အခန်း ၅၀
Vol. 5 Ch. 50
အခန်း (၅၀) - ကျိုးရီ လက်နက်ပြုလုပ်ခြင်း
ကောင်းကင်အကျဉ်းထောင်သည် မကြာသေးမီကမှ တိုက်ခိုက်ခံထားရသဖြင့် လာမည့် နှစ်ရက်အတွင်း ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်ရန် လိုအပ်နေသောကြောင့် နတ်ဆိုးများကို ကွပ်မျက်ခြင်းမရှိခဲ့ပေ။
ကျိုးရီသည် ဤအခွင့်အရေးကို အသုံးချကာ ကုန်ကြမ်းပစ္စည်းဌာန၏ အနောက်ဘက်ရှိ လက်နက်ဖန်တီးခြင်းဌာနသို့ အလည်အပတ် ထွက်လာခဲ့သည်။
သူ၏ ရည်မှန်းချက်မှာ လက်နက်ဖန်တီးခြင်းပညာရပ်ကို လေ့လာသင်ယူပြီး ဝိညာဉ်သန့်စင်ခြင်း လျှို့ဝှက်ကျင့်စဉ်အတွက် မှော်ရတနာတစ်ခု ဖန်တီးနိုင်ရန်ပင်။ ထိုမှသာ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ပိုမိုမြင့်မားလာမည်မဟုတ်လော။
ရောက်ရောက်ချင်းမှာပင် လက်နက်ဖန်တီးသူများက လက်နက်များနှင့် မှော်ရတနာများ သွန်းလုပ်နေသည်ကို ကြီးကြပ်နေသော မုတ်ဆိတ်မွေးနှင့် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
ထိုသူမှာ လက်နက်ဖန်တီးခြင်း ဌာန၏ အကြီးအကဲ ဆရာကြီးကွေ့ ဖြစ်သည်။ အပြင်ပန်းတွင် အားနည်းပိန်ချုံးနေသော်လည်း သူ့ခွန်အားမှာမူ လူကို တုန်လှုပ်သွားစေနိုင်လောက်အောင် ကြီးမားလှသည်။
သူ၏ ကျင့်ကြံမှုမှာ သိုင်းသခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး လက်နက်ဖန်တီးခြင်းဌာနတစ်ခုလုံးတွင် အမြင့်မားဆုံးဖြစ်သည်။
ဆေးပညာနှင့် လက်နက်ဖန်တီးခြင်းကဲ့သို့သော သီးသန့်နယ်ပယ်များတွင် မြင့်မားသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိရန် နည်းလမ်းများ ကွဲပြားကြကြောင်း စစ်သူကြီးကျောက် ပြောပြဖူးသည်ကို ကျိုးရီ မှတ်မိနေသေးသည်။
ဆေးပညာရှင်များသည် ဆေးလုံးများကို အသုံးပြုကာ သူတို့၏ ကျင့်ကြံမှုကို သိုင်းသခင်အဆင့်အထိ အတင်း တွန်းတင်ထနိုင်သော်လည်း ထိုဂုဏ်ပုဒ်နှင့် ထိုက်တန်လေ့မရှိဘဲ အဆင့်တူ သိုင်းသခင်တစ်ဦးကို အနိုင်ယူနိုင်စွမ်းမရှိကြပေ။
သို့သော် လက်နက်ဖန်တီးသူများမှာမူ ခြားနားသည်။ သူတို့တွင် စစ်မှန်သော ကျွမ်းကျင်မှု ရှိကြသည်။
