အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄) အဆင့်(၁)ရှိသူ တန်ထိုက်ပေါင်ပေါင်
တောမြင်း ၁၂ ကောင်အနက် ကျောက်လင်က ၆ ကောင် ရရှိခဲ့၏။
အရုဏ်တက်ချိန်တွင် ကျောက်လင်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်းနှင့် ထျန်ကျီလင်တို့သည် တောမြင်းတစ်ကောင်စီ စီးကာ ထင်းရှူးနက်ကျေးရွာမှ ထွက်ခွာလာခဲ့ကြသည်။
ဤတစ်ကြိမ်တွင် ကျောက်လင်တို့ လေးယောက်အုပ်စုသည် မင်ချွမ်မြို့သို့ ကွေ့ပတ်သွားရန် မလိုတော့ဘဲ တောင်တန်းများကြားမှ ဖြတ်ကာ မြောက်ဘက်သို့ ဦးတည်လာခဲ့ကြ၏။
ယွီရွှေခရိုင်သည် ထင်းရှူးနက်ကျေးရွာမှ လီ ၅၀ ခန့် ကွာဝေးသည်။
မြင်းစီးသွားလျှင်ပင် ထိုခရီးအကွာအဝေးကို ရောက်ရန် တစ်နာရီခန့် အချိန်ယူရမည် ဖြစ်၏။
ဤခရီးစဉ်တွင် တောင်တန်းများစွာကို ဖြတ်ကျော်ရမည် ဖြစ်သည်။
မင်ချွမ်မြို့နှင့် ချင်းယာမြို့ နယ်စပ်ကြားတွင် ယွီရွှေခရိုင်၏ အမြင့်ဆုံးနေရာဖြစ်သော ရှရွှယ်ချန်တောင် တည်ရှိ၏။ ထိုနေရာတွင် တောင်ပေါ်လမ်း တစ်လမ်းတည်းသာ ရှိပြီး မင်ချွမ်မြို့မှ လူများ မြောက်ဘက်သို့ သွားရန်အတွက် တစ်ခုတည်းသော လမ်းလည်း ဖြစ်သည်။
မီတာ ၃၀၀၀ အမြင့်ရှိသော ရှရွှယ်ချန်တောင်၏ ခမ်းနားထည်ဝါသော တောင်ထွတ်များသည် တစ်နှစ်ပတ်လုံး ဆီးနှင်းများ၊ ရေခဲများဖြင့် ဖုံးလွှမ်းနေလေ့ရှိ၏။
ဤနေရာသည် မိုင်ငါးဆယ်ကျော်အထိ ရှည်လျားကျယ်ပြန့်သော တောင်တန်းဒေသဖြစ်ကာ အလယ်တွင် ရှည်လျားကွေ့ကောက်နေသော ချောက်ကမ်းပါးတစ်ခု ရှိသဖြင့် ရှေးလူကြီးများက ကွေ့ကောက်သော တောင်ပေါ်လမ်းတစ်ခုကို ဖောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။
၎င်း၏ ထူးခြားသော ပထဝီဝင်အနေအထားများကြောင့် ဤဒေသသည် ရှေးယခင်ကတည်းက ဓားပြများ သောင်းကျန်းရာ နယ်မြေတစ်ခု ဖြစ်ခဲ့သည်ဟု ဆိုနိုင်၏။ သမိုင်းတစ်လျှောက် အစိုးရက အင်အားသုံး၍ ရှင်းလင်းဖယ်ရှားခဲ့သော်လည်း ဤနေရာရှိ ဓားပြများကို မည်သည့်အခါမျှ အမြစ်ဖြတ် နှိမ်နင်းနိုင်ခဲ့ခြင်း မရှိပေ။
ထိုအခိုက်တွင် ရှရွှယ်ချန်တောင်ခြေ၌ ထူထပ်သော သစ်တောအုပ်တစ်ခု ရှိနေသည်။
တောင်စောင်း သစ်တောအုပ်တစ်ခုထဲတွင် လူငယ်အမျိုးသမီးတစ်ဦးက ဦးဆောင်ထားသော ဓားပြနှစ်ဆယ်ပါဝင်သည့် အုပ်စုတစ်စုက ချောင်းမြောင်းနေကြ၏။
သူမ၏ ဆံပင်အနက်ရောင်ကို ထုံးဖွဲ့ထားပြီး မျက်လုံးများက နက်ရှိုင်းသော ရေကန်တစ်ခုအလားရှိကာ ရိုးရှင်းသော အပြာနုရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ မျက်နှာတစ်ဝက်ကို မျက်နှာဖုံးစဖြင့် ကွယ်ထားသော်လည်း သူမ၏ အမူအရာကို ကြည့်ရုံဖြင့် လှပသော အမျိုးသမီးငယ်တစ်ဦးမှန်း သေချာပေါက် သိနိုင်ပေသည်။
"သခင်လေး... ဒီနေ့က သခင်လေး တောင်ပေါ်ကနေ ပထမဆုံးအကြိမ် ထွက်လာတာပဲ... ခေါင်းဆောင်ကြီးက သခင်လေးသာ ဒီနေ့ ငွေပြားတစ်ရာ ပြန်မယူလာနိုင်ရင် လဝက်လောက် အကျဉ်းချထားမယ်လို့ ပြောထားတယ်နော်..."
အနီးရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်၏။
ဤအမျိုးသမီးကား အခြားသူမဟုတ်ဘဲ ရှရွှယ်ချန်တောင်ရှိ ဟေးလုံစခန်းခေါင်းဆောင်၏ သမီး တန်ထိုက်ပေါင်ပေါင်ပင် ဖြစ်သည်။ သူမသည် ကျင့်ကြံခြင်း ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း မွေးရာပါ စိတ်သဘောထား နူးညံ့သိမ်မွေ့သူ ဖြစ်၏။ ဓားပြစခန်းတွင် မွေးဖွားလာသော်လည်း သူမက မည်သည့်အခါမျှ မတိုက်ခိုက်၊ မသတ်ဖြတ်လိုပေ။
ယနေ့သည် တန်ထိုက်ပေါင်ပေါင်၏ အသက်နှစ်ဆယ်ပြည့် မွေးနေ့ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်က သူ၏သမီးကို လေ့ကျင့်ပေးလိုသဖြင့် တန်ထိုက်ပေါင်ပေါင်အား ဖြတ်သန်းသွားလာနေသော ကုန်သည်ယာဉ်တန်းများ သို့မဟုတ် ခရီးသွားများကို ကိုယ်တိုင်ကိုယ်ကျ ဓားပြတိုက်နိုင်စေရန် ဓားပြအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ တောင်ပေါ်လမ်းဘေးတွင် ခြုံခိုတိုက်ခိုက်ရန် အတင်းအကျပ် ခိုင်းစေခဲ့ခြင်း ဖြစ်၏။
"ဟွန့်..."
ထိုသတိပေးစကားကို ကြားလိုက်ရသောအခါ တန်ထိုက်ပေါင်ပေါင်မှာ အတော်လေး ဒေါသထွက်သွားသော်လည်း ပြန်လည်မချေပခဲ့ပေ။
အကြောင်းမူကား သူမ၏ဖခင်သည် အလွန်အာဏာရှင်ဆန်ပြီး သူ၏စကားသည်သာ ဥပဒေဖြစ်ကြောင်း သူမ သိထားသောကြောင့်ပင်။ အကယ်၍ သူမသာ ယနေ့ တာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်ပါက လဝက်ခန့် အကျဉ်းချခံရမည် ဖြစ်သည်။
ထိုအခိုက်တွင် အဝေးရှိ တောင်ပေါ်လမ်းမှ ခွာသံများ ထွက်ပေါ်လာ၏။ ၎င်းမှာ မြင်းဒုန်းစိုင်းပြေးလာသော အသံပင် ဖြစ်သည်။
"သခင်လေး... လူလေးယောက် လာနေတယ်... ကျွန်တော်တို့ သူတို့ကို တားပြီး ငွေပြားတွေ အကုန်လုံး လုယူလို့ရပြီ..."
တန်ထိုက်ပေါင်ပေါင်နောက်မှ လိုက်ပါလာသော လူလတ်ပိုင်းက ချက်ချင်းပင် လှမ်းပြောလိုက်သည်။
"အင်း... အောက်ဆင်းကြတာပေါ့..."
