အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈) - ကြေးခွံစိမ်းမြွေမိခင်၊ ဝိညာဉ်သန့်စင်ခြင်း လျှို့ဝှက်ကျင့်စဉ်
ဝုန်း...
ရေခဲစမှာ အဟုန်မပျက်ဘဲ ဆက်လက်ပျံသန်းသွားပြီး နံရံကို အရှိန်ပြင်းစွာ ဝင်တိုက်သွား၏။ သို့သော် နံရံကြီးကို ပြိုကျမသွားစေဘဲ အနည်းငယ်မျှသာ နစ်ဝင်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စစ်သူကြီးကျောက်၏ မျက်၀န်းများ ချက်ချင်း ကျုံ့ဝင်သွားပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားတော့သည်။
ဘုတ်...
ချင်မင်လီ၏ ရုပ်အလောင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး အကြိမ်အနည်းငယ် လိမ့်သွားခဲ့သည်။
ဝမ်ဆန်းက ထောင့်တစ်နေရာမှ ထွက်လာခဲ့သည်။ ချင်မင်လီ၏ ရုပ်အလောင်းကို မြင်သောအခါ ချက်ချင်း ရှေ့တိုးသွားပြီး နှစ်ချက်မျှ ကန်ကျောက်လိုက်သည်။
“တောက်... ခွေးမသားလေး။ ကောင်းကင်အကျဉ်းထောင်ကို ဒီလိုဖြစ်အောင် လုပ်ရဲတယ်ပေါ့၊ ဒီတစ်ခါတော့ မင်းကြောင့် ငါ သေချာပေါက် ဒုက္ခရောက်ရတော့မှာပဲ”
သူ တီးတိုး ကြိမ်းဝါးဆဲဆိုပြီးနောက် စစ်သူကြီးကျောက်ထံသို့ လျှောက်သွားကာ လက်ယှက်၍ ပြုံးဖြီးဖြီးဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
“စီနီယာကျောက်... ပင်ပန်းသွားပြီ။ ခင်ဗျားသာ ဝင်မပါခဲ့ရင် ဒီကောင်းကင်အကျဉ်းထောင် ကြီးတော့ ဒီနေ့ သေချာပေါက် ပျက်စီးသွားလောက်ပြီ”
စစ်သူကြီးကျောက်က အေးစက်စက် နှာမှုတ်လိုက်သည်။
“မင်း ဖားတဲ့လူ မှားနေပြီ၊ ငါလုပ်တာမဟုတ်ဘူး၊ တခြားတစ်ယောက်ပဲ”
စကားပြောရင်း သူက နံရံထဲတွင် နစ်ဝင်နေသော ရေခဲစကို လှမ်းကြည့်လိုက်သည်။
ထိုအရာကို မြင်လိုက်ရသောအခါ ဝမ်ဆန်း အံ့အားသင့်သွားသည်။
“အဲဒါ ရေခဲစလား။ အဲဒါကို ဘယ်သူက ဖန်တီးခဲ့တာလဲ၊ ဒီရေခဲစလေး တစ်ခုက သိုင်းသခင်အဆင့်ရှိတဲ့ ချင်လီမင်ကို သတ်ပစ်လိုက်တာလို့ ခင်ဗျား ပြောချင်တာလား”
“အရူးကောင်... မင်း မမြင်ဘူးလား။ ခုနက တိုက်ခိုက်မှုက သိုင်းသခင်တစ်ယောက်ကို ချက်ချင်း သတ်ပစ်နိုင်တယ်၊ အဲဒီစွမ်းအင်က အနည်းဆုံးတော့ သိုင်းသူတော်စင်အဆင့်နဲ့ နှိုင်းယှဉ်လို့ရတယ်၊ ဒါပေမယ့် ချင်မင်လီ ကို သတ်ပြီးတာနဲ့ နံရံထဲကို ညင်ညင်သာသာလေး နစ်ဝင်သွားတယ်”
“တစ်ဖက်လူက ချင်မင်လီကို သတ်ဖို့အတွက်တင် လိုအပ်တဲ့ခွန်အားကို အတိအကျ တွက်ချက်ထားတာ... နည်းနည်းလေးမှ မပိုဘူး၊ နည်းနည်းလေးမှလည်း မလိုဘူး”