အဆင့်တူ သိုင်းပညာရှင် တစ်ဦးပင်လျှင် လက်နက်ဖန်တီးရှင်တစ်ဦးကို အနိုင်ယူနိုင်လိမ့်မည်ဟု တပ်အပ်မပြောနိုင်ပေ။ မီးတောက်များနှင့် သံရည်ပူများကြားတွင် ရင့်ကျက်လာသော သူတို့၏ ခန္ဓာကိုယ်မှာ သံမဏိပမာ မာကျောနေတတ်သည်။
ကျိုးရီ ရှေ့တိုးသွားပြီး သူကိုယ်တိုင် ချက်လုပ်ထားသော ၀ိညာဉ်စွမ်းအင်အရက်တစ်အိုးကို ထုတ်ယူလိုက်သည်။
“ဆရာကြီးကွေ့... အခုလို ဝင်ရောက်နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်၊ အပြစ်မယူပါနဲ့ခင်ဗျာ”
စကားပြောရင်း ၀ိညာဉ်စွမ်းအင်အရက်အိုးကို ကမ်းပေးလိုက်သည်။
“အို... ကျိုးရီ၊ မင်း ဒီလိုလုပ်စရာမလိုပါဘူး၊ မင်းက ယဉ်ကျေးလွန်းနေပြီ။ ငါက... ကြည့်စမ်းပါဦး၊ ငါ တကယ်ကို အားနာမိပါတယ်ကွာ”
ထုံးစံအတိုင်း ဟန်ဆောင်ငြင်းဆန်မှုများ အပြီးတွင် ၀ိညာဉ်စွမ်းအင်အရက်အိုးလေးမှာ ဆရာကြီးကွေ့၏ လက်ထဲသို့ ရောက်ရှိသွားလေတော့သည်။
“ယူထားလိုက်ပါ ဆရာကြီးကွေ့၊ ကျွန်တော်က အကြောင်းမဲ့သက်သက် ရောက်လာတာတော့ မဟုတ်ပါဘူး။ အကူအညီလေးတစ်ခု တောင်းချင်လို့ပါ”
“မင်းက သိပ်အားနာတတ်တာပဲ ကျိုးရီရာ၊ လွတ်လွတ်လပ်လပ်သာ ပြောစမ်းပါ”
“လက်နက်ဖန်တီးခြင်း နည်းလမ်းတချို့နဲ့ ပတ်သက်ပြီး ဆရာကြီးဆီကနေ လမ်းညွှန်မှုလေး ရချင်လို့ပါ။ ကျွန်တော့်ကို နည်းနည်းပါးပါးလောက် သင်ပေးနိုင်မလား”
ဆရာကြီးကွေ့က သူ့ကို တွေဝေသွားသော အကြည့်ဖြင့် ကြည့်လာသည်။
“မင်းက လက်နက်ဖန်တီးခြင်းကို စိတ်ဝင်စားနေလို့လား ကျိုးရီ”
“လတ်တလော လက်နက်ဖန်တီးခြင်းတာအိုကို ကျွန်တော် စိတ်ဝင်စားလာလို့ပါ၊ လူ့ဘဝမှာ အကုန် သင်ယူလေ့လာထားတာ ဘယ်တော့မှ အရှုံးမရှိဘူးလေ၊ ကိုယ်ပိုင်အစွမ်းအစဆိုတာ ဘယ်လောက်ပဲများများ ရှိထားဖို့လိုအပ်တယ် မဟုတ်လား”
“မင်း ဒီလောက်တောင် စိတ်အားထက်သန်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး”
ဆရာကြီးကွေ့က ဆက်လက်၍ မငြင်းဆန်တော့ချေ။
ကျိုးရီသည် အလွန်ပါးနပ်ပြီး လူမှုဆက်ဆံရေးတွင် အပြည့်အ၀ ကိုင်တွယ်နိုင်စွမ်းရှိကာ ဌာနအသီးသီးမှ အကြီးအကဲများနှင့်လည်း ဆက်ဆံရေးကောင်းမွန်အောင် ထိန်းထားနိုင်သူဖြစ်သည်။
သူ၏ ကျင့်ကြံမှု နိမ့်ကျနေသေးသော်လည်း ငယ်ရွယ်သူဖြစ်ပြီး အကန့်အသတ်မရှိသောအနာဂတ် ရှိနေသေးသောကြောင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ကောင်းမွန်သော သူတစ်ဦးဖြစ်သည်။
