← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း (၄၉) - ဩဇာအာဏာကြီးမားသူ ထျန်းကျီသူတော်စင်မလေး

ကောင်းကင်ယံထက်တွင် ဓားအလင်းတန်းတစ်ခုက ဖြတ်သန်းရွေ့လျားသွားပြီး ကျားခံတွင်းချောက်ကမ်းပါးဆီသို့ ဦးတည်သွားလေသည်။

တာ့ချန်၏ ပြည်နယ်အသီးသီးမှ သာမန်အရပ်သားများအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ကြရသည်။

“ဝါး... အစ်မ ကြည့်ပါဦး၊ ကြယ်ကြွေနေတယ်”

“တကယ်ပဲ ကြယ်ကြွေတာလေးက အရမ်းလှတာပဲ၊ အဖေကပြောဖူးတယ်၊ ကြယ်ကြွေတဲ့အချိန် ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့”

“ဒါဆို ကျွန်တော်တို့ အတူတူ ဆုတောင်းကြရအောင်”

“အင်း... တာ့ချန်ကြီး အရင်လို ပြန်ဖြစ်ပြီး နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ မရှိတော့ဖို့ ကောင်းကင်ကြီးက ဖန်တီးပေးပါစေ”

ခဏအကြာတွင် မြို့တော်ရှိ စံအိမ်ကြီးတစ်ခုအတွင်း၌ ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေသော အဘိုးအိုတစ်ဦးသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

သူ့ခန္ဓာကိုယ်မှာ လင်းလက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ယံထက်သို့ ရောက်ရှိသွားကာ ကျားခံတွင်းချောက်ကမ်းပါးကို လှမ်းကြည့်လိုက်သည်။

ထိုလှုပ်ရှားမှုကြောင့် စံအိမ်အတွင်းရှိ လူအားလုံး နိုးလာကြပြီး သိုင်းသခင် အများအပြားလည်း ကောင်းကင်ယံသို့ တစ်ယောက်ပြီးတစ်ယောက် တက်လာကြသည်။

“ဂိုဏ်းသဘာပတိကြီး... ဘာတွေဖြစ်နေတာလဲ”

“ကျားခံတွင်းမြို့တော် ပျက်စီးသွားပြီ”

“ဘာ၊ ဘယ်သူလုပ်လိုက်တာလဲ”

“ငါလည်းမသိဘူး။ အဲဒီလူရဲ့ ခွန်အားက ငါ့ထက် ပိုမြင့်လောက်တယ်၊ သူ့ရဲ့ အငွေ့အသက်ကို ငါ အာရုံခံလို့မရဘူး”

“တခြားဂိုဏ်းတစ်ခုခုကများလား။ ဒါမှမဟုတ်...”

“မကြာသေးခင်က ထျန်းကျီဂိုဏ်းရဲ့ သူတော်စင်မလေးက အဲဒီ ရှေးဟောင်း ပါရမီရှင်ရတနာခန္ဓာကိုယ်ကို ရှာဖို့ ဆင်းလာတယ်တဲ့၊ ထျန်းကျီဂိုဏ်းက ငါတို့ ဂိုဏ်းတွေရဲ့ အထက်မှာရှိတာဆိုတော့ သူတို့သာ သိသွားရင် ငါတို့ အခြေအနေ မကောင်းဘူး”

“လက်အောက်ငယ်သားတွေကို ခဏလောက် သိုသိုသိပ်သိပ်နေဖို့နဲ့ သက်သေအထောက်အထားတွေကို တတ်နိုင်သမျှ ဖျောက်ဖျက်ပစ်ဖို့ ပြောလိုက်ပါ။ နတ်ဆိုးမွေးမြူတဲ့ကိစ္စတွေကို အခုလောလောဆယ် ရပ်ထားလိုက်”

“ဟုတ်ကဲ့ပါ”

