချုပ်မှုအောက်တွင် သူ၏ လက်ရှိအပြုအမူများမှာ မိစ္ဆာဆန်နေခဲ့၏။
အကြမ်းဖျင်းအားဖြင့် အဆင့်တူဖြစ်သော်ငြား ချင်မင်လီ၏ အသက်ကိုပဓာနမထားသော တိုက်ခိုက်မှုပုံစံက စစ်သူကြီးကျောက်ကို တိုက်ရိုက် ဖိနှိပ်ထားနိုင်ခဲ့ပြီး မကြာမီမှာပင် စစ်သူကြီးကျောက်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့ ပေါ်လာတော့သည်။
အကြောင်းရင်းကို ရှာတွေ့သွားပြီးနောက် ကျိုးရီ ထပ်မံ အချိန်ဆွဲမနေတော့ပေ။ သူ တစ်ချက်တွေးလိုက်ရာ လေထဲတွင် ရေခဲစတစ်ခု အလိုအလျောက် စုစည်းသွားသည်။
သူ လက်ချောင်းလေးကို တစ်ချက်တောက်လိုက်သည်နှင့် ထိုရေခဲစမှာ ဓားအလင်းတန်းတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ မိုးကြိုးအဟုန်ဖြင့် ချင်မင်လီထံသို့ တိုးဝင်သွားတော့သည်။
အစွမ်းပြနေသော ချင်မင်လီမှာ ထိုဓားအလင်းတန်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ သူ အော်ဟစ်ရန် အချိန်ပင်မရလိုက်ဘဲ အပိုင်းပိုင်းပြတ်ထွက်သွားကာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။
ထိုအနက်ရောင် ချီစွမ်းအင် အငွေ့အသက်လေးမှာလည်း သာမန်မျက်စိဖြင့် မမြင်နိုင်သော လျှပ်စီးပမာ အလျင်အမြန် ထွက်ပြေးလွတ်မြောက်သွားတော့သည်။