ယခုအချိန်တွင် သူနှင့် မိတ်ဆွေဖွဲ့ထားခြင်းအားဖြင့် အနာဂတ်တွင် တစ်ဦးနှင့်တစ်ဦး သေချာပေါက် ကူညီနိုင်ပေလိမ့်မည်။
“ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းကို နည်းနည်းပါးပါး သင်ပေးရတာပေါ့၊ မင်း ဘာသိချင်တာလဲ”
“မှော်ရတနာတွေကို ဘယ်လိုဖန်တီးရမလဲဆိုတာ မေးချင်တာပါ၊ လုပ်ငန်းစဉ်တွေနဲ့ ကြိုတင်သတိထားရမယ့် အချက်တွေက ဘာတွေများလဲ”
“လက်နက်ဖန်တီးခြင်းတာအို ဆိုတာက လွယ်ကူသလိုလိုနဲ့ ခက်တဲ့အရာပဲ၊ အရေးအကြီးဆုံးကတော့ ကုန်ကြမ်းပစ္စည်းတွေပဲ၊ ကုန်ကြမ်းပစ္စည်းတွေ ပိုကောင်းလေလေ၊ ထွက်လာတဲ့ မှော်ရတနာက ပိုပြီးအစွမ်းထက်လေလေပဲ"
“တိုက်ပွဲမှာ ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေကို ပိုပြီးခံနိုင်ရည်ရှိမှာဖြစ်သလို ပိုမြင့်မားတဲ့ စွမ်းအင်တွေကိုလည်း ထောက်ပံ့ပေးနိုင်လိမ့်မယ်”
“ဒါပေမယ့် မှတ်ထားရမှာက ပစ္စည်းတွေ ပိုကောင်းလေလေ၊ ဖန်တီးတဲ့ လုပ်ငန်းစဉ်က ပိုပြီးအန္တရာယ်များလေလေပဲ၊ အကယ်လို့ မင်းရဲ့ ခွန်အားက မလုံလောက်ဘူးဆိုရင် တန်ပြန်ရိုက်ခတ်မှုကို ခံရနိုင်တယ်၊ ဆိုးရွားရင် အသက်အန္တရာယ်တောင် ကြုံရနိုင်တယ်"
“ဒုတိယအချက်ကတော့ အစီအရင်သင်္ကေတတွေ ထွင်းထုခြင်းပဲ။ အစီအရင်သင်္ကေတ ထွင်းထုတယ်ဆိုတာက အစီအရင်တွေ ရေးဆွဲတာ၊ အဆောင်လက်ဖွဲ့တွေ ဖန်တီးတာနဲ့ ဆင်တူတယ်၊ လက်နက် ဒါမှမဟုတ် မှော်ရတနာကို ထူးခြားတဲ့ စွမ်းရည်တွေ ထည့်သွင်းနိုင်ဖို့ပဲ”
“နောက်ဆုံးအချက်ကတော့ ရတနာပျိုးထောင်ခြင်းပဲ။ ဒီနောက်ဆုံးအဆင့်သာ မပါဘူးဆိုရင် မင်းဖန်တီးလိုက်တဲ့အရာက သာမန်လက်နက်တစ်ခုပဲ၊ ရတနာလက်နက်လို့ ခေါ်လို့မရဘူး”
“စစ်မှန်တဲ့ ရတနာတစ်ခုဖြစ်လာဖို့ သူ့ရဲ့ သဘာဝစွမ်းအင်တွေနဲ့ ကိုက်ညီတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်။ အဲဒီမှာ အထူးနည်းလမ်းတွေသုံးပြီး ပျိုးထောင်ရတာ"
“ဒါမှ အစီအရင်သင်္ကေတတွေ အသက်ဝင်လာပြီး ရတနာကို ဝိညာဉ်ဖြစ်တည်လာအောင် လုပ်ပေးနိုင်မှာ၊ ပြီးရင် လောကကြီးဆီက စွမ်းအင်တွေကို ကိုယ်တိုင်စုပ်ယူနိုင်စွမ်း ရှိလာလိမ့်မယ်၊ ကြိုတင်သတိထားရမယ့် အချက်တွေကတော့ သိပ်အများကြီးမရှိဘူး"