နောက်တစ်နေ့တွင် ကျိုးရီ အိပ်ရာမှထကာ ကောင်းကင်အကျဉ်းထောင်ဆီသို့ ထွက်လာခဲ့သည်။ မြည်းသားမုန့်ကြွပ်တစ်ခုနှင့် နောက်ဆုံးရ သိုင်းလောက သတင်းစာတစ်စောင်ကို ဝယ်ယူလိုက်ပြီး စာဖတ်ရင်း လမ်းလျှောက်နေသည်။

[အံ့ဩဖွယ်ကိစ္စ။ ပြီးခဲ့တဲ့ညက ကျင့်ကြံသူတစ်ဦးက ကျားခံတွင်းမြို့တော်ကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ခဲ့]

[ကောင်းကင်အကျဉ်းထောင်တပ်မှူးက နတ်ဆိုးပြုစားတာကို ခံရပြီး ရမ်းကားသတ်ဖြတ်ခဲ့တာကြောင့် သိုင်းသူတော်စင်တစ်ပါး ဝင်ရောက်တားဆီးခဲ့ရ]

[နတ်ဘုရားဓားဂိုဏ်းမှ ဓားကျင့်ကြံသူတပည့်ဆယ်ဦး ခေါ်ယူနေကြောင်း။ အသက် သုံးဆယ်အောက် နှောင်းပိုင်းဖြစ်တည်မှုအဆင့် ဓားကျင့်ကြံသူ မည်သူမဆို စာရင်းပေးသွင်းနိုင်သည်]

[ချန်ဧကရာဇ်သည် အရက်နှင့် မိန်းမများကြောင့် ကျန်းမာရေးထိခိုက်ကာ ခန္ဓာကိုယ်ပျက်စီးနေပြီး နေဝင်ချိန် နီးကပ်နေပြီဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေ]

“ချန်ဧကရာဇ်သေတော့မယ် ဟုတ်လား”

ကျိုးရီ ဤအချက်ကို သတိပြုမိလိုက်သည်။ ချန်ဧကရာဇ်နန်းတက်လာခဲ့သည်မှာ ဆယ်နှစ်မျှသာ ရှိသေးသော်လည်း ဘဝအဆုံးသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်သွားပြီလော။

ချန်ဧကရာဇ်သည် အရက်နှင့် မိန်းမများကြောင့် ကျန်းမာရေးထိခိုက်သည်ဆိုသော အချက်ကို ကျိုးရီ လုံးဝမယုံကြည်ပေ။

ဤနေရာသည် သိုင်းလောကတစ်ခုဖြစ်သည်။ ကျင့်ကြံသူများက ကြေးနီကဲ့သို့ အသားအရေ၊ သံမဏိကဲ့သို့ အရိုးအဆစ်များနှင့် အဆုံးမရှိသော ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။

နေ့တိုင်းပင် စွမ်းဆောင်နိုင်စွမ်းရှိကြရာ အရက်နှင့် မိန်းမများကြောင့် မည်သို့ ထိခိုက်နိုင်မည်နည်း။

“ချန်ဧကရာဇ်က ဂိုဏ်းအချို့ရဲ့ ကန့်သတ်နှောင့်ယှက်မှုတွေကို ခံနေရတယ်လို့ ကြားဖူးတယ်၊ ဧကရာဇ် အမည်ခံထားပေမယ့် တကယ်တမ်းကျတော့ ရုပ်သေးရုပ် တစ်ရုပ်သာသာပဲ၊ ဒါပေမယ့် သူက ဒီလို လက်အောက်ခံဘဝမျိုးမှာ ဆက်နေဖို့ ဆန္ဒမရှိဘူးဆိုရင်...”