တန်ထိုက်ပေါင်ပေါင်မှာ လုံးဝ ဆန္ဒမရှိသော်လည်း သူမ ဖခင်၏ ပြင်းထန်သော ပြစ်ဒဏ်ကို တွေးမိလိုက်သောအခါ မတတ်သာဘဲ လက်ခံလိုက်ရ၏။
ထို့နောက် ချက်ချင်းပင် တန်ထိုက်ပေါင်ပေါင်သည် ဓားပြလက်ပါးစေ နှစ်ဆယ်နှင့်အတူ သစ်တောအုပ်ထဲမှ မတ်တတ်ရပ်လိုက်ပြီး တောင်စောင်းမှတစ်ဆင့် တောင်ပေါ်လမ်းပေါ်သို့ လျင်မြန်စွာ ဆင်းသွားကြသည်။
လူအားလုံးက နှစ်တန်းစီ ရပ်လိုက်ကြပြီး တောင်ပေါ်လမ်းကို လုံးဝ ပိတ်ဆို့လိုက်ကြ၏။
ကျောက်လင်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်းနှင့် ထျန်ကျီလင်တို့က မြင်းစီးလာရင်း ရှေ့ရှိ တောင်ပေါ်လမ်းတွင် ဓားပြနှစ်ဆယ် ရပ်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူတို့လေးယောက်စလုံး ချက်ချင်းပင် မြင်းဇက်ကိုဆွဲကာ ရပ်တန့်လိုက်ကြသည်။
"ဒီလမ်းကို ငါဖောက်ခဲ့တာ... ဒီသစ်ပင်တွေကို ငါစိုက်ခဲ့တာ..."
ကျောက်လင်နှင့် သူ၏အဖော်သုံးဦးက ဆယ်မီတာခန့်အကွာတွင် ရပ်တန့်သွားသည်ကို လူလတ်ပိုင်းက မြင်သောအခါ ကျယ်လောင်စွာ စတင်အော်ဟစ်လိုက်၏။
"ရပ်လိုက်စမ်း..."
ကျောက်လင်က အော်ပြောလိုက်ကာ လူလတ်ပိုင်း၏ စကားကို ဟန့်တားလိုက်သည်။
"မင်းတို့က ဓားပြတွေလား..."
ကျောက်လင်က တိုက်ရိုက်ပင် မေးလိုက်၏။
ဤမျှ ရယ်စရာကောင်းသော အခြေအနေမျိုးနှင့် ကြုံတွေ့လိုက်ရသဖြင့် ကျောက်လင်မှာ ဆွံ့အသွားရသည်။
"သိသာမနေဘူးလား... ငါတို့က ဓားပြရုပ် မပေါက်လို့လား..."
လူလတ်ပိုင်းက ရန်လိုသော လေသံဖြင့် ပြန်ဖြေလိုက်၏။
ထိုအခိုက်တွင် ကျောက်လင်၏ဘေးရှိ လုပ်ကြံသတ်ဖြတ်သူ ယဲ့လင်အာမှာ ဆက်၍ သည်းမခံနိုင်တော့ပေ။
"ခင်ပွန်း... အဲ့ဒီဓားပြတွေကို ကျွန်မ သွားသတ်လိုက်မယ်..."
ယဲ့လင်အာက ကိုယ်တိုင် တောင်းဆိုလိုက်၏။
ကျောက်လင်နှင့် အတူနေပြီးနောက် ယဲ့လင်အာ၏ သွေးကြောများ ပွင့်သွားကာ သူမ၏ ခွန်အားများ ပြန်လည်ရရှိလာခဲ့သည်။ သူမသည် ယခုအခါ သံမဏိအရိုးနယ်ပယ်၏ နောက်ဆုံးအဆင့်တွင် ရှိနေ၏။ သူမသာ ကျောက်လင်နှင့် နောက်ထပ် အကြိမ်အနည်းငယ်လောက် အတူအိပ်ဖြစ်လျှင် ယဲ့လင်အာ၏ ခွန်အားများ အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အလွန်ပင် သေချာနေသည်။
ယခုအခါတွင် သူမ၌ စွမ်းအားများ ရှိနေပြီဖြစ်ရာ ဤအသေးအဖွဲ လူယုတ်မာများက ကျောက်လင်အား ရဲရဲတင်းတင်း စော်ကားဝံ့သည်ကို ယဲ့လင်အာက ဆက်၍ သည်းမခံနိုင်တော့ပေ။
ကျောက်လင်က သတ္တုစပ်ထန်ဓားကို ကိုင်ဆောင်ထားသော ယဲ့လင်အာကို ချက်ချင်းပင် ဖမ်းဆွဲလိုက်၏။
စောစောက ကျောက်လင်၏ အကြည့်များ တန်ထိုက်ပေါင်ပေါင်အပေါ် ကျရောက်သွားချိန်တွင် သူ၏ စိတ်ထဲ၌ စနစ်မြင်ကွင်း ပေါ်လာခဲ့ပြီး မက်ဆေ့ချ်အသစ်တစ်ခု ပေါ်လာခဲ့သည်။