“ဒီလောက် ကြောက်စရာကောင်းတဲ့ ထိန်းချုပ်မှုမျိုးက သိုင်းသခင်တစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး၊ ပြီးတော့ အခုက ဇွန်လလေ။ ရေခဲစက ဘယ်ကနေ ရောက်လာမှာလဲ”
“သဘာဝနိယာမတွေကို နားလည်သဘောပေါက်ထားပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ရေခဲစကို ဖန်တီးနိုင်တဲ့ သိုင်းသူတော်စင် တစ်ပါးဖြစ်ရမယ်”
“ကျစ်... ဒါဆို သိုင်းသူတော်စင်တစ်ပါးက တစ်ကယ်ကြီး ဝင်ပါခဲ့တာပေါ့၊ ကောင်းတယ်... ဒီကောင် လူသားမျိုးနွယ်ကို သစ္စာဖောက်တာကို ကြည့်မရလို့ ဝင်သတ်ပေးသွားတဲ့ နန်းတွင်းက ဂိုဏ်းကြီးလေးခုထဲက သိုင်းသူတော်စင်တစ်ပါးဖြစ်ရမယ်”
စစ်သူကြီးကျောက်က ဝမ်ဆန်းကို ပြန်ဖြေရန် စိတ်မဝင်စားတော့ချေ။ သူ မျက်မှောင်ကြုတ်ကာ တီးတိုး ရေရွတ်လိုက်သည်။
“ဂိုဏ်းကြီးလေးခုက သိုင်းသူတော်စင်တွေ အားလုံး မြေကမ္ဘာအင်မော်တယ်ရဲ့ စိတ်စွမ်းအားကြောင်ပ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြပြီး အခုချိန်မှာ ဒဏ်ရာတွေကုသဖို့ တံခါးပိတ် ကျင့်ကြံနေကြတာလေ၊ ဒီသိုင်းသူတော်စင်က ဘယ်ကနေ ရောက်လာတာလဲ”
မြို့တော်အပြင်ဘက်ရှိ လူသူကင်းမဲ့သော တောရိုင်းနယ်မြေထဲတွင်။
ဓားအလင်းတန်းတစ်ခုကဲ့သို့ အနက်ရောင်ချီစွမ်းအင်တစ်မျှင်က သစ်တောထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပြိုင်ဘက်ကင်းလောက်အောင် လှပသော အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။
“အဲဒီကောင်က သိုင်းသခင်အဆင့်ဆိုပေမယ့် ချက်ချင်း သတ်ဖြတ်ခံလိုက်ရတာပဲ၊ လှုပ်ရှားခဲ့တဲ့လူရဲ့ ခွန်အားက တကယ်ပဲ အဲ့ဒီလောက်အထိ ကြီးမားနေတာလား၊ မြို့တော်က တကယ်ကို ၀က်ယောင်ဆောင်တဲ့ ကျားတွေနဲ့ ပုန်းအောင်းနေတဲ့ နဂါးတွေ ပြည့်နှက်နေတဲ့နေရာပဲ”
ခေတ္တရပ်နားပြီးနောက် သူမက အတော်လေး မာန်တက်နေသောဟန်ဖြင့် ထပ်မံရယ်မောလိုက်သည်။
“ငါက ပါးနပ်လို့ တော်သေးတာပေါ့၊ ငါ့ရဲ့ မျိုးဆက်တွေကို ကယ်တင်ဖို့ အဲဒီ လူသားကိုပဲ အသုံးပြုခဲ့လို့။ ငါကိုယ်တိုင်သာ သွားခဲ့ရင် အခုချိန်လောက်ဆို အခက်တွေ့နေလောက်ပြီ”
“အခုတော့ ငါ့မျိုးဆက်တွေ ပြန်လာမယ့်အချိန်ကို စောင့်ပြီး လူသားတွေကိုဝါးမျိုဖို့ နောက်ထပ် နေရာတစ်ခုကို ရှာရုံပဲ၊ ပြီးရင် နောက်ထပ်မျိုးဆက်တွေကို ဆက်မွေးပြီး ငါ့မျိုးနွယ်စုကို ချဲ့ထွင်နိုင်ပြီ”
“မင်းကို တွေ့ပြီ”
သူမ နားထဲသို့ အသံတစ်သံ ရုတ်တရက် ဝင်ရောက်လာရာ အမျိုးသမီးမှာ ထိတ်လန့်မှုကြောင့် မျက်နှာ ဖြူရော်သွားတော့သည်။
‘တောက်... ငါ့ကို ရှာတွေ့သွားပြီလား'