နောက်ကွယ်မှနေ၍ ဂိုဏ်းကြီးများ လှည့်ကွက်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု ကျိုးရီ ခန့်မှန်းလိုက်သည်။

ဤကဲ့သို့သော ကိစ္စများမှာ ရှားပါးလှသည်တော့ မဟုတ်ပေ။ သူ့ယခင်ဘဝ သမိုင်းတွင်လည်း ကျောက်ကောင်း၊ အမတ်ဆယ်ပါး၊ တုန်းကျိုး အစရှိသည့် သမိုင်းမျိုးစုံက တိမ်တိုက်များပမာ များပြားလှပေသည်။

လက်တွေ့အာဏာကို ဆုပ်ကိုင်ထားသော ဂိုဏ်းကြီးများဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

မကြာမီအချိန်အတွင်း ဤမင်းဆက်ကြီး သေချာပေါက် ပြိုလဲသွားပြီး ဂိုဏ်းကြီးများ၏ ခွဲဝေယူခြင်းကို ခံရလိမ့်မည်ဟု ကျိုးရီ ကြိုတင်ခံစားမိနေသည်။

သူတို့၏ စရိုက်လက္ခဏာများအရ နယ်မြေလုပွဲများ သေချာပေါက် ဖြစ်ပွားလာမည်ဖြစ်ပြီး ကမောက်ကမ စစ်ပွဲများ ဖြစ်လာပေလိမ့်မည်။

ကောင်းမွန်သော နေ့ရက်များမှာ လက်ချိုးရေတွက်၍ပင် ရနေလေပြီ။

မကြာမီမှာပင် ကျိုးရီ ကောင်းကင်အကျဉ်းထောင်သို့ ရောက်ရှိသွားသည်။

ပါးစပ်မှ အဆီများကို သတင်းစာဖြင့် သုတ်လိုက်ပြီး ထောင့်တစ်နေရာသို့ ပစ်ချကာ ကောင်းကင်အကျဉ်းထောင်၏ ကုန်ကြမ်းပစ္စည်းဌာနထဲသို့ ဝင်ရောက်လာခဲ့သည်။

စစ်သူကြီးကျောက် အရက်သောက်နေသည်ကို အဝေးမှနေ၍ လှမ်းမြင်လိုက်ရသည်။

အချိန်အတော်ကြာ အတူတကွ ဖြတ်သန်းခဲ့ရသဖြင့် စစ်သူကြီးကျောက် မနက်စောစောစီးစီး အရက်သောက်နေပြီဆိုလျှင် သူ့စိတ်ထဲတွင် တစ်ခုခု ရှိနေပြီဖြစ်ကြောင်းကို ကျိုးရီ သိရှိနေလေပြီ။

ကျိုးရီ ရှေ့သို့တိုးကာ လက်ယှက်အရိုအသေပေးလိုက်သည်။

“ဂုဏ်ယူပါတယ် စီနီယာကျောက်... မနေ့က စီနီယာ့ရဲ့ နတ်ဘုရားစွမ်းအင်တွေကို ပြသပြီး နတ်ဆိုးသူလျှိုကို ဖမ်းဆီးနိုင်ခဲ့တာပဲ”

စစ်သူကြီးကျောက်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

“ခွေးကောင်လေး... ဖားမနေနဲ့။ မနေ့က မင်း ထိပ်ဆုံးက ပြေးသွားတာလေ။ ဘာပဲဖြစ်ဖြစ် ငါက သိုင်းသခင်အဆင့် ကျင့်ကြံသူတစ်ယောက်ကွ၊ သိုင်းသခင် နှစ်ယောက် တိုက်ခိုက်တာကို ကြည့်ခွင့်ရဖို့ လူအတော်များများက တောင်းဆိုကြရတာ”

“မင်းက ဘာဖြစ်လို့ အခွင့်အရေးယူပြီး လေ့လာစောင့်ကြည့်ရင်း မင်းရဲ့ သိုင်းတာအိုကို တိုးတက်အောင်မလုပ်ဘဲ ဒီလောက်မြန်မြန် ထွက်ပြေးရတာလဲ။ ငါပြောမယ်၊ မင်းမှာ ခွန်အားလည်းမရှိ၊ အရှိန်အဝါလည်းမရှိ၊ တန်ဖိုးမရှိတဲ့ ဘဝလေးပဲ ရှိတာ၊ ဘာလို့ သေရမှာကို ဒီလောက်တောင် ကြောက်နေရတာလဲ”