[အမည် - တန်ထိုက်ပေါင်ပေါင်]
[အဆင့် - အဆင့်(၁)]
[ဆီးနှင်းတောင် ဟေးလုံစခန်းခေါင်းဆောင်၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး မွေးရာပါ ကျောက်စိမ်းရတနာ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။ မထင်မှတ်ထားသော အခြေအနေများမရှိပါက မကြာမီတွင် ကျောက်စိမ်းသွေးကြော နယ်ပယ်သို့ ရောက်ရှိလိမ့်မည်။ ဤအမျိုးသမီးသည် သိုင်းပညာကို ရူးသွပ်သူဖြစ်ပြီး စိတ်နှလုံး ဖြူစင်ကာ ကျင့်ကြံခြင်းတွင် မြှုပ်နှံထားသူ ဖြစ်သည်။]
တန်ထိုက်ပေါင်ပေါင်၏ အချက်အလက်များကို မြင်လိုက်ရသောအခါ ကျောက်လင်မှာ တုန်လှုပ်သွား၏။
ဤဓားပြစခန်းတွင် အဆင့်(၁)ရှိသော အမျိုးသမီးတစ်ဦး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
အရေးအကြီးဆုံးမှာ တန်ထိုက်ပေါင်ပေါင်၏ ကျင့်ကြံခြင်း ပါရမီအကြောင်းကို သိပြီးနောက် ကျောက်လင်က အမှန်တကယ်ပင် သွေးဆောင်ခံလိုက်ရခြင်း ဖြစ်သည်။
အကယ်၍ သူသာ ဤအမျိုးသမီးကို စည်းရုံးနိုင်ခဲ့ပါက သူ၏ စွမ်းရည်များဖြင့် တန်ထိုက်ပေါင်ပေါင်အား ကျောက်စိမ်းဝမ်းဗိုက်နယ်ပယ်သို့ အမြန်ဆုံး ချိုးဖောက်ဝင်ရောက်နိုင်ရန် ကူညီပေးနိုင်မည်ဟု ကျောက်လင်က ယုံကြည်ထား၏။
ကြေးဝါအရေပြားနယ်ပယ်၊ သံမဏိအရိုးနယ်ပယ်၊ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်၊ ရွှေခန္ဓာကိုယ်နယ်ပယ်၊ ကျောက်စိမ်းကလီစာနယ်ပယ်။
(မူရင်းအတိုင်းပါပဲနော်)
ဤသည်ကား ပဉ္စမမြောက် နယ်ပယ်ပင် ဖြစ်သည်။
ကျောက်လင်သာ တန်ထိုက်ပေါင်ပေါင်ကို အောင်နိုင်သွားပါက သူ၏နောက်တွင် ကျောက်စိမ်းနယ်ပယ်ရှိ စွမ်းအားကြီးမားသော ကျွမ်းကျင်သူတစ်ဦး ရှိလာမည်ဖြစ်၏။ ထိုအကြောင်းကို တွေးရုံဖြင့်ပင် သူ အလွန် စိတ်လှုပ်ရှားနေမိသည်။
"ဒီနေရာမှာ ဘယ်သူက တာဝန်ခံလဲ..."
ကျောက်လင်က တမင်တကာပင် အော်မေးလိုက်၏။
လူလတ်ပိုင်းက ပြန်ဖြေချင်သော်လည်း တန်ထိုက်ပေါင်ပေါင်ကို လှမ်းကြည့်ပြီးနောက် မတတ်သာဘဲ နှုတ်ဆိတ်နေလိုက်ရသည်။
"ငါပဲ..."
တန်ထိုက်ပေါင်ပေါင်က ယဲ့လင်အာကို မြင်လိုက်ရပြီး ယဲ့လင်အာ၏ အရှိန်အဝါကို ထိန်းချုပ်ထားသော်လည်း သူမ၏ မျက်လုံးများက သတ်ဖြတ်လိုသော အငွေ့အသက်များကို သဘာဝကျကျ ဖော်ပြနေသည်ကို သတိထားမိလိုက်ရာ သူမ၏ စိတ်ဝင်စားမှုကို နိုးဆွပေးလိုက်သလို ဖြစ်သွား၏။
"စည်းမျဉ်းတစ်ခု ထုတ်လိုက်..."
"ဒီနေရာကနေ ငါတို့ ဘယ်လို ဖြတ်သွားလို့ရမလဲ..."
ကျောက်လင်က ပြုံး၍ အော်မေးလိုက်သည်။
တန်ထိုက်ပေါင်ပေါင်က ကျောက်လင်ကို အလေးအနက် ကြည့်လိုက်ပြီး ကျောက်လင်သည် ဤလေးယောက်အုပ်စု၏ ခေါင်းဆောင်ဖြစ်ကြောင်း သိလိုက်သဖြင့် တည်ငြိမ်စွာပင် တစ်စုံတစ်ရာကို ပြောလိုက်၏။
"ငါ့ကို စိန်ခေါ်လိုက်..."