သူမ လက်မြှောက်ကာ အသံထွက်ပေါ်လာရာ နေရာဆီသို့ လက်ဝါးရိုက်ချက်တစ်ခု ထုတ်ဖော်လိုက်သည်။
ဤလက်ဝါးရိုက်ချက်ထဲတွင် သူမ၏ ခွန်အားအားလုံးနီးပါးကို ထည့်သွင်းအသုံးပြုထားလေသည်။ လက်ဝါးလေလှိုင်းများ ထွက်ပေါ်လာသည်နှင့်အမျှ တိမ်တိုက်များ လှိုင်းထန်လာသည်။
အစွမ်းထက်သော ခွန်အားက သူမ ခြေထောက်အောက်ရှိ တောင်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ခွန်အားမှာ အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှေ့ရှိ အရာအားလုံးကို ဝါးမျိုပစ်လိုက်သည်။
၎င်း၏စွမ်းအားမှာ တောင်တစ်လုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
သို့သော် ဓားအလင်းတန်းတစ်ခုက သူမ၏ စွမ်းအင်များကို ထိုးဖောက်လာပြီး သူမ အသက်ကို နုတ်ယူရန် ဦးတည်လာနေခဲ့သည်။
ထိုဓားချက်မှာ သာမန်ဟု ထင်ရသော်လည်း သူမ ကျော်လွှား၍မရနိုင်သော ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများ ရောနှောပါဝင်နေသည်။
ဓားဆန္ဒမှာ သမုဒ္ဒရာကြီးပမာ ကြီးကျယ်ခမ်းနားပြီး အဆုံးမရှိ ဆက်တိုက် စီးဆင်းနေသည်။
ထိုဓားအလင်းတန်းကို မြင်လိုက်ရချိန်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချိပ်ပိတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
သူမ ခွန်အား အနည်းငယ်မျှပင် ထုတ်လွှတ်၍ မရနိုင်တော့ဘဲ ထိုဓားအလင်းတန်းက သူမ၏ မျက်လုံးထဲတွင် တဖြည်းဖြည်း ကြီးမားလာသည်ကိုသာ ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေနိုင်တော့သည်။
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် သူမ၏ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်ထွက်သွားပြီး သူမ၏ ဝိညာဉ်မှာလည်း ချေမှုန်းခံလိုက်ရသည်။ သူမ ခြေထောက်အောက်ရှိ တောင်နှင့်အတူ အနောက်ရှိ တောင်နှစ်လုံးပါ ပျက်စီးသွားသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် မြေပြင်ကို ဖောက်ထွင်းထားသကဲ့သို့ ဓားရာကြီးတစ်ခုသာ ကျန်ရစ်ခဲ့လေတော့သည်။
ကျိုးရီ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။
အတွေးတစ်ချက်ဖြင့် ထိုအမျိုးသမီး၏ အသားနှင့် သွေးများကို တိုက်ရိုက်စုပ်ယူလိုက်သည်။
ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းနှင့် သူမ၏ သွေးအနှစ်သာရများနှင့် ကျင့်ကြံမှုများကို စုပ်ယူလိုက်ပြီး အလောင်းကိုထိကာ သူမ၏ မှတ်ဉာဏ်များကို ထုတ်ယူခဲ့သည်။