“သေတာက သေတာပဲလေ။ အဆိုးဆုံးဆိုရင်တောင် နောက်ဆယ့်ရှစ်နှစ်နေရင် နောက်ထပ် သူရဲကောင်းတစ်ယောက် ပြန်ဖြစ်လာမှာပေါ့၊ မင်းမှာ ယောကျ်ားကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုး နည်းနည်းလေးမှ မရှိဘူး”

ကျိုးရီ ဆင်ခြေပေးလိုက်သည်။

“ကျွန်တော်က ကိုးဆက်မြောက် တစ်ဦးတည်းသော သားပါဗျာ။ အသက်သုံးဆယ်ကျော်တဲ့အထိ အိမ်ထောင်မပြုရသေးဘူး၊ ကျွန်တော်သာ သေသွားရင် ဘိုးဘေးတွေကို မျက်နှာ ဘယ်လိုပြရမလဲ”

“မင်းက အိမ်ထောင်ပြုချင်လို့လား” စစ်သူကြီးကျောက် ရုတ်တရက် တက်ကြွသွားသည်။ “ငါ့မှာ အသားဖြူဖြူ ချောချောလှလှ မြေးမလေးတစ်ယောက်ရှိတယ်၊ အခုထိ အိမ်ထောင်မပြုရသေးဘူး...”

ယခင်က လုပ်ဖော်ကိုင်ဖက်အချို့ ပြောပြခဲ့သည်များကို ကျိုးရီ ပြန်လည်အမှတ်ရသွားပြီး အရပ် ၁၆၈ စင်တီမီတာရှိကာ ကိုယ်အလေးချိန် ၁၈၆ ကီလိုဂရမ်ခန့်ရှိသော အမျိုးသမီး သူရဲကောင်းတစ်ဦး၏ ပုံရိပ်က သူ့ဦးနှောက်ထဲတွင် ပေါ်လာတော့သည်။

“နေပါစေတော့ဗျာ။ ကျွန်တော် လောလောဆယ် အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေးပါဘူး”

“ဟမ့်”

စစ်သူကြီးကျောက် မျက်လုံးလှန်ပြလိုက်သည်။

“မင်းက သိပ်ကို အပေါ်ယံဆန်တဲ့ ကောင်လေးပဲ၊ အပြင်ပန်းကိုပဲ ကြည့်တယ်။ ငါ့မြေးမလေးက မွေးရာပါအဆင့်မှာ ရှိနေပြီဆိုတာ မင်း မသိဘူးမလား...”

ခေတ္တရပ်နားလိုက်ပြီးနောက် သူက ဆက်ပြောလာသည်။

“အဲဒါကို ဘေးဖယ်ထားလိုက်စမ်းပါ။ မင်း မြို့တော်မှာ နေလာတာ နှစ်ပေါင်းအတော်ကြာပြီပဲ၊ ဒီမှာ သိုသိုသိပ်သိပ်နေတတ်ပြီး တခြားသူတွေရဲ့ အာရုံစိုက်တာကို သိပ်မခံရတဲ့လူ တစ်ယောက်ယောက်ကို မင်း သိလား”

‘ဒါက နည်းနည်း ရင်းနှီးနေသလိုပဲ'

ကျိုးရီ ခေါင်းယမ်းပြလိုက်သည်။

“စီနီယာ ဘာလို့ ဒါကိုမေးရတာလဲ”

စစ်သူကြီးကျောက်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားသည်။

“ရှေးဟောင်း ပါရမီရှင်ရတနာခန္ဓာကိုယ်က ဒီမြို့တော်ထဲမှာပဲ ရှိနေတယ်လို့ ငါ သံသယရှိတယ်”