“အဓိကကတော့ ရတနာရဲ့ သဘာဝစွမ်းအင်တွေနဲ့ ကိုက်ညီတဲ့ ကုန်ကြမ်းတွေကို ရွေးချယ်တတ်ဖို့ပဲ၊ အဲဒီလိုမှ မဟုတ်ရင် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး အရမ်းအန္တရာယ်များတဲ့အပြင် အသက်သေဆုံးတဲ့အထိတောင် ဖြစ်သွားနိုင်တယ်”
“ကျေးဇူးတင်ပါတယ် ဆရာကြီးကွေ့၊ ကျွန်တော် ပြန်သွားပြီး သေချာလေ့လာကြည့်ပါဦးမယ်။ အကယ်လို့ နောင်တစ်ချိန် ကျွန်တော် လက်နက်ဖန်တီးခြင်းမှာ အောင်မြင်ခဲ့ရင် ဆရာကြီးရဲ့ကျေးဇူးကို တစ်သက်လုံးမမေ့ပါဘူး”
“မင်းက ယဉ်ကျေးလွန်းနေပါပြီ ကျိုးရီရာ၊ တကယ်တော့ မင်းဆီမှာ ပစ္စည်းကောင်းတွေ ရှိရင် ငါ့ဆီကို လာအပ်လို့ရတယ်။ ငါ မင်းအတွက် တစ်ခါလောက် အခမဲ့ ဖန်တီးပေးပါ့မယ်"
“တကယ်လို့ မင်းက တကယ် လေ့လာသင်ယူချင်တာဆိုရင် ငါ့ရဲ့ လက်နက်ဖန်တီးခြင်းဌာနကို နေ့တိုင်းလာပြီး အခြေခံကစပြီး လေ့လာလို့ရတယ်၊ အဲဒါက များသောအားဖြင့် အားထုတ်မှုတစ်ဝက်နဲ့ ရလဒ်နှစ်ဆ ရစေတတ်တယ်”
“မင်းရဲ့ ပါရမီနဲ့ဆိုရင်တော့ ၈ နှစ်၊ ၁၀ နှစ်လောက် လေ့လာပြီးရင် အောင်မြင်မှု နည်းနည်းလောက် ရလာလိမ့်မယ်လို့ ငါထင်တယ်”
“ဆရာကြီးရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဆရာကြီးရဲ့ ကုန်ကြမ်းပစ္စည်းတွေ အလဟဿ မဖြစ်ရအောင် ကျွန်တော် လာမသင်ခင် အရင်ဆုံး သေချာလေ့လာကြည့်ပါဦးမယ်”
‘၈ နှစ်၊ ၁၀ နှစ်လောက်တဲ့လား၊ လုံးဝ မဖန်တီးတာကမှ ပိုကောင်းဦးမယ်'
“ကောင်းပြီလေ၊ အချိန်မရွေး လာခဲ့လို့ရတယ်”
ဆရာကြီးကွေ့ကို နှုတ်ဆက်ပြီးနောက် ကျိုးရီသည် အလုပ်မှ စောစောပြန်လာခဲ့သည်။
အိမ်သို့ ပြန်မည့်အစား မြို့တော်နှင့် မိုင်တစ်ထောင်ခန့် ကွာဝေးသော နေရာတစ်ခုဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့ပြီး လက်နက်ဖန်တီးရန်အတွက် ကုန်ကြမ်းများ စတင်ရွေးချယ်တော့သည်။
ဤနှစ်များအတွင်း သိုလှောင်လက်စွပ်ထဲတွင် ကုန်ကြမ်းပစ္စည်းများစွာ စုဆောင်းထားပြီးဖြစ်သည်။
ထိုအရာများမှာ သူ သတ်ဖြတ်ခဲ့သော လူများနှင့် နတ်ဆိုးသားရဲများ၏ ရုပ်အလောင်းများထံမှ ရယူထားခဲ့ခြင်းဖြစ်သည်။
ဝိညာဉ်ဆွဲငင်ကျောက်တုံးများ၊ သိုင်းသခင်အဆင့် နတ်ဆိုးသားရဲ၏ အရေခွံများနှင့် နတ်ဆိုးသားရဲအရိုးများ...