"မင်း ငါ့ကို နိုင်ရင် ဒီနေရာကနေ ဖြတ်သွားလို့ရတယ်..."
"မင်း ရှုံးရင်တော့ တစ်ယောက်ကို ငွေပြား ၂၀ ပေးရမယ်..."
ဤသည်ကား တန်ထိုက်ပေါင်ပေါင် စဉ်းစားနေသောအရာပင် ဖြစ်သည်။
သူမက မည်သူ့ကိုမျှ မသတ်ချင်သလို ဓားပြလည်း မလုပ်ချင်ပေ။
ထို့ကြောင့် တန်ထိုက်ပေါင်ပေါင်က အစီအစဉ်တစ်ခုကို တွေးတောခဲ့၏။ သူမက ကိုယ်ပိုင် သိုင်းပြိုင်ပွဲ စည်းမျဉ်းများကို သတ်မှတ်ကာ ပြိုင်ပွဲမှတစ်ဆင့် ငွေပြားများကို အနိုင်ယူမည် ဖြစ်သည်။ ဤနည်းဖြင့် ငွေပြားတစ်ရာ စုဆောင်းနိုင်ပြီး စခန်းသို့ ပြန်ကာ သတင်းပို့နိုင်မည် ဖြစ်သည်။
သေချာပေါက်ပင် ဤသည်မှာ ကျောက်လင်နှင့် ယဲ့လင်အာတို့ သိုင်းပညာ ကျွမ်းကျင်သည်ကို တန်ထိုက်ပေါင်ပေါင်က မြင်သောကြောင့် သိုင်းပြိုင်ပွဲအတွက် ငွေပြား ၂၀ ဟူသော စည်းမျဉ်းကို သတ်မှတ်လိုက်ခြင်း ဖြစ်၏။
အကယ်၍ သူတို့သာ သာမန်လူများ သို့မဟုတ် တရားဝင် ကုန်သည်ယာဉ်တန်းများနှင့် ကြုံတွေ့ပါက တန်ထိုက်ပေါင်ပေါင်သည် ၎င်းတို့ကို တားဆီးရန် မည်သူ့ကိုမျှ တောင်အောက်သို့ စေလွှတ်မည်မဟုတ်ဘဲ ဤသာမန်လူများကို လွတ်လပ်စွာ ဖြတ်သန်းခွင့် ပြုမည်ဖြစ်သည်။
"ရတယ်လေ..."
ထိုစကားကို ကြားလိုက်ရသောအခါ စနစ်မြင်ကွင်းတွင် သူ မြင်တွေ့ခဲ့ရသည့် မက်ဆေ့ချ်ကို ကျောက်လင်က ပြန်လည်အမှတ်ရသွား၏။ ဤတန်ထိုက်ပေါင်ပေါင်က အမှန်တကယ်ပင် ရိုးအလွန်းပေသည်။
ထိုအခိုက်တွင် ယဲ့လင်အာက ဝင်ပြောလိုက်သည်။
"ခင်ပွန်း... ကျွန်မကို သွားခွင့်ပြုပါ..."
ကျောက်လင်က ခေါင်းညိတ်ပြလိုက်၏။
ယခု ယဲ့လင်အာက သူမ၏ ခွန်အားတစ်ဝက်ကို ပြန်လည်ရရှိနေပြီဖြစ်ရာ တန်ထိုက်ပေါင်ပေါင်နှင့် တိုက်ခိုက်နိုင်မည် ဖြစ်သည်။
ထို့အပြင် ယဲ့လင်အာကို တိုက်ခိုက်ရန် ကျောက်လင်က သဘောတူလိုက်ချိန်တွင် သူ၏ ညာဘက်လက်က မြင်းကုန်းနှီးတွင် ချိတ်ဆွဲထားသော အဝတ်အိတ်တစ်ခုကို ထိကိုင်လိုက်၏။
အဆိုပါ အဝတ်အိတ်ထဲတွင် အမျိုးအစား၉၅ တိုက်ခိုက်ရေးရိုင်ဖယ်ကို ထုပ်ပိုးထားခြင်း ဖြစ်သည်။
အကယ်၍ ယဲ့လင်အာသာ သူမ၏ ပြိုင်ဘက် မဟုတ်ခဲ့လျှင် ရိုင်ဖယ်ကို ထုတ်သုံးရန် ကျောက်လင်က ဝန်လေးနေမည် မဟုတ်ပေ။