“စီနီယာ ဘယ်လိုဖြစ်ပြီး အဲဒီလို ကောက်ချက်ချလိုက်တာလဲ”

“မနေ့က လှုပ်ရှားခဲ့တဲ့လူက ဂိုဏ်းကြီးလေးခုက သိုင်းသူတော်စင် မဟုတ်ဘူး၊ တာ့ချန် တစ်ခုလုံးမှာ သိုင်းသူတော်စင်တွေ အဲဒီလောက် အများကြီးမရှိဘူး"

“တခြားသိုင်းသူတော်စင်တွေ ဆင်းလာခဲ့ရင်တောင် ဒီလို အသေးအမွှားကိစ္စလေးတွေမှာ ဝင်ပါမှာ မဟုတ်သလို ကောင်းကင်အကျဉ်းထောင်ကိုလည်း သေချာပေါက် ကူညီပေးမှာ မဟုတ်ဘူး"

“သေချာတာ တစ်ခုပဲရှိတယ်၊ အဲဒီလူက မြို့တော်မှာ ပုန်းနေပြီး နှောင့်ယှက်ခံရတာကို မလိုလားလို့ပဲ”

“စီနီယာပဲ ပြောတာလေ၊ သူက ပုန်းအောင်းနေချင်တာလို့၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲဒီလောက်အစွမ်းထက်တဲ့ သူကို သတိထားမိနိုင်မှာလဲ”

စစ်သူကြီးကျောက် သက်ပြင်းချလိုက်သည်။

“ဒါလည်း ဟုတ်တာပါပဲ။ မြို့တော်ဆိုပေမယ့် လူဦးရေက သန်းဆယ်ချီရှိတာလေ၊ ဒီလောက် ကျယ်ပြောတဲ့ လူပင်လယ်ကြီးထဲမှာ လူတစ်ယောက်ကို ရှာဖို့ဆိုတာ မလွယ်ကူဘူး၊ ထားလိုက်ပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ် သူ ဆက်ပြီး ကြာကြာပုန်းနေနိုင်မှာ မဟုတ်တော့ဘူး”

ကျိုးရီ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။

“အဲဒါက ဘာအဓိပ္ပာယ်လဲ စီနီယာ”

“ဟီးဟီး... ပြောလို့မရဘူး၊ ပြောပြလို့မရဘူး။ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်လို့မရဘူးလေ”

စစ်သူကြီးကျောက်က မပြောချင်သည်ဖြစ်ရာ ကျိုးရီလည်း ဆက်မမေးတော့ပေ။ သူ့ရုံးခန်းသူ ပြန်ကာ အလုပ် ဆက်လုပ်နေလိုက်သည်။

….

ကျိုးရီ သဘာဝတရားနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့သည်။ လေထဲမှ လေတိုက်ခတ်သံများက သူလိုချင်သော သတင်းအချက်အလက် အပိုင်းအစများကို သယ်ဆောင်လာပေးနေ၏။

သူ၏ အစွမ်းထက်သော စိတ်စွမ်းအားက ဤအသံများကို ခွဲခြမ်းစိတ်ဖြာရာတွင် ကူညီပေးနေ၏။ ဆူညံလွန်းသော်ငြား ခွဲခြမ်းစိတ်ဖြာရာတွင် အနှောင့်အယှက် မဖြစ်ခဲ့ပေ။

ဤလှုပ်ရှားမှုမှာ ကျိုးရီ လေတာအိုကို နားလည်သဘောပေါက်ပြီးနောက် ဖန်တီးခဲ့သော လေနားဆင်ခြင်း နတ်ဘုရားစွမ်းရည်ဟုခေါ်သည့် ကျင့်စဉ်တစ်ခုဖြစ်သည်။

မကြာမီမှာပင် မြို့တော်တစ်ခုလုံးရှိ အသံများကြားမှ အဓိက စကားလုံးအချို့ကို သူ ထုတ်ယူနိုင်ခဲ့သည်။