ပစ္စည်းအတော်များများ ရှိနေပြီး ကုန်ကြမ်းပစ္စည်းဌာနရှိ ပစ္စည်းများထက်ပင် ပိုမိုများပြားနေလောက်သည်။
“မဖန်တီးခင် ရတနာရဲ့ ပုံသဏ္ဌာန်ကို အရင်ဆုံး ဆုံးဖြတ်ရမယ်။ ဘယ်လိုပုံသဏ္ဌာန်မျိုး ဖြစ်သင့်လဲ။ စေတီပုံစံက သိပ်မကောင်းဘူး၊ ကြည့်ရတာ အရူးနဲ့ တူတယ်”
“ခြေသုံးချောင်းထောက် ကြေးနီအိုးပုံစံကလည်း နည်းနည်းအဆင်မပြေဘူး။ အဲဒါကို ကိုင်ထားရတာက သူတောင်းစားနဲ့ ပိုတူနေလိမ့်မယ်၊ ငါက ကျင့်ကြံသူတစ်ယောက်လေ၊ စတိုင်လ်ကျကျလေးတော့ ဖြစ်သင့်တာပေါ့"
“ဟုတ်ပြီဟုတ်ပြီ... ငါ့ရဲ့ ယခင်ဘဝက ရုပ်ရှင်တွေ၊ တီဗွီစီးရီးတွေထဲမှာ ဝိညာဉ်ခေါ်အလံတွေ၊ ဝိညာဉ်ဖမ်းအလံတွေ အမြဲပါတတ်တာပဲ။ ရတနာအလံတစ်ခု လုပ်လိုက်ရင် မကောင်းဘူးလား”
“အလံတစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ မြင်းတစ်သောင်းခွာသံတွေ ဆူညံသွားမယ်ဆိုရင် အရမ်းကို မိမိုက်နေမှာပဲ”
သူ့မျက်လုံးများထဲတွင် ရည်မှန်းချက်ကြီးမားသော အရိပ်အယောင်များ တောက်ပလာသည်။
ပုံစံကို ဆုံးဖြတ်ပြီးနောက် ကျိုးရီသည် ကုန်ကြမ်းပစ္စည်းများကို ချက်ချင်း စတင်ရွေးချယ်တော့သည်။
ဝိညာဉ်အလံတော်၏ တိုင်အဖြစ် သိုင်းသခင်အဆင့် ကျားနတ်ဆိုးသားရဲ၏ ကျောရိုးကို အသုံးပြုပြီး အလံအတွက် သိုင်းသခင်အဆင့် နတ်ဆိုးသားရဲ၏ အရေခွံကို အသုံးပြုလိုက်သည်။
ထို့အပြင် ကျောရိုးဆစ်တိုင်း၏ အတွင်းတွင် ဝိညာဉ်ဆွဲငင်ကျောက်တုံး တစ်တုံးစီ ထည့်သွင်းလိုက်ကာ ကုန်ကြမ်းများ၏စွမ်းအင်ကို အကန့်အသတ်အထိ တွန်းတင်လိုက်သည်။
ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် ဝုန်းခနဲ မြည်သံကြီးနှင့်အတူ အလွန်အမင်း ကြီးမားလေးလံလှသော မိစ္ဆာအငွေ့အသက်ကြီးက သူ၏စိတ်အာရုံကို ချက်ချင်း လွှမ်းမိုးသွားပြီး ကျိုးရီအား ဝင်ပူးရန် ကြိုးပမ်းလာတော့သည်။
“ဆရာကြီးကွေ့ ပြောသလိုပဲ၊ ကုန်ကြမ်းပစ္စည်းတွေကို စုပုံအသုံးပြုလိုက်တဲ့အခါ အကြီးမားဆုံးအန္တရာယ်က တန်ပြန်ရိုက်ခတ်မှုပဲ”
ကံမကောင်းစွာဖြင့် ဤကုန်ကြမ်းများပေါ်တွင် ကျန်ရစ်နေသော မိစ္ဆာအငွေ့အသက်မှာ အစွမ်းထက်လှသော်ငြား ကျိုးရီအတွက်မူ ဝိညာဉ်အရက် တစ်အိုးလောက်ပင် အရေးမပါခဲ့ပေ။