[ဒီမဟာကမ္ဘာမှာ နေထိုင်ရတာ အဆင်မပြေတော့ဘူး၊ လူတိုင်းက ငါ့မျိုးနွယ်စုကို အရေခွံဆုတ်ပြီး လက်နက်တွေ ဖန်တီးချင်နေကြတယ်၊ တစ်ချို့ကြလည်း ဆေးဖော်စပ်ဖို့ အသုံးပြုချင်နေကြတယ်၊ ငါ့ကျင့်ကြံမှုကို တိုးတက်ဖို့အတွက် ကမ္ဘာငယ်လေးတစ်ခုကို သွားပြီး ပိုအားကောင်းလာမှ ပြန်လာတော့မယ်]
[ဒီကမ္ဘာငယ်လေးက အစွမ်းထက် ကျွမ်းကျင်သူတွေ သိပ်မရှိဘူးပဲ၊ ဒီလောက်ကံကောင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဟားဟားဟား၊ ငါ့မျိုးနွယ်စု ရှင်သန်ဖို့အတွက် အကောင်းဆုံးနေရာပဲ]
[လူသားမျိုးနွယ်က ငါ့နတ်ဆိုးမျိုးနွယ်စုကို စားသောက်ကြတယ်၊ ဒါကြောင့် နတ်ဆိုးမျိုးနွယ်စုကလည်း လူသားမျိုးနွယ်ကို သဘာဝကျကျ ပြန်စားသောက်ရမှာပဲ၊ ပထမဆုံးအနေနဲ့ ဒီလူသားတွေကို ဝါးမျိုပြီး သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ သွေးတွေကို သန့်စင်မယ်]
[ပြီးရင် ဝိညာဉ်သန့်စင်ခြင်း လျှို့ဝှက်ကျင့်စဉ်ကို သုံးပြီး ဒီလူသားဝိညာဉ်တွေကို ငါ့အစေခံအဖြစ် အသုံးပြုဖို့ တစ္ဆေတွေအဖြစ် သန့်စင်မယ်၊ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ နောက်ထပ်နည်းလမ်းတစ်ခုရပြီ]
[လူသားတွေက တကယ်ကို နားမလည်နိုင်အောင် မိုက်မဲကြတာပဲ၊ ငါ သူ့နဲ့ ညနည်းနည်းလောက်ပဲ ပျော်ပါးပေးခဲ့တာကို သူက ငါ့အပေါ် သစ္စာရှိပြီး ငါနဲ့ တစ်သက်လုံး အတူတူနေချင်နေတယ်တဲ့]
[ငါ့ဗိုက်ဝဖို့အတွက် သူ့ဆွေမျိုးတွေကို ခေါ်လာပေးပြီး နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ ရဲ့ အန္တရာယ်ကနေ ရှောင်လွှဲနိုင်အောင် ငါ့ကို ဖုံးကွယ်ပေးထားသေးတယ်]
[ရှာတွေ့သွားပြီလား။ လူသား ကျွမ်းကျင်သူလား။ သေလိုက်စမ်း။ အား... ဘာတွေဖြစ်နေတာလဲ။ ဒါက သိုင်းသူတော်စင်လား၊ အရှက်မရှိတဲ့လူသား၊ မင်း သတ္တိရှိရင် သိုင်းသခင်အဆင့် အထွတ်အထိပ်ကို လွှတ်ပြီး ငါနဲ့ တိုက်ခိုင်းကြည့်လိုက်စမ်းပါ]
[ ဘယ်သူနိုင်မလဲဆိုတာ ကြည့်ရအောင်၊ ခွန်အားသက်သက်နဲ့ ငါ့ကို ဖိနှိပ်တာက ဘာစွမ်းရည်လဲ။ တောက်၊ အရှက်မရှိလိုက်တာ]
“ထင်တဲ့အတိုင်းပဲ၊ ကြေးခွံစိမ်းမြွေမိခင်ပဲ။ ဝိညာဉ်သန့်စင်ခြင်းကျင့်စဉ် ဟုတ်လား၊ အဲဒါက ကောင်းမဲ့ပုံပဲ”
ကျိုးရီသည် ပြိုင်ဘက်၏ မှတ်ဉာဏ်များကို ရှာဖွေပြီးနောက် အလွန်ထူးခြားသော နည်းလမ်းတစ်ခုဖြစ်သည့် ဝိညာဉ်သန့်စင်ခြင်းကျင့်စဉ်ကို ရရှိလိုက်သည်။
ဤကျင့်စဉ်မှာ အလွန်အမင်း ဆိုးရွားလှသည်။
ဝိညာဉ်များကို ဖမ်းဆီးပြီး မကောင်းဆိုးဝါး မသေမျိုးဝိညာဉ်များအဖြစ် သန့်စင်ကာ အစေခံအဖြစ် ခိုင်းစေနိုင်သော ကျင့်စဉ်ဖြစ်သည်။ တကယ်ကို ရက်စက်ကြမ်းကြုတ်လွန်းလှ၏။