“ထျန်းကျီဂိုဏ်းရဲ့ သူတော်စင်မလေး... ဩဇာအာဏာ ကြီးမားတဲ့လူတစ်ယောက် လာနေတာကိုး”

မဟာကမ္ဘာ၏ လည်ပတ်ပုံသည်လည်း အားကြီးသူက အားနည်းသူကို စားသုံးသည့် ပုံစံမျိုးပင်။

လီထျန်းနှင့် နတ်ဘုရားဓားဂိုဏ်းကဲ့သို့သော ဂိုဏ်းများသည် အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးရှိ အင်အားစုများသာ ဖြစ်ကြသည်။ တာ့ချန်ကို အလွယ်တကူ ဖိနှိပ်ထားနိုင်သော်လည်း မဟာကမ္ဘာတွင်မူ အခြားသူများအလိုကျ နေထိုင်ရလေသည်။

ထိုဂိုဏ်းများ၏ အထက်တွင်ရှိနေသည်က ထျန်းကျီဂိုဏ်းပင်။

ကောလာဟလများအရ ထျန်းကျီဂိုဏ်း၏ နည်းလမ်းများမှာ ကောင်းကင်လျှို့ဝှက်ချက်များကို ရှာဖွေစူးစမ်းခြင်းနှင့် ပတ်သက်နေသည်ဟု ဆိုကြသည်။

သူတို့သည် နိမိတ်ဖတ်ခြင်းနှင့် ကံကြမ္မာစစ်ဆေးခြင်းတွင် အကျွမ်းကျင်ဆုံးဖြစ်၏။ ထို့ကြောင့်ပင် ထျန်းကျီဂိုဏ်း (ကောင်းကင်လျှို့ဝှက်ချက်ဂိုဏ်း) ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။

ယခင်က ကျိုးရီသည် လက္ခဏာဖတ်ခြင်းနှင့် ဗေဒင်ဟောခြင်း ကဲ့သို့သောအရာများကို လိမ်လည်မှုများသာဖြစ်သည်ဟု တွေးကာ အထင်သေးခဲ့ဖူးသည်။ သို့သော် မြေကမ္ဘာအင်မော်တယ်အဆင့်သို့ ဝင်ရောက်ပြီးကတည်းက ထိုအရာများမှာ အမှန်တကယ် ဖြစ်နိုင်ခြေရှိသည်ဟု သူ ခံစားလာရသည်။

သဘာဝတရားနှင့် ပေါင်းစပ်လာလေလေ၊ သူ့ပတ်ဝန်းကျင်ကို အာရုံခံနိုင်လေလေဖြစ်ပြီး အာရုံခံနိုင်သည့် အတိုင်းအတာကလည်း ပိုမိုကျယ်ပြန့်လာလေလေဖြစ်သည်။

အကယ်၍ တစ်ဖက်လူက မဟာတာအိုဘူးသီး ကဲ့သို့သော အဆင့်မြင့်ရတနာများကို အသုံးပြုမည်ဆိုပါက သူ၏ တည်နေရာကို ရှာတွေ့နိုင်ရန်မှာ ဖြစ်နိုင်ခြေရှိပေသည်။

သူ့အငွေ့အသက်ကို ဖုံးကွယ်ထားရုံသက်သက်ဖြင့် မလုံလောက်တော့ပေ။ ကောင်းကင်လျှို့ဝှက်ချက်များမှ သူ့ကိုယ်သူ ဖုံးကွယ်ထားနိုင်မည့် နည်းလမ်းများကို ရှာဖွေရပေမည်။

ကျိုးရီ၏ ရည်မှန်းချက်များ ပိုမိုမြင့်မားလာလေပြီ။

အကောင်းဆုံးကတော့ အဆင့်ကျော်ဖြတ်ချိန်တိုင်း ဖြစ်ပေါ်လာတတ်သည့် ကောင်းကင်ဖြစ်စဉ်များကို ဖယ်ရှားနိုင်ရန် လိုအပ်ပေသည်။

All Chapters