မိစ္ဆာအငွေ့အသက်က ကျိုးရီကို ရိုက်ခတ်သွားသောအခါ ပင်လယ်ထဲ နွားလေးတစ်ကောင် ဝင်ရောက်သွားသကဲ့သို့ ဖြစ်သွားပြီး အနည်းငယ်မျှ ထိခိုက်အောင်ပင် မစွမ်းဆောင်နိုင်ခဲ့ချေ။
ကျိုးရီ အစီအရင်သင်္ကေတများကို စတင်ထွင်းထုလိုက်သည်။ ဤလုပ်ငန်းစဉ်မှာလည်း လွယ်ကူလှ၏။
သူသည် အစီအရင်ပညာရပ်ကို လေ့လာထားခြင်း မရှိသော်လည်း ဝိညာဉ်အလံတော်ပေါ်တွင် ဝိညာဉ်သန့်စင်ခြင်း လျှို့ဝှက်ကျင့်စဉ်၊ မိစ္ဆာနည်းလမ်းကို တိုက်ရိုက် ထွင်းထုသွားမည်ဖြစ်သည်။
မြေကမ္ဘာအင်မော်တယ်အဆင့်၏ ကြီးမားသော စိတ်စွမ်းအားနှင့် ခွန်အားများကြောင့် ဤအလုပ်မှာ အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူ ပြီးမြောက်သွားတော့သည်။
“ဝူး...”
ထွင်းထုခြင်း ပြီးစီးသွားသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်အလံတော်ကြီးသည် အသက်ဝင်လာပြီး ကောင်းကင်နှင့် မြေကြီး၏ ၀ိညာဉ်စွမ်းအင်များကို အလိုအလျောက် စတင်စုပ်ယူလေတော့သည်။
ရတနာကို ဖန်တီးပြီးသွားပြီဖြစ်ပြီး ကျန်ရှိနေသည်မှာ ရတနာပျိုးထောင်ခြင်းအဆင့် ဖြစ်သည်။
“ယင်စွမ်းအင်အရမ်းသိပ်သည်းတဲ့ နေရာတစ်ခု လိုအပ်တယ်”
ကျိုးရီ တစ်ခဏမျှ တွေးတောလိုက်သည်။ သူ၏နေအိမ်ကတော့ သေချာပေါက် အဆင်ပြေမည်မဟုတ်ပေ။
ထိုခြံဝင်းငယ်လေးတွင် ယင်စွမ်းအင်များ ပြည့်နှက်နေသော်လည်း လုံလောက်အောင် မကြမ်းတမ်းသေးပေ။
ဝိညာဉ်အလံတော်ဆိုသည်မှာ မကောင်းဆိုးဝါး မကောင်းဆိုးဝါး လက်နက်တစ်ခုဖြစ်ကာ လမ်းမှန်လမ်းစဉ်မှ အရာတစ်ခု မဟုတ်ပေ။
အကယ်၍ ထိုနေရာတွင် ထားရှိပါက ထွက်ပေါ်လာမည့် ရလဒ်မှာ လုံလောက်အောင် အားကောင်းနေမည်မဟုတ်ပေ။
ကျိုးရီသည် သူ့ဦးနှောက်ထဲရှိ မှတ်ဉာဏ်မှတ်စုများထဲမှ သတင်းအချက်အလက်များကို ထုတ်ယူကာ အလျင်အမြန် စစ်ဆေးကြည့်လိုက်ပြီး မကြာမီမှာပင် ရတနာပျိုးထောင်ရန် အသင့်တော်ဆုံးနေရာတစ်ခုကို ရှာတွေ့သွားခဲ့ငည်။
သူသည် အတွေးတစ်ချက်ဖြင့် လိုဏ်ဂူတစ်ခုဆီသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
တိတိကျကျ ပြောရလျှင် ၎င်းမှာ မိစ္ဆာလိုဏ်ဂူတစ်ခုပင်။
မြွေတစ်သောင်းလိုဏ်ဂူ။