သို့သော် ရက်စက်ကြမ်းကြုတ်သည်ဖြစ်စေ၊ နူးညံ့ညင်သာသည်ဖြစ်စေ ဤအရာက အသုံးဝင်သော နည်းလမ်းတစ်ခုဖြစ်နေဆဲပင်။
သူ သတ်ဖြတ်လိုက်တဲ့သူတိုင်းကို ကောင်းကင်ဝါးမျိုနတ်ဆိုးသိုင်းက သွေးအနှစ်သာရများနှင့် ကျင့်ကြံမှုများကို ဝါးမျိုသန့်စင်ပေးနိုင်သော်လည်း ဝိညာဉ်များကိုမူ ဖျက်ဆီးပစ်ရုံသာ တတ်နိုင်သောကြောု့် အတော်လေး နှမြောစရာကောင်းနေခဲ့သည်။
ယခု ဤဝိညာဉ်သန့်စင်ခြင်း လျှို့ဝှက်ကျင့်စဉ်ဖြင့် ဝိညာဉ်များကို သန့်စင်နိုင်ပြီဖြစ်ရာ အနာဂတ်တွင် သူ၌ မကောင်းဆိုးဝါး ဝိညာဉ်စစ်တပ်ကြီးတစ်ခု ရှိလာနိုင်ပေသည်။
ကျိုးရီသည် လမ်းမှန်လမ်းစဉ်၊ မိစ္ဆာလမ်းစဉ် ဟူသည်များကို သိပ်ပြီး ဂရုမစိုက်ပေ။
ဆိုရိုးစကားရှိသည် မဟုတ်လော။
ကြောင်က မည်းသည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ အရေးမကြီးပေ။ ကြွက်ခုတ်နိုင်သရွေ့တော့ အသုံးကြသော ကြောင်တစ်ကောင်သာ ဖြစ်သည်။
“ဒါပေမယ့် ဒီဝိညာဉ်သန့်စင်ခြင်း လျှို့ဝှက်ကျင့်စဉ်က မကောင်းဆိုးဝါး ဝိညာဉ်တွေအားလုံးကို စုစည်းဖို့အတွက် လက်ခံဖို့ နေရာတစ်ခုတော့ လိုအပ်တယ်”
“ကြေးခွံစိမ်းမြွေမိခင်က မွေးရာပါ ပါရမီတစ်ခု ပါလာလို့ သူမမျိုးနွယ်စုက အကြေးခွံတွေကို သိုလှောင်ဖို့အတွက် အသုံးပြုနိုင်ခဲ့တာ၊ ငါကတော့ ဒီမကောင်းဆိုးဝါးတွေနဲ့ တစ္ဆေသရဲတွေကို ငါ့ခန္ဓာကိုယ်ထဲ ထည့်မထားချင်ပါဘူး”
သူ့အနေဖြင့် မှော်ရတနာတစ်ခုခုကို ရှာဖွေရမည့်ပုံပေါ်သည်။
ဝိညာဉ်များကို သိုလှောင်ရန် ပြီးပြည့်စုံသော မှော်ရတနာတစ်ခု။
“ပြန်ရောက်မှပဲ ဆက်ပြီး စဉ်းစားတော့မယ်”
ကျိုးရီ ချန်မြစ်ပေါ်ရှိ ကျားခံတွင်းချောက်ကမ်းပါးကို လှမ်းကြည့်လိုက်သည်။
“လူသားတစ်ယောက်ဖြစ်နေပါလျက်နဲ့ မြွေတစ်ကောင်နဲ့ အိပ်ဖို့အတွက် ကိုယ့်လူမျိုးကို သစ္စာဖောက်တယ်... အသက်ရှင်နေတာက လေကို ဖြုန်းတီးနေတာပဲ၊ သေသွားတာတောငိ မြေနေရာကို ဖြုန်းတီးနေတုန်းပဲ”
အားနည်းသူများသည် အသက်ရှင်ကျန်ရစ်ရန် နည်းမျိုးစုံ အသုံးပြုခွင့်ရှိသော်လည်း အစွမ်းထက်သူများမှာမူ ထိုသူများထဲတွင် မပါဝင်ပေ။ သူ သဘောမကျသူကို သတ်ပစ်လိုက်မည်သာ။
သူ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ စစ်မှန်သောချီစွမ်းအင်ဖြင့် ဖန်တီးထားသော အလင်းဓားတစ်လက် သူ့လက်ထဲတွင် ပေါ်လာသည်။
ထို့နောက် ဓားတစ်ချက် ခုတ်ပိုင်းလိုက်လေသည်။
ဤဓားချက်က တာ့ချန်၏ ပြည်နယ်ဆယ့်လေးခုလုံးကို ဖြတ်ကျော်သွားတော့သည်။